ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၈၉


အပိုဒ်ငယ် ၈၉

၁၈၃၃ ခု၊ ဖေဖော်ဝါရီ ၂၇ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ အစောပိုင်း​ညီအစ်ကိုများ သူတို့​အစည်းအဝေး၌ ဆေးရွက်ကြီး​သုံးစွဲခြင်း၏ အကျိုးဆက်​အဖြစ်၊ ပရောဖက်သည် ထို​အမှုကို မှတ်ကျုံး၍ စဉ်းစား​ဆင်ခြင်ရန် ပို့ဆောင်​ခံရ၏။ သို့ဖြစ်သောကြောင့်၊ သူသည် ထိုအမှုနှင့်​စပ်လျဉ်း၍ ကိုယ်တော်ရှင်ထံ မေးလျှောက်၏။ ဉာဏ်ပညာ​စကားဟု ထင်ရှားသည့် ဤ​ဗျာဒိတ်တော်သည် ရလဒ်​ဖြစ်၏။

၁–၉၊ စပျစ်ရည်၊ သေရည်​သေရက်၊ ဆေးရွက်ကြီးနှင့် အပူ​ဖျော်ရည်​သုံးစွဲခြင်းကို တားမြစ်၏။ ၁၀–၁၇၊ ဆေးဝါးပင်၊ အသီး၊ အသားနှင့် စပါးတို့ကို လူသားနှင့် တိရစ္ဆာန်တို့ အသုံးပြုစရာ အတွက် ခန့်ထား၏။ ၁၈–၂၁၊ ဉာဏ်ပညာ​စကား​အပါ​အဝင်၊ ဧဝံဂေလိ​တရားတော်​ဥပဒေများကို နာခံခြင်းသည် ဇာတိ​ပကတိနှင့် ဝိညာဉ်​ပကတိ​ကောင်းချီးမင်္ဂလာများကို ဖြစ်စေ၏။

ကာ့တ်လန်း၌ စည်းဝေးသည့် ယဇ်ပုရောဟိတ်မင်း​အတိုင်ပင်ခံ​အဖွဲ့၊ ထို့အတူ အသင်းတော်၊ ထို့အတူ ဇိအုန်၌​ရှိသော သန့်ရှင်းသူတို့​အကျိုး​အတွက် ဉာဏ်ပညာ​စကားသည်ကား—

နှုတ်ဆက်​လိုက်သည်မှာ၊ ပညတ်​အားဖြင့်လည်း​မဟုတ် အုပ်စိုးခြင်း​အားဖြင့်လည်း​မဟုတ်၊ သို့ရာတွင် ဗျာဒိတ်တော်​အားဖြင့်၊ ဉာဏ်ပညာ​စကား​အားဖြင့်၊ ဘုရားသခင်၏ အစီ​အစဉ်နှင့် အလိုတော်ကို ဖော်ပြလျက်၊ နောက်ဆုံးသော​ကာလ၌ သန့်ရှင်းသူ​အပေါင်းတို့၏ ဇာတိပကတိကယ်တင်​ခြင်းအတွက်—

သန့်ရှင်းသူများ​ဖြစ်ကြသည့် သို့မဟုတ် သန့်ရှင်းသူများ​ဟုလည်း အခေါ်​ခံရ​နိုင်သည့် သန့်ရှင်းသူ​ခပ်သိမ်းတို့ အထဲမှ အားနည်းသူတို့နှင့် အားအနည်းဆုံး​သူတို့၏ စွမ်းရည်​နှင့် လိုက်ဖက်အောင် ညှိ​ထားသည့် ကတိတော်နှင့် ယှဉ်သော ကျင့်ဝတ်​စည်းကမ်း​အဖြစ် ပေးထား၏။

ရှုလော့၊ ကိုယ်တော်ရှင်က သင်တို့ကို အမှန်​မိန့်တော်မူသည်ကား၊ နောက်ဆုံးသော​ကာလ၌ လျှို့ဝှက် ကြံစည်သော​သူတို့၏ စိတ်နှလုံး၌ တည်ရှိသည့် ထို့အတူ တည်ရှိမည့် မကောင်းမှုနှင့် အကြံ​အစည်တို့၏ အကျိုးဆက်​အဖြစ်၊ သင်တို့​ထံသို့ ဤ​ဉာဏ်ပညာ​စကားကို ဗျာဒိတ်တော်ဖြင့် ပေးခြင်း​အားဖြင့် သင်တို့ကို ငါ​သတိပေးတော်မူ၊ ထို့အတူ ကြိုတင် သတိပေး​တော်မူ​လေပြီ—

သင်တို့၌ အဘယ်သူ​မဆို စပျစ်ရည်​သို့မဟုတ် သေရည်​သေရက်ကို သောက်သမျှ၊ ရှုလော့၊ ထိုအမှုသည် မကောင်း၊ သင်တို့​အဘ၏ ရှေ့၌ ပွဲတော်ကို ပူဇော်ရန် သင်တို့ကိုယ်သင်တို့ အတူ​တကွ​စည်းဝေးခြင်း​အချိန်၌ မှတစ်ပါး၊ သူ့အမြင်၌လည်း မသင့်လျော်။

ထို့အတူ၊ ရှုလော့၊ ဤ​အရာသည် စပျစ်ရည်၊ အထူးသဖြင့်၊ စပျစ်နွယ်ပင်၏ စပျစ်သီးမှ​ထုတ်သည့် စင်ကြယ်သော​စပျစ်ရည်၊ သင်တို့​ကိုယ်တိုင်​လုပ်သည့်​အရာ ဖြစ်ရမည်။

ထို့အတူ၊ တစ်ဖန်၊ သေရည်​သေရက်သည် ဝမ်း​အတွက်​မကောင်း၊ သင်တို့၏​ကိုယ်ခန္ဓာကို ဆေးခြင်း​အတွက်သာ​ပေတည်း။

ထိုမှ​တစ်ဖန်၊ ဆေးရွက်ကြီးသည် ကိုယ်ခန္ဓာ​အတွက်​မကောင်း၊ ဝမ်း​အတွက်လည်း​မကောင်း၊ ထို့အတူ လူသား​အတွက် မကောင်း၊ သို့ရာတွင် အနာများနှင့် ဖျားနာသော ကျွဲနွားတိရစ္ဆာန်​အပေါင်းတို့ အတွက် ဝေဖန်​ပိုင်းခြားနိုင်စွမ်းနှင့် ကျွမ်းကျင်မှုတို့ဖြင့် အသုံးပြုဖို့ဖြစ်၏။

ထိုမှ​တစ်ဖန်၊ အပူ​ဖျော်ရည်တို့သည် ကိုယ်ခန္ဓာ သို့မဟုတ် ဝမ်း​အတွက်​မဟုတ်။

၁၀ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ လူသား၏ ကျန်းမာရေး၊ ဇာတိ​သဘောနှင့် အသုံးပြု​စရာ​အတွက် ကောင်းကျိုး​ပေးသည့် ဆေးဝါးပင်​အပေါင်းတို့ကို ဘုရားသခင်​ခန့်ထား​တော်မူလေ၏—

၁၁ ဆေးဝါးပင်တိုင်း သူ့ရာသီ​အလိုက်၊ ထို့အတူ အသီးတိုင်း သူ့ရာသီ​အလိုက်​ရှိ၏။ ခပ်သိမ်းသော​ဤအရာတို့ကို ပညာသတိရှိခြင်းနှင့် ကျေးဇူးတော်​ချီးမွမ်းခြင်း​တို့ဖြင့် အသုံးပြု​ရမည်။

၁၂ ထိုမှ​တစ်ပါး၊ သားရဲများနှင့် မိုးကောင်းကင်​ငှက်တို့၏ အသား​ကိုလည်း ငါ၊ ကိုယ်တော်ရှင်သည် လူသားတို့ ကျေးဇူးတော်​ချီးမွမ်းခြင်းနှင့် အသုံးပြုစရာ​အတွက် ခန့်ထား​လေပြီ။ သို့သော်လည်း၊ ၎င်းတို့ကို တော်တန်ရုံ​အသုံးပြု​ရမည်။

၁၃ ၎င်းတို့ကို ဆောင်း၊ သို့မဟုတ် ချမ်းသော၊ သို့မဟုတ် ငတ်မွတ်ခေါင်းပါးခြင်းဘေး ကာလ​တို့၌သာ အသုံးပြု​ရမည်​မဟုတ်​သည်မှာ ငါ့​အဖို့ နှစ်သက်​စေ၏။

၁၄ ခပ်သိမ်းသော​စပါးတို့ကို အသက်​အဖို့ အထောက်​အပံ့​အဖြစ်၊ လူသားနှင့် သားရဲများ အသုံးပြု​စရာ​အတွက်​ခန့်ထား၏၊ လူသား​အတွက်သာ​မဟုတ်ဘဲ၊ တောသားရဲများ၊ ထို့အတူ ကောင်းကင်မှ ငှက်များ၊ မြေကြီး​ပေါ်မှာ ပြေးတတ် သို့မဟုတ် တွားသွား​တတ်သော တော​တိရစ္ဆာန်တို့ အတွက်လည်း​ဖြစ်၏။

၁၅ ဤအရာတို့ကို ဘုရားသခင်သည် လူသားတို့ ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးနှင့် လွန်ကဲသော ငတ်မွတ်ခြင်း​ကာလများ​၌သာ အသုံးပြု​စရာ​အတွက် ဖန်ဆင်းထား​တော်မူ​လေ၏။

၁၆ ခပ်သိမ်းသော​စပါးတို့သည် လူသား၏​စားစရာ​အတွက် ကောင်းမြတ်၏။ မြေကြီး​ထဲ၌​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ဖြစ်စေ အသီး​သီးသည့် နွယ်ပင်​အသီးလည်း​ပါဝင်၏—

၁၇ သို့သော်လည်း၊ ဂျုံစပါးသည် လူသား​အတွက်၊ ထို့အတူ ပြောင်းဖူးသည် နွား​အတွက်၊ ထို့အတူ မြင်းစားဂျုံသည် မြင်း​အတွက်၊ ထို့အတူ ဂျုံကြမ်းသည် ငှက်အတွက်နှင့် ဝက်​အတွက်၊ ထို့အတူ ခပ်သိမ်းသော တောသားရဲတို့​အတွက်၊ ထို့အတူ မုယောသည် အသုံးရသည့် ခပ်သိမ်းသော တိရစ္ဆာန်တို့​အတွက်၊ ထို့အတူ အခြားစပါး​ကဲ့သို့ပင် အားပျော့​ဖျော်ရည်​အတွက်​ဖြစ်၏။

၁၈ ဤ​စကားများကို စောင့်ထိန်းပြီး၊ ဆောင်ရွက်၍၊ ပညတ်တော်များကို နာခံလျက် လိုက်လျှောက်​ကြသည့် သန့်ရှင်းသူ​အပေါင်းတို့သည် အတွင်း​အင်္ဂါတို့၏​ကျန်းမာခြင်းနှင့် အရိုးတို့၌ ခြင်ဆီတို့နှင့် ပြည့်စုံကြ​လိမ့်မည်။

၁၉ ဉာဏ်ပညာနှင့် ကြီးစွာသော​အသိ​ပညာ​ရတနာများ၊ အမှန်​စင်စစ်၊ ဝှက်ထားသော​ရတနာများ​ကိုလည်း တွေ့ကြ​လိမ့်မည်။

၂၀ ပြေး​သော်လည်း မမောပန်းရ၊ လျှောက်​သော်လည်း မပင်ပန်းရ။

၂၁ ငါကိုယ်တော်ရှင်သည် သူတို့ကို ကတိထားတော်မူသည်ကား၊ ဖျက်ဆီးခြင်း​ကောင်းကင်တမန်သည် ဣသရေလ​အမျိုးသားတို့ကို ကျော်လွန်သွား သကဲ့သို့ပင် သူတို့ကို ကျော်လွန် သွားလိမ့်မည်၊ သူတို့ကို မကွပ်မျက်ကြ။ အာမင်။