အပိုဒ်ငယ် ၁၂၃
မစ်ဆိုရီ၊ လစ်ဘာတီအကျဉ်းထောင်၌ အကျဉ်းသားတစ်ဦးအဖြစ်ရှိစဉ်၊ ပရောဖက်ဂျိုးဇက်စမစ် ရေးထားသည့် သန့်ရှင်းသူတို့၏ ညှဉ်းဆဲသောသူများနှင့် စပ်လျဉ်း၍ သူတို့၏တာဝန်။ ဤအပိုဒ်ငယ်သည် ၁၈၃၉ ခု၊ မတ်လ ၂၀ ရက်၊ ရက်စွဲဖြင့်၊ အသင်းတော်သို့ အမှာစာမှ ကောက်နုတ်ချက်တစ်ခုဖြစ်၏ (အပိုဒ်ငယ် ၁၂၁ ခေါင်းစဉ်တွင် ကြည့်ပါ)။
၁–၆၊ သန့်ရှင်းသူတို့သည် မိမိတို့၏ဒုက္ခဝေဒနာခံစားခြင်းများနှင့် ညှဉ်းဆဲခြင်းများအကြောင်း မှတ်တမ်းတစ်ခုကို စုစည်း၍ပုံနှိပ်ထုတ်ဝေရမည်။ ၇–၁၀၊ မှားယွင်းသော ဘာသာအယူဝါဒကို တည်ထောင်သည့် ထိုတူသောဝိညာဉ်သည် သန့်ရှင်းသူတို့၏ညှဉ်းဆဲခြင်းကိုလည်း ပို့ဆောင်၏။ ၁၁–၁၇၊ ခပ်သိမ်းသောဂိုဏ်းတို့မှ များစွာတို့သည် သမ္မာတရားကို လက်ခံကြလိမ့်မည်။
၁ ထိုမှတစ်ဖန်၊ သင်တို့၏ စဉ်းစားဆင်ခြင်ရာအတွက် ကျွန်ုပ်တို့ အကြံပြုလိုသည်မှာ ခပ်သိမ်းသောသန့်ရှင်းသူတို့ အသိပညာကို စုစည်းခြင်း၏ လျော်ကန်သင့်မြတ်ခြင်း၌၊ ခပ်သိမ်းသောအမှန်တရားများ၊ ထို့အတူ ဤပြည်နယ်ရှိလူတို့အားဖြင့် သူတို့အပေါ်တင်သည့် ဒုက္ခဝေဒနာခံစားခြင်းများနှင့် နှိပ်စက်ခြင်းများ အကြောင်း၊
၂ ထို့အတူ ခပ်သိမ်းသောဥစ္စာပစ္စည်းနှင့် သူတို့ခံစားရလေသည့်၊ တကယ့် ဥစ္စာပစ္စည်းနည်းတူ ဂုဏ်သိက္ခာနှင့် ကိုယ်ထိခိုက်မှုများ နှစ်ခုစလုံးနှင့် စပ်လျဉ်းသည့် ပျက်စီးမှုများ၏ ပမာဏအကြောင်း၊
၃ ထို့အတူ သူတို့ရှာဖွေရရှိနိုင်သမျှ၊ သူတို့၏ ညှဉ်းပန်းနှိပ်စက်ခြင်းများ၌ ပါဝင်ခဲ့သူ အပေါင်းတို့၏ အမည်များ အကြောင်းပေတည်း။
၄ ဤအရာတို့ကို ဖော်ထုတ်ရန်၊ ထို့အတူ ဖော်ပြချက်များနှင့် ကျမ်းကျိန်လွှာများကို မှတ်သားရန်၊ အမှုဆောင်အဖွဲ့တစ်ခုကို ခန့်အပ်ထားကောင်းထားနိုင်ပေ၏။ ထို့အတူ စုစည်းရာတွင်၊ အသရေဖျက် ပုံနှိပ်ထုတ်ဝေမှုများ၊
၅ ထို့အတူ မဂ္ဂဇင်းများ၊ စွယ်စုံကျမ်းများ၌ ပါဝင်သည့် ခပ်သိမ်းသောအရာများ၊ ထို့အတူ သူတို့ ပုံနှိပ်ထုတ်ဝေထားသည့် ခပ်သိမ်းသောအသရေဖျက် သမိုင်းကြောင်းများ ပါဝင်၏၊ ဤလူတို့အပေါ် အနိုင်ကျင့်ခဲ့သည့် အလွန်ဆိုးယုတ်သောယုတ်မာမှု၊ ယုတ်ညံ့ပြီး လူ့အသက် သတ်တတ်သော အတင်းစေခိုင်းမှုများ၏ ကွင်းဆက်တစ်ခုလုံးကိုလည်း ဖော်ပြရန်ဖြစ်၏—
၆ ကျွန်ုပ်တို့သည် ထိုအရာတို့ကို လောကတစ်ခုလုံးသို့ပြောကြားနိုင်ရုံမက၊ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘ မိန့်မှာသည့် နောက်ဆုံးအားထုတ်မှု တစ်ခုအဖြစ်၊ သူ၏ပုံးကွယ်ရာ နေရာမှပြုတော်မူမည့် ထိုကတိတော်ကို ကျွန်ုပ်တို့ ပြည့်စုံစွာနှင့် စုံလင်စွာ မတောင်းဆိုမီ အစိုးရ၏အကြီးအကဲများထံသို့ သူတို့၏ခပ်သိမ်းသော အမှောင် ငရဲအရောင်ဖြင့်လည်း ဖော်ပြနိုင်ခြင်းငှာ၊ ထို့အတူ သူ၏အားကြီးသောလက်ရုံး၏ တန်ခိုးတော်ကို မစေလွှတ်နိုင်မီ ပြည်သားအပေါင်းတို့ အကြောင်းပြချက်မရှိဘဲကျန်ရစ် နိုင်စေခြင်းငှာလည်းဖြစ်၏။
၇ ထိုအရာမှာ ဘုရားသခင်သို့၊ အတူရပ်ရန် ငါတို့ဆောင်ယူခံရမည့် သူများတည်းဟူသော ကောင်းကင်တမန်များသို့၊ ထို့အတူ ကျွန်ုပ်တို့ကိုယ်တိုင်သို့၊ မုသားကို အမွေခံခဲ့သည့် ဘိုးဘေးတို့၏ ဘာသာအယူဝါဒကို သားမြေးတို့အပေါ်၌ အလွန်အားကြီးစွာ စွဲကပ်စေသည့်၊ ထို့အတူ လောကကို ရှုပ်ထွေးခြင်းနှင့် ပြည့်စေခဲ့သည့်၊ ထို့အတူ အားကြီးသည်ထက် အားကြီးလာခဲ့လေသည့်၊ ယခုတွင်လည်း ခပ်သိမ်းသောဖောက်ပြန်ခြင်း၏ အဓိကတွန်းအားအမှန်ဖြစ်သည့်၊ ထို့အတူ မိမိဒုစရိုက်အလေးအောက်၌ မြေကြီးတစ်ခုလုံးကို ညည်းတွားစေသည့် ထိုဝိညာဉ်၏ လွှမ်းမိုးမှုအားဖြင့် ထောက်မခံရ၊ အားပေးခံရ ထို့အတူ ထောက်ခံမှုရသော လူ့အသက်သတ်ခြင်း၊ ညှဉ်းပန်းရက်စက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့၏ အပြစ်အများဆုံးလက်အောက်၌ ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်မှုတို့နှင့် ဦးညွှတ်ရစေသည့် ကျွန်ုပ်တို့၏ဇနီးများနှင့် သားသမီးများသို့ ကျွန်ုပ်တို့ဆပ်ရန်ရှိသည့် အလွန်အရေးကြီးသောတာဝန်တစ်ခုဖြစ်၏။
၈ ထိုအရာသည် သံထမ်းပိုးတစ်ခု ဖြစ်၏၊ ထိုအရာသည် ခိုင်မာသောကြိုးတစ်ချောင်းဖြစ်၏။ ၎င်းတို့သည် ငရဲ၏ လက်ထိတ်များ၊ ထို့အတူ သံကြိုးများ၊ ထို့အတူ သံကွင်းများ၊ ထို့အတူ ခြေချင်းများ အမှန်ပင်ဖြစ်ကြ၏။
၉ ထို့ကြောင့်၊ ကျွန်ုပ်တို့ကိုယ်တိုင်၏ ဇနီးများနှင့် သားသမီးများသို့သာမက၊ ထိုသံလက်အောက်၌ အသတ်ခံရလေသည့် ခင်ပွန်းများနှင့် အဘတို့၏ မုဆိုးမများနှင့် အဘမရှိသောသူများသို့လည်း ကျွန်ုပ်တို့ ဆပ်ရန်ရှိသည့် အလွန်အရေးကြီးသောတာဝန်တစ်ခုဖြစ်၏။
၁၀ မှောင်၍ မည်းနက်လာစေသော ထိုအကျင့်များသည် ငရဲကိုယ်တိုင်ကို သိမ့်သိမ့်တုန်စေရန်၊ ထို့အတူ ကြောက်လန့်ဖြူရော်စေရန်၊ ထို့အတူ နတ်ဆိုး၏လက်များကိုပင် တုန်၍လေဖြတ်စေရန် လုံလောက်၏။
၁၁ ခပ်သိမ်းသော ကြီးပြင်းလာသည့်မျိုးဆက်သို့၊ ထို့အတူ ခပ်သိမ်းသော စိတ်နှလုံး စင်ကြယ်သောသူများသို့ ကျွန်ုပ်တို့ ဆပ်ရန်ရှိသည့် အလွန်အရေးကြီးသော တာဝန်တစ်ခု ဖြစ်၏။
၁၂ အကြောင်းမူကား၊ လူသားတို့၏ဉာဏ်များသောပရိယာယ်အားဖြင့် အသိစိတ်ကွယ်၍၊ လှည့်စားရန် ချောင်းမြောင်း၍ စောင့်သည့်သူ၊ ထို့အတူ အဘယ်နေရာ၌ ရှာရမည်ကို မသိသောကြောင့်သာ သမ္မာတရားနှင့် တားဆီးခံကြရသည့် သူများစွာတို့သည် ခပ်သိမ်းသော ဂိုဏ်းများ၊ အုပ်စုများနှင့် ဂိုဏ်းခွဲများ၌ ရှိကြသေး၏—
၁၃ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် မှောင်မိုက်ခြင်းဖြင့်ဖုံးကွယ်ထားသည့် ခပ်သိမ်းသောအရာများကို ကျွန်ုပ်တို့ သိသည့်တိုင်အောင် အလင်းသို့ဆောင်ယူခြင်း၌ ကျွန်ုပ်တို့၏ဘဝများကို သုံး၍ ကုန်ဆုံးစေရမည်။ ၎င်းတို့ကို ကောင်းကင်ဘုံမှ အမှန်ပင်ထင်ရှားစွာပြ၏။
၁၄ ထို့နောက်တွင် ဤအရာတို့ကို ကြီးစွာသောစိတ်အားထက်သန်ခြင်းဖြင့် ဆောင်ရွက်ရမည်။
၁၅ အဘယ်သူ့ကိုမျှ ၎င်းတို့ကို သေးငယ်သောအရာများဟု မမှတ်ယူစေနှင့်။ အကြောင်းမူကား၊ ဤအရာတို့ကိုအမှီပြုသည့်အရာများတည်းဟူသော၊ သန့်ရှင်းသူတို့နှင့် စပ်ဆိုင်သည့်၊ အနာဂတ်ကာလ၌ တည်ရှိမည့်အရာ များစွာရှိ၏။
၁၆ မုန်တိုင်းကျရောက်ချိန်၌ အလွန်ကြီးသောသင်္ဘောသည် အလွန်ငယ်သောတက်မအားဖြင့် လေနှင့်လှိုင်းတံပိုးများထံမှ ဘေးကင်းရာလမ်းကြောင်း၌ ရှိစေခြင်းအားဖြင့် အလွန်များစွာ အကျိုးရှိရကြောင်း၊ ညီအစ်ကို၊ သင်တို့သိကြ၏။
၁၇ ထို့ကြောင့်၊ အလွန်ချစ်သည့် ညီအစ်ကိုတို့၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စွမ်းအား၌ ရှိသည့် ခပ်သိမ်းသောအရာတို့ကို သာယာသောစိတ်နှင့် ဆောင်ရွက်ကြကုန်အံ့။ ထို့နောက်တွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်ရရန်၊ ထို့အတူ သူ၏လက်ရုံးတော်ဖော်ပြခြင်းအတွက် အကြီးဆုံးအာမခံချက်နှင့် ငြိမ်ဝပ်စွာနေနိုင်ကြ၏။