အပိုဒ်ငယ် ၁၀၅
၁၈၃၄ ခု၊ ဇွန် ၂၂၊ မစ်ဆိုရီ၊ ငါးဖမ်းမြစ်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်၏ ခေါင်းဆောင်မှုအောက်၌ အိုဟိုင်းရိုနှင့် အခြားဒေသများမှ သန့်ရှင်းသူတို့သည် နောက်ပိုင်း၌ ဇိအုန်တပ်စခန်းဟုထင်ရှားသည့် လေ့လာရေးခရီးတစ်ခုအဖြစ် မစ်ဆိုရီသို့ ချီတက်ခဲ့ကြ၏။ သူတို့၏ ရည်ရွယ်ချက်မှာ နှင်ထုတ်ခံရသောမစ်ဆိုရီသန့်ရှင်းသူတို့ကို ဂျက်ဆင်ခရိုင်ရှိ သူတို့၏မြေများသို့ စောင့်ရှောက်၍ ပြန်ပို့ပေးရန်ဖြစ်၏။ သန့်ရှင်းသူတို့ကို ယခင်ကညှဉ်းဆဲခဲ့သည့် မစ်ဆိုရီပြည်နယ်သားတို့သည် ဇိအုန်တပ်စခန်း၏ တန်ပြန်တိုက်ခိုက်ခြင်းကို ကြောက်၍၊ ကလေးခရိုင်၊ မစ်ဆိုရီရှိသန့်ရှင်းသူတို့ကို အလျင်ဦးစွာတိုက်ခိုက်ခဲ့ကြ၏။ မစ်ဆိုရီအုပ်ချုပ်သူက သန့်ရှင်းသူတို့ကို ထောက်မရန်ဟူသော သူ၏ကတိကို ပြန်လည်ရုပ်သိမ်းပြီးနောက် ဂျိုးဇက်စမစ်သည် ဤဗျာဒိတ်တော်ကို လက်ခံရရှိခဲ့၏။
၁–၅၊ ဇိအုန်ကို ဆီလက်ရှယ်လ်ဥပဒေများနှင့် ကိုက်ညီစွာ တည်ဆောက်လိမ့်မည်။ ၆–၁၃၊ ဇိအုန်၏ ရွေးနုတ်ခြင်းကို ကာလအနည်းငယ်ရွှေ့ဆိုင်း၏။ ၁၄–၁၉၊ ကိုယ်တော်ရှင်သည် ဇိအုန်တိုက်ပွဲများကို တိုက်လိမ့်မည်။ ၂၀–၂၆၊ သန့်ရှင်းသူတို့သည် ဉာဏ်ပညာရှိရမည်၊ စုဝေးကြသည့်အခါ၌လည်း ကြီးစွာသောအမှု၌ မဝါကြွားရ။ ၂၇–၃၀၊ ဂျက်ဆင်နှင့် ကပ်လျက်ရှိသော ခရိုင်များရှိ မြေများကို ဝယ်ရမည်။ ၃၁–၃၄၊ အသင်းလူကြီးတို့သည် ကာ့တ်လန်းရှိ ကိုယ်တော်ရှင်၏အိမ်တော်၌ ဝိညာဉ်ပကတိအပ်နှင်းခြင်းကို လက်ခံရရှိကြရမည်။ ၃၅–၃၇၊ ခေါ်သွင်းခြင်းနှင့် ရွေးကောက်ခြင်း နှစ်ခုစလုံးကို ခံကြရသည့် သန့်ရှင်းသူတို့သည် သန့်ရှင်းစင်ကြယ်စေခြင်းသို့ ရောက်လိမ့်မည်။ ၃၈–၄၁၊ သန့်ရှင်းသူတို့သည် လောကသို့ ငြိမ်းချမ်းခြင်းအလံကို ထူကြရမည်။
၁ ငါ၏ဒုက္ခရောက်သောလူမျိုးတို့ကို ရွေးနုတ်ခြင်းနှင့်စပ်လျဉ်း၍ ငါ၏အလိုတော်ကို သိနိုင်ကြခြင်းငှာ သင်တို့ကိုယ်သင်တို့ အတူတကွစည်းဝေးကြလေသည့် သင်တို့ကို ငါအမှန်ဆိုသည်ကား—
၂ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏လူမျိုးတို့၏ လွန်ကျူးခြင်းကြောင့် မဟုတ်လေလျှင်၊ တစ်ဦးချင်းမဟုတ်ဘဲ အသင်းတော်နှင့် စပ်လျဉ်း၍ဆိုရလျှင်၊ သူတို့သည် ယခုမှာပင် ရွေးနုတ်ခံရပြီး ဖြစ်လေမည်။
၃ သို့ရာတွင် ရှုလော့၊ သူတို့သည် သူတို့လက်မှ ငါတောင်းဆိုသည့် အရာတို့ကို နာခံတတ်ရန် မသင်ယူလေကြဘဲ အမျိုးမျိုးသော မကောင်းမှုများနှင့် ပြည့်ကြ၏၊ သန့်ရှင်းသူများဖြစ်လာသည်နှင့်အမျှ၊ သူတို့၏ဥစ္စာကို သူတို့၌ရှိသည့် ဆင်းရဲသားများနှင့် ဒုက္ခရောက်သူများသို့ မျှ၍မပေးကြ။
၄ ဆီလက်ရှယ်လ်နိုင်ငံတော်ဥပဒေမှ လိုအပ်သည့် စည်းလုံးခြင်းအတိုင်းလည်း မပေါင်းစည်းကြ။
၅ ဆီလက်ရှယ်လ်နိုင်ငံတော်ဥပဒေ၏ အခြေခံဩဝါဒများအတိုင်း မဟုတ်လျှင် ဇိအုန်ကို မတည်ဆောက်နိုင်။ သို့မဟုတ်လျှင် ငါ့ထံသို့ သူ့ကို ငါလက်မခံနိုင်။
၆ ငါ၏လူမျိုးတို့သည် လိုအပ်လျှင် သူတို့ခံစားရသည့် အရာတို့အားဖြင့် နာခံခြင်းကို သင်ယူသည့်တိုင်အောင် ဆုံးမခံကြရမည်။
၇ ငါ၏လူမျိုးတို့ကို ဦးဆောင်ရန် ခန့်အပ်ထားခံရသည့်သူများ၊ ငါ့အသင်းတော်၏ ပထမဦးဆုံး အသင်းလူကြီးများနှင့် စပ်လျဉ်း၍ ငါဟောပြောခြင်းမဟုတ်၊ အကြောင်းမူကား၊ သူတို့အားလုံးသည် ဤပြစ်ဒဏ်ချမှတ်ခြင်းအောက်၌ မရှိကြ။
၈ သို့ရာတွင်၊ အရပ်ရပ်ရှိ ငါ၏အသင်းတော်များနှင့် စပ်လျဉ်း၍ ငါဟောပြော၏—သူတို့၏ ဘုရားသခင်သည် အဘယ်မှာ ရှိသနည်း။ ရှုလော့၊ သူသည် သူတို့ကို ဒုက္ခရောက်ရာကာလ၌ ကယ်လွှတ်လိမ့်မည်၊ သို့မဟုတ်လျှင် ငါတို့သည် ဇိအုန်သို့ တက်သွားကြမည်မဟုတ်၊ ငါတို့၏ ငွေများကို သိမ်းထားကြမည်ဟု ဆိုမည့်သူ များစွာရှိကြ၏။
၉ ထို့ကြောင့်၊ ငါ့လူမျိုးတို့၏ လွန်ကျူးခြင်း၏ အကျိုးဆက်အဖြစ်၊ ငါ၏ အသင်းလူကြီးတို့သည် ဇိအုန်၏ ရွေးနုတ်ခြင်းကို ကာလအနည်းငယ်မျှ စောင့်ရမည်မှာ ငါ့အဖို့ သင့်လျော်ပေ၏—
၁၀ သူတို့ပြင်ဆင်ရနိုင်စေခြင်းငှာ၊ ထို့အတူ ငါ၏လူမျိုးတို့ ပို၍စုံလင်စွာ သွန်သင်ခံရ၍၊ အတွေ့အကြုံရလျက်၊ သူတို့၏တာဝန်၊ ထို့အတူ သူတို့လက်မှ ငါတောင်းဆိုသည့်အရာတို့နှင့် စပ်လျဉ်း၍ သာ၍စုံလင်စွာ သိနိုင်ကြစေခြင်းငှာပေတည်း။
၁၁ ငါ၏အသင်းလူကြီးတို့ကို အထက်မှတန်ခိုးနှင့် အပ်နှင်းမခံရမီ ဤအရာတို့ကို မဖြစ်ပေါ်နိုင်စေပေ။
၁၂ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် သစ္စာရှိပြီး၊ ငါ့ရှေ့၌ နှိမ့်ချခြင်းတွင် ဆက်၍ ရှိကြသမျှ၊ ငါသည် ကြီးစွာသော ဝိညာဉ်ပကတိအပ်နှင်းခြင်းနှင့် ကောင်းချီးမင်္ဂလာကို သူတို့အပေါ် သွန်းလောင်းခံကြရစေရန် ပြင်ဆင်တော်မူလေပြီ။
၁၃ ထို့ကြောင့်၊ ငါ၏ အသင်းလူကြီးတို့သည် ဇိအုန်၏ ရွေးနုတ်ခြင်းကို ကာလအနည်းငယ်မျှ စောင့်ရမည်မှာ ငါ့အဖို့ သင့်လျော်ပေ၏။
၁၄ အကြောင်းမူကား၊ ရှုလော့၊ ဇိအုန်တိုက်ပွဲများကို တိုက်ရန် ငါသည် သူတို့လက်များကို မလိုအပ်။ အကြောင်းမူကား၊ ယခင်ပညတ်တော်၌ ငါမိန့်တော်မူလေသကဲ့သို့ပင်၊ ငါသည် ထိုကဲ့သို့ပင် ပြီးပြည့်စုံစေမည်—ငါသည် သင်တို့၏ တိုက်ပွဲများကို တိုက်မည်။
၁၅ ရှုလော့၊ ဖျက်ဆီးသူအား ငါ၏ရန်သူတို့ကို ပျက်စီးခြင်းသို့ ရောက်စေရန်နှင့် ဖျက်ဆီးစေရန် ငါစေလွှတ်တော်မူလေပြီ။ ယခုအချိန်မှစ၍ များစွာသောနှစ်များ မကြာမီသူတို့သည် ငါ၏အမွေကို ညစ်ညူးစေရန်၊ ထို့အတူ ငါ၏သန့်ရှင်းသူတို့၏အတူတကွစုဝေးခြင်းအမှုအတွက် ငါရည်စူးထားလေသည့် မြေများပေါ်၌ ငါ၏နာမတော်ကို ကဲ့ရဲ့စေရန် ဆက်၍မရှိရ။
၁၆ ရှုလော့၊ ငါသည် ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်ကို၊ ငါ့အိမ်မှ အင်အား၊ အကယ်စင်စစ် ငါ၏စစ်သူရဲများ၊ ငါ၏လူပျိုများနှင့် လူလတ်တို့ကို ငါ၏လူမျိုးတို့ကို ရွေးနုတ်ခြင်းအတွက် အတူတကွ စုဝေးကြစေရန်၊ ထို့အတူ ငါ့ရန်သူတို့၏ လင့်စင်များကို ဖြိုချကြစေရန်၊ ထို့အတူ သူတို့၏ကင်းစောင့်များကို ကွဲပြားပြန့်ကျဲကြစေရန် ပြောစေခြင်းငှာ မိန့်တော်မူလေပြီ။
၁၇ သို့ရာတွင် ငါ့အိမ်မှ အင်အားသည် ငါ၏စကားများကို စေ့စေ့နားမထောင်လေကြ။
၁၈ သို့ရာတွင် ငါ၏စကားများကို စေ့စေ့နားထောင်သူများရှိလေသမျှ၊ သူတို့သည် ဆက်၍သစ္စာရှိကြလျှင် ငါသည် သူတို့အတွက် ကောင်းချီးမင်္ဂလာနှင့် ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ပြင်ဆင်လေပြီ။
၁၉ ငါသည် သူတို့၏ ဆုတောင်းခြင်းများကို ကြားတော်မူလေပြီ၊ သူတို့၏ ပူဇော်သက္ကာများ ကိုလည်း လက်ခံတော်မူမည်။ သူတို့၏ ယုံကြည်ခြင်းကို စုံစမ်းခြင်းအတွက် သူတို့ကို ဤမျှအထိ ရောက်စေရသည်မှာ ငါ့အဖို့ သင့်လျော်၏။
၂၀ ယခုမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ဤနေရာသို့ လာသမျှသောသူတို့၊ ပတ်ဝန်းကျင်ဒေသ၌ နေနိုင်ကြသောသူတို့ကို နေကြစေကြောင်း ပညတ်တော်တစ်ခုကို သင်တို့အား ငါပေး၏။
၂၁ အရှေ့ပိုင်း၌ မိသားစုများရှိ၍၊ မနေနိုင်သောသူတို့အား၊ ငါ့ကျွန်ဂျိုးဇက်စမစ် သူတို့ကို ခန့်အပ်သမျှ ကာလအနည်းငယ်ကြာအောင် တည်းခိုကြစေလော့။
၂၂ အကြောင်းမူကား၊ ဤအမှုနှင့်စပ်လျဉ်း၍၊ ငါသည် သူ့ကို သွန်သင်တော်မူမည်၊ သူတို့ကို သူခန့်အပ်မည့် ခပ်သိမ်းသောအရာမှန်သမျှကိုလည်း ပြီးပြည့်စုံစေမည်။
၂၃ ပတ်ဝန်းကျင်ဒေသတို့၌ နေထိုင်သည့် ငါ၏ခပ်သိမ်းသောလူမျိုးတို့အား အလွန်သစ္စာရှိစေလော့၊ ထို့အတူ မကြာခဏ ဆုတောင်းစေလော့၊ ထို့အတူ ငါ့ရှေ့၌ နှိမ့်ချစေလော့၊ ထို့အတူ သူတို့ကို ငါဖော်ပြလေသည့် အရာတို့ကို ငါ၏ဉာဏ်ပညာတော်အတိုင်း ဖော်ပြရမည့် အချိန်မတိုင်မီ ဖော်ပြခြင်းမရှိစေနှင့်။
၂၄ တရားစီရင်တော်မူခြင်းအကြောင်းကို ပြောဆိုခြင်းမရှိကြနှင့်၊ ယုံကြည်ခြင်းအကြောင်းကို လည်းကောင်း၊ ကြီးစွာသော အမှုအကြောင်းကိုလည်းကောင်းမဝါကြွားကြနှင့်၊ သို့ရာတွင် ဖြစ်နိုင်သမျှဒေသတစ်ခုတွင်၊ လူတို့၏ခံစားချက်များနှင့်အညီ ဂရုတစိုက် အတူတကွစုဝေးကြလော့။
၂၅ ရှုဦးလော့၊ ငါတို့အတွက် တရားစီရင်ခြင်းနှင့် ဖြောင့်မှန်ခြင်းကို ဥပဒေအတိုင်း ပြုလော့၊ ငါတို့၏အမှားများအတွက် ပြန်လည်ပေးဆပ်လော့ဟု လူမျိုးတို့ကို သင်တို့ဆိုသောအခါ၊ သင်တို့သည် ငြိမ်းချမ်းခြင်းနှင့် ဘေးလွတ်ရာ၌ ကိန်းဝပ်နိုင်ကြစေခြင်းငှာ ငါသည် သင်တို့အား သူတို့၏ မျက်လုံးများ၌ နှစ်သက်ခြင်းနှင့် ကျေးဇူးကို ပေးတော်မူမည်။
၂၆ ယခု၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏အဆွေခင်ပွန်းတို့၊ ဤနည်းအားဖြင့် သင်တို့သည် ဣသရေလအမျိုး၏တပ်အလွန်ကြီးထွားသည့် အချိန်အထိ၊ လူတို့၏မျက်လုံးများ၌ နှစ်သက်ခြင်းကို ခံရနိုင်ကြပေ၏။
၂၇ ငါသည် ဖာရော၏စိတ်နှလုံးကို အချိန်နှင့်အမျှ၊ ပြုခဲ့သည့်နည်းတူ၊ လူတို့၏စိတ်နှလုံးကို ပျော့ပျောင်းစေတော်မူမည်၊ ငါခန့်အပ်ထားလေသည့်၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်၊ ထို့အတူ ငါ၏အသင်းလူကြီးတို့ ငါ့အိမ်မှအင်အားကို စုဝေးရန်အချိန်ရသည်အထိ၊
၂၈ ဝယ်၍ရနိုင်သည့် ဂျက်ဆင်ခရိုင်ရှိ၊ ထို့အတူ ပတ်ဝန်းကျင်၌ ကပ်လျက်ရှိသောခရိုင်များရှိ၊ ခပ်သိမ်းသောမြေများကို ဝယ်ခြင်းနှင့် စပ်လျဉ်း၍ ငါမိန့်တော်မူလေသည့် အရာကို ပြီးပြည့်စုံစေခြင်းငှာ ဉာဏ်ပညာရှိသောသူတို့ကို စေလွှတ်ရန်လည်းဖြစ်၏။
၂၉ အကြောင်းမူကား၊ ဤမြေများကို ဝယ်ရမည်မှာ၊ ထို့အတူ ဝယ်ပြီးနောက် ငါပေးတော်မူလေသည့် ဆက်ကပ်ခြင်း ဥပဒေများအတိုင်း ၎င်းတို့ကို ငါ၏သန့်ရှင်းသူတို့ ပိုင်ဆိုင်ရမည်မှာ ငါ၏အလိုတော်ဖြစ်၏။
၃၀ ဤမြေများကို ဝယ်ပြီးနောက်တွင်၊ ငါသည် ဣသရေလအမျိုး၏တပ်များ သူတို့ငွေဖြင့် သူတို့ယခင်ဝယ်ခဲ့သည့် သူတို့မြေကိုသိမ်းယူခြင်း၊ ထို့အတူ သူတို့အပေါ်မှာရှိနိုင်သည့် ငါ့ရန်သူတို့၏ လင့်စင်များကိုဖြိုချခြင်း၊ ထို့အတူ သူတို့၏ကင်းစောင့်များကို ကွဲပြားပြန့်ကျဲစေခြင်း၊ ထို့အတူ ငါ့ကို မုန်းသောသူတို့၏ တတိယနှင့်စတုတ္ထမျိုးဆက်တိုင်အောင် ငါ့အဖို့ ငါ၏ရန်သူတို့ကို လက်တုံ့ပြန်ခြင်းတို့နှင့် စပ်လျဉ်း၍ အပြစ်ကင်းသည်ဟု မှတ်ယူမည်။
၃၁ သို့ရာတွင်၊ ရှေးဦးစွာ၌ ငါ၏တပ်ကို အလွန်ကြီးထွားစေလော့၊ ထို့အတူ ငါ့ရှေ့၌ သန့်ရှင်းစင်ကြယ်စေလော့၊ နေကဲ့သို့ တင့်တယ်လာ၊ ထို့အတူ လကဲ့သို့ကြည်လင်လာစေခြင်းငှာ၊ သူ၏အလံများကိုလည်း ခပ်သိမ်းသောပြည်သားတို့အဖို့ ကြောက်မက်ဖွယ် ဖြစ်နိုင်စေခြင်းငှာ၊
၃၂ လောကီနိုင်ငံတို့ကို ဇိအုန်နိုင်ငံတော်သည် ငါတို့ဘုရားသခင်နှင့် သူ့ခရစ်တော်၏ နိုင်ငံတော် ဧကန်အမှန်ဖြစ်ကြောင်း အသိအမှတ်ပြုကြစေရန် အတင်းစေခိုင်းခံကြရစေကြောင်းပေတည်း။ ထို့ကြောင့်၊ ငါတို့သည် သူ၏ဥပဒေများသို့ ဩဇာခံဖြစ်လာကြကုန်အံ့။
၃၃ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့အသင်းတော်၏ ပထမဦးဆုံးအသင်းလူကြီးတို့သည် ကာ့တ်လန်းမြေမှာ ငါ၏နာမတော်အဖို့ တည်ဆောက်ရန် ငါမိန့်တော်မူလေသည့် ငါ၏အိမ်တော်ထဲ၌ အထက်မှ သူတို့၏ဝိညာဉ်ပကတိအပ်နှင်းခြင်းကို လက်ခံရရှိရမည်မှာ ငါ့အဖို့သင့်လျော်၏။
၃၄ ဇိအုန်၊ ၎င်း၏ဥပဒေနှင့် စပ်လျဉ်း၍ ငါပေးလေသည့် ထိုပညတ်တော်တို့ကိုလည်း၊ သူ၏ရွေးနုတ်ခြင်း နောက်၌၊ စီရင်၍ ပြီးပြည့်စုံစေလော့။
၃၅ ခေါ်သွင်းတော်မူရာနေ့ ရှိလေပြီ၊ သို့ရာတွင် ရွေးကောက်ရာနေ့အတွက် အချိန်ကျရောက်လာ၏။ ထိုက်တန်သောသူတို့အား ရွေးကောက်ခံကြရစေလော့။
၃၆ ရွေးကောက်ခံရသောသူတို့ကို ဝိညာဉ်တော်၏အသံအားဖြင့် ငါ့ကျွန်ထံသို့ ထင်ရှားစွာပြလိမ့်မည်။ သူတို့ကိုလည်း သန့်ရှင်းစင်ကြယ်စေလိမ့်မည်။
၃၇ သူတို့သည် ရရှိသည့် သွန်သင်ချက်ကို လိုက်လျှောက်ကြသမျှ၊ ဇိအုန်နှင့်စပ်ဆိုင်သည့် ခပ်သိမ်းသောအရာများကို ပြီးမြောက်စေရန် တန်ခိုးကို နေ့များစွာကြာပြီးနောက်တွင် ရရှိကြလိမ့်မည်။
၃၈ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့ကို ပြင်းစွာရိုက်လေသောသူတို့အတွက်သာ မဟုတ်ဘဲ၊ ခပ်သိမ်းသောလူတို့အတွက်လည်း၊ ငြိမ်းချမ်းခြင်းကို တောင်းဆိုကြလော့။
၃၉ ငြိမ်းချမ်းခြင်းအလံကို ထူကြလော့၊ ငြိမ်းချမ်းခြင်းအကြောင်း ကြေညာခြင်းကိုလည်း မြေကြီးစွန်းတိုင်အောင် ပြုကြလော့။
၄၀ သင်တို့ကို ပြင်းစွာရိုက်လေသောသူများထံသို့ သင်တို့အထဲ၌ ရှိသည့် ဝိညာဉ်တော်၏ အသံအတိုင်း ငြိမ်းချမ်းခြင်းအဆိုပြုချက်များကို ပြုကြလော့၊ ခပ်သိမ်းသောအရာတို့သည်လည်း သင်တို့၏ကောင်းကျိုးအတွက် အတူတကွဖြစ်လိမ့်မည်။
၄၁ ထို့ကြောင့်၊ သစ္စာရှိကြလော့၊ ရှုဦးလော့၊ ကြည့်ဦးလော့၊ ငါသည် အဆုံးတိုင်အောင်ပင် သင်တို့နှင့် အတူရှိတော်မူ၏။ ထိုကဲ့သို့ပင်တည်း။ အာမင်။