ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၃


အပိုဒ်ငယ် ၃

လေဟိကျမ်းဟု​ခေါ်သည့် မော်မုန်ကျမ်း​ပထမပိုင်းမှ ဘာသာပြန်​ထားသော ပုံနှိပ်​စာမူ ၁၁၆ မျက်နှာ ပျောက်ဆုံးခြင်းနှင့်​စပ်လျဉ်း၍ ၁၈၂၈ ခု၊ ဇူလိုင်လ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်​ဂျိုးဇက်​စမစ်သို့ ပေးတော်မူသည့် ဗျာဒိတ်တော်။ ပရောဖက်သည် ဤစာမျက်နှာများကို သူ့အုပ်ထိန်းခွင့်​မှနေ၍ မော်မုန်ကျမ်း​ဘာသာပြန်ခြင်းတွင်၊ တိုတောင်းသော​ကာလ​အတွင်း စာရေးသူ​အဖြစ်​ထမ်းဆောင်သည့် မာတင်​ဟဲရစ်၏​အုပ်ထိန်းခွင့်သို့ စိတ်မပါဘဲ အခွင့်ပေး​ခဲ့၏။ ထိုဗျာဒိတ်တော်ကို ဥရိမ်နှင့် သုမိမ်တို့​အားဖြင့် ပေးတော်မူ​ခဲ့၏။ (အပိုဒ်ငယ် ၁၀ တွင် ကြည့်ပါ။)

၁–၄၊ ကိုယ်တော်ရှင်၏​လမ်းတော်သည် ထာဝရ​တည်မြဲသော တရားစက်ဝန်း​တစ်ခု​ဖြစ်၏။ ၅–၁၅ ဂျိုးဇက်​စမစ်သည် နောင်တရ​ရမည်၊ သို့မဟုတ်လျှင်၊ ဘာသာပြန်ခြင်း​ဆုကျေးဇူးကို ဆုံးရှုံး​လိမ့်မည်။ ၁၆–၂၀၊ မော်မုန်ကျမ်းသည် လေဟိ၏​အမျိုးအနွယ်တို့ကို ကယ်တင်ဖို့ ထွက်ပေါ်​လာ၏။

ဘုရားသခင်၏​အမှုတော်များ၊ အကြံအစည်များနှင့် ရည်ရွယ်ချက်များသည် အထမမြောက်ဘဲ​မရှိနိုင်၊ အကျိုးမဲ့လည်း​မဖြစ်နိုင်။

အကြောင်းမူကား၊ ဘုရားသခင်သည် ကောက်သော​လမ်းတို့၌ မလျှောက်၊ သူသည် လက်ယာဘက်၊ လက်ဝဲဘက်သို့​မလွှဲ၊ သူမိန့်တော်မူ​လေသည့်​အရာမှလည်း မသွေဖည်၊ ထို့ကြောင့် သူ၏​လမ်းခရီးတော်တို့သည် ဖြောင့်၍၊ သူ၏​လမ်းတော်သည် ထာဝရ​တည်မြဲသော တရားစက်ဝန်း​တစ်ခု​ဖြစ်၏။

အထမမြောက်သည်မှာ ဘုရားသခင်၏​အမှုတော်​မဟုတ်ဘဲ၊ လူသားတို့၏​အမှု​ဖြစ်ကြောင်း အောက်မေ့လော့၊ အောက်မေ့လော့။

အကြောင်းမူကား၊ လူသား၌ များစွာသော​ဗျာဒိတ်တော်များ​ရှိနိုင်ပြီး၊ ကြီးစွာသော​အမှု​များစွာကို ပြုဖို့ တန်ခိုး​ရှိနိုင်သော်လည်း၊ သူသည် မိမိကိုယ်ပိုင်​ခွန်အား၌ ဝါကြွားပြီး၊ ဘုရားသခင်၏ သွန်သင် တော်မူခြင်း​များကို အလေးမထားဘဲ​လစ်လျူရှု၍၊ မိမိအလိုဆန္ဒနှင့် ကာမဂုဏ်​သဘော​တပ်မက်စိတ်၏​နောက်သို့​လိုက်လျှင်၊ ကျရှုံး​ရမည်။ ဖြောင့်မတ်သော​ဘုရားသခင်၏ ဒဏ်စီရင်ခြင်းကိုလည်း သူ့အပေါ်၌​ခံရမည်။

ရှုလော့၊ သင့်ကို ဤအရာများနှင့် ယုံကြည်​လွှဲအပ်ထား​လေပြီ။ သို့ရာတွင်၊ သင့်ကို​ပေးထားသော​ပညတ်တော်များမှာ တင်းကျပ်လှပေစွ​တကား။ သင်သည် ထိုပညတ်တော်များကို မလွန်ကျူးလျှင်၊ သင့်ထံ​ပြုထားသည့် ကတိတော်များ​ကိုလည်း သတိရလော့။

ရှုဦးလော့၊ သင်သည် ဘုရားသခင်၏ ပညတ်တော်များနှင့် ပညတ်တရားများကို လွန်ကျူးလျက် လူသားတို့၏​သွေးဆောင်ခြင်း၌ အကြိမ်ကြိမ်​ဆက်၍​သွားလေပြီ။

အကြောင်းမူကား၊ ရှုလော့၊ သင်သည် လူသားကို ဘုရားသခင်ထက် ပိုပြီး​မကြောက်သင့်။ လူသားတို့က ဘုရားသခင်၏ သွန်သင်တော်မူခြင်းများကို အလေးမထားဘဲ​လစ်လျူရှုလျက်၊ သူ၏​နှုတ်ကပတ်တော်များကို မထီမဲ့မြင်​ပြုကြ​သော်လည်း—

သင်သည် သစ္စာ​ရှိလျက်​နေသင့်​လေပြီ။ သူသည်လည်း လက်တော်ကို​ဆန့်လျက် မာရ်နတ်၏​မီးစက်​လက်နက်တို့​တစ်ဖက်၌ သင့်ကို ထောက်မတော်မူ​လိမ့်မည်။ ဒုက္ခ​ရောက်ချိန်တိုင်းမှာ​သင်နှင့်အတူ သူရှိတော်မူ​လေပြီ။

ရှုလော့၊ သင်သည် ဂျိုးဇက်​ဖြစ်၏။ ကိုယ်တော်ရှင်၏​အမှုတော်ကို​ဆောင်ရွက်ရန် ရွေးကောက်ခံရ​လေပြီ။ သို့ရာတွင်၊ လွန်ကျူးခြင်းကြောင့်၊ သင်သည် သတိ​မပြုမိလျှင် ကျရှုံး​လိမ့်မည်။

၁၀ သို့ရာတွင်၊ သတိရလော့၊ ဘုရားသခင်သည် ကရုဏာကြီးတော်မူ၏။ ထို့ကြောင့်၊ သင့်ကို ငါပေးခဲ့သည့် ပညတ်တော်နှင့် ဆန့်ကျင်၍ သင်ပြုလေသည့်​အရာမှ နောင်တရလော့၊ သင်သည် ရွေးကောက်​ခံရလျက်လည်း​ရှိသေး၏၊ အမှုတော်သို့ တစ်ဖန် ခေါ်သွင်းသည်လည်းခံရ၏။

၁၁ သင်သည် ဤသို့​မပြုလျှင်၊ လွှတ်ပေးခံရမည်​ဖြစ်၍၊ အခြားသော​သူများကဲ့သို့ ဖြစ်လာပြီး၊ ဆုကျေးဇူး​မရရှိတော့။

၁၂ သင့်ကို ဘုရားသခင်​ပေးတော်မူသည့် ဘာသာပြန်ဖို့ အမြင်နှင့်​တန်ခိုးကို သင်လွှတ်ပေး​သောအခါ၊ သင်သည် သန့်ရှင်း​မွန်မြတ်သော​အရာကို ဆိုးညစ်သော​သူ၏​လက်ထဲသို့ လွှတ်ပေး၏။

၁၃ ထိုသူသည် ဘုရားသခင်၏​သွန်သင်တော်မူခြင်းများကို အလေးမထားဘဲ လစ်လျူရှုလျက်၊ ဘုရားသခင်​ရှေ့မှာ ပြုထားသည့် အသန့်ရှင်း​အမွန်မြတ်ဆုံး​ကတိများကို ဖောက်ဖျက်လေပြီး၊ သူ့ကိုယ်ပိုင် ဝေဖန်​ပိုင်းခြားနိုင်စွမ်းကို အားကိုး၍၊ သူ့ကိုယ်ပိုင်​ဉာဏ်ပညာ၌ ဝါကြွား၏။

၁၄ ဤအရာသည်ကား၊ သင်၏​အထူး​အခွင့်အရေးကို ကာလအတန်အရာ​ဆုံးရှုံးရခြင်း၏ အကြောင်းရင်း​ဖြစ်၏—

၁၅ အကြောင်းမူကား၊ သင်သည် သင့်လမ်းညွှန်သူ၏​သွန်သင်တော်မူခြင်းကို နင်းချေ​ခံရစေဖို့ ရှေးဦးစွာကတည်းက အခွင့်ပေး​လေပြီ။

၁၆ သို့သော်လည်း၊ ငါ၏​အမှုတော်သည် ပျံ့နှံ့​လိမ့်မည်၊ အကြောင်းမူကား၊ ကယ်တင်ရှင်​အကြောင်း အသိပညာသည် ယုဒ​လူမျိုးတို့၏​သက်သေခံချက်​အားဖြင့် လောကသို့​ရောက်လာသမျှ၊ ထိုကဲ့သို့ပင်၊ ကယ်တင်ရှင်​အကြောင်း အသိပညာသည် ငါ၏​လူမျိုးများ​ထံသို့ ရောက်လာ​လိမ့်မည်—

၁၇ ထို့အတူ နီဖိုင်း​အမျိုးသားများ၊ ထို့အတူ ယာကုပ်​အမျိုးသားများ၊ ထို့အတူ ယောသပ်​အမျိုးသားများ၊ ထို့အတူ ဇော်ရမ်​အမျိုးသားများထံသို့ ထိုသူတို့​ဘိုးဘေးများ၏​သက်သေခံချက်​အားဖြင့် ရောက်လာ​လိမ့်မည်။

၁၈ ဤသက်သေခံချက်ကို ဒုစရိုက်များနှင့် စက်ဆုပ်ရွံရှာဖွယ်​အမှုများကြောင့် ညီအစ်ကိုနီဖိုင်း​အမျိုးသားတို့ကို ဖျက်ဆီးရန် ကိုယ်တော်ရှင်​အခွင့်ပေးတော်မူ​လေသည့် သူတို့ဘိုးဘေးတို့၏​ဒုစရိုက်များကြောင့် ယုံကြည်မှု​လျော့ပါး​ဆုတ်ယုတ်​လာကြသူများ​တည်းဟူသော လာမန်​အမျိုးသားများ၊ ထို့အတူ လေမွေလ​အမျိုးသားများ၊ ထို့အတူ ဣရှမေလ​အမျိုးသားများ သိခြင်းသို့ ရောက်လာ​လိမ့်မည်။

၁၉ ဤတိကျသော ရည်ရွယ်ချက်ကြောင့်​သာလျှင်၊ ဤမှတ်တမ်းများ​ပါရှိသည့် ဤပုရပိုက်ပြားများကို ထိန်းသိမ်း​စောင့်ရှောက်​ထားသည်မှာ—​ကိုယ်တော်ရှင်၏​လူမျိုးတို့ထံ ပြုတော်မူခဲ့သည့် သူ၏​ကတိတော်များကို ပြီးပြည့်စုံနိုင်​စေကြောင်း၊

၂၀ လမန်​အမျိုးသားတို့အား သူတို့ဘိုးဘေးတို့​အကြောင်းကို သိခြင်းသို့ ရောက်နိုင်ကြ​စေကြောင်း၊ ထို့အတူ၊ ကိုယ်တော်ရှင်၏​ကတိတော်များကို သူတို့​သိနိုင်ကြ​စေကြောင်း၊ ဧဝံဂေလိ​တရားတော်ကို သူတို့​ယုံကြည်ပြီး၊ ယေရှု​ခရစ်တော်၏ ကောင်းမှုများ​အပေါ် မှီခိုနိုင်ကြ​စေကြောင်း၊ ထို့အတူ၊ သူ၏​နာမတော်ကို ယုံကြည်ခြင်း​အားဖြင့် ဘုန်းထင်ရှား​စေကြောင်း၊ ထို့အတူ၊ သူတို့သည် နောင်တရခြင်း​အားဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်ကြ​စေကြောင်းတို့​ပင်တည်း။ အာမင်။