ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၂၁


အပိုဒ်ငယ် ၁၂၁

ပရောဖက်​ဂျိုးဇက်​စမစ်သည် မစ်ဆိုရီ၊ လစ်ဘာတီ​အကျဉ်းထောင်၌ အကျဉ်းသား​တစ်ဦး​အဖြစ်​ရှိစဉ်၊ ၁၈၃၉ ခု၊ မတ် ၂၀ ရက်စွဲဖြင့်၊ အသင်းတော်သို့ အမှာစာ၌ ရေးခဲ့သည့် ဆုတောင်းခြင်းနှင့် ပရောဖက်ပြု​ဟောချက်များ။ ပရောဖက်နှင့် အဖော်​အချို့သည် ထောင်ထဲ၌ လများစွာ​နေခဲ့ကြရ၏။ အာဏာရှိသော အရာရှိများနှင့် တရားသူကြီးစုသို့ လိပ်မူသည့် သူတို့၏ အသနားခံခြင်းများနှင့် အယူခံ​ဝင်ခြင်းများသည် သူတို့ကို သက်သာခြင်းသို့​မရောက်စေခဲ့။

၁–၆၊ ပရောဖက်သည် ဒုက္ခ​ဝေဒနာ​ခံစားရသော သန့်ရှင်းသူတို့​အတွက် ကိုယ်တော်ရှင်အား တောင်းပန်၏။ ၇–၁၀၊ ကိုယ်တော်ရှင်သည် သူ့အား ငြိမ်းချမ်းခြင်းကို​ဟောပြော၏။ ၁၁–၁၇၊ အကျိန်ခံရသော​သူတို့သည်ကား ကိုယ်တော်ရှင်၏ လူမျိုးတို့​တစ်ဖက်၌ လွန်ကျူးခြင်း အတုများကို ဟစ်ကြွေးသောသူ ခပ်သိမ်းတို့ဖြစ်၏။ ၁၈–၂၅၊ သူတို့သည် ယဇ်ပုရောဟိတ်​အခွင့်အဖို့ အခွင့်​အရေး ရရှိ​လိမ့်မည် မဟုတ်၊ အပြစ်​စီရင်သည်​ကိုလည်း ခံရ​လိမ့်မည်။ ၂၆–၃၂၊ ရဲရင့်စွာ​ကြံ့ကြံ့ခံသော​သူတို့အား အသရေ​ထင်ရှားသော ဗျာဒိတ်တော်များ ကတိ​ထား၏။ ၃၃–၄၀၊ များစွာသော​သူတို့ခေါ်သွင်း​ခံရ​သော်လည်း၊ အနည်းငယ်သာ ရွေးကောက် ခံရသည်မှာ အဘယ်ကြောင့်နည်း။ ၄၁–၄၆၊ ယဇ်ပုရောဟိတ်​အခွင့်ကို ဖြောင့်မတ်ခြင်းဖြင့်သာ အသုံးပြု​ရမည်။

အို ဘုရားသခင်၊ ကိုယ်တော်သည် အဘယ်မှာ​ရှိသနည်း။ ကိုယ်တော်၏​ပုန်းကွယ်ရာ​နေရာကို ဖုံးသည့် ပေါင်းမိုးသည် အဘယ်မှာ​ရှိသနည်း။

ကိုယ်တော်၏​လက်တော်ကို အဘယ်မျှ​ကြာအောင် ရုပ်သိမ်း​မည်နည်း၊ ထို့အတူ ကိုယ်တော်၏​မျက်စိသည်၊ အမှန်စင်စစ် ကိုယ်တော်၏​စင်ကြယ်သော​မျက်စိသည် ထာဝရ​ကောင်းကင်ဘုံမှ​နေ၍၊ ကိုယ်တော်၏​လူမျိုးတို့နှင့် ကိုယ်တော်၏​ကျွန်တို့ ခံစားရသော မတရားမှုတို့ကို ကြည့်မည်နည်း၊ ထို့အတူ ကိုယ်တော်၏​နားသည် သူတို့၏​တောင်းလျှောက်ခြင်းတို့ကို ကြားမည်နည်း။

ထိုမှ​တစ်ပါး၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏ စိတ်နှလုံးသည် သူတို့​အတွက် မပျော့ပျောင်း​စေမီ၊ ထို့အတူ ကိုယ်တော်၏ ဝမ်းသည် သူတို့​အတွက် သနားခြင်းစိတ်​မရှိမီ သူတို့သည် ဤ​မတရားမှုတို့နှင့် မတရားသော ညှဉ်းပန်း​နှိပ်စက်ခြင်းတို့ကို အဘယ်မျှ​ကြာအောင် ခံစား​ရပါ​မည်နည်း။

အို ကိုယ်တော်ရှင် ဘုရားသခင် အနန္တတန်ခိုးရှင်၊ ကောင်းကင်၊ မြေကြီး၊ ထို့အတူ ပင်လယ်တို့၏၊ ထို့အတူ ၎င်းတို့၌​ရှိသည့် ခပ်သိမ်းသော​အရာတို့၏ ဖန်ဆင်းရှင်၊ နတ်ဆိုးကို ထိန်းချုပ်၍ ဩဇာခံ​ဖြစ်စေသူ၊ မရဏနိုင်ငံ၏​အစိုးရခြင်းကိုလည်း မှောင်မိုက်၍ မိုးချုပ်စေသူ— ကိုယ်တော်၏ လက်တော်ကို ဆန့်တော်မူပါ၊ ကိုယ်တော်၏​မျက်စိသည် စူးရှပါစေ။ ကိုယ်တော်၏ ပေါင်းမိုးကို ရုပ်သိမ်း​ပါစေ။ ကိုယ်တော်၏​ပုန်းကွယ်ရာ နေရာကို ဖုံးမထား​ပါစေ​တော့နှင့်။ ကိုယ်တော်၏​နားကို လှည့်ပါစေ။ ကိုယ်တော်၏​စိတ်နှလုံးကို ပျော့ပျောင်း​ပါစေ၊ ကိုယ်တော်၏​ဝမ်းကိုလည်း ကျွန်ုပ်တို့​အတွက် သနားခြင်းစိတ်​ရှိပါစေ။

ကိုယ်တော်၏ အမျက်တော်ကို ကျွန်ုပ်တို့၏​ရန်သူတို့​တစ်ဖက်၌ ထွက်ပါစေ။ ထို့အတူ၊ ကိုယ်တော့​စိတ်နှလုံး၏ ဒေါသ​အမျက်၌၊ ကိုယ်တော်၏​ဓားနှင့် ကျွန်ုပ်တို့​ခံစားရသည့် မတရားမှုတို့ကို လက်တုံ့ပြန်​တော်မူပါ။

ကိုယ်တော်၏ ဒုက္ခ​ဝေဒနာ​ခံစားရသော သန့်ရှင်းသူတို့ကို အောက်မေ့​တော်မူပါ၊ အို ကျွန်ုပ်တို့၏​ဘုရားသခင်။ ကိုယ်တော်၏ ကျွန်တို့သည် ကိုယ်တော်၏ နာမတော်၌ ကာလ​အစဉ်​အဆက် ရွှင်လန်း​ဝမ်းမြောက်ကြ​ပါမည်။

ငါ့သား၊ သင်၏​စိတ်ဝိညာဉ်ကို ငြိမ်းချမ်းခြင်း​ရှိစေလော့။ သင်၏ ဒုက္ခနှင့် ဆင်းရဲ​ဒုက္ခတို့သည် ခဏသာ​ရှိလိမ့်မည်။

ထို့နောက်တွင်၊ သင်သည် ကောင်းစွာ​ကြံ့ကြံ့ခံလျှင်၊ ဘုရားသခင်သည် သင့်ကို အထက်၌ ချီးမြှောက်​လိမ့်မည်။ သင်သည် ခပ်သိမ်းသော သင်၏​ရန်သူတို့ကို အောင်နိုင်​လိမ့်မည်။

သင်၏​အဆွေ​ခင်ပွန်းတို့သည် သင့်ဘေးမှာ​ရှိလိမ့်မည်၊ ထို့အတူ သူတို့သည် သင့်ကို နွေးထွေးသော​စိတ်နှလုံး၊ ခင်မင်သော​လက်တို့ဖြင့် တစ်ဖန်​နှုတ်ဆက်ကြ​လိမ့်မည်။

၁၀ သင်သည် ယောဘ​ကဲ့သို့​မဟုတ်သေး။ သင်၏​အဆွေ​ခင်ပွန်းတို့သည် သင့်ကို ဆန့်ကျင်၍ ရန်မတွေ့ကြ၊ ယောဘကို ပြုခဲ့ကြ​သကဲ့သို့ သင့်ကို လွန်ကျူးခြင်းနှင့်လည်း စွဲချက်​မတင်ကြ။

၁၁ သင့်ကို လွန်ကျူးခြင်းနှင့် စွဲချက်​တင်သော​သူတို့သည်လည်း၊ သူတို့၏ မျှော်လင့်ခြင်းသည် လေပြင်းဟပ်​ခံရ​လိမ့်မည်၊ သူတို့၏ မျှော်လင့်ချက်တို့သည်လည်း လောင်မြိုက်သော နေရောင်ခြည် ရှေ့၌ အရည်ပျော်သည့် နှင်းဖြူခဲ​ကဲ့သို့ အရည်ပျော်​သွားလိမ့်မည်။

၁၂ ထို့အတူ ဘုရားသခင်သည် အချိန်နှင့် ရာသီကို ပြောင်းလဲရန်၊ ထို့အတူ သူတို့၏​စိတ်များကို အသိစိတ် ကွယ်စေရန်၊ သူ၏ အံ့ဩဖွယ်​ကောင်းသော အမှုတော်တို့ကို သူတို့နားမလည် နိုင်ကြ​စေခြင်းငှာ၊ သူတို့ကို စမ်းသပ်​နိုင်ခြင်းငှာနှင့် သူတို့ကိုယ်တိုင်၏ ပရိယာယ်​ထဲသို့ ဆောင်ယူ​နိုင်ခြင်းငှာ မိမိ​လက်နှင့် တံဆိပ်ကို ပြင်တော်မူ​လေပြီ။

၁၃ သူတို့၏​စိတ်နှလုံး ဖောက်ပြန်​သောကြောင့်လည်း​ဖြစ်၏၊ အခြား​သူတို့​အပေါ်သို့ ရောက်စေရန်၊ ထို့အတူ အခြားသူတို့ ခံစားရ​သည်ကို နှစ်သက်ရန် သူတို့လိုလို​လားလား​ရှိသည့် အရာများ သူတို့​ကိုယ်တိုင် အပေါ်သို့ လွန်စွာ​အကြွင်းမဲ့​ကျရောက်​နိုင်စေရန်လည်း​ဖြစ်၏။

၁၄ သူတို့​စိတ်ပျက်ကြ​စေခြင်းငှာ၊ သူတို့၏​မျှော်လင့်ခြင်းတို့လည်း ပယ်ရှင်းခံရကြစေခြင်းငှာ ဖြစ်၏။

၁၅ ယခု​အချိန်မှ​စ၍ များစွာသော​နှစ်များ​မကြာမီ၊ သူတို့နှင့် သူတို့၏ သားစဉ်​မြေးဆက်တို့ ကောင်းကင်​အောက်မှ ပယ်ရှား​ခံရ​စေခြင်းငှာ​ဖြစ်၏ဟု ဘုရားသခင်​မိန့်တော်မူ၍၊ သူတို့​အထဲမှ အဘယ်သူမျှ တံတိုင်းအနီး၌ မကျန်ရစ်ရ။

၁၆ အကျိန်​ခံရသော​သူတို့သည်ကား၊ ငါ၏ ဆီလိမ်း၍ ခန့်အပ်​ထားသော​သူတို့​တစ်ဖက်၌ ဖနောင့်​ပေါက်သော​သူများ​ဖြစ်၏ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏၊ ထို့အတူ ငါ့ရှေ့၌​သူတို့ အပြစ်​မပြု​လေကြ​သော်လည်းကို သူတို့​အပြစ်​ပြုကြ​လေပြီဟု ဟစ်ကြွေးကြပြီဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏၊ သို့ရာတွင် သူတို့သည် ငါ့အမြင်၌​သင့်လျော်သည့်​အရာကို ပြုကြ​လေပြီ၊ ထို​အရာမှာလည်း သူတို့ကို ငါ​မိန့်တော်မူ​လေသည့်​အရာ​ဖြစ်၏။

၁၇ သို့ရာတွင်၊ လွန်ကျူးခြင်းကို ဟစ်ကြွေးသော​သူတို့သည်ကား အပြစ်၏ ကျွန်များ ဖြစ်သောကြောင့် ၎င်းကို ပြုကြ၏၊ သူတို့​ကိုယ်တိုင်သည်လည်း မနာခံခြင်း၏ သားသမီးများ​ဖြစ်ကြ၏။

၁၈ ငါ့ကျွန်တို့ကို ကျွန်ပြုခြင်းနှင့် သေခြင်းသို့ ဆောင်ယူ​နိုင်ခြင်းငှာ သူတို့​တစ်ဖက်၌ မှားယွင်းစွာ ကျိန်ဆိုသော​သူတို့သည်ကား—

၁၉ သူတို့သည် အမင်္ဂလာ​ရှိကြ၏။ သူတို့သည် ငါ၏​ကလေး​သူငယ်တို့ကို စိတ်ပျက်​စေသောကြောင့် ငါ့အိမ်တော်၏ ဘိသိက်​မင်္ဂလာတို့နှင့် ခွဲထား​ခံရ​လိမ့်မည်။

၂၀ သူတို့၏​တောင်း မပြည့်ရ၊ သူတို့၏​အိမ်များနှင့် သူတို့၏​ကျီများလည်း ပျက်စီး​လိမ့်မည်၊ သူတို့​ကိုယ်တိုင်​သည်လည်း သူတို့ကို မြှောက်ပင့်​ပြောဆို​သူတို့​အားဖြင့် မထီ​မဲ့မြင်​ပြု​ခံရ​လိမ့်မည်။

၂၁ သူတို့သည် ယဇ်ပုရောဟိတ်​အခွင့်​အဖို့ အခွင့်​အရေး ရရှိ​လိမ့်မည်​မဟုတ်၊ သူတို့​နောက်မှ သူတို့၏ သားစဉ်​မြေးဆက်တို့သည်လည်း လူမျိုး​အစဉ်​အဆက် ရရှိ​လိမ့်မည်​မဟုတ်။

၂၂ သူတို့​အတွက်​မူကား လည်ပင်း၌ ကြိတ်ဆုံ​ကျောက်ကို ဆွဲ၍၊ ပင်လယ်​ရေနက်၌ နစ်မြုပ်​ကြသော် သာ၍​ကောင်း၏။

၂၃ ငါ၏​လူမျိုးတို့ကို နှောင့်ယှက်သည့်၊ ထို့အတူ နှင်ထုတ်သည့်၊ ထို့အတူ သတ်သည့်၊ ထို့အတူ သူတို့ကို ဆန့်ကျင်၍ သက်သေခံသည့် ခပ်သိမ်းသော​သူတို့သည် အမင်္ဂလာ​ရှိကြ၏ဟု ကောင်းကင်​ဗိုလ်ခြေ ကိုယ်တော်ရှင် မိန့်တော်မူ၏။ မြွေပွေးမျိုးဆက်သည် ငရဲ၏ အပြစ်ဒဏ်​ရောက်ခြင်းမှ မလွတ်မြောက်ရ။

၂၄ ရှုလော့၊ ငါ၏​မျက်စိတို့သည် သူတို့၏​ခပ်သိမ်းသော​အမှုတို့ကို မြင်၍​သိ၏၊ ငါသည် လျင်မြန်သော​တရား​စီရင်တော်မူခြင်းကို ထိုရာသီ၌၊ သူတို့​အားလုံး​အတွက် သိမ်းထား​လေပြီ။

၂၅ အကြောင်း​မူကား၊ လူတိုင်း​အတွက် မိမိ​အကျင့်တို့ ရှိမည့်​အတိုင်း စီရင်ထားနှင့်သော အချိန်​တစ်ခု​ရှိ၏။

၂၆ ဘုရားသခင်သည် သူ၏​သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့်၊ အထူး​သဖြင့်၊ သန့်ရှင်းသော​ဝိညာဉ်တော်၏ ပြောမပြ​နိုင်သော​ဆုကျေးဇူး​အားဖြင့်၊ ကမ္ဘာ​တည်​ကတည်းက ယခု​တိုင်အောင် ဖော်ပြ​မထား​လေသည့် အသိ​ပညာကို သင်တို့အား ပေးတော်မူ​လိမ့်မည်။

၂၇ နောက်ဆုံးသော​အချိန်တို့၌ ဖော်ပြရန် ကျွန်ုပ်တို့၏​ဘိုးဘေးတို့ စိတ်အား ထက်သန်သော မျှော်လင့်ချက်ဖြင့် စောင့်ခဲ့ကြ​လေသည့်အရာ၊ သူတို့၏ ဘုန်း​အသရေ အပြည့်အစုံအတွက် သိမ်းထားသည့်အတိုင်း၊ ကောင်းကင်​တမန်တို့​အားဖြင့် သူတို့​စိတ်ကို ညွှန်ပြသည့်​အရာဖြစ်၏။

၂၈ အဘယ်​အရာကိုမျှ မဆီးတားမည့်​အချိန်သည် ကျရောက်​လာမည်၊ ဘုရားသခင်​တစ်ပါး​ရှိသည် ဖြစ်စေ၊ သို့မဟုတ် များစွာသော​ဘုရားများ​ရှိသည်ဖြစ်စေ သူတို့ကို ထင်ရှားစွာ​ပြလိမ့်မည်။

၂၉ ယေရှု​ခရစ်တော်၏​တရားတော်​အတွက် ရဲရင့်စွာ တည်ကြည်သောသူအပေါင်းတို့ကို ခပ်သိမ်းသော ပလ္လင်များနှင့် အစိုးရခြင်းများ၊ မင်းသား​အုပ်ချုပ်ခံရာများနှင့် တန်ခိုးတို့ကို ဖော်ပြ၍ ပေးလိမ့်မည်။

၃၀ ထို့အတူ၊ ကောင်းကင်နှင့်​စပ်လျဉ်း၍ သို့မဟုတ် ပင်လယ်နှင့်​စပ်လျဉ်း၍၊ သို့မဟုတ် ကုန်းမြေနှင့်​စပ်လျဉ်း၍၊ သို့မဟုတ် နေ၊ လနှင့်​စပ်လျဉ်း၍၊ သို့မဟုတ် ကြယ်နှင့်​စပ်လျဉ်း၍ ကန့်သတ်ချက်များ ရှိလျှင်လည်း—

၃၁ ၎င်းတို့၏​လည်ပတ်ရာ​အချိန်​မှန်သမျှ၊ စီရင်​ထားသည့် ခပ်သိမ်းသော နေ့များ၊ လများ၊ ထို့အတူ နှစ်များ၊ ထို့အတူ ၎င်းတို့၏ နေ့များ၊ လများ၊ ထို့အတူ နှစ်များ၊ ထို့အတူ ၎င်းတို့၏ ခပ်သိမ်းသော ဂုဏ်​အသရေများ၊ ဥပဒေများ၊ ထို့အတူ သတ်မှတ်​ထားသော​အချိန်များ၏ နေ့များကို အချိန်​ကာလ​ပြည့်စုံခြင်း​သာသနာ၏ နေ့များ၌ ဖော်ပြလိမ့်မည်—

၃၂ ဤ​ကမ္ဘာ​မတည်မီက ခပ်သိမ်းသော​အခြားဘုရားတို့၏ ထာဝရ​ဘုရားသခင်၏ အစု​အဝေး​အလယ်၌ ခန့်ထားသည့်​အတိုင်း၊ လူတိုင်း သူ၏​ထာဝရ​မျက်မှောက်သို့​လည်းကောင်း၊ သေခြင်း​မရှိသော ချမ်းသာခြင်းသို့​လည်းကောင်း ဝင်ရောက်​သောအခါ ပြီးဆုံးခြင်းနှင့် အဆုံး​တိုင်အောင် သိမ်းထားမည့်​အတိုင်း​ဖြစ်လိမ့်မည်။

၃၃ လည်နေသော​ရေတို့သည် အဘယ်မျှ​ကြာအောင် မစင်ကြယ်ဘဲ​နေနိုင်​မည်နည်း။ အဘယ်​တန်ခိုးသည် ကောင်းကင်ဘုံကို ရုပ်သိမ်း​လိမ့်မည်နည်း။ လူသည် မစ်ဆိုရီမြစ်၏ စီးရာ​ရေကြောင်းကို ရပ်စေရန်၊ သို့မဟုတ် ရေစီးကြောင်းကို နောက်ပြန်လှည့်စေရန်၊ မိမိ၏​နုန့်နဲ့သော​လက်ကို ဆန့်​သကဲ့သို့ အနန္တ​တန်ခိုးရှင်ကို နောက်ပိုင်း​ကာလ​သန့်ရှင်းသူတို့၏​ဦးခေါင်းများ​ပေါ်သို့ ကောင်းကင်ဘုံမှ အသိ​ပညာ​သွန်းလောင်းခြင်းကို ဆီတားရန် မဖြစ်​နိုင်ပေ။

၃၄ ရှုလော့၊ များစွာသော​သူတို့ ခေါ်သွင်း​ခံကြရ၏၊ သို့ရာတွင် အနည်းငယ်သာ ရွေးကောက်​ခံရကြ၏။ သူတို့သည် အဘယ်ကြောင့် ရွေးကောက်​မခံကြရ​သနည်း။

၃၅ သူတို့၏ စိတ်နှလုံးသည် ဤ​လောကီ အရာတို့​အပေါ်၌ များစွာ​ရှိကြ၏၊ ထို့အတူ လူသားတို့၏ ဂုဏ်​အသရေတို့ကို စွဲလန်း​၍၊ သူတို့သည် ဤ​သင်ခန်းစာကို မသင်ယူ​သောကြောင့်​ဖြစ်၏—

၃၆ ယဇ်ပုရောဟိတ်​အခွင့်၏ အခွင့်​အရေးတို့သည် ကောင်းကင်ဘုံ၏​တန်ခိုးတို့နှင့် ခွဲ၍ မရအောင်​ဆက်သွယ်​ထားကြောင်း၊ ထို့အတူ ဖြောင့်မတ်ခြင်း အခြေခံဩဝါဒတို့ အတိုင်း​မှတစ်ပါး၊ ကောင်းကင်ဘုံ၏​တန်ခိုးတို့ကို မထိန်းချုပ်နိုင်၊ ကိုင်လည်း မကိုင်တွယ်​နိုင်ကြောင်းပေတည်း။

၃၇ ၎င်းတို့ကို ကျွန်ုပ်တို့​အပေါ်​အပ်နှင်း​နိုင်ကြောင်းသည် အမှန်​ဖြစ်၏။ သို့ရာတွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်တို့ကို ဖုံးကွယ်ရန်၊ သို့မဟုတ် ကျွန်ုပ်တို့၏​မာန၊ ကျွန်ုပ်တို့၏ အချည်းနှီးသော ရည်မှန်းချက်ကို နှစ်ခြိုက်​စေရန်၊ သို့မဟုတ် လူသားတို့၏ စိတ်ဝိညာဉ်တို့​အပေါ် မတရားမှု၏ မည်သည့် ပမာဏဖြင့်​ဖြစ်စေ ထိန်းချုပ်ခြင်း၊ သို့မဟုတ် အစိုးရခြင်း၊ သို့မဟုတ် အနိုင်​အထက် ပြုခြင်းကို ကျင့်သုံးရန် ဆောင်ရွက်​ကြလျှင်၊ ရှုလော့၊ ကောင်းကင်ဘုံတို့သည် မိမိတို့​ဘာသာ ပြန်လည်​ရုပ်သိမ်း​ကြ၏။ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်သည် ဝမ်းနည်း​ပူဆွေး၍၊ ပြန်လည် ရုပ်သိမ်းသော​အခါ ထိုသူ၏ ယဇ်ပုရောဟိတ်အခွင့် သို့မဟုတ် အခွင့်​အာဏာသည် အဆုံး​သတ်၏။

၃၈ ရှုလော့၊ ထိုသူ​သတိ​မပြုမိမီ၊ တုတ်ချွန်ကို ကန်ရန်၊ သန့်ရှင်းသူတို့ကို ညှဉ်းဆဲရန်၊ ထို့အတူ ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ရန် သူ့ချည်းသာ ပစ်ထားခံရ၏။

၃၉ လူသားတို့သည် တွေးထင်သည့်​အတိုင်း၊ အနည်းငယ်သော အခွင့်​အာဏာကို ရလျှင်​ရချင်း မတရားသော အစိုးရခြင်းကို ကျင့်သုံးရန် ချက်ချင်း အစပြုကြ​မည်မှာ သူတို့​အားလုံးနီးပါး၏ ပကတိသဘောနှင့် သဘောထား​ဖြစ်ကြောင်း ဝမ်းနည်းဖွယ်​အတွေ့​အကြုံမှ ကျွန်ုပ်တို့ သင်ယူကြရ၏။

၄၀ ထို့ကြောင့်၊ များစွာသောသူတို့ ခေါ်သွင်း​ခံကြရ၏၊ သို့ရာတွင် အနည်းငယ်သာ ရွေးကောက်​ခံကြရ၏။

၄၁ အဘယ်​တန်ခိုး သို့မဟုတ် လွှမ်းမိုးမှုကိုမျှ ယဇ်ပုရောဟိတ်​အခွင့်​အားဖြင့် မထိန်းသိမ်းနိုင် သို့မဟုတ် မထိန်းသိမ်းသင့်၊ ဖျောင်းဖျခြင်း​အားဖြင့်၊ စိတ်ရှည်ခြင်း​အားဖြင့်၊ နူးညံ့ခြင်းနှင့် သိမ်မွေ့အောက်ကျို့ခြင်း​အားဖြင့်၊ ထို့အတူ ဟန်မဆောင်သော​ချစ်ခြင်းဖြင့်သာ၊

၄၂ ကြင်နာခြင်း၊ ထို့အတူ စင်ကြယ်သော​အသိပညာ​အားဖြင့် ပြုနိုင်၏၊ ၎င်းတို့သည် သူတော်ကောင်းယောင်​ဆောင်ခြင်း​မရှိဘဲ၊ ထို့အတူ အပြစ်​ရောက်ခြင်း​မရှိဘဲ စိတ်ဝိညာဉ်ကို ကြီးစွာ​တိုးပွားစေ​လိမ့်မည်—

၄၃ သန့်ရှင်းသော​ဝိညာဉ်တော်၏ တိုက်တွန်း​တော်မူခြင်းကို ခံရသည့်​အခါ အချိန်သင့်​အခါသင့် ပြင်းထန်စွာ​ပြစ်တင်​ဆုံးမ​ရမည်။ ထို့နောက်တွင်၊ သင်​ပြစ်တင်​ဆုံးမ​လေသော​သူက သင့်ကို သူ၏​ရန်သူဟု မထင်မှတ်​စေခြင်းငှာ သူ့ဆီသို့ တိုးလာသော​ချစ်ခြင်းကို နောက်ထပ်၍​ပြရမည်။

၄၄ သင်၏​သစ္စာ​ရှိခြင်းသည် သေခြင်း၏​ကြိုးတို့ထက် ပို၍​အားကြီးကြောင်း​ထိုသူ သိနိုင်​စေခြင်းငှာ​ပေတည်း။

၄၅ သင်၏ ဝမ်းသည်လည်း ခပ်သိမ်းသော​လူတို့​ဆီသို့၊ ထို့အတူ ယုံကြည်ခြင်း​ရှိရာ အိမ်သူ​အိမ်သားတို့​ဆီသို့ မေတ္တာဖြင့် ပြည့်စေလော့၊ ကိုယ်ကျင့်​သီလ​ကိုလည်း သင်၏​အတွေးများကို မရပ်​မတန့် အလှဆင်​စေလော့။ ထို့နောက်တွင်၊ သင်၏​စိတ်ချ​ယုံကြည်ခြင်းသည် ဘုရားသခင်၏ မျက်မှောက်တော်၌ အားကြီး​လာလိမ့်မည်။ ယဇ်ပုရောဟိတ်​အခွင့်​ဩဝါဒ​သည်လည်း ကောင်းကင်မှ နှင်းကဲ့သို့ သင်၏​စိတ်ဝိညာဉ်​အပေါ် ဖြည်းညှင်းစွာ သက်ရောက်​လိမ့်မည်။

၄၆ သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်၏​အမြဲတမ်း​အဖော်၊ ထို့အတူ သင်၏ ရာဇ​လှံတံ၊ မပြောင်းလဲသော ဖြောင့်မတ်ခြင်းနှင့် သမ္မာတရား​ရာဇလှံတံ​ဖြစ်လိမ့်မည်။ သင်၏​အုပ်ချုပ်ခံ​ဒေသ​သည်လည်း ထာဝရ​တည်မြဲသော​အုပ်ချုပ်ခံ​ဒေသ​ဖြစ်လိမ့်မည်၊ အတင်း​ပြုရခြင်း​မရှိဘဲနှင့်လည်း သင့်ဆီသို့ ကာလ​အစဉ်​အဆက် အမြဲ​စီးလိမ့်မည်။