အပိုဒ်ငယ် ၁၁၇
ဝီလျံမာ့ခ်၊ နီဝယ်လ်ကေဝှစ်တနီနှင့် အော်လီဗာဂရန်ဂျာတို့၏ တွဲဘက်တာဝန်များနှင့် စပ်လျဉ်း၍ ၁၈၃၈ ခု၊ ဇူလိုင် ၈ ရက်၊ အနောက်ဖျား၊ မစ်ဆိုရီ၌ ပရောဖက်ဂျိုးဇက်စမစ် အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။
၁–၉၊ ကိုယ်တော်ရှင်၏ကျွန်တို့သည် ဇာတိပကတိအရာများကို တပ်မက်သောစိတ်မရှိရ၊ အကြောင်းမူကား၊ “ကိုယ်တော်ရှင်အဖို့ ဥစ္စာပစ္စည်းသည် အဘယ်အရာဖြစ်သနည်း”။ ၁၀–၁၆၊ သူတို့သည် စိတ်ဝိညာဉ်၏ သေးသိမ်မှုကို စွန့်ပစ်ရမည်၊ သူတို့၏ယဇ်များသည် ကိုယ်တော်ရှင်အဖို့ သန့်ရှင်းမွန်မြတ်လိမ့်မည်။
၁ ငါ့ကျွန်ဝီလျံမာ့ခ်၊ ထို့အတူ ငါ့ကျွန်နီဝယ်လ်ကေဝှစ်တနီတို့ကိုလည်း ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်မှာ၊ မြေကြီးပေါ်သို့ နှင်းပွင့်များကို ငါ၊ ကိုယ်တော်ရှင်မလွှတ်မီ သူတို့၏ အမှုအရေးကို အလျင်အမြန်စီစဉ်ပြီးလျှင် ကာ့တ်လန်းမြေမှ ခရီးသွားစေလော့။
၂ သူတို့ကို နိုးစေ၊ ထို့အတူ ထစေ၊ ထို့အတူ ထွက်လာစေ၊ ထို့အတူ တည်းခိုမနေစေနှင့်၊ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင် မိန့်တော်မူ၏။
၃ ထို့ကြောင့်၊ သူတို့သည် တည်းခိုနေလျှင် သူတို့အတွက်ကောင်းမည်မဟုတ်။
၄ သူတို့ကို ငါ့ရှေ့၌၊ သူတို့၏ ခပ်သိမ်းသောအပြစ်များမှ၊ ထို့အတူ သူတို့၏ခပ်သိမ်းသော လောဘလွန်ကျူးသော အလိုဆန္ဒများမှ နောင်တရကြစေလော့ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့အဖို့ ဥစ္စာပစ္စည်းသည် အဘယ်အရာဖြစ်သနည်းဟု ကိုယ်တော်ရှင် မိန့်တော်မူ၏။
၅ ကာ့တ်လန်း၏ ဥစ္စာပစ္စည်းများကို အကြွေးများအတွက် ထုခွဲစေလော့ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏။ ၎င်းတို့ကို လွတ်စေလော့ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏၊ ကျန်ကြွင်းသောအရာ မှန်သမျှကိုလည်း၊ သင်တို့လက်များထဲ၌ ဆက်၍ရှိစေလော့ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၆ အကြောင်းမူကား၊ ငါ့၌ မိုးကောင်းကင်ငှက်များ၊ ထို့အတူ ပင်လယ်ငါး၊ ထို့အတူ တောင်သားရဲများ မရှိသလော။ ငါသည် မြေကြီးကို မဖန်ဆင်းလေသလော။ ငါသည် မြေကြီးပေါ်ရှိပြည်သားတို့၏ ခပ်သိမ်းသော တပ်များ၏ ကံကြမ္မာကို မထိန်းချုပ်သလော။
၇ ထို့ကြောင့်၊ ငါသည် လွင်တီးခေါင်သောနေရာများကို ဖူးစေ၊ ပွင့်စေပြီး အမြောက်အမြား ဖြစ်ထွန်းစေခြင်းမရှိလိမ့်မည်လောဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၈ အာဒံ-ဩဒိ-အာမန်တောင်များပေါ်၌၊ ထို့အတူ ဩလာဟ ရှိနေဟလွင်ပြင်များပေါ်၌၊ သို့မဟုတ် အာဒံနေထိုင်သည့်ပြည်၌၊ လုံလောက်သောနေရာမရှိ၍၊ သင်တို့သည် တစ်စက်တစ်ပေါက်ကိုသာ တပ်မက်သောစိတ်ရှိပြီး၊ ပို၍လေးနက်သောအရာတို့ကို လျစ်လျူရှုကြသလော။
၉ ထို့ကြောင့်၊ ငါ့လူမျိုးတို့၏ပြည် ဤနေရာ၊ ဇိအုန်သို့ပင် တက်လာကြလော့။
၁၀ ငါ့ကျွန်ဝီလျံမာ့ခ်ကို အနည်းငယ်သော အရာတို့အပေါ်၌ သစ္စာရှိစေလော့၊ သူသည် များစွာသော အရာတို့အပေါ်၌ အုပ်စိုးသူဖြစ်လိမ့်မည်။ သူ့ကို အနောက်ဖျားမြို့ရှိ ငါ့လူမျိုးတို့အလယ်၌ ဦးစီးစေလော့၊ သူ့ကို ငါ့လူမျိုးတို့၏ ကောင်းချီးမင်္ဂလာများနှင့် ကောင်းချီးခံစားစေလော့။
၁၁ ငါ့ကျွန်နီဝယ်လ်ကေဝှစ်တနီကို နိကောလအဖွဲ့နှင့်စပ်လျဉ်း၍၊ ထို့အတူ သူတို့၏ ခပ်သိမ်းသော လျှို့ဝှက်သည့် စက်ဆုပ်ရွံရှာဖွယ် အမှုများနှင့် စပ်လျဉ်း၍၊ ထို့အတူ ငါ့ရှေ့၌ သူ၏ စိတ်ဝိညာဉ် သေးသိမ်မှု မှန်သမျှတို့နှင့်စပ်လျဉ်း၍ ရှက်ကြောက်စေလော့ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏၊ ထို့အတူ အာဒံ-ဩဒိ-အာမန်ပြည်သို့ တက်လာစေလော့၊ ထို့အတူ ငါ့လူမျိုးတို့အဖို့ သင်းအုပ်တစ်ဦးဖြစ်စေလော့ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏၊ အမည်အားဖြင့်သာမဟုတ်၊ အကျင့်အားဖြင့်လည်းရှိစေဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၁၂ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါသည် ငါ့ကျွန်အော်လီဗာဂရန်ဂျာကို အောက်မေ့၏။ ရှုလော့၊ သူ့ကို ငါအမှန်ဆိုသည်ကား၊ သူ၏အမည်သည် လူမျိုးအစဉ်အဆက်၊ ကာလအစဉ်အဆက်အမြဲ သန့်ရှင်းမွန်မြတ်သောအောက်မေ့ခြင်း၌ ရှိလိမ့်မည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၁၃ ထို့ကြောင့်၊ သူ့အား ငါ့အသင်းတော်၏ ပထမဥက္ကဋ္ဌအဖွဲ့၏ ရွေးနုတ်ခြင်းအတွက် အလေးအနက်အလုပ် လုပ်စေလော့ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။ သူသည် လဲကျလျှင် တစ်ဖန်ထလိမ့်မည်၊ အကြောင်းမူကား၊ သူ၏ယဇ်သည် ငါ့အဖို့ သူ၏တိုးပွားခြင်းထက် ပို၍သန့်ရှင်းမွန်မြတ်၏ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၁၄ ထို့ကြောင့်၊ သူ့အား ဤနေရာ၊ ဇိအုန်ပြည်သို့ တက်လာစေလော့။ ကာလအချိန်တန်သောအခါ သူ့ကို ငါ၏နာမတော်အဖို့၊ ငါ့လူမျိုးတို့၏အကျိုးအတွက် ကုန်သည်တစ်ဦးဖြစ်စေမည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၁၅ ထို့ကြောင့် အဘယ်သူမျှ၊ ငါ့ကျွန်အော်လီဗာဂရန်ဂျာကို မထီမဲ့မြင်မပြုစေနှင့်၊ သို့ရာတွင် ငါ့လူမျိုးတို့၏ ကောင်းချီးမင်္ဂလာများကို သူ့အပေါ်၌ ကာလအစဉ်အဆက် အမြဲရှိစေလော့။
၁၆ ထို့မှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ကာ့တ်လန်းမြေရှိ ခပ်သိမ်းသောငါ၏ကျွန်တို့ကို သူတို့၏ ဘုရားသခင်ကိုယ်တော်ရှင်အား၊ ထို့အတူ ငါ၏အိမ်တော်ကိုလည်း သန့်ရှင်းစွာထိန်းသိမ်း၍ ကာကွယ်စောင့်မရန်၊ ထို့အတူ ငါ၏ကာလအချိန်တန်သောအခါ၌ ငွေလဲသောသူတို့ကို ဖျက်ဆီးရန် အောက်မေ့ကြစေလော့ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။ ထိုကဲ့သို့ပင်တည်း။ အာမင်။