အပိုဒ်ငယ် ၁၂၇
သေသူတို့အတွက် ဗတ္တိဇံနှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်များ ပါဝင်လျက် နော်ဗူး၌ ၁၈၄၂ ခု၊ စက်တင်ဘာလ ၁ ရက်၊ ရက်စွဲဖြင့်၊ နော်ဗူး၊ အီလီနွိုက်ရှိ နောက်ပိုင်းကာလ သန့်ရှင်းသူများသို့ ပရောဖက်ဂျိုးဇက်စမစ်ထံမှ အမှာစာ။
၁–၄၊ ဂျိုးဇက်စမစ်သည် ညှဉ်းဆဲခြင်းနှင့် အတိဒုက္ခ၌ ဂုဏ်ယူဝမ်းမြောက်၏။ ၅–၁၂၊ သေသူတို့အတွက် ဗတ္တိဇံများနှင့် စပ်လျဉ်း၍ မှတ်တမ်းများ ရေးမှတ်ရမည်။
၁ ကျွန်ုပ်ထံသို့ ကိုယ်တော်ရှင်ဖော်ပြတော်မူသမျှအတိုင်း၊ မစ်ဆိုရီနှင့် ဤပြည်နယ်နှစ်ခုစလုံး၌ ကျွန်ုပ်၏ ရန်သူတို့သည် ကျွန်ုပ်ကို တစ်ဖန်လိုက်ကြ၏။ သူတို့သည် ကျွန်ုပ်ကို အကြောင်း မရှိဘဲနှင့် လိုက်ကြ၊ ထို့အတူ ကျွန်ုပ်တစ်ဖက်၌ သူတို့၏စွဲချက်တင်ခြင်းကို လှုံ့ဆော်ရာတွင် သူတို့ဘက်၌ တရားမျှတခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်း အရိပ်အယောင်အနည်းငယ်မျှ မရှိဘဲနှင့်ပြုကြသမျှ၊ ထို့အတူ သူတို့၏ အခိုင်အမာပြောဆိုခြင်းမှန်သမျှသည် အနက်ဆုံးအရောင်ဆိုးဆေးမုသားကို အခြေခံထားသမျှ၊ ကျွန်ုပ်ကိုယ်တိုင်၏ ဘေးလွတ်ခြင်းနှင့် ဤလူမျိုးတို့၏ ဘေးလွတ်ခြင်းအတွက်၊ ထိုနေရာကို ကာလအနည်းငယ်စွန့်ခွာရမည်မှာ သင့်လျော်၍၊ ကျွန်ုပ်၌ ဉာဏ်ပညာရှိရာ ရောက်၏ဟု တွေးမိ၏။ ကျွန်ုပ်နှင့် အမှုအရေး၌ အတူရှိသူမှန်သမျှတို့ကို ကျွန်ုပ်ပြောလိုသည်မှာ၊ ခပ်သိမ်းသော အမှုအရေးကို ကာလအချိန်တန်သောအခါ လျင်မြန်၍၊ သင့်တင့်သောနည်းဖြင့် ဆောင်ရွက်ကြမည့်၊ ထို့အတူ ကျွန်ုပ်၏အကြွေးများကို ကာလအချိန်တန်သောအခါ၊ ဥစ္စာပစ္စည်းကို ထုခွဲခြင်းအားဖြင့်၊ သို့မဟုတ်လျှင်၊ အခြေအနေ လိုအပ်နိုင်သည့်အတိုင်း၊ သို့မဟုတ် အခြေအနေများ အခွင့်ပေးသည့် အတိုင်း ဆပ်ပြီးသားဖြစ်စေကြောင်း၊ ဂရုပြုကြမည့် ကိုယ်စားလှယ်များ၊ စာရေးများနှင့် ကျွန်ုပ်၏အမှုအမျိုးမျိုးကို လွှဲအပ်ထားခဲ့ကြောင်းပေတည်း။ မုန်တိုင်း လုံးဝ ပြီးဆုံးသွားကြောင်း ကျွန်ုပ်သိရသောအခါ၊ ထို့နောက်တွင်၊ ကျွန်ုပ်သည် သင်တို့ထံ တစ်ဖန်ပြန်လာမည်။
၂ တွေ့ကြုံရန် ကျွန်ုပ်ခေါ်သွင်းခံရရာ ဘေးတို့နှင့်စပ်လျဉ်း၍၊ ၎င်းတို့သည် ကျွန်ုပ်အဖို့ သေးငယ်သောအရာ တစ်ခုမျှသာ ဖြစ်၏ဟု ထင်မှတ်ဖွယ်ရှိ၏၊ လူသား၏ငြူစူခြင်းနှင့် အမျက်သည် ကျွန်ုပ်တစ်သက်လုံး၌ အစဉ်အလာကံကြမ္မာတစ်ခု ဖြစ်ခဲ့လေသောကြောင့်ပင်တည်း။ အကြောင်းမူကား၊ သင်တို့ခေါ်ဆိုလိုသည့် အတိုင်း ခေါ်ဆိုနိုင်သည့် ကျွန်ုပ်သည် အချို့သော ကောင်းမြတ်သည့်၊ သို့မဟုတ် ဆိုးသည့် ရည်ရွယ်ချက် အတွက် ကမ္ဘာတည်ကတည်းက ခန့်ထားမခံခဲ့ရလေလျှင်ဟူသော အကြောင်းကြောင့် နက်နဲဖွယ်ရှိ၏။ သင်တို့ကိုယ်တိုင် ဆုံးဖြတ်ကြလော့။ ထိုရည်ရွယ်ချက်သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဘုရားသခင်သည် ခပ်သိမ်းသော ဤအရာတို့ကို သိတော်မူ၏။ သို့ရာတွင် အဘယ်သို့ပင်ဖြစ်စေ၊ နက်စွာသောရေသည် ကျွန်ုပ်ကူးကျင့်ရနေသောအရာဖြစ်၏။ ထိုခပ်သိမ်းသောအရာတို့သည် ကျွန်ုပ်အဖို့ အကျင့်ရနေသောအရာဖြစ်လာလေပြီ။ ကျွန်ုပ်သည် ပေါလုကဲ့သို့ အတိဒုက္ခ၌ ဂုဏ်ယူဝမ်းမြောက်ရန် ခံစားတတ်၏။ အကြောင်းမူကား၊ ဤနေ့အထိ ကျွန်ုပ်၏ဘိုးဘေးတို့၏ဘုရားသခင်သည် ကျွန်ုပ်ကို ထိုခပ်သိမ်းသောအရာတို့မှ ကယ်လွှတ်တော်မူလေပြီ၊ ထို့အတူ ယခုမှစ၍ ကယ်လွှတ်လိမ့်မည်။ အကြောင်းမူကား၊ ရှုလော့၊ ကြည့်ဦးလော့၊ ငါသည် ငါ၏ခပ်သိမ်းသောရန်သူတို့အပေါ် အောင်နိုင်လိမ့်မည်၊ အကြောင်းမူကား၊ ထိုအမှုကို ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေပြီ။
၃ ခပ်သိမ်းသောသန့်ရှင်းသူတို့အား ရွှင်လန်းဝမ်းမြောက်စေလော့၊ ထို့ကြောင့်၊ အလွန် ဝမ်းသာ ကြလော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် သူတို့၏ ဘုရားသခင်ဖြစ်၏၊ သူသည် မျှတသော အကျိုးကျေးဇူးဆုကို သူတို့၏ ညှဉ်းပန်းနှိပ်စက်သော သူတို့၏ ဦးခေါင်းများပေါ်သို့ ပေးလိမ့်မည်။
၄ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်အမှန်မိန့်တော်မူသည်ကား၊ ငါ၏ဗိမာန်တော်အမှု၊ ထို့အတူ သင်တို့ကို ငါခန့်အပ်ထားလေသည့် ခပ်သိမ်းသောအမှုတို့ကို ဆက်၍ပြုစေလော့၊ မရပ်တန့်နှင့်။ ထို့အတူ သင်တို့၏ လုံ့လဝီရိယ၊ ထို့အတူ သင်တို့၏ဇွဲ၊ ထို့အတူ သည်းခံခြင်း၊ ထို့အတူ သင်တို့၏အမှုတို့ကို ပို၍အားရှိစေလော့၊ သင်တို့သည် သင်တို့၏ အကျိုးကို အလျှင်းမဆုံးရှုံးရဟု ကောင်းကင်ဗိုလ်ခြေ ကိုယ်တော်ရှင် မိန့်တော်မူ၏။ သူတို့သည် သင်တို့ကို ညှဉ်းဆဲကြလျှင်၊ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့နှင့် ဖြောင့်မတ်သောသူတို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။ ခပ်သိမ်းသော ဤအရာတို့အတွက်၊ ကောင်းကင်ဘုံ၌ အကျိုးကျေးဇူးရှိ၏။
၅ ထိုမှတစ်ဖန်၊ ငါသည် သင်တို့အား သင်တို့၏သေသူတို့၏ဗတ္တိဇံနှင့် စပ်လျဉ်းသည့် နှုတ်ကပတ်တော်ကို ပေး၏။
၆ သင်တို့၏ သေသူတို့နှင့်စပ်လျဉ်း၍ သင်တို့ကို ကိုယ်တော်ရှင်အမှန်မိန့်တော်မူသည်ကား၊ သင်တို့အထဲမှ အဘယ်သူပင်ဖြစ်စေ သင်တို့၏ သေသူတို့အတွက် ဗတ္တိဇံခံသောအခါ၊ ထိုနေရာ၌ မှတ်တမ်းတင်သူ တစ်ဦးရှိစေလော့၊ ထိုသူအား သင်တို့၏ ဗတ္တိဇံများအတွက် မျက်မြင် သက်သေလည်း ဖြစ်စေလော့။ ထိုသူသည် အမှန်တရား အကြောင်း သက်သေခံနိုင်စေခြင်းငှာ သူ၏နားများနှင့် ကြားစေလော့ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၇ ခပ်သိမ်းသော သင်တို့၏ မှတ်တမ်းတင်ခြင်းတို့နှင့် စပ်လျဉ်း၍ ကောင်းကင်ဘုံ၌ မှတ်တမ်းတင်ထားနိုင်စေကြောင်း၊ မြေကြီးပေါ်၌ သင်တို့စည်းနှောင်သမျှကို ကောင်းကင်ဘုံ၌ စည်းနှောင်ရ နိုင်စေကြောင်း၊ မြေကြီးပေါ်၌ ဖြေလွှတ်သမျှကို ကောင်းကင်ဘုံ၌ ဖြေလွှတ်ရ နိုင်စေကြောင်းပေတည်း။
၈ အကြောင်းမူကား၊ ငါသည် ယဇ်ပုရောဟိတ်အခွင့်နှင့် စပ်ဆိုင်သည့် များစွာသောအရာတို့ကို မြေကြီးသို့ ပြန်လည်ဆောင်ယူတော့မည်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူ၏။
၉ ထိုမှတစ်ဖန်၊ ခပ်သိမ်းသောမှတ်တမ်းတို့ကို လူမျိုးအစဉ်အဆက် အောက်မေ့ခြင်း၌ ရှိရခြင်းငှာ၊ ငါ၏သန့်ရှင်းသောဗိမာန်တော် မော်ကွန်းတိုက်၌ ထားနိုင်စေကြောင်း၊ အစီအစဉ်တကျ ရှိစေလော့ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူ၏။
၁၀ လာမည့်ဥပုသ်၌၊ ကျွန်ုပ်သည် သေသူတို့ အတွက်ဗတ္တိဇံအကြောင်းအရာနှင့် စပ်လျဉ်း၍ ခပ်သိမ်းသော သန့်ရှင်းသူတို့ကို စင်ပေါ်မှဟောပြောရန် အလွန်ကြီးစွာသောအလိုဆန္ဒနှင့်၊ ကျွန်ုပ်အလိုရှိကြောင်း ဆိုမည်။ သို့ရာတွင်၊ ထိုသို့ပြုလုပ်ရန်မှာ ကျွန်ုပ်အင်အား၏အပြင်ဘက်၌ ရှိသဖြင့်၊ ကျွန်ုပ်သည် ထိုအကြောင်းအရာနှင့် စပ်လျဉ်းသည့် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို အချိန်နှင့်အမျှရေး၍၊ များစွာသော အခြားအရာများကဲ့သို့ပင်၊ သင်တို့ထံသို့ စာဖြင့်ပို့မည်။
၁၁ ကျွန်ုပ်သည် အချိန်ပို၍ လိုအပ်သောကြောင့်၊ ယခုမျက်မှောက် အချိန်တွင်၊ ကျွန်ုပ်၏စာကို ပိတ်၏။ အကြောင်းမူကား၊ ရန်သူသည် စောင့်ကြည့်လျက်ရှိ၏၊ ကယ်တင်ရှင် မိန့်တော်မူသကဲ့သို့ပင်၊ ဤလောက၏မင်းသားသည်လာ၏၊ သို့ရာတွင် သူသည် ငါ့အထဲ၌ အဘယ်အခွင့်မျှမရှိ။
၁၂ ရှုလော့၊ ဘုရားသခင်ထံသို့ ကျွန်ုပ်၏ဆုတောင်းခြင်းမှာ သင်တို့အားလုံး ကယ်တင်ခြင်းသို့ ရောက်နိုင်ကြစေကြောင်းဖြစ်၏။ ကျွန်ုပ်သည်လည်း ကျွန်ုပ်ကိုယ်ကျွန်ုပ် ကိုယ်တော်ရှင်၌ သင်တို့၏ကျွန်၊ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများ အသင်းတော်၏ ပရောဖက်နှင့် မြင်သောသူအဖြစ် လက်မှတ်ထိုး၏။
ဂျိုးဇက်စမစ်။