အပိုဒ်ငယ် ၁၂၉
၁၈၄၃ ခု၊ ဖေဖော်ဝါရီလ ၉ ရက်၊ နော်ဗူးအီလီနွိုက်၌၊ အမှုတော်ဆောင်ကောင်းကင်တမန်တို့နှင့် စိတ်ဝိညာဉ်တို့၏ မှန်သောသဘောကို ခွဲခြားနိုင်ရာ ခမ်းနားသောသော့သုံးခုကို ဖော်ပြသည့် ပရောဖက်ဂျိုးဇက်စမစ်ပေးခဲ့သော သွန်သင်ချက်များ။
၁–၃၊ ကောင်းကင်ဘုံ၌ ရှင်ပြန်ထမြောက်သောကိုယ်ခန္ဓာနှင့် ဝိညာဉ်ကိုယ်ခန္ဓာ နှစ်မျိုးစလုံးရှိ၏။ ၄–၉၊ ကန့်လန့်ကာ၏အခြားဘက်၌ တမန်တို့ကို ခွဲခြားနိုင်ရာသော့များကို ပေးထား၏။
၁ ကောင်းကင်ဘုံ၌ အမျိုးနှစ်ပါးရှိ၏၊ အမည်အားဖြင့်၊ အသားနှင့် အရိုးများရှိသော ကိုယ်ခန္ဓာများရှိသည့် ရှင်ပြန်ထမြောက်သောပုဂ္ဂိုလ်များတည်းဟူသော ကောင်းကင်တမန်များ—
၂ ဥပမာအားဖြင့်၊ ယေရှုမိန့်တော်မူသည်မှာ၊ ငါ့ကို ကိုင်ကြည့်ကြလော့၊ အကြောင်းမူကား ငါ့၌ရှိသည်ကို သင်တို့မြင်ရသည့်နည်းတူ၊ စိတ်ဝိညာဉ်၌ အသားနှင့်အရိုးများမရှိ။
၃ ဒုတိယအားဖြင့်၊ ဖြောင့်မတ်သောသူတို့၏ စိတ်ဝိညာဉ်သည် စုံလင်ခြင်းသို့ရောက်၏၊ ထိုသူတို့သည် ရှင်ပြန်ထမြောက်ခြင်း မရှိသော်လည်း အလားတူဘုန်းအသရေကို အမွေခံကြရ၏။
၄ တမန်တော်တစ်ပါးလာ၍၊ သူ့၌ ဘုရားသခင်ထံမှ သတင်းစကားပါသည်ဟု ဆိုသောအခါ၊ သူ့အား သင့်လက်ကို ထုတ်ပေး၍ သင်နှင့်လက်ဆွဲနှုတ်ဆက်ရန် တောင်းဆိုလော့။
၅ ထိုသူသည် ကောင်းကင်တမန်တစ်ပါးဖြစ်လျှင်၊ ဆိုသည့်အတိုင်းပြု၍၊ သင်သည် သူ၏လက်ကို တွေ့ထိခံစားရလိမ့်မည်။
၆ ထိုသူသည် စုံလင်ခြင်းသို့ရောက်သည့် ဖြောင့်မတ်သောသူ၏စိတ်ဝိညာဉ်ဖြစ်လျှင် သူ၏ဘုန်းအသရေကို ဆောင်၍ ကြွလာလိမ့်မည်။ အကြောင်းမူကား၊ ထိုအရာမှာ သူပေါ်လာနိုင်ရာ တစ်ခုတည်းသောနည်းလမ်းဖြစ်၏—
၇ သူ့ကို သင်နှင့်လက်ဆွဲနှုတ်ဆက်ရန် တောင်းဆိုလော့၊ သို့ရာတွင် ထိုအမှုမှာ ဖြောင့်မတ်သောသူတစ်ဦး လှည့်စားရန် ကောင်းကင်ဘုံ၏ အစီအစဉ်နှင့် ဆန့်ကျင်သောကြောင့်၊ သူသည် မလှုပ်ရှားလတ္တံ့။ သို့သော်လည်း သူသည် မိမိသတင်းစကားကို ဆိုလိမ့်မည်။
၈ နတ်ဆိုးသည် အလင်း၏ကောင်းကင်တမန်ကဲ့သို့ရှိလျှင်၊ သင်သည် သူ့အား လက်ဆွဲနှုတ်ဆက်ရန် တောင်းဆိုသောအခါ သူသည် သင့်အား သူ့လက်ကို ထုတ်ပေးလိမ့်မည်၊ သင်သည်လည်း အဘယ်အရာကိုမျှ မခံစားရလတ္တံ့။ ထို့ကြောင့် သင်သည် သူ့ကို စုံစမ်းဖော်ထုတ်နိုင်ပေ၏။
၉ ဤအရာတို့သည်ကား ဘုရားသခင်ထံမှ စီမံဆောင်ရွက်ခြင်းတစ်စုံတစ်ခု ဟုတ်မဟုတ် သင်တို့သိနိုင်ရာ ခမ်းနားသော သော့သုံးခုဖြစ်၏။