အပိုဒ်ငယ် ၁၃၁
၁၈၄၃ ခု၊ မေလ ၁၆ နှင့် ၁၇ ရက်၊ ရာမု၊ အီလီနွိုက်၌ ပရောဖက်ဂျိုးဇက်စမစ်ပေးခဲ့သည့် သွန်သင်ချက်များ။
၁–၄၊ ဆီလက်ရှယ်လ် အိမ်ထောင်ဖက်ပြုခြင်းသည် အမြင့်ဆုံး ကောင်းကင်ဘုံ၌ ချီးမြှောက်ခြင်းအတွက်မရှိမဖြစ် လိုအပ်၏။ ၅–၆၊ လူသားတို့အား ထာဝရအသက်သို့ အဘယ်သို့ တံဆိပ်ခတ်သည်ကို ရှင်းပြ ထား၏။ ၇–၈၊ စိတ်ဝိညာဉ်တစ်ခုလုံးသည် အရာဝတ္ထုဖြစ်၏။
၁ ဆီလက်ရှယ်လ်ဘုန်းအသရေ၌ ကောင်းကင်ဘုံ သို့မဟုတ် အဆင့် သုံးခုရှိ၏။
၂ အမြင့်ဆုံးကို ရရှိရန်၊ လူသည် ဤယဇ်ပုရောဟိတ်အခွင့် (အိမ်ထောင်ဖက်ပြုခြင်း၏ ထာဝရတည်မြဲသောပဋိညာဉ်သစ်ဟု ဆိုသော) သို့ ဝင်ရောက်ရမည်။
၃ ထိုသူသည် မဝင်ရောက်လျှင်၊ မရရှိနိုင်။
၄ ထိုသူသည် အခြားတစ်ခုထဲသို့ ဝင်ရောက်နိုင်၏၊ သို့ရာတွင်၊ ထိုအရာသည် သူ့နိုင်ငံတော်၏ အဆုံးဖြစ်၏။ တိုးပွားခြင်းကို မရရှိနိုင်။
၅ (၁၈၄၃ ခု၊ မေလ ၁၇ ရက်) ပရောဖက်ပြုချက်၏ ပို၍မြဲမြံသောစကားကဆိုလိုသည်မှာ လူသားသည် ဗျာဒိတ်တော်နှင့် ပရောဖက်ပြုဟောသောဝိညာဉ်တို့အားဖြင့်၊ သန့်ရှင်းသော ယဇ်ပုရောဟိတ်အခွင့်တန်ခိုးအားဖြင့်၊ ထာဝရအသက်သို့ တံဆိပ်ခတ်ထားကြောင်း သူ၏ သိခြင်း ဖြစ်၏။
၆ လူတစ်ယောက်အဖို့ အသိတရားကင်းမဲ့လျက် ကယ်တင်ခြင်းသို့ ရောက်ရန်မှာ မဖြစ်နိုင်။
၇ ထိုကဲ့သို့သော ဒြပ်မဲ့အရာဝတ္ထုမရှိ။ စိတ်ဝိညာဉ်တစ်ခုလုံး သည် အရာဝတ္ထုဖြစ်၏၊ သို့ရာတွင် ထိုအရာသည် ပို၍တင့်တယ် သို့မဟုတ် ပို၍စင်ကြယ်၏၊ စင်ကြယ်သောမျက်စိတို့ဖြင့်သာ ပိုင်းခြား၍ သိမြင်နိုင်၏။
၈ ကျွန်ုပ်တို့သည် ထိုအရာကို မမြင်နိုင်။ သို့ရာတွင် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာတို့ စင်ကြယ်ကြသောအခါ ထိုအရာတစ်ခုလုံးသည် အရာဝတ္ထုဖြစ်ကြောင်း ကျွန်ုပ်တို့မြင်ကြလိမ့်မည်။