ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၀၇


အပိုဒ်ငယ် ၁၀၇

၁၈၃၅ ခု၊ ဧပြီခန့်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ယဇ်ပုရောဟိတ်အခွင့်နှင့် စပ်လျဉ်း၍၊ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။ ဤ​အပိုဒ်ငယ်ကို ၁၈၃၅ ခုတွင် မှတ်တမ်း​တင်ခဲ့​သော်လည်း အခန်းငယ် ၆၀ မှ ၁၀၀ အထိမှ အများဆုံးမှာ ၁၈၃၁ ခု၊ နိုဝင်ဘာ ၁၁ တွင် ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်နှင့် ပေါင်းစပ်​ထားကြောင်း သမိုင်း​ဆိုင်ရာ​မှတ်တမ်းများက အတည်​ပြု၏။ ဤ​အပိုဒ်ငယ်သည် ၁၈၃၅ ခု ဖေဖော်ဝါရီနှင့် မတ်တွင် တစ်ဆယ့်​နှစ်ပါး​အဖွဲ့ အဖွဲ့​အစည်းနှင့် ဆက်စပ်​ခဲ့၏။ ပထမဆုံး​အဖွဲ့​သာသနာပြုခြင်း အဖြစ် ၁၈၃၅ ခု၊ မေ ၃ တွင် ထွက်ခွာရန် ပြင်ဆင်လျက်​ရှိသော​သူတို့၏ မျက်မှောက်တွင် ထိုအရာကို ပရောဖက်က ဟောပြော​ခဲ့ဖွယ်​ရှိ၏။

၁–၆၊ မေလခိဇေဒက်နှင့် အာရုန် ယဇ်ပုရောဟိတ်​အခွင့် နှစ်ခု​ရှိ၏။ ၇–၁၂၊ မေလခိဇေဒက် ယဇ်ပုရောဟိတ်​အခွင့်ကို ကိုင်ဆောင်သူတို့တွင် အသင်းတော်၏ ခပ်သိမ်းသော​အမှုအရာတို့ကို အမှု​ဆောင်ရွက်ရန် အခွင့်​ရှိကြ၏။ ၁၃–၁၇၊ သင်းအုပ်နှင့် အတိုင်ပင်ခံ​အဖွဲ့သည် အပြင်ပိုင်း ဘိသိက်မင်္ဂလာများကို စီမံ​ဆောင်ရွက်သည့် အာရုန်​ယဇ်ပုရောဟိတ်အခွင့်ကို ဦးစီး၏။ ၁၈–၂၀၊ မေလခိဇေဒက်​ယဇ်ပုရောဟိတ်​အခွင့်သည် ခပ်သိမ်းသော ဝိညာဉ်ပကတိ ကောင်းချီး​မင်္ဂလာတို့၏ သော့များကို ကိုင်ဆောင်၏၊ အာရုန်​ယဇ်ပုရောဟိတ်​အခွင့်သည် ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်း​သော့ကို ကိုင်ဆောင်၏။ ၂၁–၃၈၊ ပထမ​ဥက္ကဋ္ဌအဖွဲ့၊ တစ်ဆယ့်နှစ်ပါး​အဖွဲ့နှင့် ခုနစ်ကျိပ်​အဖွဲ့တို့သည် စည်းလုံးခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ဖြင့် ဆုံးဖြတ်ချက်များ​ပြုရမည့် ဦးစီးအဖွဲ့များကို ဖွဲ့စည်း​တည်ထောင်၏။ ၃၉–၅၂၊ အာဒံမှ နောဧ​အထိ မျိုးနွယ်စု​အဘ​အစီအစဉ်ကို တည်ထောင်​ထား၏။ ၅၃–၅၇၊ ရှေး​သန့်ရှင်းသူတို့သည် အာဒံ-ဩဒိ-အာမန်၌ စုဝေးကြပြီး၊ ကိုယ်တော်ရှင်သည် သူတို့ထံ​ပေါ်လာ၏။ ၅၈–၆၇၊ တစ်ဆယ့်နှစ်ပါး​အဖွဲ့သည် အသင်းတော်၏ အရာရှိများကို အစီ​အစဉ်​တကျ ဖွဲ့စည်းရမည်။ ၆၈–၇၆၊ သင်းအုပ်တို့သည် ဣသရေလအမျိုး၌ အထွေထွေ တရားသူကြီးများ​အဖြစ် အစေခံကြ၏။ ၇၇–၈၄၊ ပထမ​ဥက္ကဋ္ဌအဖွဲ့နှင့် တစ်ဆယ့်နှစ်ပါး​အဖွဲ့သည် အသင်းတော်၌ အမြင့်ဆုံး​တရားရုံးကို ဖွဲ့စည်း​တည်ထောင်၏။ ၈၅–၁၀၀၊ ယဇ်ပုရောဟိတ်ဥက္ကဋ္ဌများသည် မိမိတို့၏ သက်ဆိုင်ရာ​အဖွဲ့အသီးသီးကို အုပ်ချုပ်ကြ၏။

အသင်းတော်တွင်၊ ယဇ်ပုရောဟိတ်​အခွင့် နှစ်ခု​ရှိ၏၊ အမည်​အားဖြင့်၊ မေလခိဇေဒက်နှင့် အာရုန်၊ လေဝိအမျိုးမှ ဆင်းသက်သော ယဇ်ပုရောဟိတ်အခွင့် အပါအဝင်​ဖြစ်၏။

ပထမ​အခွင့်ကို မေလခိဇေဒက်​ယဇ်ပုရောဟိတ်အခွင့်ဟု ခေါ်ရခြင်းမှာ မေလခိဇေဒက်သည် အလွန် ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်း​တစ်ပါး ဖြစ်သောကြောင့်​ပေတည်း။

သူ့လက်ထက်​မတိုင်မီတွင်၊ ဘုရားသခင့်​သားတော်၏ အသင်း​အတိုင်း၊ သန့်ရှင်းသော ယဇ်ပုရောဟိတ်အခွင့်ဟု ခေါ်ခဲ့၏။

သို့ရာတွင် အထွဋ်​အမြတ်​ဖြစ်သောဘုရား၏ နာမတော်ကို ပမာဏပြုခြင်း သို့မဟုတ် ရိုသေခြင်း​အားဖြင့်၊ သူ၏​နာမတော်ကို အလွန်​အမင်း အကြိမ်ကြိမ် အထပ်ထပ် မြွက်ဆိုခြင်းမှ ရှောင်ရန်၊ ရှေးကာလရှိ အသင်းတော်သည် ထို​ယဇ်ပုရောဟိတ်​အခွင့်ကို မေလခိဇေဒက်၊ သို့မဟုတ် မေလခိဇေဒက်​ယဇ်ပုရောဟိတ်​အခွင့်ဟု ခေါ်ခဲ့​ကြ၏။

အသင်းတော်ရှိ ခပ်သိမ်းသော အခြား​အခွင့်​အာဏာများ သို့မဟုတ် အမှုအရာများသည် ဤ​ယဇ်ပုရောဟိတ်အခွင့်၏ တွဲဘက်​အရာများ​ဖြစ်၏။

သို့ရာတွင် အခန်း သို့မဟုတ် ခမ်းနားသော​ကဏ္ဍ နှစ်ခု​ရှိ၏—တစ်ခုမှာ မေလခိဇေဒက် ယဇ်ပုရောဟိတ်​အခွင့်ဖြစ်ပြီး၊ အခြား​တစ်ခုမှာ အာရုန် သို့မဟုတ် လေဝိ​အမျိုးမှ ဆင်းသက်သော ယဇ်ပုရောဟိတ်​အခွင့်ဖြစ်၏။

အသင်း​လူကြီး​တစ်ဦး၏ အမှုအရာသည် မေလခိဇေဒက်၏ ယဇ်ပုရောဟိတ်အခွင့် အောက်၌ ကျရောက်၏။

မေလခိဇေဒက်​ယဇ်ပုရောဟိတ်​အခွင့်သည် ဥက္ကဋ္ဌ​အဖွဲ့၏ အခွင့်အရေးကို ကိုင်ဆောင်ပြီး၊ ဝိညာဉ်ပကတိ အရာများကို စီမံ​ဆောင်ရွက်ရန်၊ လောက​ကာလ တစ်ခုလုံး၌ အသင်းတော်ရှိ ခပ်သိမ်းသော အမှု​အရာများ​အပေါ် မှာ အခွင့်​အာဏာ​ရှိ၏။

ယဇ်ပုရောဟိတ်မင်း​ဥက္ကဋ္ဌ​အဖွဲ့သည် မေလခိဇေဒက်၏ အသင်း​အတိုင်း၊ အသင်းတော်ရှိ ခပ်သိမ်းသော​အမှုအရာတို့၌ အမှု​ဆောင်ရွက်ရန် အခွင့်​အရေး​ရှိ၏။

၁၀ ယဇ်ပုရောဟိတ်မင်းတို့သည် မေလခိဇေဒက်​ယဇ်ပုရောဟိတ်​အခွင့်​အတိုင်း သူတို့၏ အမှု​အရာ၌၊ ဥက္ကဋ္ဌ​အဖွဲ့၏ လမ်းညွှန်မှု​အောက်တွင်၊ ဝိညာဉ်ပကတိ​အရာများကို စီမံ​ဆောင်ရွက်​ရာ၌၊ ထို့အတူ အသင်းလူကြီး၊ ယဇ်ပုရောဟိတ် (လေဝိ​အမျိုးမှ ဆင်းသက်သော​အသင်း၏)၊ ဆရာ၊ သင်းထောက်နှင့် အသင်းသား တစ်ဦး၏​အမှု​အရာ၌လည်း အမှု​ဆောင်ရွက်ရန် အခွင့်​အရေး​ရှိ၏။

၁၁ ယဇ်ပုရောဟိတ်မင်း​မရှိသောအခါ၊ အသင်း​လူကြီး​တစ်ဦးသည် သူ၏​နေရာ၌ အမှု​ဆောင်ရွက်ရန် အခွင့်​အရေး​ရှိ၏။

၁၂ ယဇ်ပုရောဟိတ်မင်းနှင့် အသင်းလူကြီးတို့သည် ဝိညာဉ်ပကတိ​အရာတို့ကို အသင်းတော်၏ ပဋိညာဉ်များနှင့် ပညတ်တော်များ​အတိုင်း စီမံ​ဆောင်ရွက်ကြရမည်။ သာ၍​ကြီးသော အခွင့်​အာဏာ​ရှိသူများ မရှိသော​အခါ သူတို့သည် အသင်းတော်၏ ခပ်သိမ်းသော ဤ​အမှုအရာတို့ကို အမှု​ဆောင်ရွက်ရန် အခွင့်​အရေး​ရှိကြ၏။

၁၃ ဒုတိယ​ယဇ်ပုရောဟိတ်​အခွင့်မှာ အာရုန်နှင့် သူ၏ အမျိုး​အနွယ်တို့​အပေါ်၊ သူတို့၏ ခပ်သိမ်းသော မျိုးဆက်များတစ်လျှောက် အပ်နှင်းထား​လေသောကြောင့် အာရုန်ယဇ်ပုရောဟိတ်​အခွင့်ဟု ခေါ်၏။

၁၄ ၎င်းကို သာ၍​ငယ်သော​ယဇ်ပုရောဟိတ်​အခွင့်ဟု ခေါ်ရခြင်းမှာ၊ သာ၍​ကြီးသော၊ သို့မဟုတ် မေလခိဇေဒက် ယဇ်ပုရောဟိတ်​အခွင့်၏ တွဲဘက်​တစ်ခု​ဖြစ်ပြီး၊ အပြင်ပိုင်း​ဘိသိက်​မင်္ဂလာများကို စီမံ​ဆောင်ရွက်​ရာ၌ အခွင့်​ရှိသောကြောင့်​ပေတည်း။

၁၅ သင်းအုပ်နှင့် အတိုင်ပင်ခံ​အဖွဲ့သည် ဤ​ယဇ်ပုရောဟိတ်​အခွင့်၏ ဥက္ကဋ္ဌ​အဖွဲ့​ဖြစ်ပြီး၊ အလားတူ​အခွင့်၏သော့များ သို့မဟုတ် အခွင့်​အာဏာကို ကိုင်ဆောင်၏။

၁၆ အာရုန်၏​အမျိုး​အနွယ်စစ် မဟုတ်လျှင်၊ ဤ​အမှု​အရာ​အတွက်၊ ဤ​ယဇ်ပုရောဟိတ်​အခွင့်​သော့များကို ကိုင်ဆောင်ရန်၊ အဘယ်သူမျှ ဥပဒေနှင့်​ညီသော​အခွင့်​အရေး​မရှိ။

၁၇ သို့ရာတွင် မေလခိဇေဒက် ယဇ်ပုရောဟိတ်​အခွင့် ယဇ်ပုရောဟိတ်မင်းသည် ပို၍​ငယ်သော​အမှု​အရာ​အပေါင်း၌ အမှု​ဆောင်ရွက်ရန် အခွင့်​အာဏာ​ရှိ၏၊ အာရုန်၏​အမျိုး​အနွယ်စစ်ကို ရှာ၍​မတွေ့နိုင်​သောအခါ၊ မေလခိဇေဒက် ယဇ်ပုရောဟိတ်​အခွင့် ပထမ​ဥက္ကဋ္ဌအဖွဲ့၏ လက်ဖြင့် ဤအခွင့်သို့ ခေါ်သွင်း၍၊ ရွေးထားပြီး ခန့်ထား​ခံရလျှင် သင်းအုပ်၏ အမှု​အရာ၌ အမှု​ဆောင်ရွက်​နိုင်ပေ၏။

၁၈ ပို၍​ကြီးသော သို့မဟုတ် မေလခိဇေဒက်​ယဇ်ပုရောဟိတ်​အခွင့်၏ တန်ခိုးနှင့် အခွင့်​အာဏာမှာ အသင်းတော်၏ ခပ်သိမ်းသော​ဝိညာဉ်ပကတိ ကောင်းချီးမင်္ဂလာများ၏ သော့များကို ကိုင်ဆောင်ရန် ဖြစ်၏—

၁၉ ကောင်းကင်​နိုင်ငံတော်၏​နက်နဲခြင်းကို လက်ခံ​ရရှိရာ​အထူး​အခွင့်​အရေးကို ရရှိရန်၊ ၎င်းတို့​အဖို့ ကောင်းကင်ကို ဖွင့်ပြရန်၊ အထွေထွေ​အစည်း​အဝေးနှင့် သားဦး၏ အသင်းတော်တို့နှင့် ဆွေးနွေး​ပြောဆိုရန်၊ ခမည်းတော်​ဘုရားသခင်၊ ထို့အတူ ပဋိညာဉ်​တရားသစ်၏ အရှင်​တည်းဟူသော စေ့စပ်ရှင် ယေရှု၏ ဆက်ဆံခြင်းနှင့် မျက်မှောက်တော်တို့နှင့် ပျော်မွေ့ရန်​ဖြစ်၏။

၂၀ သာ၍​ငယ်သော သို့မဟုတ် အာရုန်​ယဇ်ပုရောဟိတ်​အခွင့်၏ တန်ခိုးနှင့် အခွင့်​အာဏာမှာ၊ ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်း၏ သော့များကို ကိုင်ဆောင်ရန်၊ ထို့အတူ ဧဝံဂေလိ​တရားတော်၏​စာ၊ အပြစ်များမှ​လွှတ်ခြင်း​အတွက် နောင်တရခြင်းကြောင့် ဗတ္တိဇံ​ခံခြင်း​စသည့် အပြင်ပိုင်း​ဘိသိက်မင်္ဂလာများကို ပဋိညာဉ်များ၊ ပညတ်တော်များ​အတိုင်း စီမံ​ဆောင်ရွက်ရန် ဖြစ်၏။

၂၁ ဥက္ကဋ္ဌများ၊ သို့မဟုတ် ကြီးပြင်းလာသော၊ သို့မဟုတ် ဤ​ယဇ်ပုရောဟိတ်​အခွင့်​နှစ်ခု၌ အသီးသီးသော အမှု​အရာများသို့ ခန့်ထား​ခံရသူတို့ကြားမှ သို့မဟုတ် သူတို့​အထဲမှ ခန့်အပ်ထား​ခံရသည့် ဦးစီး​အရာရှိများ လိုအပ်​ပေ၏။

၂၂ မေလခိဇေဒက်​ယဇ်ပုရောဟိတ်​အခွင့်မှ၊ ဦးစီး​ယဇ်ပုရောဟိတ်မင်း သုံးဦးသည်၊ အဖွဲ့​အားဖြင့် ရွေးကောက်၍၊ ထို​အမှု​အရာသို့ ခန့်အပ်ပြီး ခန့်ထားလျက်၊ အသင်းတော်၏ စိတ်ချ​ယုံကြည်ခြင်း၊ ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းတို့​အားဖြင့် ထောက်​ခံမှုရ၍၊ အသင်းတော်​ဥက္ကဋ္ဌ​အဖွဲ့၏ အဖွဲ့ကို ဖွဲ့စည်း​တည်ထောင်၏။

၂၃ ခရီးသွား​အတိုင်ပင်ခံတို့ကို တမန်တော်​တစ်ဆယ့်နှစ်ပါး၊ ကမ္ဘာ​တစ်ခုလုံး၌ ခရစ်တော်၏ နာမတော်​အတွက် အထူး​သက်သေများဟု ခေါ်ရမည်—ထိုကဲ့သို့​အားဖြင့်၊ အသင်းတော်၌ အခြား အရာရှိတို့၏ အမှုတော်ဆောင်​တာဝန်၏ တာဝန်များနှင့် ကွဲပြားလျက်ရှိ၏။

၂၄ သူတို့သည် အဖွဲ့တစ်ခုကို ဖွဲ့စည်း​တည်ထောင်၏၊ ယခင်​ဖော်ပြခဲ့သည့် ဥက္ကဋ္ဌ​သုံးဦး​ကဲ့သို့ အခွင့်​အာဏာနှင့် တန်ခိုး၌​တူညီကြ၏။

၂၅ ခုနစ်ကျိပ်​အဖွဲ့သည်လည်း ဧဝံဂေလိ​တရားတော်ကို ဟောပြောစေရန်၊ ထို့အတူ တစ်ပါးအမျိုးသားများ​အဖို့နှင့် ကမ္ဘာ​တစ်ခုလုံး၌ အထူး​သက်သေများ ဖြစ်စေရန် ခေါ်သွင်း​ခံကြရ၏—ထိုကဲ့သို့​အားဖြင့်၊ အသင်းတော်၌ အခြား​အရာရှိတို့၏ အမှုတော်ဆောင်​တာဝန်၏ တာဝန်များနှင့် ကွဲပြားလျက်​ရှိ၏။

၂၆ သူတို့သည်လည်း အဖွဲ့တစ်ခုကို ဖွဲ့စည်း​တည်ထောင်၏၊ အထက်က​ဖော်ပြခဲ့သည့် အထူး​သက်သေ တစ်ဆယ့်နှစ်ဦး သို့မဟုတ် တမန်တော်များ​ကဲ့သို့ အခွင့်​အာဏာ၌ တူညီ​ကြ၏။

၂၇ ဤ​အဖွဲ့တို့ အထဲမှ တစ်ဖွဲ့ဖွဲ့က ပြုလုပ်သည့် ဆုံးဖြတ်ချက်သည် အလားတူ သဘော​တူညီသော မဲဆန္ဒ အားဖြင့် ဖြစ်ရမည်။ ဆိုလိုသည်ကား၊ အဖွဲ့​တစ်ခုချင်း​စီ၌ ရှိသော အသင်းသားတိုင်းသည် အဖွဲ့၏ ဆုံးဖြတ်ချက်များကို သဘော​တူရမည်၊ သူတို့၏ ဆုံးဖြတ်ချက်များကို တစ်ဦးနှင့်တစ်ဦး တူသော​အခွင့် သို့မဟုတ် တရား​နည်းလမ်း​ကျခြင်းဖြင့် ပြုကြ​စေခြင်းငှာ​ဖြစ်၏—

၂၈ မဖြစ်နိုင်​စေသော​အခြေအနေများရှိသော​အခါ အများစုသည် အဖွဲ့တစ်ခုကို ဖွဲ့စည်း​တည်ထောင်​နိုင်၏—

၂၉ ဤသို့​မဟုတ်လျှင်၊ သူတို့၏ ဆုံးဖြတ်ချက်များသည် မေလခိဇေဒက်​အသင်း​အတိုင်း ခန့်ထား​ခံရ၊ ထို့အတူ ဖြောင့်မတ်ပြီး သန့်ရှင်းသော​သူများဖြစ်သည့် ရှေး​ဥက္ကဋ္ဌ​သုံးဦး​အဖွဲ့၏ ဆုံးဖြတ်ချက်များ အားဖြင့်ရှိခဲ့သည့် တူသော​ကောင်းချီး​မင်္ဂလာများ အတွက် အကျုံး​မဝင်ပေ။

၃၀ ဤ​အဖွဲ့များ၊ သို့မဟုတ် ၎င်းတို့​အထဲမှ တစ်ဖွဲ့ဖွဲ့၏ ဆုံးဖြတ်ချက်များကို အလုံးစုံသော ဖြောင့်မတ်ခြင်းဖြင့်၊ သန့်ရှင်းခြင်း၊ ထို့အတူ စိတ်နှလုံး နှိမ့်ချခြင်း၊ သိမ်မွေ့အောက်ကျို့ခြင်းနှင့် စိတ်ရှည်ခြင်းတို့ဖြင့်၊ ထို့အတူ ယုံကြည်ခြင်း၊ ထို့အတူ ကိုယ်ကျင့်သီလ၊ ထို့အတူ အသိပညာ၊ ဣန္ဒြေ​စောင့်ခြင်း၊ သည်းခံခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ညီအစ်ကိုရင်း​ကဲ့သို့ ကြင်နာခြင်းနှင့် မေတ္တာတို့ဖြင့် ပြုရမည်။

၃၁ ကတိတော်ကြောင့်၊ သူတို့၌ ဤ​အရာတို့ များပြား​ကြလျှင်၊ သူတို့သည် ကိုယ်တော်ရှင်ကို သိခြင်း​ပညာ၌ အကျိုးမဲ့​မဖြစ်ရ။

၃၂ ဤ​အဖွဲ့တို့၏ ဆုံးဖြတ်ချက်​တစ်စုံ​တစ်ခုမှာ မတရားမှုဖြင့် ပြုထားလျှင်၊ အသင်းတော်၏ ဝိညာဉ်​ပကတိ အခွင့်​အာဏာပိုင်တို့ဖြင့် ဖွဲ့စည်း​တည်ထောင်သည့် အဖွဲ့​အသီးသီး၏ အထွေထွေ​အစည်းအဝေးရှေ့သို့ ဆောင်ယူ​နိုင်၏။ သို့မဟုတ်လျှင်၊ သူတို့၏ ဆုံးဖြတ်ချက်ကို အယူခံ​မဝင်နိုင်။

၃၃ တစ်ဆယ့်နှစ်ပါး​အဖွဲ့သည် ဥက္ကဋ္ဌ​အဖွဲ့၏ လမ်းညွှန်မှု​အောက်တွင်၊ ကောင်းကင်ဘုံ၏ ထူထောင်ခြင်း​အတိုင်း ကိုယ်တော်ရှင်၏ နာမတော်၌ အမှု​ဆောင်ရွက်ရန်၊ အသင်းတော်ကို တည်ထောင်ရန်၊ ခပ်သိမ်းသော​ပြည်သားတို့၌ ပထမ​အနေဖြင့် တစ်ပါးအမျိုးသားတို့​အဖို့၊ ဒုတိယ​အနေဖြင့် ယုဒလူမျိုးတို့​အဖို့ ထိုအသင်းတော်၏​ခပ်သိမ်းသော အမှုများကို အုပ်ချုပ်ရန် ခရီးသွား ဦးစီး​အတိုင်ပင်ခံမင်း​အဖွဲ့ ဖြစ်၏။

၃၄ ခုနစ်ကျိပ်​အဖွဲ့သည် တစ်ဆယ့်နှစ်ပါး​အဖွဲ့ သို့မဟုတ် ခရီးသွား​အတိုင်ပင်ခံမင်း​အဖွဲ့၏ လမ်းညွှန်မှု​အောက်တွင်၊ အသင်းတော်ကို တည်ထောင်ခြင်းနှင့် ခပ်သိမ်းသော​ပြည်သားတို့၌၊ ပထမတွင် တစ်ပါးအမျိုးသားတို့​အဖို့၊ ထို့နောက်တွင် ယုဒလူမျိုးတို့​အဖို့ ထိုအသင်းတော်၏ ခပ်သိမ်းသော​အမှုများကို အုပ်ချုပ်ရာတွင် ကိုယ်တော်ရှင်၏​နာမတော်၌ ဆောင်ရွက်ရမည်—

၃၅ စေလွှတ်ခံရသူ ထို​တစ်ဆယ့်နှစ်ပါး​အဖွဲ့သည်၊ ပထမတွင် တစ်ပါးအမျိုးသားတို့​အဖို့၊ ထို့နောက်တွင် ယုဒလူမျိုးတို့​အဖို့ ယေရှုခရစ်တော်၏ ဧဝံဂေလိ​တရားတော်ကို ကြေညာခြင်း​အားဖြင့်၊ တံခါးကို ဖွင့်ရန် သော့များကို ကိုင်ဆောင်၏။

၃၆ အမြဲတမ်း​အတိုင်ပင်ခံမင်း​အဖွဲ့တို့သည်၊ ဇိအုန်​ပန္နက်တို့တွင်၊ အသင်းတော်၏​အမှုများနှင့် စပ်လျဉ်း၍ သူတို့၏​ခပ်သိမ်းသော​ဆုံးဖြတ်ချက်များ၌၊ ဥက္ကဋ္ဌ​အဖွဲ့နှင့်၊ သို့မဟုတ် ခရီးသွား အတိုင်ပင်ခံမင်း​အဖွဲ့နှင့် အခွင့်​အာဏာ၌ တူညီသော အဖွဲ့​တစ်ခုကို ဖွဲ့စည်း တည်ထောင်ကြ၏။

၃၇ ဇိအုန်ရှိ​အတိုင်ပင်ခံမင်း​အဖွဲ့သည် အသင်းတော်၏​အမှုများနှင့်​စပ်လျဉ်း၍၊ ခပ်သိမ်းသော​ဆုံးဖြတ်ချက်များ၌၊ ဇိအုန်ပန္နက်တို့တွင် တစ်ဆယ့်နှစ်ပါး​အတိုင်ပင်ခံ​အဖွဲ့တို့နှင့် အခွင့်​အာဏာ၌ တူညီသော အဖွဲ့​တစ်ခုကို ဖွဲ့စည်း​တည်ထောင်၏။

၃၈ ခရီးသွား​အတိုင်ပင်ခံမင်း​အဖွဲ့သည် ဧဝံဂေလိ​တရားတော်ကို ဟောပြောခြင်းနှင့် စီမံ​ဆောင်ရွက်ခြင်း​အတွက် အမျိုးမျိုးသော ခေါ်သွင်းခြင်းများကို ဆောင်ရွက်ရန်၊ အကူအညီလိုသော​အခါ၊ အခြားသူများ​အစား ခုနစ်ကျိပ်​အဖွဲ့ကို တောင်းဆိုရ​မည်မှာ သူတို့၏တာဝန်​ဖြစ်၏။

၃၉ အသင်းတော်၏ ခပ်သိမ်းသော အသင်းတော်ခွဲ​ကြီးများ၌၊ ဧဝံဂေလိ အမှုတော်ဆောင်များကို တစ်ဆယ့်​နှစ်ပါး​အဖွဲ့သို့ ဗျာဒိတ်တော်​အားဖြင့် သတ်မှတ်​ခံရမည့်​အခါ ခန့်ထား​ရမည်မှာ သူတို့၏ တာဝန်​ဖြစ်၏။

၄၀ ဤ​ယဇ်ပုရောဟိတ်​အခွင့်၏ အသင်းကို အဘမှ သားသို့ လက်ဆင့်ကမ်း၍ ပေးသွား​စေရန်၊ ထို့အတူ ကတိတော်များ​ပေးထား​ခံရသူများ​ဖြစ်သည့် ရွေးကောက်​ထားသော အမျိုး​အနွယ်၏ အမျိုး​အနွယ်စစ်တို့ မှန်ကန်စွာ​ပိုင်ဆိုင်​စေရန် တည်စေ​တော်မူ​ခဲ့၏။

၄၁ ဤ​အသင်းကို အာဒံ၏​လက်ထက်၌ တည်ထောင်၍၊ အောက်ပါ​နည်းအတိုင်း မျိုးရိုး​အားဖြင့် ဆင်းသက်​လာခဲ့၏။

၄၂ အာဒံထံမှ ရှေသသို့ ရောက်၏၊ သူသည် အသက် ခြောက်ဆယ့်ကိုးနှစ်၌ အာဒံ​အားဖြင့် ခန့်ထား​ခံရ၏၊ သူ၏ (အာဒံ၏) သေခြင်း မတိုင်မီ​သုံးနှစ်တွင် သူ့အားဖြင့် ကောင်းချီးပေး​ခံရ၏၊ ထို့အတူ သူ၏​သားစဉ်​မြေးဆက်သည် ကိုယ်တော်ရှင် ရွေးကောက်သောသူများ ဖြစ်ရမည့်​အကြောင်း၊ ကမ္ဘာ​ကုန်ဆုံးသည် တိုင်အောင် ထိန်းသိမ်း​စောင့်ရှောက် ခံ​ကြရမည့်​အကြောင်း သူ့အဘ​အားဖြင့် ဘုရားသခင်၏ ကတိတော်ကို ရရှိ၏။

၄၃ သူ (ရှေသ) သည် စုံလင်သောသူ​တစ်ဦး​ဖြစ်၏၊ ထို့အတူ သူသည် သူ၏​အဘ​ကဲ့သို့ပင်​ဖြစ်၏၊ သူသည် ခပ်သိမ်းသော​အရာတို့၌ သူ၏​အဘနှင့် တူဟန်ရှိသဖြင့် သူ၏​အသက်​အားဖြင့်သာ ခွဲခြား၍​သိနိုင်၏။

၄၄ ဧနုတ်သည် အသက် တစ်ရာသုံးဆယ့်​လေးနှစ်နှင့် လေးလ၌ အာဒံ၏​လက်အားဖြင့် ခန့်ထား​ခံရ၏။

၄၅ ဘုရားသခင်သည် ကာဣနန်ကို တောရိုင်း​ထဲ၌ သူ့အသက်​လေးဆယ်နှစ်တွင် ခေါ်သွင်း​တော်မူ၏။ သူသည် ရှေဒေါလာမ​အရပ်သို့ ခရီး​သွားစဉ် အာဒံကို တွေ့၏။ သူသည် ဘိသိက်ပေးခြင်းကို လက်ခံ​ရရှိစဉ်၌ အသက် ရှစ်ဆယ့်​ခုနစ်​နှစ်​ရှိ၏။

၄၆ မဟာလေလသည် သူ့ကို ကောင်းချီးလည်းပေးသူ အာဒံ၏​လက်အားဖြင့် ခန့်ထား​ခံရသော​အခါ၌ အသက် လေးရာ့​ကိုးဆယ့်​ခြောက်နှစ်နှင့် ခုနစ်ရက်​ရှိ၏။

၄၇ ယာရက်သည် သူ့ကို ကောင်းချီးလည်းပေးသူ အာဒံ၏​လက်အောက်၌ ခန့်ထား​ခံရသော​အခါ၌ အသက် နှစ်ရာရှိ၏။

၄၈ ဧနောက်သည် အာဒံ၏ လက်အောက်၌ ခန့်ထား​ခံရသော​အခါ၌ အသက်​နှစ်ဆယ့်​ငါးနှစ်​ရှိ၏။ သူသည် ခြောက်ဆယ့်​ငါးနှစ်၌ အာဒံက ကောင်းချီး​ပေး၏။

၄၉ သူသည် ကိုယ်တော်ရှင်ကို မြင်၏၊ သူနှင့်အတူ လျှောက်၏၊ မျက်နှာတော်ရှေ့၌လည်း အစဉ်​မပြတ်​ရှိ၏။ ထို့အတူ သူသည် ဘုရားသခင်နှင့်​အတူ သုံးရာ​ခြောက်ဆယ့်​ငါးနှစ်​လျှောက်၍၊ ဘဝ​ပြောင်းသော​အခါ အသက် လေးရာ့​သုံးဆယ်​ရှိ၏။

၅၀ မသုရှလသည် အာဒံ၏​လက်အောက်၌ ခန့်ထား​ခံရသော​အခါ၌ အသက်​တစ်ရာ​ရှိ၏။

၅၁ လာမက်သည် ရှေသ၏​လက်အောက်၌ ခန့်ထား​ခံရသော​အခါ၌ အသက်​သုံးဆယ့်​နှစ်နှစ်​ရှိ၏။

၅၂ နောဧသည် မသုရှလ၏ လက်အောက်၌ ခန့်ထား​ခံရသော​အခါ၌ အသက်​ဆယ်နှစ်​ရှိ၏။

၅၃ အာဒံ၏​သေခြင်း မတိုင်မီ​သုံးနှစ်တွင်၊ သူသည် အားလုံး​ယဇ်ပုရောဟိတ်မင်းများ ဖြစ်လေသူ ရှေသ၊ ဧနုတ်၊ ကာဣနန်၊ မဟာလေလ၊ ယာရက်၊ ဧနောက်နှင့် မသုရှလတို့ကို၊ ဖြောင့်မတ်လေသော သူများဖြစ်သည့် သူ၏​သားစဉ်​မြေးဆက်တို့မှ ကျန်ကြွင်းသောသူများနှင့်​အတူ အာဒံ-ဩဒိ-အာမန် ချိုင့်ဝှမ်းသို့​ခေါ်၏၊ ထိုနေရာ၌ သူတို့​အပေါ် သူ၏​နောက်ဆုံး​ကောင်းချီး​မင်္ဂလာကို ပေးခဲ့၏။

၅၄ ကိုယ်တော်ရှင်သည် သူတို့ထံသို့ ပေါ်လာ​တော်မူ၏၊ သူတို့သည်လည်း ထ၍ အာဒံကို ကောင်းချီး​ပေး၏၊ သူ့ကို မိက္ခေလ၊ မင်းသား၊ ကောင်းကင်တမန်မင်းဟု ခေါ်ကြ၏။

၅၅ ကိုယ်တော်ရှင်သည် အာဒံအား သက်သာခြင်းကို ပေး၍၊ မိန့်တော်မူ​လေသည်ကား၊ ငါသည် သင့်အား ခေါင်းဆောင်​အဖြစ် ထားတော်မူ​လေပြီ။ ပြည်သား​အလုံးအရင်းတို့သည် သင့်ထံမှ ဖြစ်လာ​လိမ့်မည်၊ သင်သည် သူတို့အပေါ်၌ မင်းသား​တစ်ပါး ကာလ​အစဉ်​အဆက် ဖြစ်လိမ့်မည်။

၅၆ အာဒံသည် ပရိသတ်​အလယ်၌ ရပ်၏။ ထို့အတူ၊ သူသည် အသက်​ကြီး၍ ခါးကိုင်း​သော်ငြားလည်း၊ သန့်ရှင်းသော​ဝိညာဉ်တော်နှင့် ပြည့်လျက်၊ သူ၏​သားစဉ်​မြေးဆက်တို့၌ နောက်ဆုံး​မျိုးဆက်​အထိ ဖြစ်ပျက်​လာမည့်​အရာ​မှန်သမျှကို ကြိုတင်၍​ဟောကိန်း​ထုတ်၏။

၅၇ ဤ​အရာ​ခပ်သိမ်းတို့ကို ဧနောက်​ကျမ်း၌ ရေးထား​လေပြီး၊ ကာလ​အချိန်တန်​သောအခါ သက်သေခံခြင်း​ရှိလိမ့်မည်။

၅၈ အသင်းတော်၏ ခပ်သိမ်းသော​အခြား အရာရှိများကို ဗျာဒိတ်တော်​အတိုင်း ခန့်ထားပြီး အစီအစဉ်​တကျ​ရှိစေရန်​မှာလည်း တစ်ဆယ့်​နှစ်ပါး​အဖွဲ့၏​တာဝန်​ဖြစ်၏။ ဗျာဒိတ်တော်​ဆိုလေ​သည်ကား၊

၅၉ ဇိအုန်ပြည်ရှိ ခရစ်တော်၏​အသင်းတော်သို့၊ အသင်းတော်​အမှုအရေးနှင့်​စပ်လျဉ်း၍ အသင်းတော်​ဥပဒေများသို့ ထပ်လောင်းခြင်း​အဖြစ်—

၆၀ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ကောင်းကင်ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ​သည်မှာ၊ အသင်း​လူကြီး​တစ်ဦး၏​အမှု​အရာ၌ ရှိသော​သူများ​အပေါ် ဦးစီးရန် ဦးစီး​အသင်းလူကြီးများ လိုအပ်၏။

၆၁ ယဇ်ပုရောဟိတ်​တစ်ဦး၏ အမှု​အရာ၌ ရှိသော​သူများ​အပေါ် ဦးစီးရန် ယဇ်ပုရောဟိတ်များလည်း လိုအပ်၏။

၆၂ ဆရာ​တစ်ဦး၏ အမှု​အရာ၌ ရှိသော​သူများ​အပေါ် ဦးစီးရန် ဆရာများလည်း လိုအပ်၏၊ သင်းထောက်များ​သည်လည်း၊ ထိုနည်းတူ၊ လိုအပ်၏—

၆၃ သို့ဖြစ်၍၊ သင်းထောက်မှ ဆရာသို့၊ ထို့အတူ ဆရာမှ ယဇ်ပုရောဟိတ်သို့၊ ထို့အတူ ယဇ်ပုရောဟိတ်မှ အသင်း​လူကြီးသို့၊ အသင်းတော်၏​ပဋိညာဉ်များနှင့် ပညတ်တော်များ​အတိုင်း သူတို့ကို ခန့်အပ်​ထားသည့် အရာ​အမျိုးမျိုး​ရှိ၏။

၆၄ ထို့နောက်တွင် ခပ်သိမ်းသော​အရာတို့ထက် အကြီးမြတ်ဆုံး​ဖြစ်သည့် ယဇ်ပုရောဟိတ်မင်း​အခွင့်​ရှိ၏။

၆၅ သို့ဖြစ်၍၊ ယဇ်ပုရောဟိတ်​အခွင့်​အပေါ် ဦးစီးရန် ယဇ်ပုရောဟိတ်မင်း​အခွင့်မှ တစ်ဦးကို ခန့်အပ်ထားဖို့ လိုအပ်၏၊ ထိုသူကို အသင်းတော်​ယဇ်ပုရောဟိတ်မင်း​အခွင့်၏ ဥက္ကဋ္ဌဟု ခေါ်ရမည်။

၆၆ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ အသင်းတော်​ယဇ်ပုရောဟိတ်မင်း​အခွင့်​အပေါ် ဦးစီး​ယဇ်ပုရောဟိတ်မင်းဟု ခေါ်ရမည်။

၆၇ ထိုသူ​ထံမှပင်၊ လက်တင်ခြင်း​အားဖြင့်၊ ဘိသိက်​မင်္ဂလာများကို စီမံ​ဆောင်ရွက်ခြင်းနှင့် အသင်းတော်​အပေါ်​ကောင်းချီး​မင်္ဂလာများ ဖြစ်လာ၏။

၆၈ သို့ဖြစ်၍၊ သင်းအုပ်​တစ်ဦး၏ အမှု​အရာမှာ ထိုအရာနှင့် မတူညီပေ။ အကြောင်း​မူကား၊ သင်းအုပ်​တစ်ဦး၏ အမှု​အရာမှာ ခပ်သိမ်းသော ဇာတိ​ပကတိ​အရာတို့ကို စီမံ​ဆောင်ရွက်ခြင်း အတွက် ဖြစ်၏။

၆၉ သို့သော်လည်း သင်းအုပ်​တစ်ဦးကို အာရုန်၏ အမျိုး​အနွယ်စစ်​တစ်ဦး မဟုတ်လျှင် ယဇ်ပုရောဟိတ်မင်း​အခွင့်မှ ရွေးကောက်​ရမည်။

၇၀ အကြောင်း​မူကား၊ သူသည် အာရုန်၏ အမျိုး​အနွယ်စစ်​တစ်ဦး မဟုတ်လျှင် ယဇ်ပုရောဟိတ်​အခွင့်​သော့များကို မကိုင်ဆောင်​နိုင်ပေ။

၇၁ သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်း​တစ်ဦး ဆိုသည်ကား၊ မေလခိဇေဒက်၏ အသင်း​အတိုင်း​ရှိသူသည်၊ ဇာတိ​ပကတိ​အရာများကို စီမံ​ဆောင်ရွက်ခြင်းသို့ ခန့်အပ်ခံရ​နိုင်ပေ၏၊ သမ္မာ​တရား​ဝိညာဉ်တော်​အားဖြင့် ထိုအရာတို့​အကြောင်းကိုလည်း သိလိမ့်မည်။

၇၂ အသင်းတော်၏ အသင်း​လူကြီးများ၌ သူရွေးချယ်​ထားလေသော၊ သို့မဟုတ် ရွေးကောက်မည့် သူ့တိုင်ပင်ဖက်တို့၏ အကူအညီ​အားဖြင့် ဣသရေလ​အမျိုး၌ တရားသူကြီး​အဖြစ်​ရှိစေရန်၊ အသင်းတော်၏ အမှု​အရေးကို ဆောင်ရွက်ရန်၊ ဥပဒေ​အတိုင်း သူ့ရှေ့မှာ​ပြမည့် သက်သေခံချက်ကို အခြေခံ၍ လွန်ကျူးသူများကို တရားစီရင်ရန်လည်း​ဖြစ်၏။

၇၃ ဤ​အရာသည် အာရုန်၏​အမျိုး​အနွယ်​စစ်တစ်ဦးမဟုတ်သော၊ သို့ရာတွင် မေလခိ​ဇေဒက်၏ အသင်း​အတိုင်း ခန့်ထား​ခံရ​လေသောသူ​ဖြစ်သည့် သင်းအုပ်တစ်ဦး၏​တာဝန်​ဖြစ်၏။

၇၄ ထိုကဲ့သို့​အားဖြင့်၊ ဇိအုန်၌ နေထိုင်ကြသူတို့၌၊ သို့မဟုတ် ဇိအုန်​ပန္နက်၌၊ သို့မဟုတ် ဇိအုန်၏ နယ်နိမိတ်တို့ ကျယ်လာ၍၊ ဇိအုန်​သို့မဟုတ် အခြား​နေရာ၌ အခြား​သင်းအုပ်များ သို့မဟုတ် တရားသူကြီးများ​ရှိရန် လိုအပ်​လာသည်​အထိ ဤ​အမှုတော်ဆောင်ခြင်းသို့ သူ ခန့်အပ်​ခံရမည့် အသင်းတော်၏ အဘယ်​အသင်းတော်ခွဲ၌​မဆို တရားသူကြီး​တစ်ဦး၊ အထွေထွေ​တရားသူကြီး​တစ်ဦးပင်​ဖြစ်လိမ့်မည်။

၇၅ အခြား​ခန့်အပ်​ထားသော​သင်းအုပ်​ရှိသမျှတို့​သည်လည်း တူသော​အမှု​အရာ၌ ဆောင်ရွက်​ကြရမည်။

၇၆ သို့ရာတွင်၊ အာရုန်၏​အမျိုး​အနွယ်စစ်​တစ်ဦးသည် မေလခိဇေဒက်၏ အသင်း​အတိုင်း​ရှိသည့်၊ ယဇ်ပုရောဟိတ်မင်း​အခွင့်၏ ဥက္ကဋ္ဌကို ဣသရေလ​အမျိုး၌ တရားသူကြီး​အဖြစ် တရား​စီရင်ရန် စီရင်ခံ​ထားရသည့် အမှုမှ​တစ်ပါး၊ ဤ​ယဇ်ပုရောဟိတ်​အခွင့်၏ ဥက္ကဋ္ဌ​အဖွဲ့ အတွက်၊ ဤ​အမှုတော်ဆောင်ခြင်း​သော့များ အတွက်၊ တိုင်ပင်ဖက်များ​မပါဘဲ၊ သင်းအုပ်၏ အမှု​အရာ၌ လွတ်လပ်စွာ​ဆောင်ရွက်ရန် ဥပဒေနှင့်ညီသော​အခွင့်​အရေး​ရှိ၏။

၇၇ ဤ​တိုင်ပင်ဖက်များ​ထဲမှ တစ်ယောက်ယောက်၏​ဆုံးဖြတ်ချက်သည် ပညတ်တော်​အတိုင်း ဖြစ်ရမည်၊ ဆိုလေ​သည်ကား၊

၇၈ တစ်ဖန်၊ သင်တို့ကို၊ ငါ​အမှန်​ဆိုသည်ကား၊ အသင်းတော်၏​အရေး​အကြီးဆုံး​အမှု​အရေး၊ ထို့အတူ အသင်းတော်၏ အခက်ခဲဆုံး​အမှုများ၌၊ သင်းအုပ်​သို့မဟုတ် တရားသူကြီးများ၏ ဆုံးဖြတ်ချက်ကို ကျေနပ်ခြင်း​မရှိသမျှ၊ ယဇ်ပုရောဟိတ်မင်း​အခွင့် ဥက္ကဋ္ဌ​အဖွဲ့ရှေ့၌ အသင်းတော်၏ အတိုင်ပင်ခံ​အဖွဲ့သို့ လွှဲပေး၍ ဆောင်ယူ​ရမည်။

၇၉ ယဇ်ပုရောဟိတ်မင်း​အတိုင်ပင်ခံ​အဖွဲ့၏ ဥက္ကဋ္ဌ​အဖွဲ့သည်၊ အခြား​ယဇ်ပုရောဟိတ်မင်းများကို၊ တစ်ဆယ့်​နှစ်ပါး​ကိုပင်၊ တိုင်ပင်ဖက်များ​အဖြစ် ကူညီကြ​စေခြင်းငှာ၊ ခေါ်ရန်​အခွင့်ရှိ၏။ ထိုကဲ့သို့​အားဖြင့်၊ ယဇ်ပုရောဟိတ်မင်း​အခွင့်​ဥက္ကဋ္ဌ​အဖွဲ့နှင့် ၎င်း၏​တိုင်ပင်ဖက်များသည် သက်သေခံချက်ကို အသင်းတော်၏ ဥပဒေများ​အတိုင်း ဆုံးဖြတ်ရန်​အခွင့်​ရှိရမည်။

၈၀ ဤ​ဆုံးဖြတ်ချက်၏ နောက်တွင်၊ ထို​အမှုကို ကိုယ်တော်ရှင်​ရှေ့၌ အမှတ်​မရ​စေတော့နှင့်။ အကြောင်း​မူကား၊ ဤ​အရာသည် ဘုရားသခင့်​အသင်းတော်၏ အမြင့်ဆုံး​အတိုင်ပင်ခံ​အဖွဲ့​ဖြစ်၏၊ ဝိညာဉ်​ပကတိ​ဆိုင်ရာ​အမှုများ၌ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ နောက်ဆုံး ဆုံးဖြတ်ချက်လည်း​ဖြစ်၏။

၈၁ အသင်းတော်၏ ဤအတိုင်ပင်ခံအဖွဲ့နှင့် လွတ်ငြိမ်းသူ အသင်းတော်၏ အသင်းဝင် တစ်စုံ​တစ်ဦးမျှ​မရှိ။

၈၂ ယဇ်ပုရောဟိတ်မင်း​အခွင့်၏​ဥက္ကဋ္ဌသည် လွန်ကျူးသမျှ၊ ယဇ်ပုရောဟိတ်မင်း​အခွင့်၏ တိုင်ပင်ဖက် တစ်ဆယ့်နှစ်ဦး၏ အကူအညီကို​ရသည့် အသင်းတော်၏ အထွေထွေ​အတိုင်ပင်ခံ​အဖွဲ့​ရှေ့၌ အမှတ်ရ​စေရမည်။

၈၃ သူနှင့်စပ်လျဉ်းသည့် သူတို့၏​ဆုံးဖြတ်ချက်သည် သူ့အကြောင်း အငြင်းပွားခြင်း၏ အဆုံး​ဖြစ်ရမည်။

၈၄ ထိုကဲ့သို့​အားဖြင့်၊ အဘယ်သူမျှ ဘုရားသခင်၏ တရားတော်မူခြင်းနှင့် ပညတ်တရားများမှ မလွတ်ငြိမ်းရ၊ ခပ်သိမ်းသော​အရာတို့ကို သမ္မာတရားနှင့် ဖြောင့်မတ်ခြင်း​အတိုင်း အစီအစဉ်​တကျဖြင့် သူ့ရှေ့၌ တည်ကြည်​လေးနက်စွာ ပြုနိုင်ကြ​စေခြင်းငှာ​ပေတည်း။

၈၅ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်းထောက်​တစ်ဦး၏ အမှု​အရာ​အပေါ်၊ ဥက္ကဋ္ဌ​တစ်ဦး၏ တာဝန်မှာ သင်းထောက်​တစ်ဆယ့်​နှစ်ဦးကို ဦးစီးရန်၊ သူတို့နှင့်​တိုင်ပင်ရန်၊ ထို့အတူ ပဋိညာဉ်များ၌ ဖော်ပြ​ထားသည့်​အတိုင်း တစ်ယောက်ကို တစ်ယောက်တည်ဆောက်လျက်၊ သူတို့၏ တာဝန်ကို သူတို့အား သွန်သင်ရန်​ဖြစ်၏။

၈၆ ဆရာများ၏​အမှု​အရာ​အပေါ် ဥက္ကဋ္ဌ၏ တာဝန်မှာလည်း ဆရာ​နှစ်ဆယ့်​လေးဦး​အပေါ် ဦးစီးရန်၊ ပဋိညာဉ်များ၌ ဖော်ပြ​ထားသည့်​အတိုင်း သူတို့​အမှု​အရာ၏​တာဝန်များကို သူတို့အား သွန်သင်လျက်၊ သူတို့နှင့်​တိုင်ပင်ရန်​ဖြစ်၏။

၈၇ အာရုန်​ယဇ်ပုရောဟိတ်​အခွင့်​အပေါ် ဥက္ကဋ္ဌ၏ တာဝန်မှာ ယဇ်ပုရောဟိတ် လေးဆယ့်​ရှစ်ဦး​အပေါ် ဦးစီးရန်၊ သူတို့နှင့်​တိုင်ပင်ရန်၊ ပဋိညာဉ်များ၌ ဖော်ပြထားသည့်​အတိုင်း သူတို့​အမှု​အရာ၏​တာဝန်များကို သူတို့အား သွန်သင်ရန်​ဖြစ်၏—

၈၈ ဤ​ဥက္ကဋ္ဌသည် သင်းအုပ်​တစ်ဦး ဖြစ်ရမည်။ အကြောင်း​မူကား၊ ဤအရာသည် ဤ​ယဇ်ပုရောဟိတ်​အခွင့်၏ တာဝန်များ​ထဲမှ တစ်ခု​ဖြစ်၏။

၈၉ တစ်ဖန်၊ အသင်း​လူကြီး​အမှု​အရာ​အပေါ် ဥက္ကဋ္ဌ၏​တာဝန်မှာ အသင်း​လူကြီး ကိုးဆယ့်​ခြောက်ဦး​အပေါ် ဦးစီးရန်၊ ထို့အတူ သူတို့နှင့်တိုင်ပင်ရန်၊ ထို့အတူ ပဋိညာဉ်များ၌ ဖော်ပြ​ထားသည့်​အတိုင်း သူတို့ကို သွန်သင်ရန်​ဖြစ်၏။

၉၀ ဤ​ဥက္ကဋ္ဌ​အဖွဲ့သည် ခုနစ်ကျိပ်​ဥက္ကဋ္ဌ​အဖွဲ့နှင့် ကွဲပြား၏၊ လောကီ​နိုင်ငံ အရပ်ရပ်သို့ ခရီး​မသွားသည့်​သူများ​အတွက် စီစဉ်​ထားခြင်းလည်း​ဖြစ်၏။

၉၁ ထိုမှ​တစ်ဖန်၊ ယဇ်ပုရောဟိတ်မင်း​အခွင့် အမှု​အရာ​ဥက္ကဋ္ဌ၏ တာဝန်မှာ အသင်းတော် တစ်ခုလုံး အပေါ် ဦးစီးရန်​ဖြစ်၏၊ မောရှေ​ကဲ့သို့​ရှိရန်လည်း​ဖြစ်၏—

၉၂ ရှုလော့၊ ဤ​အရာ၌ ဉာဏ်ပညာ​ရှိ၏။ ထိုမှ​တစ်ပါး၊ မြင်သောသူ​တစ်ဦး၊ ဗျာဒိတ်ဟောသူ​တစ်ဦး၊ ဘာသာပြန်သူ​တစ်ဦး၊ ထို့အတူ ပရောဖက်​တစ်ဦး​အဖြစ်၊ အသင်းတော်​ခေါင်းဆောင် အပေါ် ပေးတော်မူသည့် ဘုရားသခင်၏ ခပ်သိမ်းသော ဆုကျေးဇူးများလည်း ရှိ၏။

၉၃ သူတို့​အပေါ်ဦးစီးရန်၊ ခုနစ်ကျိပ်​ထဲမှ ရွေးကောက်​ထားသော ဥက္ကဋ္ဌ​ခုနစ်ဦး သူတို့၌ ရှိရမည့်​အကြောင်း၊ ခုနစ်ကျိပ်​အဖွဲ့၏ အသင်းကို ဖော်ပြသည့် ရူပါရုံ​အတိုင်းလည်း​ဖြစ်၏။

၉၄ ဤ​ဥက္ကဋ္ဌများ​ထဲမှ သတ္တမ​ဥက္ကဋ္ဌသည် ခြောက်ဦး​အပေါ် ဦးစီး​ရမည်။

၉၅ ဤ​ဥက္ကဋ္ဌ​ခုနစ်ဦးသည် မိမိတို့​ပါဝင်ရာ ပထမ​ခုနစ်ကျိပ်​အပြင် အခြားသော​ခုနစ်ကျိပ်ကို ရွေးချယ်​ရမည်၊ ထိုသူတို့​အပေါ်​ကိုလည်း ဦးစီး​ရမည်။

၉၆ စပျစ်​ဥယျာဉ်ထဲ၌ အလုပ်​လုပ်ခြင်း​အတွက် လိုအပ်လျှင်၊ ခုနစ်ကျိပ်​ခုနစ်လီ​တိုင်အောင် အခြားသော​ခုနစ်ကျိပ်​ကိုလည်း ရွေးချယ်​ရမည်။

၉၇ ဤ​ခုနစ်ကျိပ်တို့သည် ပထမ​အနေဖြင့် တစ်ပါးအမျိုးသားတို့​အဖို့၊ ထို့အတူ ယုဒလူမျိုးတို့​အဖို့လည်း ခရီးသွား​အမှုတော်ဆောင်များ​အဖြစ် ရှိရမည်။

၉၈ အခြား​တစ်ဖက်တွင်၊ တစ်ဆယ့်​နှစ်ပါး​အဖွဲ့၏ အသင်းဝင်​မဟုတ်သောသူများ၊ ခုနစ်ကျိပ်​အဖွဲ့သို့လည်း အသင်းဝင်​မဟုတ်သော​သူများဖြစ်သည့် အသင်းတော်၏ အခြား​အရာရှိများသည် ခပ်သိမ်းသော​ပြည်သားတို့၌ ခရီးသွားရန်​တာဝန်အောက်၌ မရှိကြ၊ သို့ရာတွင်သူတို့သည် အသင်းတော်၌ အရေးကြီး၍ တာဝန်ရှိသော​အမှု​အရာကို ထမ်းဆောင်​နိုင်ကြ​သော်ငြားလည်း သူတို့၏​အခြေအနေများ အခွင့်ပေးသမျှ ခရီးသွား​ကြရမည်။

၉၉ သို့ဖြစ်၍၊ ယခုတွင်၊ လူတိုင်းကို မိမိတာဝန်၊ ထို့အတူ မိမိခန့်အပ်ထားခံရသည့် အမှု​အရာ၌ အလုံးစုံသော လုံ့လဝီရိယဖြင့် ဆောင်ရွက်ရန် သင်ယူ​စေလော့။

၁၀၀ ပျင်းရိသော​သူသည် တည်ရှိရန် ထိုက်တန်သည်ဟု ရေတွက်​မခံရ၊ ထို့အတူ မိမိတာဝန်ကို သင်ယူခြင်း​မရှိ၊ မိမိကိုယ်ကို အတည်မပြု​သူသည် တည်ရှိရန်​ထိုက်တန်သည်ဟု ရေတွက်​မခံရ။ ထိုကဲ့သို့​ပင်တည်း။ အာမင်။