ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၁၈


အပိုဒ်ငယ် ၁၁၈

“တစ်ဆယ့်နှစ်ပါးနှင့် စပ်လျဉ်း၍၊ အကျွန်ုပ်တို့အား ကိုယ်တော်၏​အလိုတော်ကို ပြတော်မူပါ” ဟူသော ပတ္ထနာပြုခြင်း​အတွက် အဖြေ​အဖြစ်၊ ၁၈၃၈ ခု၊ ဇူလိုင် ၈ ရက်၊ အနောက်ဖျား၊ မစ်ဆိုရီ၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။

၁–၃၊ ကိုယ်တော်ရှင်သည် တစ်ဆယ့်​နှစ်ပါး၏ မိသားစုများ​အတွက် ပေးသနားတော်မူ​လိမ့်မည်။ ၄–၆၊ တစ်ဆယ့်​နှစ်ပါး၌ လစ်လပ်သော​နေရာများကို ဖြည့်၏။

ကိုယ်တော်ရှင်​အမှန်​မိန့်တော်မူ​သည်ကား၊ ညီလာခံ​တစ်ခုကို ချက်ချင်း​ကျင်းပ​စေလော့။ တစ်ဆယ့်​နှစ်ပါးကို ဖွဲ့စည်း​စေလော့။ ကျရှုံးသော​သူတို့၏​နေရာကို ထောက်ပံ့ရန် လူတို့ကို ခန့်အပ်ထား​စေလော့။

ငါ့ကျွန်​သောမတ်စ်အား ငါ၏​နှုတ်ကပတ်တော်ကို ပြောကြား​စေရန်၊ ဇိအုန်ပြည်၌ ကာလ​အတန်​အရာ ဆက်၍​နေစေလော့။

ကျန်ကြွင်းသော​သူတို့ကို ထိုနာရီမှ​စပြီး၊ ဆက်၍ ဟောပြော​စေလော့၊ သူတို့သည်လည်း ဤ​အမှုကို စိတ်နှလုံး​နှိမ့်ချခြင်းဖြင့်၊ သိမ်မွေ့အောက်ကျို့ခြင်းနှင့် နှိမ့်ချခြင်း၊ ထို့အတူ စိတ်ရှည်ခြင်းတို့ဖြင့် ဆောင်ရွက်လျှင်၊ ငါ၊ ကိုယ်တော်ရှင်သည် သူတို့၏​မိသားစုများ​အတွက် ပေးသနား တော်မူမည် ဖြစ်ကြောင်း ကတိ​ထားတော်မူ၏။ ထိရောက်သော​တံခါးသည်လည်း ယခုမှစ၍ ပွင့်လိမ့်မည်။

လာမည့်​နွေဦး၌ သူတို့အား ကြီးစွာသော​ရေတို့ကို ကျော်၍​ထွက်ခွာစေ၊ ထို့အတူ ၎င်းနေရာ၌ ငါ၏​ဧဝံဂေလိ​တရားတော်ကို၊ ပြည့်စုံခြင်းကို ကြေညာစေ၊ ထို့အတူ ငါ၏​နာမတော်​အကြောင်းကို သက်သေခံကြ​စေလော့။

ငါ၏​ကျွန်တို့ကို အနောက်ဖျားမြို့မှ၊ လာမည့် ဧပြီ နှစ်ဆယ့်ခြောက်တွင်၊ ငါ၏ အိမ်တော် တည်ဆောက်ရာ မြေကွက်မှ ထွက်ခွာကြ​စေလော့။

ငါ့ကျွန်​ဂျွန်တေလာ၊ ထို့အတူ ငါ့ကျွန်​ဂျွန်အီးပေ့ဂ်ျ၊ ထို့အတူ ငါ့ကျွန်​ဝီလဖို့​ဝုဒရပ်ဖ်၊ ထို့အတူ ငါ့ကျွန်​ဝီလာ့ဒ်​ရစ်ချတ်တို့ကို ကျရှုံး​လေသော​သူတို့၏​နေရာ၌ တာဝန်​ထမ်းဆောင်ရန် ခန့်အပ်​ခံစေလော့၊ သူတို့၏​တာဝန်ကိုလည်း တရားဝင်​ကြေညာ​စေလော့။