အပိုဒ်ငယ် ၁၃၇
၁၈၃၆ ခု၊ ဇန္နဝါရီလ ၂၁ ရက်၊ အိုဟိုင်းရို၊ ကာ့တ်လန်း ဗိမာန်တော်၌ ပရောဖက် ဂျိုးဇက်စမစ်သို့ ပေးတော်မူခဲ့သည့် ရူပါရုံ။ ထိုအချိန်မှာ ဗိမာန်တော်ဆက်ကပ်ခြင်းအတွက်ပြင်ဆင်ရာ ဘိသိက်မင်္ဂလာများကို စီမံဆောင်ရွက်သော အချိန်ဖြစ်၏။
၁–၆၊ ပရောဖက်သည် သူ၏အစ်ကို အယ်လဗင်ကို ဆီလက်ရှယ်လ် နိုင်ငံတော်၌ မြင်၏။ ၇–၉၊ သေသူတို့၏ ကယ်တင်ခြင်းအတွက် ဩဝါဒကို ဖော်ပြထား၏။ ၁၀၊ ခပ်သိမ်းသော ကလေးတို့သည် ဆီလက်ရှယ်လ် နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်၏။
၁ ကောင်းကင်တို့သည် ကျွန်ုပ်တို့အပေါ်၌ ပွင့်၏၊ ကျွန်ုပ်သည်လည်း ဘုရားသခင်၏ ဆီလက်ရှယ်လ် နိုင်ငံတော်နှင့် ထိုနေရာရှိဘုန်းအသရေကို မြင်ရ၏၊ ကိုယ်ခန္ဓာပါသည် မပါသည်ကို ကျွန်ုပ်မပြောပြနိုင်။
၂ ကျွန်ုပ်သည် ထိုနိုင်ငံတော်၏ အမွေခံသူများ ဝင်ရောက်မည့် တံခါး၏ အလွန့်အလွန် တင့်တယ်ခြင်းကို မြင်ရ၏၊ ထိုအရာသည် မီးစက်ဝိုင်းကဲ့သို့ဖြစ်၏။
၃ ဘုရားသခင်၏ ရဲရဲတောက်သော ပလ္လင်လည်းရှိ၏၊ ၎င်းအပေါ်၌ ခမည်းတော်နှင့် သားတော် ထိုင်လေ၏။
၄ ကျွန်ုပ်သည် ထိုနိုင်ငံတော်၏ တင့်တယ်သော လမ်းတို့ကို မြင်ရ၏၊ ၎င်းတို့သည် ရွှေနှင့် ခင်းထားသည့် အသွင်သဏ္ဌာန်ရှိ၏။
၅ ကျွန်ုပ်သည် အဘ အာဒံနှင့် အာဗြဟံ။ ထို့အတူ ကျွန်ုပ် အဘနှင့် ကျွန်ုပ်အမိ။ ကွယ်လွန်သည်မှာ ကြာမြင့်လေပြီဖြစ်သည့် ကျွန်ုပ်အစ်ကို အယ်လဗင်ကို မြင်ရ၏။
၆ ဣသရေလအမျိုးကို ဒုတိယအကြိမ်စုဝေးရန် ကိုယ်တော်ရှင် သူ၏လက်ကို မဆန့်မီ၊ သူ ဤဘဝမှ ထွက်ခွာသွားခဲ့ပြီးလျှင်၊ အပြစ်များမှ လွှတ်ခြင်းအတွက် ဗတ္တိဇံလည်း မခံခဲ့ရလေသောကြောင့်၊ ထိုနိုင်ငံတော်၌ အဘယ်နည်းဖြင့် အမွေခံရာတစ်ခုကို သူရရှိခဲ့လေကြောင်းကိုလည်း အံ့ဩခဲ့ရ၏။
၇ ကိုယ်တော်ရှင်၏အသံက ကျွန်ုပ်ထံသို့ လာ၍ မိန့်တော်မူလေသည်ကား၊ ဤ ဧဝံဂေလိ တရားတော် အကြောင်း အသိပညာမရှိဘဲ သေသွားလေသောသူများ၊ ဆက်၍နေရန် အခွင့်ပေး ခံရလျှင် ထိုတရားတော်ကို ရရှိခဲ့လိမ့်မည်ဖြစ်သောသူအားလုံးတို့သည် ဘုရားသခင့် ဆီလက်ရှယ်လ် နိုင်ငံတော်၏ အမွေခံသူများဖြစ်လိမ့်မည်။
၈ ယခုအချိန်မှစ၍၊ ထိုတရားတော် အကြောင်း အသိပညာ မရှိဘဲ သေမည့်သူများ၊ ထိုတရားတော်ကို သူတို့၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရရှိလိုခဲ့သည့်သူများ အားလုံးတို့သည်လည်း ထိုနိုင်ငံတော်၏ အမွေခံသူများ ဖြစ်လိမ့်မည်။
၉ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသောလူသားတို့ကို သူတို့၏ အကျင့်များ အတိုင်း၊ သူတို့စိတ်နှလုံး၏ အလိုဆန္ဒများအတိုင်း တရားစီရင်တော်မူမည်။
၁၀ တာဝန်ရှိသည့် အသက်အရွယ် မရောက်မီ သေသွားသည့် ခပ်သိမ်းသော ကလေးတို့ ကောင်းကင်ဘုံ၏ ဆီလက်ရှယ်လ်နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်ကြောင်းကိုလည်း ကျွန်ုပ်မြင်ရ၏။