ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၀၂


အပိုဒ်ငယ် ၁၀၂

၁၈၃၄ ခု၊ ဖေဖော်ဝါရီ ၁၇၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ အသင်းတော်​ပထမ​အတိုင်ပင်ခံမင်း​အဖွဲ့၏ အစည်းအဝေး​မှတ်တမ်း။ အစည်းအဝေး​မှတ်တမ်း​မူရင်းကို အသင်း​လူကြီး​အော်လီဗာ​ကောင်ဒရီနှင့် အော်ဆန်​ဟိုက်တို့​ရေးခဲ့ကြ၏။ ပရောဖက်သည် နောက်နေ့တွင် အစည်းအဝေး​မှတ်တမ်းကို ပြုပြင်​ရေးသား​ခဲ့၏၊ နောက်နေ့တွင် ပြင်ဆင်​ထားသော အစည်းအဝေး​မှတ်တမ်းကို “အတိုင်ပင်ခံမင်း​အဖွဲ့၏ ပုံစံနှင့် ဖွဲ့စည်းပုံ​တစ်ခု​အဖြစ်” အတိုင်ပင်ခံမင်း​အဖွဲ့က သဘော​တူညီစွာ လက်ခံ​ခဲ့၏။ တမန်တော်​တစ်ဆယ့်နှစ်ပါး အတိုင်ပင်ခံအဖွဲ့နှင့် စပ်လျဉ်း၍၊ ဤ​အပိုဒ်ငယ်ကို ဩဝါဒနှင့်ပဋိညာဉ်များ၌ ပုံနှိပ်​ထုတ်ဝေခြင်း​အတွက် ပြင်ဆင်ပြီးသောအခါ ဂျိုးဇက်​စမစ်၏ လမ်းညွှန်မှုဖြင့် ၁၈၃၅ ခုတွင် အခန်းငယ် ၃၀ မှ ၃၂ အထိကို ထပ်၍​ဖြည့်စွက်​ခဲ့၏။

၁–၈၊ အသင်းတော်၌ ပေါ်ပေါက်​လာသည့် အရေးကြီးသော အခက်အခဲများကို ဖြေရှင်းရန် အတိုင်ပင်ခံမင်း​အဖွဲ့​တစ်ခုကို ခန့်အပ်​ထား၏။ ၉–၁၈၊ အမှုများ​ကြားနာခြင်း​အတွက် နည်းလမ်းများကို ဖော်ပြ​ထား၏။ ၁၉–၂၃၊ အတိုင်ပင်ခံ​အဖွဲ့​ဥက္ကဋ္ဌသည် ဆုံးဖြတ်ချက်ကို ချပေး၏။ ၂၄–၃၄၊ အယူခံ​ဝင်ရာ​နည်းလမ်းကို ဖော်ပြ​ထား၏။

ဤ​နေ့တွင် ယဇ်ပုရောဟိတ်မင်း နှစ်ဆယ့်​လေးဦး​အထွေထွေ​အတိုင်ပင်ခံ​အဖွဲ့သည် ဗျာဒိတ်တော်​အရ၊ ဂျိုးဇက်​စမစ်​အငယ်၏ အိမ်၌ စည်းဝေး​ကြ၏။ ခရစ်တော်၏ အသင်းတော် အတိုင်ပင်ခံမင်း​အဖွဲ့ကို ဖွဲ့စည်းရန် ဆက်၍ ဆောင်ရွက်​ကြ၏၊ ထိုအဖွဲ့တွင် ယဇ်ပုရောဟိတ်မင်း တစ်ဆယ့်​နှစ်ဦး၊ ထို့အတူ အမှု​လိုအပ်ချက်​အလိုက် ဥက္ကဋ္ဌ​တစ်ဦး သို့မဟုတ် သုံးဦး​ပါဝင်၏။

အသင်းတော်၌ ပေါ်ပေါက်​လာသည့်၊ အသင်းတော် သို့မဟုတ် သင်းအုပ်၏ အတိုင်ပင်ခံ​အဖွဲ့​အားဖြင့် အုပ်စုများ​ကျေနပ်သည်​အထိ ဖြေရှင်း၍ မရနိုင်သည့် အရေးကြီးသော အခက်အခဲများကို ဖြေရှင်းရန်​ဟူသော ရည်ရွယ်ချက်​အတွက် အတိုင်ပင်ခံမင်း​အဖွဲ့သည် ဗျာဒိတ်တော်​အားဖြင့် ခန့်အပ်ထား​ခံရ၏၊

ဂျိုးဇက်​စမစ်​အငယ်၊ ဆစ်ဒနီ​ရစ်ဂဒွန်နှင့် ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံတို့သည် အတိုင်ပင်ခံ​အဖွဲ့၏ မဲဆန္ဒ​အားဖြင့် အသိအမှတ်ပြု​ခံရသော ဥက္ကဋ္ဌများ ဖြစ်ကြ၏။ ဂျိုးဇက်​စမစ်​အကြီး၊ ဂျွန်စမစ်၊ ဂျိုးဇက်ကိုး၊ ဂျွန်​ဂျွန်ဆင်၊ မာတင်​ဟဲရစ်၊ ဂျွန်​အက်စ်​ကာတာ၊ ယာရက်​ကာတာ၊ အော်လီဗာ​ကောင်ဒရီ၊ ဆင်မြူရယ်လ် အိပ်ခ်ျ​စမစ်၊ အော်ဆန်​ဟိုက်၊ ဆီလ်ဗက်စတာ​စမစ်၊ ထို့အတူ လု​ဂျွန်ဆင်တို့သည်လည်း၊ ယဇ်ပုရောဟိတ်​မင်းများ၊ အသင်းတော်​အတွက် အမြဲတမ်း​အတိုင်ပင်ခံ​အဖွဲ့​အဖြစ်၊ အတိုင်ပင်ခံ​အဖွဲ့၏ သဘော​တူညီသော​မဲဆန္ဒ​အားဖြင့် ရွေးကောက်​ခံရ​လေ၏။

အထက်​ဖော်ပြပါ​အတိုင်ပင်ခံတို့သည် သူတို့၏​တာဝန်များကို သူတို့​လက်ခံ​ခဲ့ကြောင်း၊ ထို့အတူ ဘုရားသခင်၏ ကျေးဇူးတော်​အတိုင်း သူတို့​အပေါ်​ပေးခဲ့သည့် သူတို့၏​အမှု​အရာများကို ပြီးပြည့်စုံ​စေကြမည်ဟု သူတို့​အားလုံး ဖြေခဲ့​ကြသည့် သူတို့၏​တာဝန်များကို လက်ခံခြင်း​ရှိမရှိ၊ ထို့အတူ သူတို့သည် ထို​အမှု​အရာကို ကောင်းကင်ဘုံ​ဥပဒေ​အတိုင်း ဆောင်ရွက်​လိုခြင်း​ရှိမရှိ အမေး​ခံ​ကြရ၏။

အထက်​ဖော်ပြပါ အတိုင်ပင်ခံတို့ကို ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ အသင်းတော်၏​နာမနှင့် အသင်းတော်​အတွက် မဲဆန္ဒ​ပေးခဲ့သူများ​တည်းဟူသော၊ အတိုင်ပင်ခံ​အဖွဲ့ကို ဖွဲ့စည်းသူတို့၏ အရေ​အတွက်မှာ၊ လေးဆယ့်သုံးဖြစ်ပြီး၊ အောက်ပါ​အတိုင်း​ဖြစ်၏၊ ယဇ်ပုရောဟိတ်မင်း ကိုးဦး၊ အသင်းလူကြီး တစ်ဆယ့်​ခုနစ်ဦး၊ ယဇ်ပုရောဟိတ် လေးဦးနှင့် အသင်းသား​တစ်ဆယ့်သုံးဦး ဖြစ်၏။

မဲဆန္ဒ​ပေးခဲ့သည်ကား၊ အတိုင်ပင်ခံမင်း​အဖွဲ့သည် အထက်​ဖော်ပြပါ​အတိုင်ပင်ခံတို့​အထဲမှ ခုနစ်ဦး​မပါဘဲနှင့် သို့မဟုတ် သူတို့နေရာ၌ မှန်ကန်စွာ အစားထိုး​ခန့်အပ်​ထားသူများ မရှိဘဲနှင့် ဆောင်ရွက်ရန် အခွင့်​မရှိနိုင်​စေရ။

ထိုက်တန်မှု​ရှိကြောင်းနှင့် အတိုင်ပင်ခံများ​မရှိသည့်​နေရာ၌ ဆောင်ရွက်​နိုင်စွမ်း​ရှိသည်ဟု သူတို့​မှတ်ယူသူ အခြား​ယဇ်ပုရောဟိတ်မင်းများကို ခန့်အပ်ရန် ထိုခုနစ်ဦး၌ အခွင့်ရှိ၏။

မဲဆန္ဒ​ပေးခဲ့သည်ကား၊ အထက်​ဖော်ပြပါ​အတိုင်ပင်ခံတို့​အထဲမှ တစ်စုံ​တစ်ဦး သေခြင်းကြောင့်​ဖြစ်စေ၊ လွန်ကျူးခြင်း​အတွက် အမှု​အရာမှ ဖယ်ရှား​ခံရခြင်းကြောင့်​ဖြစ်စေ၊ ဤအသင်းတော် အုပ်ချုပ်မှု​နယ်ပယ်မှ ဖယ်ရှား​ခံရခြင်းကြောင့်​ဖြစ်စေ လစ်လပ်သော နေရာတစ်စုံ​တစ်ခု ရှိသည့်​အခါတိုင်း ဥက္ကဋ္ဌ​သို့မဟုတ်၊ ဥက္ကဋ္ဌများ၏ အဆိုပြုချက်​အားဖြင့် ဖြည့်ရမည်၊ ထို့အတူ အသင်းတော်၏ နာမတော်​အားဖြင့် ဆောင်ရွက်ရန် စုဝေးသည့် ယဇ်ပုရောဟိတ်မင်း အထွေထွေ​အတိုင်ပင်ခံ​အဖွဲ့၏ မဲဆန္ဒ​အားဖြင့် အတည်ပြု​ရမည်။

အတိုင်ပင်ခံ​အဖွဲ့​ဥက္ကဋ္ဌလည်း ဖြစ်သည့်၊ အသင်းတော်၏ ဥက္ကဋ္ဌသည် ဗျာဒိတ်တော်​အားဖြင့် ခန့်အပ်ထား​ခံရ၏၊ ထို့အတူ သူ၏​စီမံ​ဆောင်ရွက်ခြင်း၌ အသင်းတော်၏ မဲဆန္ဒဖြင့် အသိ​အမှတ်​အပြု​ခံရ၏။

၁၀ သူ့အမှု​အရာ၏ ဂုဏ်သိက္ခာ​အတိုင်း အသင်းတော် အတိုင်ပင်ခံ​အဖွဲ့ကို သူ​ဦးစီး​ရမည်။ သူကိုယ်တိုင် ခန့်အပ်ထား​ခံရလေသည့် နည်းအတိုင်း ခန့်အားထား​ခံကြရလေသည့် အခြားသော ဥက္ကဋ္ဌ နှစ်ဦး၏ အကူ​အညီကို ရရှိရမည်မှာလည်း သူ၏ အထူး​အခွင့်အရေး ဖြစ်၏။

၁၁ သူ့ကို ကူညီရန်​ခန့်အပ်ထား​ခံရသူများမှ တစ်ဦး သို့မဟုတ် နှစ်ဦးစလုံး မရှိပါက၊ သူသည် အတိုင်ပင်ခံ​အဖွဲ့ကို အကူအညီ တစ်ဦး​မပါဘဲနှင့် ဦးစီးရန်​အခွင့်ရှိ၏။ သူကိုယ်တိုင် မရှိ​ပါက၊ အခြားသော ဥက္ကဋ္ဌများသည်၊ နှစ်ဦးစလုံး​ဖြစ်စေ၊ သူတို့​အထဲမှ တစ်ဦးက​ဖြစ်စေ သူ၏​နေရာ၌ ဦးစီးရန် အခွင့်​ရှိကြ၏။

၁၂ အသင်းတော်​အတိုင်ပင်ခံမင်း​အဖွဲ့​တစ်ခုကို၊ ရှေ့က​ဆိုခဲ့ပြီး​ဖြစ်သော ပုံစံ​အတိုင်း ဖွဲ့စည်းသည့်​အခါတိုင်းတွင်၊ နံပါတ်များကို စာရေးတံ​ချရမည်မှာ အတိုင်ပင်ခံ​တစ်ဆယ့်​နှစ်ဦး၏ တာဝန်​ဖြစ်လိမ့်မည်၊ ထိုကဲ့သို့​အားဖြင့် တစ်ဆယ့်​နှစ်ဦးထဲ၌ နံပါတ်​တစ်မှ​အစပြု၍၊ နံပါတ်​တစ်ဆယ့်နှစ်​အထိ အစဉ်​အလိုက် အဘယ်သူ​ပထမဆုံး​ပြောရမည်ကို ထုတ်ဖော်​စိစစ်၏။

၁၃ ဤ​အတိုင်ပင်ခံ​အဖွဲ့သည် အမှု​တစ်စုံ​တစ်ခုကို ဆုံးဖြတ်ရန် ဆင့်ခေါ်သော​အခါတိုင်း၊ ထိုအမှုသည် ခက်ခဲသော​အမှု​တစ်ခု ဟုတ်မဟုတ်ကို အတိုင်ပင်ခံ​တစ်ဆယ့်နှစ်ဦးက ဆင်ခြင်​လိမ့်မည်။ ခက်ခဲသော​အမှု မဟုတ်လျှင်၊ အထက်မှ ရေးထားသည့် ပုံစံ​အတိုင်း၊ အတိုင်ပင်ခံတို့​အထဲမှ နှစ်ဦးတည်း​ကသာ ထိုအမှုကို ဆွေးနွေးကြ​လိမ့်မည်။

၁၄ သို့ရာတွင် ထိုအမှုကို ခက်ခဲသည်ဟု ထင်မှတ်​ခံရလျှင်၊ လေးဦးကို ခန့်အပ်​ထားလိမ့်မည်။ ပို၍ ခက်ခဲလျှင်၊ ခြောက်ဦးကို ခန့်အပ်​ထားလိမ့်မည်၊ သို့ရာတွင် အဘယ်​အမှုတွင်မျှ ပြောဆိုရန် ခြောက်ဦးထက်​ပို၍ မခန့်အပ်​ထားရ။

၁၅ စွပ်စွဲ​ခံရသော​သူသည်၊ ခမ်သိမ်းသော​အမှုတို့၌၊ စော်ကားမှု သို့မဟုတ် မတရားမှုကို တားဆီးရန် အတိုင်ပင်ခံ​အဖွဲ့၏ တစ်ဝက်​အထိ အခွင့်​အရေး​ရှိ၏။

၁၆ အတိုင်ပင်ခံ​အဖွဲ့​ရှေ့၌ ပြောဆိုရန် ခန့်အပ်ထား​ခံရသည့် အတိုင်ပင်ခံ​တို့သည်၊ သက်သေကို စုံစမ်း​စစ်ဆေး​ပြီးနောက်၊ အမှုကို အမှန်​သဘော​အတိုင်း အတိုင်ပင်ခံ​အဖွဲ့​ရှေ့၌ တင်ပြ​ရမည်။ လူတိုင်းသည် ဖြောင့်မတ်စွာနှင့် တရားမျှတစွာ ပြောဆို​ရမည်။

၁၇ စုံ​နံပါတ်များ​ဖြစ်သည့် ၂၊ ၄၊ ၆၊ ၈၊ ၁၀နှင့် ၁၂ တို့ကို ကောက်သည့် အတိုင်ပင်ခံ​တို့သည် စွပ်စွဲ​ခံရသော သူအတွက် ရပ်တည်​ရမည့်၊ ထို့အတူ စော်ကားမှုနှင့် မတရားမှုကို တားဆီး​ရမည့်​သူများ​ဖြစ်၏။

၁၈ သက်သေများကို ကြားနာပြီး၊ အမှုနှင့်​စပ်လျဉ်း၍ ပြောဆိုရန် ခန့်အပ်ထား​ခံရသူ အတိုင်ပင်ခံ​တို့မှ သူတို့၏​မှတ်ချက်များ ချမှတ်ပြီးနောက်၊ ခပ်သိမ်းသော​အမှုတို့၌ စွပ်စွဲသူနှင့် စွပ်စွဲခံရသူ​တို့သည် အတိုင်ပင်ခံ​အဖွဲ့​ရှေ့၌ သူတို့ကိုယ်တိုင် ပြောဆိုခြင်း​အထူး​အခွင့်​အရေးကို ရရှိ​လိမ့်မည်။

၁၉ သက်သေများကို ကြားနာပြီး၊ အတိုင်ပင်ခံများ၊ စွပ်စွဲသူနှင့် စွပ်စွဲခံရသူတို့ ပြောဆို​လေပြီးနောက်၊ ဥက္ကဋ္ဌသည် အမှုနှင့်​စပ်လျဉ်း၍ သူရရှိမည့် နားလည်ခြင်း​အတိုင်း ဆုံးဖြတ်ချက်​တစ်ခုကို ပေးရမည်၊ အတိုင်ပင်ခံ​တစ်ဆယ့်နှစ်ဦးကိုလည်း သူတို့၏​မဲဆန္ဒ​အားဖြင့် ထိုဆုံးဖြတ်ချက်ကို အတည်ပြုရန် တောင်းဆို​ရမည်။

၂၀ သို့ရာတွင်၊ သက်သေများနှင့် လျှောက်လဲချက်များကို သမာသမတ်​ကျစွာ ကြားနာ​ပြီးနောက်၊ မပြောဆို​လေသည့် ကျန်ကြွင်းသော​အတိုင်ပင်ခံ​များက၊ သို့မဟုတ် သူတို့​အထဲမှ တစ်စုံ​တစ်ဦးက ဥက္ကဋ္ဌ၏​ဆုံးဖြတ်ချက်၌ အမှား​အယွင်းတစ်ခုကို တွေ့ရှိလျှင်၊ သူတို့သည် ထိုအရာကို ထင်ရှားစွာ​ပြနိုင်ကြ၏၊ အမှုကိုလည်း ပြန်၍​ကြားနာရမည်။

၂၁ ဂရုတစိုက်​ပြန်၍​ကြားနာခြင်း ပြီးသည့်နောက် အမှုနှင့်​စပ်လျဉ်း၍ နောက်ထပ် အမှန်တရား တစ်စုံ​တစ်ခုကို မြင်တွေ့​ရလျှင် ဆုံးဖြတ်ချက်ကို လျော်ညီစွာ ပြောင်းလဲ​ရမည်။

၂၂ သို့ရာတွင်​နောက်ထပ်​အမှန်တရား ဖော်ပြခြင်း​မရှိပါက၊ ပထမ​ဆုံးဖြတ်ချက်သည် အတည်​ဖြစ်ရမည်၊ အတိုင်ပင်ခံ​အဖွဲ့မှ အများစုသည် အလားတူ​ဆုံးဖြတ်ရန် အခွင့်​ရှိကြ၏။

၂၃ ဩဝါဒ သို့မဟုတ် အခြေခံ​ဩဝါဒနှင့် စပ်လျဉ်း၍ ခက်ခဲခြင်း​ရှိပါက၊ အမှုကို အတိုင်ပင်ခံ​အဖွဲ့၏​စိတ်၌ ရှင်းလင်း​စေသည့် လုံလောက်သော​စာ​မရှိလျှင်၊ ဥက္ကဋ္ဌသည် မေးလျှောက်၍၊ ကိုယ်တော်ရှင်၏​စိတ်ကို ဗျာဒိတ်တော်​အားဖြင့် ရရှိ​နိုင်၏။

၂၄ ယဇ်ပုရောဟိတ်မင်းတို့သည် အဝေးရောက်​နေသော​အခါ၊ အုပ်စုများ သို့မဟုတ် သူတို့​အထဲမှ တစ်ဖက်ဖက်က အခက်အခဲများကို ဖြေရှင်းရန် တောင်းဆိုလျှင်၊ ရှေ့က​ဆိုခဲ့ပြီးသည့်​နည်းအတိုင်း အတိုင်ပင်ခံ​အဖွဲ့တစ်ခုကို ခေါ်ရန်နှင့် စီစဉ်ရန် အခွင့်ရှိကြ၏။

၂၅ အထက်​ဖော်ပြပါ ယဇ်ပုရောဟိတ်မင်း​အတိုင်ပင်ခံ​အဖွဲ့သည် သူတို့​အဖွဲ့​ထဲမှ​တစ်ဦးကို ထိုကဲ့သို့သော အတိုင်ပင်ခံ​အဖွဲ့ကို ဦးစီး​စေခြင်းငှာ ခန့်အပ်​ထားရန် အခွင့်​ရှိကြ​လိမ့်မည်။

၂၆ သူတို့၏ လုပ်ဆောင်မှုများ​အကြောင်း ရေးကူး​ထားသော စာ​တစ်စောင်ကို၊ သူတို့၏ ဆုံးဖြတ်ချက်နှင့်​တွဲလျက် သက်သေခံချက်​အကြောင်း​ဖော်ပြချက် အပြည့်​အစုံ​တစ်ခုနှင့်​အတူ အသင်းတော်၏ ပထမ​ဥက္ကဋ္ဌအဖွဲ့​ရှိရာ အတိုင်ပင်ခံမင်း​အဖွဲ့သို့ ချက်ချင်း​ပေးပို့ရမည်မှာ အထက်​ဖော်ပြပါ အတိုင်ပင်ခံ​အဖွဲ့၏​တာဝန်ဖြစ်၏။

၂၇ အထက်ဖော်ပြပါ အတိုင်ပင်ခံ​အဖွဲ့၏ ဆုံးဖြတ်ချက်ကို အုပ်စုများ သို့မဟုတ် သူတို့​အထဲမှ တစ်ဖက်ဖက်က မကျေနပ်လျှင်၊ သူတို့သည် အသင်းတော်၏ ပထမ​ဥက္ကဋ္ဌအဖွဲ့​ရှိရာ အတိုင်ပင်ခံမင်း​အဖွဲ့သို့ အယူခံ​ဝင်နိုင်ကြ၊ ထို့အတူ ပြန်၍​ကြားနာခြင်းကို ခံယူ​နိုင်ကြ၏၊ ဖော်ပြပါ ဆုံးဖြတ်ချက်ကို မပြုထားခဲ့​လေသည့်​ပမာ၊ ယခင်​ရေးထားသည့် ပုံစံ​အတိုင်း ထိုအမှုကို စီမံ​ကြရမည်။

၂၈ ဤ​အဝေးရောက် ယဇ်ပုရောဟိတ်မင်း အတိုင်ပင်ခံ​အဖွဲ့ကို အသင်းတော် ကိစ္စများနှင့် စပ်လျဉ်းသည့် အခက်ခဲဆုံး​အမှုများ အတွက်သာ ခေါ်ရမည်။ အဘယ် သာမန် သို့မဟုတ် ရိုးရိုး​အမှုမျှ ထိုကဲ့သို့သော အတိုင်ပင်ခံ​အဖွဲ့ကို ခေါ်ရန်​လုံလောက်သော​အကြောင်း​မရှိ။

၂၉ ထိုကဲ့သို့သော အတိုင်ပင်ခံ​အဖွဲ့ကို ခေါ်ဖို့ လိုအပ်ခြင်း​ရှိမရှိကို ပြောရန် ခရီးသွား​သို့မဟုတ် အဝေးရောက်​နေသော ယဇ်ပုရောဟိတ်မင်း​အဖွဲ့၌ အခွင့်​ရှိ၏။

၃၀ အတိုင်ပင်ခံမင်း​အဖွဲ့ သို့မဟုတ် ခရီးသွား​အဝေးရောက် ယဇ်ပုရောဟိတ်မင်းများ၊ တမန်တော်​တစ်ဆယ့်နှစ်ပါး ပါဝင်သည့် ခရီးသွား​အတိုင်ပင်ခံမင်း​အဖွဲ့တို့ကြား၌ သူတို့၏ ဆုံးဖြတ်ချက်များတွင် ကွဲပြားချက်​တစ်ခု​ရှိ၏။

၃၁ ယခင်​အဖွဲ့၏ ဆုံးဖြတ်ချက်၌ အယူခံ​ဝင်ခြင်း​ရှိနိုင်၏။ သို့ရာတွင် နောက်အဖွဲ့၏ ဆုံးဖြတ်ချက်၌ မရှိနိုင်။

၃၂ လွန်ကျူးခြင်း​ပါဝင်သော အမှု၌သာ နောက်အဖွဲ့သည် အသင်းတော်၏ အထွေထွေ အခွင့်​အာဏာပိုင်တို့​အားဖြင့် မေးမြန်းရန် အခေါ်​ခံရ​နိုင်၏။

၃၃ အယူခံ​ဝင်ခြင်း၊ သက်သေခံများ၊ တွဲဖက်ပါရှိသော ဖော်ပြချက်များကို စုံစမ်း စစ်ဆေး​ပြီးနောက်၊ ထိုကဲ့သို့ အယူခံ​ဝင်လာ​နိုင်သည့် အမှုကို ပြန်လည်​ကြားနာရန် တရား​မျှတစွာ ခံစားပိုင်ခွင့် ရှိမရှိ ဆုံးဖြတ်ရန် ဥက္ကဋ္ဌ သို့မဟုတ် အသင်းတော်၏ ပထမ​ဥက္ကဋ္ဌအဖွဲ့​ရှိရာ ဥက္ကဋ္ဌတို့၌ အခွင့်​ရှိရမည့်​အကြောင်း ဆုံးဖြတ်​ကြ၏။

၃၄ ထို့နောက်တွင် အတိုင်ပင်ခံ​တစ်ဆယ့်​နှစ်ဦးသည် အဘယ်သူ​ပထမဆုံး ပြောသင့်ကြောင်း၊ စာရေးတံချ သို့မဟုတ် ဆန္ဒမဲ​ပေးခြင်းကို ဆက်၍​ပြုကြ၏၊ ရလဒ်မှာ အမည်အားဖြင့် ၁၊ အော်လီဗာ​ကောင်ဒရီ။ ၂၊ ဂျိုးဇက်​ကိုး။ ၃၊ ဆင်မြူရယ်​အိပ်ခ်ျ​စမစ်။ ၄၊ လု​ဂျွန်ဆင်။ ၅၊ ဂျွန်​အက်စ်​ကာတာ။ ၆၊ ဆီလ်ဗက်စတာ​စမစ်။ ၇၊ ဂျွန်​ဂျွန်ဆင်။ ၈၊ အော်ဆန်​ဟိုက်။ ၉၊ ယာရက်​ကာတာ။ ၁၀၊ ဂျိုးဇက်​စမစ်​အကြီး။ ၁၁၊ ဂျွန်​စမစ်။ ၁၂၊ မာတင်​ဟဲရစ်တို့ဖြစ်၏။ဆုတောင်းပြီးနောက် ညီလာခံကို ရပ်နား၏။

အော်လီဗာကောင်ဒရီ၊

အော်ဆန်ဟိုက်

စာရေးများ