ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၇၆


အပိုဒ်ငယ် ၇၆

၁၈၃၂ ခု၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်​တို့အား ပေး​တော်မူ​ခဲ့သည့် ရူပါရုံ။ ဤ​ရူပါရုံ​အကြောင်း​မှတ်တမ်း၏ ကျမ်းဦး​စကား​အဖြစ်၊ ဂျိုးဇက်​စမစ်၏ သမိုင်းက ဖော်ပြ​သည်မှာ “အမ်းဟက်​ညီလာခံမှ ကျွန်ုပ်​ပြန်လာ​ပြီးနောက်၊ ကျမ်းစာ​ဘာသာ​ပြန်ခြင်းကို ကျွန်ုပ်​ပြန်လည်​စတင်​ခဲ့၏။ လက်ခံ​ရရှိခဲ့​လေသည့် အမျိုးမျိုးသော​ဗျာဒိတ်တော်များ​အရ၊ လူသား၏ ကယ်တင်ခြင်းနှင့် စပ်လျဉ်းသည့် အရေး​ကြီးသော အချက်​များစွာကို သမ္မာ​ကျမ်းမှ နုတ်ယူ​ထား​လေခြင်း၊ သို့မဟုတ် စုဆောင်း​မပြုစုမီ ပျောက်ဆုံး​လေခြင်းမှာ ထင်ရှား​ပေ၏။ ကျန်ရှိ​ခဲ့လေသော အမှန်​တရားများ​အရ၊ ဘုရားသခင်သည် လူတိုင်းကို ကိုယ်ခန္ဓာရှိ​အကျင့်များ​အတိုင်း အကျိုး​ကျေးဇူးကို ပေးလျှင်၊ သန့်ရှင်းသူတို့၏ ထာဝရ​အိမ်​အဖြစ် ရည်ညွှန်းသည့် ‘ကောင်းကင်ဘုံ’ ဟူသော စကားရပ်၌ တစ်ခုထက်​ပိုသော နိုင်ငံတော်များ​ပါဝင်ရ​မည်မှာ အထင်​အရှား ရှိလာ​ပေ၏။ သို့ဖြစ်​သောကြောင့်၊ … ရှင်ယောဟန်၏ ဧဝံဂေလိ​တရားတော်ကို ဘာသာပြန်စဉ်၌ ကျွန်ုပ်​ကိုယ်တိုင်နှင့် အသင်း​လူကြီး​ရစ်ဂဒွန်​တို့သည် အောက်ပါ​ရူပါရုံကို မြင်ခဲ့​ကြ၏။” ဤ​ရူပါရုံကို ပေးလေသည့်​အချိန်တွင်၊ ပရောဖက်သည် ယောဟန် ၅း၂၉၊ ကို ဘာသာပြန်လျက်​ရှိ၏။

၁–၄၊ ကိုယ်တော်ရှင်သည် ဘုရားသခင်​ဖြစ်၏။ ၅–၁၀၊ သစ္စာ​ရှိသော​သူအပေါင်း​တို့အား နိုင်ငံတော်၏ နက်နဲခြင်းကို ဖော်ပြ​လိမ့်မည်။ ၁၁–၁၇၊ တရားသော​သူများ သို့မဟုတ် မတရားသော​သူများ၏ ရှင်ပြန်​ထမြောက်ခြင်း၌ ခပ်သိမ်းသော​သူတို့ ထွက်လာကြ​လိမ့်မည်။ ၁၈–၂၄၊ များစွာသော လောကတို့၌ နေထိုင်သော​သူတို့သည် ယေရှု​ခရစ်တော်၏ အပြစ်​ဖြေခြင်း​မင်္ဂလာ​အားဖြင့် ဘုရားသခင်​အဖို့ ဖြစ်ဖွား​စေသည့် သားများနှင့်​သမီးများ​ဖြစ်ကြ၏။ ၂၅–၂၉၊ ဘုရားသခင်၏ ကောင်းကင်​တမန်​တစ်ပါး ကျရှုံးပြီး နတ်ဆိုး​ဖြစ်လာ၏။ ၃၀–၄၉၊ ပျက်စီးခြင်း၏​သားတို့သည် ထာဝရ​အပြစ်ဒဏ်​ရောက်ခြင်းကို ခံစားကြရ၏၊ အခြားသောသူ​ခပ်သိမ်းတို့သည် ကယ်တင်ခြင်း​ပမာဏ​အချို့ကို ရရှိ​ကြ၏။ ၅၀–၇၀၊ ဆီလက်ရှယ်လ်​နိုင်ငံတော်၌ ချီးမြှောက်​ခံကြရသူတို့၏ ဘုန်း​အသရေနှင့် အကျိုး​ကျေးဇူးတို့ကို ဖော်ပြ​ထား၏။ ၇၁–၈၀၊ ထီရက်စ်ထရီရယ်လ်​နိုင်ငံတော်ကို အမွေ​ခံမည့်​သူများကို ဖော်ပြ​ထား၏။ ၈၁–၁၁၃၊ ထီလက်စ်ရှယ်လ်၊ ထီရက်စ်ထရီရယ်လ်နှင့် ဆီလက်ရှယ်လ်​ဘုန်း​အသရေတို့၌ ရှိကြသော​သူတို့၏ အခြေ​အနေကို ရှင်းပြ​ထား၏။ ၁၁၄–၁၁၉၊ သစ္စာ​ရှိသော​သူတို့သည် ဘုရားသခင့်​နိုင်ငံတော်၏ နက်နဲသော​အရာတို့ကို သန့်ရှင်းသော​ဝိညာဉ်တော်၏ တန်ခိုးတော်​အားဖြင့် မြင်နိုင်၊ နားလည်နိုင်ကြ၏။

နားထောင်​ကြလော့၊ အို အသင်​ကောင်းကင်တို့၊ ထို့အတူ နားညောင်း​ကြလော့၊ အို မြေကြီး၊ ထိုအရပ်တို့၌ နေထိုင်ကြသူ သင်တို့သည်လည်း ရွှင်လန်း​ဝမ်းမြောက်​ကြလော့၊ အကြောင်း​မူကား၊ ကိုယ်တော်ရှင်သည် ဘုရားသခင်​ဖြစ်၏။ သူမှ​တစ်ပါး ကယ်တင်ရှင်​မရှိ။

ကြီးမြတ်သည်မှာ သူ၏​ဉာဏ်ပညာတော်​ဖြစ်၏၊ အံ့ဩဖွယ်​ကောင်းသည်မှာ သူ၏​တရားလမ်းတော်တို့​ဖြစ်၏၊ သူ့အမှုတော်တို့၏ ပမာဏကိုလည်း အဘယ်သူမျှ ရှာမတွေ့နိုင်။

သူ၏​အကြံအစည်တော်များ ကျရှုံးခြင်း​မရှိ၊ သူ၏​လက်တော်ကို ရုပ်သိမ်း​နိုင်သော​သူများလည်း တစ်ဦးမျှ​မရှိ။

ထာဝရ​ကာလမှ ထာဝရ​ကာလသို့​တိုင်အောင် သူသည် အတူတူ​ဖြစ်၏၊ သူ၏​နှစ်များသည်လည်း အဘယ်တော့မျှ မကုန်ဆုံးရ။

အကြောင်း​မူကား၊ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်မှာ—ငါ၊ ကိုယ်တော်ရှင်သည် ငါ့ကို ကြောက်သော​သူတို့အား ကရုဏာကြီး၍ ကျေးဇူး​ပြုတော်မူ​၏၊ ဖြောင့်မတ်ခြင်းနှင့် သမ္မာ​တရားတို့ဖြင့် အဆုံး​တိုင်အောင် ငါ့ကို အစေ​ခံသည့်​သူတို့ကို ဂုဏ်ပြု​ရာ၌လည်း မွေ့လျော်​၏။

ကြီးမြတ်ခြင်းသည် သူတို့၏​အကျိုး​ကျေးဇူး​ဖြစ်လိမ့်မည်၊ ထာဝရသည် သူတို့၏​ဘုန်း​အသရေ​ဖြစ်​လိမ့်မည်။

သူတို့အား၊ ငါသည် ခပ်သိမ်းသော​နက်နဲခြင်းတို့ကို၊ အထူး​သဖြင့်၊ ရှေး​နေ့ရက်များ​ကတည်းက ရှိခဲ့သည့် ငါ့နိုင်ငံတော်၏​ကွယ်ဝှက်​ထားသည့် ခပ်သိမ်းသော​နက်နဲခြင်းတို့ကို ဖော်ပြ​တော်မူမည်၊ နောင်​လာမည့် ကာလတို့၌လည်း၊ နိုင်ငံတော်နှင့်​စပ်ဆိုင်သည့် ခပ်သိမ်းသော​အရာများနှင့် စပ်လျဉ်းသည့် ငါ့​အလိုတော်၏​စေတနာကို သူတို့အား ငါ​ဖော်ပြ​တော်မူမည်။

ထိုမှ​တစ်ပါး၊ ထာဝရ​ကာလ၏ အံ့မခန်း​ချီးမွမ်းဖွယ်​အမှုများကိုပင် သူတို့​သိကြ​လိမ့်မည်၊ ဖြစ်လာမည့်​အမှုများ၊ များစွာသော​မျိုးဆက်တို့၏​အမှုများကိုလည်း သူတို့ကို ငါပြတော်မူမည်။

သူတို့၏​ဉာဏ်ပညာသည်လည်း ကြီးမြတ်​လိမ့်မည်၊ သူတို့၏​နားလည်ခြင်းသည် ကောင်းကင်ကို ထိလိမ့်မည်။ သူတို့ရှေ့၌ ဉာဏ်ပညာရှိ​သူတို့၏ ဉာဏ်ပညာသည် ပျက်စီး​လိမ့်မည်၊ ပညာတတ်​တို့၏ နားလည်ခြင်း​သည်လည်း အကျိုးမဲ့​ဖြစ်လိမ့်မည်။

၁၀ အကြောင်း​မူကား၊ ငါ၏​ဝိညာဉ်တော်​အားဖြင့် ငါသည် သူတို့ကို အလင်းသို့​ရောက်စေမည်၊ ငါ၏ တန်ခိုးတော်​အားဖြင့်လည်း ငါသည် သူတို့အား ငါ့​အလိုတော်၏​လျှို့ဝှက်သော အရာတို့ကို ဖော်ပြ​တော်မူမည်—အထူး​သဖြင့်၊ မျက်စိဖြင့် မမြင်ရ​စဖူး၊ နားဖြင့်လည်း မကြားရ​စဖူး၊ လူသား၏ စိတ်နှလုံး​ထဲသို့ မဝင်ရောက်​စဖူး​သေးသည့် ထိုအရာများ​ပင်တည်း။

၁၁ ကျွန်ုပ်တို့၊ ဂျိုးဇက်​စမစ်​အငယ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်တို့သည် ဝိညာဉ်တော်၌ ရှိလျက်၊ ဖေဖော်ဝါရီ တစ်ဆယ့်​ခြောက်ရက်​မြောက်၊ ကိုယ်တော်ရှင်၏ တစ်ထောင့်​ရှစ်ရာ​သုံးဆယ့်နှစ်​နှစ်တွင်—

၁၂ ဝိညာဉ်တော်၏ တန်ခိုးတော်​အားဖြင့် ကျွန်ုပ်တို့၏ မျက်စိများ ပွင့်လေပြီး၊ ကျွန်ုပ်တို့၏ နားလည်ခြင်းသည် အလင်းသို့​ရောက်သဖြင့်၊ ဘုရားသခင်၏​အရာတို့ကို မြင်၍ နားလည်ကြ၏—

၁၃ ကမ္ဘာ​မတည်ရှိမီ ရှေးဦးစွာကတည်းက ရှိလေသည့်​အရာများပင်​ဖြစ်၏၊ ထိုအရာတို့သည်ကား၊ ခမည်းတော်၏​ရင်၌ ရှေးဦးစွာ​ကပင် ရှိလေသည့်သူ​တည်းဟူသော သူဖြစ်ဖွား​စေသည့် တစ်ပါး​တည်းသော​သားတော်​အားဖြင့် ခမည်းတော်​စီရင်​လေသည့်​အရာများ​ဖြစ်၏။

၁၄ သူ့အကြောင်းကို ကျွန်ုပ်တို့​သက်သေခံ​ကြ၏။ ကျွန်ုပ်တို့​သက်သေခံသည့်​အရာမှာ သားတော်​ဖြစ်သူ ယေရှု​ခရစ်တော်၏ ဧဝံဂေလိ​တရားတော်​အပြည့်​အစုံ​ဖြစ်၏၊ သူ့ကို ကျွန်ုပ်တို့​မြင်ခဲ့ကြပြီး ကျွန်ုပ်တို့သည် ကောင်းကင်ဘုံရှင်​ရူပါရုံ၌ သူနှင့်​စကားပြောခဲ့​ကြ၏။

၁၅ အကြောင်း​မူကား၊ ကျွန်ုပ်တို့ကို ကိုယ်တော်ရှင်​ခန့်အပ်သည့် ဘာသာပြန်ခြင်း​အမှုကို ကျွန်ုပ်တို့ ဆောင်ရွက်​စဉ်တွင်၊ ကျွန်ုပ်တို့သည် ယောဟန်​အခန်းကြီးငါး အခန်းငယ်​နှစ်ဆယ့်ကိုးသို့ ရောက်လာ​ခဲ့ပြီး ကျွန်ုပ်တို့ကို အောက်ပါ​အတိုင်း ဖော်ပြ​ခဲ့၏—

၁၆ ဆိုလေ​သည်ကား၊ သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်း၊ လူသားတော်၏ အသံကို ကြားနာ​ရမည့်​သူတို့​အကြောင်း​ဖြစ်၏။

၁၇ အကောင်းကို ကျင့်သော​သူတို့သည် တရားသော​သူတို့၏ ရှင်ပြန်​ထမြောက်ခြင်း၌၊ အဆိုးကို ကျင့်သော​သူတို့သည် မတရားသော​သူတို့၏ ရှင်ပြန်​ထမြောက်ခြင်း၌ ထွက်လာကြ​လိမ့်မည်။

၁၈ ယခုတွင်၊ ဤအရာက ကျွန်ုပ်တို့ကို အံ့ဩစေ၏၊ အကြောင်း​မူကား၊ ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့ကို ဖော်ပြ​လေ၏။

၁၉ ဤအရာတို့ကို ကျွန်ုပ်တို့​စဉ်းစား​ဆင်ခြင်​နေစဉ်တွင်၊ ကျွန်ုပ်တို့၏ ဉာဏ်မျက်စိကို ကိုယ်တော်ရှင်​ထိ၍ ပွင့်လေ​သဖြင့်၊ ပတ်ဝန်းကျင်၌ ကိုယ်တော်ရှင်၏ ဘုန်းတော်​ထွန်းတောက်၏။

၂၀ ကျွန်ုပ်တို့​သည်လည်း ခမည်းတော်၏​လက်ယာတော်​ဘက်၌ သားတော်၏​ဘုန်းတော်ကို မြင်ကြ​ရပြီး၊ သူ၏​ပြည့်စုံခြင်းကို ရရှိ​ကြ၏။

၂၁ သန့်ရှင်းသော ကောင်းကင်​တမန်များ၊ ထို့အတူ သန့်ရှင်း​စင်ကြယ်စေ​ပြီးလေသော​သူများ ဘုရားသခင်ကို၊ ထို့အတူ သိုးသငယ်ကို ကိုးကွယ်လျက်၊ သူ့ကို ကာလ​အစဉ်​အဆက် အမြဲကိုးကွယ်ကြ​သည်ကိုလည်း သူ၏​ပလ္လင်​ရှေ့၌ မြင်ကြ​ရ၏။

၂၂ ယခုမူကား၊ သူ့အကြောင်းကို များစွာသော​သက်သေခံချက်များ ပြီးလေ​ပြီးနောက်၊ ဤအရာသည်ကား၊ သူ​အသက်ရှင်တော်မူကြောင်း၊ သူ့အကြောင်း နောက်ဆုံးအနေ​အဖြစ် ကျွန်ုပ်တို့ပေးသည့် သက်သေခံချက်​ပေတည်း။

၂၃ အကြောင်း​မူကား၊ ကျွန်ုပ်တို့သည် သူ့ကို ဘုရားသခင်၏​လက်ယာတော်ဘက်၌ပင် မြင်ကြရ၏။ သူသည် ခမည်းတော်​ဖြစ်ဖွား​စေသည့် တစ်ပါး​တည်းသော​သားတော်​ဖြစ်ကြောင်း သက်သေခံသည့် အသံကိုလည်း ကျွန်ုပ်တို့​ကြားကြ​ပေ၏။

၂၄ သူ့အားဖြင့်၊ ထို့အတူ သူမှ​တစ်ဆင့်၊ ထို့အတူ သူ့​ထံမှ ကမ္ဘာတို့ကို ဖန်ဆင်း​ထားလေခဲ့၊ ဖန်ဆင်း​ထားလျက်​ရှိပေ၏၊ ထိုအရပ်တို့၌ နေထိုင်သော​သူများသည်လည်း ဘုရားသခင်​အဖို့ ဖြစ်ဖွား​စေသည့် သားများနှင့် သမီးများ ဖြစ်ကြ၏။

၂၅ ကျွန်ုပ်တို့​မြင်၍၊ သက်သေခံကြ​သည်မှာ၊ ဘုရားသခင်၏ မျက်မှောက်တော်၌ အခွင့်​အာဏာ​ရှိသည့် ကောင်းကင်တမန်​တစ်ပါး၊ ထိုတမန်သည် ခမည်းတော်​ချစ်သည့်၊ ထို့အတူ ခမည်းတော်၏ ရင်၌ ရှိလေသူ​တည်းဟူသော ခမည်းတော်​ဖြစ်ဖွားစေသည့် တစ်ပါး​တည်းသော​သားတော်ကို ဆန့်ကျင်​ပုန်ကန်၍ ဘုရားသခင်နှင့် သားတော်၏ မျက်မှောက်တော်မှ ပစ်ချခံရသည့် အကြောင်း၊

၂၆ ပျက်စီးခြင်းဟု အခေါ်​ခံရကြောင်း​ပေတည်း၊ အကြောင်း​မူကား၊ ကောင်းကင်သား​တို့သည် သူ့အတွက် ငိုကြွေးကြ၏—သူသည်ကား၊ လူစီဖာ၊ နံနက်သား​ဖြစ်၏။

၂၇ ကျွန်ုပ်တို့​မြင်ကြရ၏၊ ကြည့်ဦးလော့၊ သူသည် လဲကျလေပြီ​တကား၊ နံနက်သားသည်ပင် လဲကျလေပြီ​တကား။

၂၈ ဝိညာဉ်တော်၌ ကျွန်ုပ်တို့​ရှိနေသေး​စဉ်တွင်၊ ရူပါရုံကို ရေးရမည့်​အကြောင်း ကျွန်ုပ်တို့ကို ကိုယ်တော်ရှင်​မိန့်တော်မူ၏။ အကြောင်း​မူကား၊ ဘုရားသခင်ကို ဆန့်ကျင်​ပုန်ကန်ပြီး၊ ကျွန်ုပ်တို့​ဘုရားသခင်နှင့် သူ့ခရစ်တော်၏​နိုင်ငံတော်ကို သိမ်းယူဖို့​ကြိုးစားသည့်သူ၊ စာတန်၊ ရှေး​မြွေဟောင်း၊ နတ်ဆိုး​ကိုပင် ကျွန်ုပ်တို့​မြင်ကြ၏—

၂၉ သို့ဖြစ်၍၊ သူသည် ဘုရားသခင်၏ သန့်ရှင်းသူတို့နှင့် စစ်တိုက်၏၊ သူတို့ကို ပတ်လည်​ဝိုင်းထား၏။

၃၀ သူ​စစ်တိုက်၍ အောင်နိုင်ခဲ့​သူတို့၏ ဒုက္ခဝေဒနာ​ခံစားခြင်းများအကြောင်း ရူပါရုံကို ကျွန်ုပ်တို့​မြင်ကြရ၏၊ ကျွန်ုပ်တို့​ထံသို့ ကိုယ်တော်ရှင်၏​အသံ ရောက်လာ​သည်ကား၊

၃၁ ငါ၏​တန်ခိုးတော်ကို​သိကြပြီး၊ ထိုတန်ခိုးတော်ကို ခံယူသူများ​ဖြစ်စေလျက်၊ နတ်ဆိုး၏ တန်ခိုး​အားဖြင့် အနိုင်ခံ​ရဖို့၊ ထို့အတူ သမ္မာတရားကို ငြင်းဆိုဖို့နှင့် ငါ၏​တန်ခိုးတော်ကို ကြိမ်းပဖို့ မိမိတို့ကိုယ်ကို အခွင့်​ပေးကြသူ​အပေါင်းတို့နှင့်​စပ်လျဉ်း၍ ကိုယ်တော်ရှင် မိန့်တော်မူသည်မှာ—

၃၂ သူတို့သည်ကား၊ ပျက်စီးခြင်း၏​သားများ ဖြစ်ကြ၏၊ ဖွားမြင်ခြင်းကို မခံရလျှင် အနေသာ၍​ကောင်းပေလိမ့်မည်ဟု ငါဆိုသည့်​သူများ​ဖြစ်၏။

၃၃ အကြောင်း​မူကား၊ သူတို့သည် အမျက်​ခွက်များ၊ ထာဝရ​ကာလ၌ နတ်ဆိုးနှင့် သူ၏​တမန်တို့နှင့်အတူ ဘုရားသခင်၏ အမျက်တော်ကိုခံစားရဖို့ ကြမ္မာ​ငင်ကြသူများ​ဖြစ်၏။

၃၄ သူတို့နှင့်​စပ်လျဉ်း၍ ငါ​မိန့်တော်မူ​ခဲ့သည်မှာ ဤ​လောက၌ အပြစ်​လွှတ်ခြင်း​မရှိ၊ လာမည့်​လောက၌လည်း​မရှိ—

၃၅ သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရရှိကြ​လေပြီးနောက် ငြင်းဆို​ကြ၍၊ ခမည်းတော်​ဖြစ်ဖွား​စေသည့် တစ်ပါး​တည်းသော​သားတော်ကို ငြင်းဆိုလျက်၊ သူတို့​စိတ်နှလုံး၌ သူ့ကို လက်ဝါးကပ်တိုင်မှာတင်၍ ကွပ်မျက်ပြီး ထင်ရှားစွာ အသရေ​ရှုတ်ချ​ကြ၏။

၃၆ ဤသူတို့​သည်ကား၊ ကန့်နှင့်​ရောသော​မီးအိုင်​ထဲသို့ နတ်ဆိုးနှင့် သူ၏တမန်တို့နှင့်အတူ ထွက်သွား​ကြမည့်​သူများ​ဖြစ်၏—

၃၇ သူတို့သည်​သာလျှင် ဒုတိယ​သေခြင်းမှ တန်ခိုး​တစ်စုံ​တစ်ရာ သက်ရောက်မည့်​သူများ ဖြစ်၏။

၃၈ အထူး​သဖြင့်၊ သူတို့သည်​သာလျှင် ကိုယ်တော်ရှင်၏ အမျက်တော်ကြောင့် ဒုက္ခ​ဝေဒနာ​ခံစားခြင်းများ၏နောက်၌၊ သူ၏ ကာလ​အချိန်တန်​သောအခါ ရွေးနုတ်​မခံရမည့်​သူများ အမှန်​ဖြစ်၏။

၃၉ အကြောင်း​မူကား၊ ကျန်သောသူ​ခပ်သိမ်းတို့ကို သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်း​အားဖြင့်၊ ထွက်လာ​စေလိမ့်မည်၊ ကွပ်မျက်​ခံရလေသူ၊ ကမ္ဘာများကို မဖန်ဆင်းမီ ခမည်းတော်၏ ရင်၌​ရှိလေသူ​တည်းဟူသော၊ သိုးသငယ်၏ အောင်နိုင်ခြင်းနှင့် ဘုန်းတော်တို့ အားဖြင့်​ပင်တည်း။

၄၀ ဤအရာသည်ကား၊ ဧဝံဂေလိ​တရားတော်၊ ဝမ်းသာ​စရာ​သတင်း၊ ကောင်းကင်ဘုံမှ​နေ၍ ကျွန်ုပ်တို့ထံ​သက်သေခံသည့် အသံ​ဖြစ်၏—

၄၁ လောက​အတွက် လက်ဝါးကပ်တိုင်မှာ​ကွပ်မျက်​ခံရဖို့၊ ထို့အတူ လောကီသား​တို့၏​အပြစ်များကို ခံခြင်းငှာ၊ ထို့အတူ လောကကို သန့်ရှင်း​စေခြင်းငှာ၊ ထို့အတူ ခပ်သိမ်းသော မတရားမှုမှ သန့်စင်​စေခြင်းငှာ၊ သူ၊ ယေရှု​သည်ပင်၊ လောက​ထဲသို့ ကြွလာတော်မူ​ခဲ့သည့်​အကြောင်း၊

၄၂ ခမည်းတော်က မိမိ​တန်ခိုးတော်​အောက်၌​ထား၍ ဖန်ဆင်းတော်မူခဲ့သူ​တည်းဟူသောသူ့အားဖြင့် ခပ်သိမ်းသော​သူတို့ ကယ်တင်ခြင်းသို့ ရောက်နိုင်​စေသည့် အကြောင်း​ပေတည်း။

၄၃ သူသည် ခမည်းတော်ကို ချီးမွမ်း၏၊ ခမည်းတော်​ဖော်ပြတော်မူ​လေပြီးနောက်၊ သားတော်ကို ငြင်းဆိုကြသည့် ပျက်စီးခြင်း၏​သားများမှ​တစ်ပါး၊ သူ့လက်ဖြင့် ဖန်ဆင်း​တော်မူသည့် ခပ်သိမ်းသော​အရာတို့ကို ကယ်တင်၏။

၄၄ သို့ဖြစ်၍၊ ထိုသူတို့မှ​တစ်ပါး၊ ခပ်သိမ်းသော အရာတို့ကို သူ​ကယ်တင်​တော်မူ၏—ထိုသူတို့သည် မိမိတို့​ပိုးလောက်များ သေခြင်း​မရှိရာ၊ ထို့အတူ မီး​မငြိမ်းသည့် မိမိတို့၏ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ​ဖြစ်ခြင်းတွင်၊ ထာဝရ​ကာလ၌ နတ်ဆိုးနှင့် သူ၏တမန်တို့နှင့်အတူ အစိုးရဖို့၊ အဆုံး​မရှိသည့်​အပြစ်ဒဏ်၊ ထာဝရ​အပြစ်ဒဏ်​ဖြစ်သည့် ထာဝရ​တည်မြဲသည့် အပြစ်ဒဏ်​ထဲသို့ သွားကြ​လိမ့်မည်—

၄၅ ထိုအရာ၏​အဆုံးကို​သော်လည်းကောင်း၊ ထိုအရာ၏ နေရာကို​သော်လည်းကောင်း၊ သူတို့၏​စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းကို​သော်လည်းကောင်း အဘယ်​သူမျှ​မသိ။

၄၆ ထိုအရာကို ခံယူသူဖြစ်စေသည့် သူများမှတစ်ပါး၊ လူသားထံသို့ မဖော်ပြလေခဲ့၊ ဖော်ပြထားခြင်းလည်းမရှိ၊ ဖော်ပြလိမ့်မည်လည်းမဟုတ်။

၄၇ သို့သော်လည်း၊ ငါ၊ ကိုယ်တော်ရှင်သည် ရူပါရုံအားဖြင့် များစွာသောသူများထံသို့ ပြတော်မူ၏၊ သို့ရာတွင် ချက်ချင်းတစ်ဖန်ပြန်၍ပိတ်၏။

၄၈ သို့ဖြစ်၍၊ ထိုအရာ၏ အဆုံး၊ အကျယ်၊ အမြင့်၊ အနက်နှင့် နက်နဲခြင်းကို သူတို့နားလည်ခြင်း မရှိကြ၊ ဤပြစ်ဒဏ်ချမှတ်ခြင်းသို့ ခန့်ထားခံရသောသူများမှတစ်ပါး အဘယ်သူမျှလည်း နားမလည်ကြ။

၄၉ ဆိုလေသည့်​အသံကို ငါတို့​ကြားရ​သည်ကား၊ ရူပါရုံကို ရေးလော့၊ အကြောင်း​မူကား ကြည့်ပါ၊ ဤအရာမှာ ဘုရားမဲ့​နေသောသူတို့ ဒုက္ခ​ဝေဒနာ​ခံစားခြင်းများအကြောင်း ရူပါရုံ၏အဆုံး​ဖြစ်၏။

၅၀ ထိုမှ​တစ်ဖန်၊ ကျွန်ုပ်တို့​သက်သေ​ခံကြ​ပါ၏—အကြောင်း​မူကား၊ ကျွန်ုပ်တို့ မြင်ရ​ကြားရ၏၊ ဤ​အရာမှာ တရားသော​သူတို့၏​ရှင်ပြန်​ထမြောက်ခြင်း၌ ထွက်လာ​ကြမည့်​သူတို့နှင့် စပ်လျဉ်း၍ ခရစ်တော်၏ ဧဝံဂေလိ​တရားတော်​အကြောင်း သက်သေခံချက်​ဖြစ်၏—

၅၁ ထိုသူတို့​သည်ကား၊ ယေရှု​အကြောင်း သက်သေ​ခံချက်ကို လက်ခံ​ကြသော၊ ထို့အတူ သူ၏​နာမတော်ကို ယုံကြည်ပြီး၊ သူ၏​နှစ်မြှုပ်ခြင်း​နည်းတူ သူ၏​နာမတော်၌ ရေထဲတွင် နှစ်မြှုပ်​ခံလျက် ဗတ္တိဇံခံကြသော​သူများ​ဖြစ်၏၊ ဤအရာ​သည်လည်း သူ​ပေးထား​တော်မူ​လေသည့် ပညတ်တော်အတိုင်းဖြစ်၏—

၅၂ ပညတ်တော်များကို စောင့်ထိန်းခြင်း​အားဖြင့် သူတို့၏​ခပ်သိမ်းသော​အပြစ်များမှ ဆေးကြော၍၊ သန့်စင်​စေခြင်းကို ခံရ​နိုင်ပြီး၊ ဤ​အခွင့်သို့ ခန့်ထားပြီး၊ တံဆိပ်ခတ်​ခံထားရသူ၏ လက်တင်ခြင်း​အားဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရရှိ​နိုင်ကြ​စေကြောင်း​ပေတည်း။

၅၃ ယုံကြည်ခြင်း​အားဖြင့် အောင်နိုင်ကြသူများ၊ ထို့အတူ ဖြောင့်မတ်​မှန်ကန်သော သူအပေါင်းတို့​အပေါ် ခမည်းတော်​သွန်းလောင်း​တော်မူသည့် ကတိတော်နှင့်​ယှဉ်သော သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် တံဆိပ်ခတ်​ခံရသူများလည်း ဖြစ်ကြ၏။

၅၄ သူတို့သည် သားဦး၏​အသင်းတော်​ဖြစ်သောသူများ​ဖြစ်ကြ၏။

၅၅ သူတို့သည် လက်ထဲသို့ ခပ်သိမ်းသော​အရာများကို ခမည်းတော်​ပေးတော်မူ​ခဲ့သည့်​သူများ ဖြစ်ကြ၏—

၅၆ သူတို့သည် သူ၏​ပြည့်စုံခြင်း၊ ထို့အတူ သူ၏​ဘုန်းတော်ကို ရရှိကြလေသူများ​တည်းဟူသော ယဇ်ပုရောဟိတ်များနှင့် ရှင်ဘုရင်များ ဖြစ်ကြ၏။

၅၇ တစ်ပါး​တည်းသော​သားတော်၏ အသင်း​အတိုင်း​ဖြစ်လေသည့် ဧနောက်၏ အသင်း​အတိုင်း ဖြစ်လေသော မေလခိဇေဒက်၏ အသင်းအတိုင်း၊ အမြင့်ဆုံးသော​ဘုရား၏ ယဇ်ပုရောဟိတ်များလည်း ဖြစ်ကြ၏။

၅၈ သို့ဖြစ်၍၊ ရေးထားသည့်​အတိုင်း၊ သူတို့သည် ဘုရားများ၊ ဘုရားသခင်၏​သားများပင် ဖြစ်ကြ၏—

၅၉ သို့ဖြစ်၍၊ ခပ်သိမ်းသော အရာတို့သည် သူတို့အဖို့ ဖြစ်ကြ၏၊ အသက်ရှင်ခြင်း​ဖြစ်စေ၊ သေခြင်း​ဖြစ်စေ၊ မျက်မှောက်​အရာ​ဖြစ်စေ၊ ဖြစ်လာမည့်​အရာ​ဖြစ်စေ ခပ်သိမ်းသော အရာတို့သည် သူတို့​အဖို့ ဖြစ်ကြ၏၊ သူတို့သည်လည်း ခရစ်တော်​အဖို့ ဖြစ်ကြ၏၊ ခရစ်တော်သည်လည်း ဘုရားသခင်​အဖို့ ဖြစ်​တော်မူ၏။

၆၀ သူတို့သည် ခပ်သိမ်းသော​အရာတို့ကို အောင်နိုင်​လိမ့်မည်။

၆၁ သို့ဖြစ်၍၊ အဘယ်သူမျှ လူသား၌ ဝါကြွားခြင်း မရှိ​စေနှင့်၊ ခပ်သိမ်းသော​ရန်သူတို့ကို သူ့ခြေ​အောက်၌ ထား၍​အောင်မည့် ဘုရားသခင်​၌သာလျှင် ဝါကြွား​စေလော့။

၆၂ ဤသူတို့သည် ဘုရားသခင်နှင့် သူ့ခရစ်တော်၏​မျက်မှောက်တော်၌ ကာလ​အစဉ်​အဆက် အမြဲ​နေထိုင်​ကြရ​လိမ့်မည်။

၆၃ ဤသူတို့​သည်ကား၊ သူသည် မိမိ​လူမျိုးတို့ကို မြေကြီး​ပေါ်မှာ အုပ်စိုးဖို့ ကောင်းကင် တိမ်တိုက်​ထဲ၌ ကြွလာ​တော်မူမည့်​အချိန်တွင်၊ သူနှင့်​အတူ ဆောင်ယူ​တော်မူမည့်​သူများ ဖြစ်ကြ၏။

၆၄ ဤသူတို့သည် ပထမ​ရှင်ပြန်​ထမြောက်ခြင်းကို ဝင်စား​ကြမည့်​သူများ​ဖြစ်ကြ၏။

၆၅ ဤသူတို့သည် တရားသော​သူတို့၏ ရှင်ပြန်​ထမြောက်ခြင်း၌ ထွက်လာ​ကြမည့်​သူများ ဖြစ်ကြ၏။

၆၆ ဤသူတို့သည် ဇိအုန်​တောင်သို့​လည်းကောင်း၊ အသက်​ရှင်တော်​မူသော ဘုရားသခင်၏ မြို့​တည်းဟူသော ခပ်သိမ်းသော​အရာတို့ထက် အသန့်ရှင်းဆုံး​ဖြစ်သည့် ကောင်းကင်ဘုံရှင်​နေရာသို့ လာကြ​သူများ​ဖြစ်၏။

၆၇ ဤ​သူတို့သည် မရေတွက်​နိုင်အောင်​ရှိသော ကောင်းကင်​တမန်တို့၏ အစု​အဝေးသို့ လည်းကောင်း၊ အထွေထွေ​အစည်းအဝေးနှင့် ဧနောက်၏၊ ထို့အတူ သားဦး၏ အသင်းတော်သို့​လည်းကောင်း လာကြ​လေသူများ ဖြစ်၏။

၆၈ ဤသူတို့သည် ကောင်းကင်၌ အမည်များ ရေးထား​ခံရသူများ ဖြစ်၏၊ ထိုနေရာ၌ ဘုရားသခင်နှင့် ခရစ်တော်သည် ခပ်သိမ်းသော​သူတို့၏ တရားသူကြီး​ဖြစ်၏။

၆၉ ဤသူတို့သည်ကား၊ မိမိကိုယ်တိုင်၏​အသွေးတော်​သွန်းလောင်းခြင်း​အားဖြင့် ဤ​စုံလင်သော​အပြစ်​ဖြေခြင်း​မင်္ဂလာကို ပြုပြင်​စီရင်​ခဲ့သူ၊ ပဋိညာဉ်​တရားသစ်၏ အရှင်​တည်းဟူသော စေ့စပ်ရှင် ယေရှု​အားဖြင့် စုံလင်​စေခဲ့သည့် တရားသော​သူများ ဖြစ်ကြ၏။

၇၀ ဤသူတို့သည်ကား၊ နေ၏​ဂုဏ်အသရေ၊ အမှန်​စင်စစ်၊ ခပ်သိမ်းသော​အရာတို့ထက် အမြင့်ဆုံး ဖြစ်သည့် ဘုရားသခင်၏ ဂုဏ်အသရေ ကဲ့သို့ပင်​ရှိသည့် ဆီလက်ရှယ်လ် ကိုယ်ခန္ဓာ​ရှိသူများ​ဖြစ်၏၊ စံနမူနာ​ထားရာအဖြစ်​ရေးထား​လေသည့် မိုးမျက်နှာကြက်ရှိ နေ၏ ဂုဏ်အသရေ​ကဲ့သို့ပင်​ဖြစ်၏။

၇၁ ထိုမှ​တစ်ဖန်၊ ကျွန်ုပ်တို့သည် ထီရက်စ်ထရီရယ်လ်​လောကကို မြင်ခဲ့​ကြ၏၊ ရှုဦးလော့၊ ကြည့်ဦးလော့၊ ဤသူတို့​သည်ကား၊ ထီရက်စ်ထရီရယ်လ်သားများဖြစ်ကြ၏၊ ခမည်းတော်၏​ပြည့်စုံခြင်းကို လက်ခံ​ရရှိကြ​လေသည့် သားဦး၏​အသင်းတော်၏ ဂုဏ်အသရေနှင့် ခြားနားသည့်​ဂုဏ်အသရေ​ရှိသောသူများ ဖြစ်ကြ၏၊ လ၏​ဂုဏ်အသရေသည် မိုးမျက်နှာကြက်ရှိ​နေနှင့် ခြားနား​သကဲ့သို့ပင်​ဖြစ်၏။

၇၂ ရှုလော့၊ ဤသူတို့သည်ကား ပညတ်​တရား​မရှိဘဲ သေသော​သူများ​ဖြစ်ကြ၏။

၇၃ ထို့အတူ၊ ထောင်ထဲမှာ​လှောင်ထားသည့် လူသား​ဝိညာဉ်များလည်း​ဖြစ်၏၊ ဇာတိကိုယ်​ခန္ဓာ၌ လူသားတို့အတိုင်း တရား​စီရင်​ခံကြရနိုင်မည့်​အကြောင်း ထိုသူတို့ကို သားတော်​အကြည့်​အရှု ကြွတော်မူပြီး၊ ဧဝံဂေလိ​တရားတော်ကို ဟောပြော၏။

၇၄ ဇာတိ​ကိုယ်ခန္ဓာ၌​ရှိစဉ် ယေရှု​အကြောင်း​သက်သေခံချက်ကို လက်ခံရရှိခြင်း​မရှိသော​သူများဖြစ်၏၊ သို့ရာတွင် နောက်ပြီးမှ လက်ခံ​ရရှိကြ၏။

၇၅ ဤသူတို့သည် မြေကြီး​ပေါ်၌ ဂုဏ်သရေ​ရှိသူများ၊ လူသားတို့၏​ပရိယာယ်ကြောင့် အလင်း​ကွယ်ရ​သူများ ဖြစ်ကြ၏။

၇၆ ဤသူတို့သည် သူ၏​ဘုန်းအသရေကို ရရှိကြ၏၊ သို့ရာတွင် သူ၏​ပြည့်စုံခြင်းကို မရရှိကြ။

၇၇ ဤသူတို့သည် သားတော်၏​မျက်မှောက်တော်ကို ရရှိကြ၏၊ သို့ရာတွင် ခမည်းတော်၏​ပြည့်စုံခြင်းကို မရရှိကြ။

၇၈ သို့ဖြစ်၍၊ သူတို့သည် ထီရက်စ်ထရီရယ်လ်ကိုယ်ခန္ဓာများ ဖြစ်ကြ၏၊ ဆီလက်ရှယ်လ်​ကိုယ်ခန္ဓာများ​မဟုတ်ကြ၊ လသည် နေနှင့် ခြားနား​သကဲ့သို့ ဂုဏ်အသရေ၌လည်း ခြားနားကြ၏။

၇၉ ဤသူတို့သည် ယေရှု​အကြောင်း​သက်သခံချက်၌ မရဲရင့်​ကြသော​သူများဖြစ်၏။ သို့ဖြစ်၍၊ ကျွန်ုပ်တို့​ဘုရားသခင့်​နိုင်ငံတော်၏​သရဖူကို ရရှိခြင်း မရှိကြ။

၈၀ ယခုမူကား၊ ဤအရာသည် ထီရက်စ်ထရီရယ်လ်​အကြောင်း ကျွန်ုပ်တို့​မြင်ခဲ့သည့် ရူပါရုံ၏​အဆုံး​ဖြစ်၏၊ ဝိညာဉ်တော်၌ ကျွန်ုပ်တို့​ရှိနေသေး​စဉ်တွင် ရေးစေ​ခြင်းငှာ ကျွန်ုပ်တို့ကို ကိုယ်တော်ရှင် မိန့်တော်မူ​ခဲ့သည့် အရာ​ပေတည်း။

၈၁ ထိုမှ​တစ်ဖန်၊ ကျွန်ုပ်တို့သည် ထီလက်စ်ရှယ်လ်​ဂုဏ်အသရေကို မြင်ခဲ့​ကြ၏၊ ထိုဂုဏ်အသရေမှာ ပို၍​နိမ့်သော ဂုဏ်အသရေ​ဖြစ်၏၊ ကြယ်တို့၏​ဂုဏ်အသရေ၊ မိုး​မျက်နှာကြက်ရှိ​လ၏​ဂုဏ်အသရေနှင့် ခြားနား​သကဲ့သို့ပင်​ဖြစ်၏။

၈၂ ဤသူတို့သည် ခရစ်တော်၏​ဧဝံဂေလိ​တရားတော်ကို လက်ခံခြင်း​မရှိကြသော​သူများ ဖြစ်၏၊ ယေရှု​အကြောင်း​သက်သေခံချက်ကိုလည်း လက်မခံကြ။

၈၃ ဤသူတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို ငြင်းဆိုခြင်း​မရှိကြသော​သူများ​ဖြစ်၏။

၈၄ ဤသူတို့သည် ငရဲသို့​ပစ်ချ​ခံကြ​ရသော​သူများ​ဖြစ်၏။

၈၅ ဤသူတို့သည် နောက်ဆုံး​ရှင်ပြန်​ထမြောက်ခြင်း မရောက်မီ၊ ကိုယ်တော်ရှင်၊ ခရစ်တော်​သိုးသငယ်​သည်ပင်၊ မိမိ​အမှုတော်ကို မပြီးဆုံးမီ နတ်ဆိုးထံမှ ရွေးနုတ်မခံကြရမည့်​သူများ ဖြစ်၏။

၈၆ ဤသူတို့သည် ထာဝရ​လောက၌ သူ၏​ပြည့်စုံခြင်းကို ရရှိခြင်း​မရှိသည့်​သူများ၊ သို့ရာတွင် ထီရက်စ်ထရီရယ်လ်သားတို့၏ အမှုတော်ဆောင်ခြင်း​အားဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်ကို ရရှိကြသူများ ဖြစ်၏။

၈၇ ထီရက်စ်ထရီရယ်လ်သားတို့သည် ဆီလက်ရှယ်လ်သားတို့၏ အမှုတော်​ဆောင်ခြင်း​အားဖြင့် ရရှိကြ၏။

၈၈ ထီလက်စ်ရှယ်လ်သားတို့သည် မိမိတို့​အတွက် အမှုတော်​ဆောင်စေခြင်းငှာ ခန့်အပ်​ခံရသည့် သို့မဟုတ် မိမိတို့​အတွက် အမှုတော်ဆောင်​ဝိညာဉ်များ​အဖြစ် ခန့်အပ်​ခံရသည့် ကောင်းကင်​တမန်တို့၏ အကူ​အမ​ပေးခြင်း​အားဖြင့် ရရှိ​ကြ၏။ အကြောင်း​မူကား၊ သူတို့သည် ကယ်တင်ခြင်းကို အမွေခံသူများ ဖြစ်ကြလိမ့်မည်။

၈၉ ထိုကဲ့သို့​အားဖြင့်၊ ကျွန်ုပ်တို့သည် အဘယ်သူမျှ နားလည်ခြင်း မမီ​နိုင်သည့် ထီလက်စ်ရှယ်လ်​ဂုဏ်အသရေကို ကောင်းကင်ဘုံရှင်​ရူပါရုံ၌ မြင်ခဲ့​ကြ၏။

၉၀ ဘုရားသခင်​ဖော်ပြထား​လေသူမှ​တစ်ပါး အဘယ်သူမျှ ထိုအရာကို​မသိ။

၉၁ ထိုကဲ့သို့​အားဖြင့်၊ ခပ်သိမ်းသော​အရာတို့၌၊ အကယ်စင်စစ်၊ ဂုဏ်အသရေ၌၊ ထို့အတူ တန်ခိုး၌၊ ထို့အတူ အာနုဘော်၌၊ ထို့အတူ အစိုးရခြင်း၌ ထီလက်စ်ရှယ်လ်​ဂုဏ်အသရေထက် သာလွန်သည့် ထီရက်စ်ထရီရယ်လ်​ဂုဏ်အသရေကို ကျွန်ုပ်တို့​မြင်ခဲ့ကြ၏။

၉၂ ထိုကဲ့သို့​အားဖြင့်၊ ခပ်သိမ်းသော​အရာတို့၌ သာလွန်သည့် ဆီလက်ရှယ်လ်​ဂုဏ်အသရေကို ကျွန်ုပ်တို့ မြင်ခဲ့​ကြ၏—ထိုနေရာ၌ ဘုရားသခင်၊ အဘသည်ပင်၊ သူ၏​ပလ္လင်ပေါ်မှာ ကာလ​အစဉ်​အဆက် အမြဲ​အုပ်စိုး​တော်မူ၏။

၉၃ သူ၏​ပလ္လင်ရှေ့တွင် ခပ်သိမ်းသော​သူတို့သည် နှိမ့်ချသော​ရိုသေခြင်းဖြင့် ဦးညွှတ်​ကြ၏၊ သူ့ကို ကာလ​အစဉ်​အဆက် အမြဲ​ချီးမွမ်း​ကြ၏။

၉၄ သူ၏​မျက်မှောက်တော်၌ နေထိုင်သော​သူတို့သည် သားဦး၏​အသင်းတော်​ဖြစ်၏။ သူတို့သည် သူ၏​ပြည့်စုံခြင်းနှင့် သူ၏​ကျေးဇူးတော်ကို ရရှိ​ကြ၍၊ သူတို့ကို မြင်သကဲ့သို့ သူတို့​မြင်ကြ၏၊ သူတို့ကို သိသကဲ့သို့ သူတို့​သိကြ၏။

၉၅ သူသည်လည်း ထိုသူတို့ကို တန်ခိုး၌၊ ထို့အတူ အာနုဘော်၌၊ ထို့အတူ အစိုးရခြင်း၌ ညီမျှစေ၏။

၉၆ နေ၏​ဂုဏ်အသရေသည် တစ်မျိုး​ဖြစ်သကဲ့သို့ပင်၊ ဆီလက်ရှယ်လ်​ဂုဏ်အသရေသည် တစ်မျိုး​ဖြစ်၏။

၉၇ လ၏​ဂုဏ်အသရေသည် တစ်မျိုး​ဖြစ်သကဲ့သို့ပင်၊ ထီရက်စ်ထရီရယ်လ် ဂုဏ်အသရေသည် တစ်မျိုး​ဖြစ်၏။

၉၈ ကြယ်တို့၏​ဂုဏ်အသရေသည် တစ်မျိုး​ဖြစ်သကဲ့သို့ပင်၊ ထီလက်စ်ရှယ်လ် ဂုဏ်အသရေသည် တစ်မျိုး​ဖြစ်၏။ အကြောင်း​မူကား၊ ကြယ်တစ်လုံးသည် ဂုဏ်အသရေ၌ တခြားသောကြယ်နှင့် ခြားနား​သကဲ့သို့၊ ထိုကဲ့သို့ပင် ထီလက်စ်ရှယ်လ်လောကတွင် တစ်ခုသည် ဂုဏ်အသရေ၌ တခြားတစ်ခုနှင့် ခြားနား၏။

၉၉ အကြောင်း​မူကား၊ ဤသူတို့သည် ပေါလု၏​တပည့်​ဖြစ်သူများ၊ ထို့အတူ အာပေါလု၏​တပည့်​ဖြစ်သူများ၊ ထို့အတူ ကေဖ၏​တပည့်​ဖြစ်သူများ ဖြစ်ကြ၏။

၁၀၀ ဤသူတို့သည်ကား၊ အချို့မှာ တစ်ဦး၏ တပည့်ဟုလည်းကောင်း၊ အချို့မှာ တခြားသောသူ၏ တပည့်ဟု​လည်းကောင်း—အချို့မှာ ခရစ်တော်၏ တပည့်ဟု​လည်းကောင်း၊ အချို့မှာ ယောဟန်၏ တပည့်ဟု​လည်းကောင်း၊ အချို့မှာ မောရှေ၏ တပည့်ဟု​လည်းကောင်း၊ အချို့မှာ ဧလိုင်ယ၏ တပည့်ဟု​လည်းကောင်း၊ အချို့မှာ ဧရှာယ၏ တပည့်ဟု​လည်းကောင်း၊ အချို့မှာ ဟေရှာယ၏ တပည့်ဟု​လည်းကောင်း၊ အချို့မှာ ဧနောက်၏ တပည့်ဟု​လည်းကောင်း ဆိုကြသော​သူများ ဖြစ်ကြ၏။

၁၀၁ သို့ရာတွင်၊ ဧဝံဂေလိ​တရားတော်ကို လက်ခံခြင်း​မရှိကြ၊ ယေရှု​အကြောင်း သက်သေခံချက်ကို သော်လည်းကောင်း၊ ပရောဖက်တို့ကို သော်လည်းကောင်း၊ ထာဝရ​တည်မြဲသော​ပဋိညာဉ်ကို သော်လည်းကောင်း လက်ခံခြင်း​မရှိကြ။

၁၀၂ နောက်ဆုံး​အနေဖြင့်၊ ဤသူတို့သည် သားဦး၏​အသင်းတော်သို့ ချီဆောင်​ခံရ​စေဖို့၊ ထို့အတူ မိုးတိမ်ထဲသို့ ဝင်ခွင့်​ရစေဖို့ သန့်ရှင်းသူ​တို့နှင့် အတူစုဝေး​မခံရမည့်​သူများ ဖြစ်ကြ၏။

၁၀၃ ဤသူတို့သည် မုသားပြောသူများ၊ ပြုစားတတ်သော​သူများ၊ မတရားသော​မေထုန်၌ မှီဝဲသော​သူများ၊ သူ့သားမယားအား ပြစ်မှားသော​သူများ၊ မုသားကို ချစ်၍ ပြောသော​သူများ ဖြစ်ကြ၏။

၁၀၄ ဤသူတို့သည် မြေကြီး​ပေါ်၌ ဘုရားသခင်၏​အမျက်တော်ကို ခံစားရသော​သူများ ဖြစ်ကြ၏။

၁၀၅ ဤသူတို့သည် ထာဝရမီး​အပြစ်ဒဏ်ကို ခံရကြသူများ ဖြစ်၏။

၁၀၆ ဤသူတို့သည် ငရဲသို့ ပစ်ချ​ခံရသော​သူများ​ဖြစ်ကြ၏၊ ထို့အတူ ခရစ်တော် သူ၏​ခပ်သိမ်းသော ရန်သူတို့ကို သူ့ခြေအောက်၌ ထား၍ အောင်ပြီး၊ သူ၏​အမှုတော်ကို စုံလင်​စေမည့် အချိန်​တည်းဟူသော အချိန်​ကာလ​ပြည့်စုံခြင်းသို့ ရောက်သည်​အထိ အနန္တ​တန်ခိုးရှင်​ဘုရားသခင်၏ အမျက်တော်ကို ခံစားကြရသော​သူများဖြစ်၏။

၁၀၇ နိုင်ငံတော်ကို သူလွှဲအပ်၍၊ ခမည်းတော်ထံ ဆက်သသော​အခါ၌ အစွန်း​အထင်း​ကင်းစေ၍ ဆိုလေ​သည်ကား၊ ငါသည် အောင်နိုင်၍၊ စပျစ်သီး​နယ်ရာ​ကျင်းကို၊ အနန္တ​တန်ခိုးရှင်​ဘုရားသခင်၏ အမျက်တော်​ပြင်းထန်ခြင်း စပျစ်သီး​နယ်ရာ​ကျင်းကိုပင် ငါ​တစ်ယောက်တည်း နင်းနယ်​လေပြီ။

၁၀၈ ထို့နောက်တွင်၊ သူသည် မိမိ​ဘုန်းတော်​သရဖူဖြင့် ချီးမြှင့်​ခံရ​လိမ့်မည်၊ မိမိ​တန်ခိုးတော်​ပလ္လင်​ပေါ်မှာ​ထိုင်၍ ကာလ​အစဉ်​အဆက်​အမြဲ​အုပ်စိုး​တော်မူ​လိမ့်မည်။

၁၀၉ သို့ရာတွင် ရှုလော့၊ ကြည့်ဦးလော့၊ ဂုဏ်အသရေနှင့် ထီလက်စ်ရှယ်လ်​လောက၌ နေထိုင်​ကြသော​သူတို့ကို ကျွန်ုပ်တို့​မြင်ခဲ့ကြ၏၊ သူတို့သည် ကောင်းကင်​မိုး​မျက်နှာကြက်ရှိ ကြယ်များ​ကဲ့သို့ပင်၊ သို့မဟုတ် ပင်လယ်​ကမ်းနားရှိ သဲ​ကဲ့သို့ပင် မရေတွက်​နိုင်အောင်​ရှိကြ၏။

၁၁၀ ကိုယ်တော်ရှင်၏ အသံကိုလည်း ကြားရ၍ မိန့်တော်မူ​လေသည်ကား၊ ပလ္လင်​ပေါ်မှာ ကာလ​အစဉ်​အဆက်​အမြဲ​ထိုင်သည့် သူ့ထံသို့ ဤသူ​ခပ်သိမ်းတို့သည် ဒူးထောက်ကြ​လိမ့်မည်၊ နှုတ်​တိုင်း​သည်လည်း ဝန်ခံ​လိမ့်မည်။

၁၁၁ အကြောင်း​မူကား၊ သူတို့သည် သူတို့​အကျင့်များ​အတိုင်း တရား​စီရင်​ခံရ​လိမ့်မည်၊ လူတိုင်းသည် ပြင်ဆင်​ထားသည့် နေစရာ​အခန်းများ၌၊ မိမိ​ကိုယ်တိုင်၏ အကျင့်များ​အတိုင်း မိမိကိုယ်တိုင်၏ အုပ်ချုပ်ခံ​ဒေသကို ရရှိကြ​လိမ့်မည်။

၁၁၂ သူတို့သည် အမြင့်ဆုံးသော​ဘုရား၏ ကျွန်များ ဖြစ်ကြ​လိမ့််မည်။ သို့ရာတွင်၊ ဘုရားသခင်နှင့် ခရစ်တော် နေထိုင်ရာသို့ အဆုံးမဲ့​ကမ္ဘာ​ကြာအောင် မလာ​နိုင်ကြ။

၁၁၃ ဤအရာသည် ကျွန်ုပ်တို့​မြင်ခဲ့​ရသည့်၊ ဝိညာဉ်တော်၌ ကျွန်ုပ်တို့​ရှိနေသေး​စဉ်တွင် ရေးစေ​ခြင်းငှာ မိန့်တော်မူခြင်းကို ကျွန်ုပ်တို့​ခံရသည့် ရူပါရုံ၏​အဆုံး​ဖြစ်၏။

၁၁၄ သို့ရာတွင်၊ ကြီးမြတ်ပြီး အံ့ဩဖွယ်​ကောင်းသည်မှာ ဂုဏ်အသရေ၌၊ ထို့အတူ အာနုဘော်၌၊ ထို့အတူ အစိုးရခြင်း၌ အဘယ်သူမျှ​နားလည်ခြင်း မမီနိုင်သည့်​အရာများ​တည်းဟူသော ကျွန်ုပ်တို့ကို သူ​ပြတော်မူသည့် ကိုယ်တော်ရှင်၏ အမှုတော်များ၊ ထို့အတူ သူ့နိုင်ငံတော်၏ နက်နဲသော​အရာများ ပေတည်း။

၁၁၅ ထိုအရာတို့သည် ဝိညာဉ်တော်၌ ကျွန်ုပ်တို့​ရှိနေသေး​စဉ်တွင် ကျွန်ုပ်တို့ မရေး​သင့်ကြောင်း ကျွန်ုပ်တို့ကို သူ​မိန့်တော်မူ​ခဲ့သည့် အရာများ၊ လူ​မပြော​အပ်သည့်​အရာများလည်း ဖြစ်၏။

၁၁၆ လူသည် ထိုအရာတို့ကို ဖော်ပြ​နိုင်စွမ်းလည်း​မရှိ၊ အကြောင်း​မူကား၊ ဘုရားသခင်ကို ချစ်၍၊ သူ့ရှေ့၌ သူတို့ကိုယ်​သူတို့ စင်ကြယ်​စေသော​သူများ​အပေါ် ပေးတော်မူသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုး​အားဖြင့်​သာလျှင် ထိုအရာတို့ကို မြင်နိုင်၊ နားလည်နိုင်၏။

၁၁၇ ထိုသူတို့အား မိမိတို့​ကိုယ်တိုင် မြင်ခြင်းနှင့် သိခြင်း​တည်းဟူသော ဤ​အထူး​အခွင့်​အရေးကို သူ​ပေးတော်မူ၏။

၁၁၈ ဝိညာဉ်တော်၏ တန်ခိုးတော်နှင့် ထင်ရှားစွာပြတော်မူခြင်းတို့​အားဖြင့်၊ ဇာတိ​ကိုယ်ခန္ဓာ၌ ရှိစဉ်တွင် ဘုန်းတော်​ကမ္ဘာ​မျက်မှောက်တော်ကို သူတို့​ခံစား​နိုင်ကြ​စေကြောင်း​ဖြစ်၏။

၁၁၉ ဘုရားသခင်နှင့် သိုးသငယ်သည် ဘုန်းတော်၊ ဂုဏ်အသရေ၊ အစိုးရခြင်း ကာလ​အစဉ်​အဆက် အမြဲ​ရှိပါစေ​သတည်း။ အာမင်။