ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၀၆


အပိုဒ်ငယ် ၁၀၆

၁၈၃၄ ခု၊ နိုဝင်ဘာ ၂၅၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်သည် အော်လီဗာ​ကောင်ဒရီ၏​အစ်ကို ဝေါရင်​အေ​ကောင်ဒရီသို့ ညွှန်ကြား၏။

၁–၃၊ ဝေါရင်​အေ​ကောင်ဒရီသည် ဒေသခံ​ဦးစီး​အရာရှိ​အဖြစ် ခေါ်သွင်း​ခံရ၏။ ၄–၅၊ ဒုတိယ​အကြိမ် ကြွလာ​တော်မူခြင်းသည် အလင်း၏​သားတို့​အပေါ် သူခိုး​တစ်ဦး​ကဲ့သို့ ရောက်မလာ။ ၆–၈၊ ကြီးစွာသော ကောင်းချီး​မင်္ဂလာများသည် အသင်းတော်၌ သစ္စာ​ရှိသော​အစေခံခြင်း​နောက်မှ ဖြစ်လာ၏။

ငါ့ကျွန်​ဝေါရင်​အေ​ကောင်ဒရီကို လွတ်လပ်ခွင့်​မြေနှင့် ထိုမြေ​ပတ်ဝန်းကျင်​ဒေသတို့ရှိ ငါ၏ အသင်းတော်​အပေါ် ဦးစီး​ယဇ်ပုရောဟိတ်မင်း​အဖြစ် ခန့်အပ်ပြီး​ခန့်ထားရ​မည်မှာ ငါ၏ အလိုတော်​ဖြစ်၏။

သူ၏​နေရာ၌​သာမက၊ ကပ်လျက်​ရှိသော​ခရိုင်များ၌လည်း၊ ငါ၏​ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်ကို ဟောပြော​ရမည်၊ လူတို့ကို ကြွေးကြော်၍ သတိပေး​ရမည်။

သူ့ကို ယခု​ငါပေးသည့် ဤ​မြင့်မြတ်၍ သန့်ရှင်းသော အမှုတော်ဆောင်​တာဝန်သို့ သူ၏ အချိန်​တစ်ခုလုံးကို ဆက်ကပ်​ရမည်၊ ကောင်းကင်​နိုင်ငံတော်နှင့် ၎င်း၏​ဖြောင့်မတ်ခြင်း၊ ထို့အတူ ထပ်၍​ပေးတော်မူမည့် လိုအပ်သည့် ခပ်သိမ်းသော​အရာတို့ကို လုံ့လ​ဝီရိယ ထက်သန်စွာ​ရှာလျက်​နေရမည်။ အကြောင်း​မူကား၊ အလုပ်​လုပ်သော​သူသည် အခကို ခံထိုက်​ပေ၏။

ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ကိုယ်တော်ရှင်၏​ကြွလာတော်မူခြင်းသည် ရောက်လု​နီးပြီ၊ ညဉ့်အချိန်၌ သူခိုး​တစ်ဦးကဲ့သို့ လောက​အပေါ် ရောက်လာ၏—

ထို့ကြောင့်၊ သင်တို့သည် အလင်း၏​သားများ ဖြစ်နိုင်ကြ​စေခြင်းငှာ၊ ထိုနေ့သည် သူခိုး​တစ်ဦးကဲ့သို့ သင်တို့​အပေါ်​ရောက်မလာ​စေခြင်းငှာ၊ သင်တို့၏​ခါးကို စည်းကြလော့။

ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဝေါရင်သည် ရာဇလှံတံကို ဦးညွှတ်၍၊ လူသားတို့၏​အမှုမှ သူ့ကိုယ်သူ​ခွဲခြားသော​အခါ၊ ကောင်းကင်ဘုံ၌ ဝမ်းမြောက်ခြင်း​ရှိ၏။

ထို့ကြောင့်၊ ငါ့ကျွန်​ဝေါရင်သည် မင်္ဂလာ​ရှိ၏၊ အကြောင်း​မူကား၊ ငါသည် သူ့အပေါ်မှာ ကရုဏာ​ထားတော်​မူမည်။ ထို့အတူ၊ သူ၏​စိတ်နှလုံး အချည်းနှီး​ဖြစ်ခြင်း​ရှိသော်​ငြားလည်း၊ သူသည် ငါ့ရှေ့၌ နှိမ့်ချသမျှ၊ ငါသည် သူ့ကို ချီးမြှောက်​တော်မူမည်။

သူခံရပ်နိုင်ရာ ကျေးဇူးတော်နှင့် အာမခံချက်ကိုလည်း သူ့အား ငါ​ပေးတော်မူမည်။ သူသည် သစ္စာ​ရှိသော သက်သေနှင့် အသင်းတော်​အဖို့ အလင်း​အဖြစ် ဆက်၍​ရှိလျှင် ငါ့ခမည်းတော်၏ နေစရာ​အခန်းများ၌ သူ့အတွက် သရဖူ​တစ်ခုကို ငါ​ပြင်ဆင်ထား​လေပြီ။ ထိုကဲ့သို့​ပင်တည်း။ အာမင်။