အပိုဒ်ငယ် ၁၁၃
၁၈၃၈ ခု၊ မတ်လ၊ အနောက်ဖျား၊ မစ်ဆိုရီအနီးအနား၌ ပရောဖက်ဂျိုးဇက်စမစ် ဖော်ပြခဲ့သည့် ဟေရှာယ၏စာများနှင့်စပ်လျဉ်းသည့် မေးခွန်းအချို့အတွက် အဖြေများ။
၁–၆၊ ယေရှဲအမျိုး၏ အငုတ်၊ ၎င်းမှထွက်လာသည့် အတက်၊ ထို့အတူ ယေရှဲ၏ အမြစ်တို့ကို ဖော်ထုတ်၏။ ၇–၁၀၊ ဇိအုန်၏ကွဲပြားပြန့်ကျဲသည့် ကျန်ကြွင်းသောသူတို့သည် ယဇ်ပုရောဟိတ်အခွင့်အဖို့ အခွင့်အရေးရှိပြီး၊ ကိုယ်တော်ရှင်ထံသို့ ပြန်လာရန်အခေါ်ခံကြရ၏။
၁ ဟေရှာယအခန်းကြီး ၁၁ ၏ အခန်းငယ် ၁၊ ၂၊ ၃၊ ၄ နှင့် ၅ ၌ ဟောပြောထားသည့် ယေရှဲ၏အငုတ်သည် မည်သူနည်း။
၂ ကိုယ်တော်ရှင်အမှန် မိန့်တော်မူသည်ကား၊ ထိုအရာမှာ ခရစ်တော်ဖြစ်၏။
၃ ဟေရှာယအခန်းကြီး ၁၁ ၏ ပထမအခန်းငယ်၌ ဟောပြောထားသည့် ယေရှဲ၏ အငုတ်မှ ထွက်လာမည့် အတက်မှာ မည်သည့်အရာဖြစ်သနည်း။
၄ ရှုလော့၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ထိုသူမှာ ခရစ်တော်၏လက်ထဲ၌ရှိသည့် ကျွန်တစ်ယောက်ဖြစ်၏၊ ထိုသူသည် ယေရှဲ၏အမျိုးအနွယ်တစ်ပိုင်းဖြစ်သကဲ့သို့ ဧဖရိမ်၏ သို့မဟုတ် ယောသပ်အမျိုးသားတို့၏ အမျိုးအနွယ်တစ်ပိုင်းလည်းဖြစ်၏၊ ထိုသူ့အပေါ်၌ များစွာသောတန်ခိုးကို ပေးထား၏။
၅ အခန်းကြီး ၁၁ ၏ အခန်းငယ် ၁၀ ၌ ဟောပြောထားသည့် ယေရှဲ၏အမြစ်သည် မည်သည့်အရာဖြစ်သနည်း။
၆ ရှုလော့၊ ကိုယ်တော်ရှင် မိန့်တော်မူသည်ကား၊ ထိုသူသည် ယေရှဲ၏ အမျိုးအနွယ် ဖြစ်သကဲ့သို့ ယောသပ်၏ အမျိုးအနွယ်လည်း ဖြစ်၏၊ ထိုသူသည် နောက်ဆုံးသောကာလ၌ ငါ၏ လူမျိုးတို့ စုဝေးခြင်း အတွက် အလံတစ်ခုအဖြစ် ရှိခြင်းငှာ ယဇ်ပုရောဟိတ်အခွင့်ကို၊ ထို့အတူ နိုင်ငံတော်၏သော့များကို မှန်ကန်စွာပိုင်ဆိုင်၏။
၇ ဧလိုင်ယဟစ်ဘီး၏မေးခွန်းတို့သည်ကား၊ ဟေရှာယအခန်းကြီး ၅၂၊ အခန်းငယ် ၁ ၌ဆိုသည့် အို ဇိအုန်မြို့ သင်၏ခွန်အားကို ဝတ်ဆင်လော့ဟူသောမိန့်တော်မူချက်သည် အဘယ်သို့ဆိုလိုသနည်း—ဟေရှာယသည် မည်သည့်လူမျိုးကို ရည်ညွှန်းခဲ့လေသနည်း။
၈ နောက်ပိုင်းကာလ၌ ဘုရားသခင်ခေါ်သွင်းတော်မူမည့်သူများတည်းဟူသော၊ ဇိအုန်မြို့ကို၊ ထို့အတူ၊ ဣသရေလအမျိုးသားတို့၏ရွေးနုတ်ခြင်းကို ပြန်လည်တည်ရှိစေရန် ယဇ်ပုရောဟိတ်အခွင့် တန်ခိုးကို ကိုင်ဆောင်မည့်သူများကို သူရည်ညွှန်းခဲ့လေ၏။ သူမ၏ ခွန်အားကို ဝတ်ဆင်ရန်ဆိုသည်မှာ သူမ၊ ဇိအုန်၌ မျိုးရိုးအရအခွင့်အရေးရှိသည့် ယဇ်ပုရောဟိတ်အခွင့်အာဏာကို ဝတ်ဆင်ရန်ဖြစ်၏။ သူမ ဆုံးရှုံးခဲ့လေသည့် တန်ခိုးကို ပြန်လည်ရရှိရန်လည်းဖြစ်၏။
၉ အခန်းငယ် ၂ ၌၊ ဇိအုန်သည် မိမိလည်ကြိုးတို့မှ မိမိကိုယ်ကို ဖြေလွှတ်ခြင်းကို ကျွန်ုပ်တို့ မည်သို့ နားလည်ရမည်နည်း။
၁၀ ကျွန်ုပ်တို့နားလည်ရမည်ကား၊ ကွဲပြားပြန့်ကျဲသည့် ကျန်ကြွင်းသောသူတို့သည် မိမိတို့လဲကျရာမှ ကိုယ်တော်ရှင်ဆီသို့ပြန်လာရန်၊ တိုက်တွန်းခံကြရ၏။ ထိုအမှုကို သူတို့ပြုလျှင်၊ ကိုယ်တော်ရှင်၏ ကတိတော်မှာ၊ သူတို့ကို ဟောပြောတော်မူမည်၊ သို့မဟုတ် ဗျာဒိတ်တော်ပေးမည်။ အခန်းငယ် ၆၊ ၇ နှင့် ၈ ၌ကြည့်ပါ။ သူမ၏ လည်ကြိုးတို့မှာ သူမအပေါ်ရှိသည့် ဘုရားသခင်၏ ကျိန်ခြင်းများ၊ သို့မဟုတ် တစ်ပါးအမျိုးသားတို့၌ ဣသရေလအမျိုးသားတို့၏ ကျန်ကြွင်းသောသူများ သူတို့၏ကွဲပြားပြန့်ကျဲရာအခြေအနေ၌ရှိခြင်းဖြစ်၏။