ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၂၂


အပိုဒ်ငယ် ၁၂၂

မစ်ဆိုရီ၊ လစ်ဘာတီ​အကျဉ်းထောင်၌ အကျဉ်းသား​တစ်ဦး​အဖြစ်​ရှိစဉ်၊ ပရောဖက်​ဂျိုးဇက်​စမစ်သို့ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်။ ဤ​အပိုဒ်ငယ်သည် ၁၈၃၉ ခု၊ မတ်လ ၂၀ ရက်၊ ရက်စွဲဖြင့်၊ အသင်းတော်သို့ အမှာစာမှ ကောက်နုတ်ချက်​တစ်ခု​ဖြစ်၏ (အပိုဒ်ငယ် ၁၂၁ ခေါင်းစဉ်တွင် ကြည့်ပါ)။

၁–၄၊ မြေကြီး​စွန်းသားတို့သည် ဂျိုးဇက်စမစ်၏ အမည်ကို စုံစမ်းကြ​လိမ့်မည်။ ၅–၇၊ သူ၏​ခပ်သိမ်းသော ဘေးတို့နှင့် အခက်​အခဲတို့သည် သူ့အား အတွေ့​အကြုံကို ပေးလိမ့်မည်၊ သူ၏ ကောင်းကျိုး အတွက်လည်း​ဖြစ်လိမ့်မည်။ ၈–၉၊ လူသားတော်သည် အောက်အရပ်​ခပ်သိမ်းသော​သူတို့ဆီသို့ ဆင်းသက်​တော်မူ၏။

မြေကြီးစွန်းသားတို့သည် သင်၏​အမည်ကို စုံစမ်းကြ​လိမ့်မည်၊ လူမိုက်တို့သည် သင့်ကို ပြက်ရယ်​ပြုကြ​လိမ့်မည်၊ ငရဲသည်လည်း သင့်​တစ်ဖက်၌ လှုပ်ရှား​ထကြွ​စေလိမ့်မည်။

တစ်ဖက်တွင်၊ စိတ်နှလုံး​စင်ကြယ်သော​သူများ၊ ထို့အတူ ဉာဏ်​ပညာ​ရှိသော​သူများ၊ ထို့အတူ မြင့်မြတ်သော​သူများ၊ ထို့အတူ ကောင်းမြတ်စွာ​ကျင့်သော​သူများတို့သည် သင်၏​လက်အောက်မှ အကြံ၊ ထို့အတူ အခွင့်​အာဏာ၊ ထို့အတူ ကောင်းချီး​မင်္ဂလာတို့ကို အမြဲတမ်း​ရှာကြ​လိမ့်မည်။

သင်၏​လူမျိုးတို့သည် သစ္စာ​ဖျက်သော​သူတို့၏​သက်သေခံချက်​အားဖြင့် သင့်ကိုဘယ်တော့မျှ ဆန့်ကျင်၍ တိုက်ခိုက်​ကြမည်​မဟုတ်။

သူတို့၏​လွှမ်းမိုးမှုက သင့်ကို ဒုက္ခ​ဆင်းရဲ​ထဲသို့၊ ထို့အတူ တိုင်များနှင့် တံတိုင်းများ​ထဲသို့ ပစ်ချ​သော်လည်း၊ သင်သည် ဂုဏ်​အသရေ​ရှိလိမ့်မည်။ သို့ရာတွင် ခဏသာ​ဖြစ်၍၊ သင်၏​အသံသည် သင့်ရန်သူတို့​အလယ်၌ ကြမ်းကြုတ်သော​ခြင်္သေ့ထက် သာ၍​ကြောက်မက်ဖွယ်​ဖြစ်လိမ့်မည်၊ သင်၏​ဖြောင့်မတ်ခြင်းကြောင့်​ပေတည်း။ သင်၏​ဘုရားသခင်သည်လည်း သင့်ဘေးမှာ ကာလ​အစဉ်​အဆက် အမြဲ​ရပ်တော်မူ​လိမ့်မည်။

သင်သည် အတိ​ဒုက္ခကို ဖြတ်သန်းရန် ခေါ်သွင်း​ခံရလျှင်၊ သင်သည် ညီအစ်ကို​အတုတို့​ကြား၌ ဘေးရောက်လျှင်၊ သင်သည် ဓားပြတို့​ကြား၌ ဘေးရောက်လျှင်၊ သင်သည် မြေ၌​ဖြစ်စေ၊ ပင်လယ်၌​ဖြစ်စေ ဘေးရောက်လျှင်၊

သင်သည် မှားယွင်းသော​စွဲချက်​အမျိုးမျိုးဖြင့် စွပ်စွဲ​ခံရလျှင်၊ သင်၏​ရန်သူတို့ သင့်အပေါ် ကျရောက်လျှင်၊ သူတို့သည် သင့်ကို သင်၏​အဘနှင့် အမိနှင့် ညီအစ်ကိုတို့နှင့် ညီအစ်မတို့၏ လူ့အဖွဲ့​အစည်းမှ​ခွဲပစ်လျှင်၊ ထို့အတူ ဓားလွတ်ဖြင့် သင်၏​ရန်သူတို့က သင့်ကို သင့်ဇနီး၏၊ ထို့အတူ သင့်သားသမီးတို့၏​ရင်မှ ခွဲပစ်လျှင်၊ ထို့အတူ ခြောက်နှစ်​အရွယ်သာ​ရှိသည့် သင့်သားကြီးက၊ သင်၏​အဝတ်​တန်ဆာတို့ကို ဆွဲ၍၊ ကျွန်ုပ်အဘ၊ ကျွန်ုပ်အဘ၊ သင်သည် ကျွန်ုပ်တို့နှင့် အဘယ့်ကြောင့် အတူ​မနေနိုင်​သနည်း၊ အို၊ ကျွန်ုပ်အဘ၊ လူကြီးတွေက သင့်ကို အဘယ်သို့​ပြုကြ​မည်နည်းဟု မေးလျှင်၊ ထို့နောက် သူသည် သင့်ထံမှ​နေ၍ ဓားဖြင့် အခွဲ​ခံရပြီးလျှင်၊ သင်သည် ထောင်သို့ ဆွဲသွားခံရ၊ သင်၏ ရန်သူတို့ကလည်း သိုးသငယ်၏​အသွေးကို​ရှာနေသည့် တောခွေးတို့​ကဲ့သို့ သင့်ပတ်လည်၌ လှည့်လည်​ချောင်းမြောင်းနေလျှင်၊

သင်သည် တွင်းထဲသို့၊ သို့မဟုတ် လူ့အသက်ကို သတ်သော​သူတို့၏​လက်ထဲသို့ အပစ်ခံရ၊ ထို့အတူ သေဒဏ်သည် သင့်အပေါ်​ရောက်လာလျှင်၊ သင်သည် နက်ရာထဲသို့ ပစ်ချ​ခံရလျှင်၊ ဂယက်​ထနေသော​လှိုင်းက သင့်ကို ပုတ်ခတ်လျှင်၊ ပြင်းစွာသော​လေက သင်၏​ရန်သူ​ဖြစ်လာလျှင်၊ ကောင်းကင်​နက်မှောင်​လာ၍၊ လမ်းကို ဆီးကာရန် ခပ်သိမ်းသော​လောကဓာတ်တို့ ပူးပေါင်းကြလျှင်၊ အားလုံးတို့ထက်၊ ငရဲ၏​မေးရိုးတို့က သင့်ကို မျိုရန် နှုတ်ကို​ဟ၍ ကျယ်ကျယ်​ဖွင့်လျှင်၊ ခပ်သိမ်းသော ဤ​အရာတို့သည် သင့်အား အတွေ့​အကြုံကို ပေးလိမ့်မည်၊ ထို့အတူ သင်၏​ကောင်းကျိုး​အတွက် ဖြစ်လိမ့်မည့်​အကြောင်း၊ သင်​သိလော့၊ ငါ့သား။

လူသားတော်သည် အောက်​အရပ် ခပ်သိမ်းသော​သူတို့ဆီသို့ ဆင်းသက်​တော်မူ၏။ သင်သည် သူ့ထက် သာ၍​ကြီးမြတ်​သလော။

ထို့ကြောင့်၊ သင်၏​လမ်း၌ ဆက်၍​ရှိနေလော့၊ ယဇ်ပုရောဟိတ်​အခွင့်သည်လည်း သင်နှင့်​အတူ ဆက်၍ ရှိလိမ့်မည်။ အကြောင်း​မူကား၊ ၎င်းတို့၏ နယ်ကို ကန့်သတ်​ထား၍ မကျော်လွန်​နိုင်ကြ။ သင်၏ နေ့ရက်တို့ကို သိ၏၊ သင်၏​နှစ်တို့သည်လည်း လျော့၍​ရေတွက်​မခံရ။ ထို့ကြောင့်၊ လူသား​ပြုနိုင်သည့်​အရာကို ကြောက်ခြင်း​မရှိနှင့်၊ အကြောင်း​မူကား၊ ဘုရားသခင်သည် သင်နှင့်​အတူ ကာလ​အစဉ်​အဆက် အမြဲ​ရှိလိမ့်မည်။