ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၁၅


အပိုဒ်ငယ် ၁၁၅

၁၈၃၈ ခု၊ ဧပြီ ၂၆ ရက်၊ အနောက်ဖျား၊ မစ်ဆိုရီ၌ ထိုနေရာနှင့် ကိုယ်တော်ရှင်၏​အိမ်ကို တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ဘုရားသခင်၏​အလိုတော်ကို ဖော်ပြသည့်၊ ပရောဖက် ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်ကို ဦးစီး​အရာရှိများနှင့် အသင်းတော်၏​အသင်းသားတို့အား ဟောပြောခဲ့၏။

၁–၄၊ ကိုယ်တော်ရှင်သည် မိမိ​အသင်းတော်ကို ယေရှုခရစ်တော်၏ နောက်ပိုင်းကာလ သန့်ရှင်းသူများ အသင်းတော်ဟု အမည်​ပေး၏။ ၅–၆၊ ဇိအုန်နှင့် ၎င်း၏​ပန္နက်များသည် သန့်ရှင်းသူတို့​အတွက် ကာကွယ်ရာနှင့် ခိုလှုံရာ​နေရာများ​ဖြစ်၏။ ၇–၁၆၊ သန့်ရှင်းသူတို့သည် အနောက်ဖျား၌ ကိုယ်တော်ရှင်၏​အိမ်တော်ကို တည်ဆောက်ရန် မိန့်မှာ​ခံကြရ၏။ ၁၇–၁၉၊ ဂျိုးဇက်​စမစ်သည် မြေကြီး​ပေါ်၌ နိုင်ငံတော်၏​သော့များကို ကိုင်ဆောင်၏။

သင်၊ ငါ့ကျွန် ဂျိုးဇက်​စမစ်​အငယ်၊ ထို့အတူ ငါ့ကျွန်​ဆစ်ဒနီ​ရစ်ဂဒွန်၊ ထို့အတူ ငါ့ကျွန်​ဟီရမ်​စမစ်၊ ထို့အတူ သင်၏​တိုင်ပင်ဖက်များ​အဖြစ် ယခု​ခန့်အပ်​ထားသော​သူများနှင့် နောင်ကာလ၌​ခန့်အပ်​ထားမည့်​သူများကို ကိုယ်တော်ရှင်​အမှန်​မိန့်တော်မူ​သည်ကား၊

ထို့အတူ၊ သင် ငါ့ကျွန် အက်ဒဝါ့​ပါ့ထရစ်ဂ်ျနှင့် သူ၏​တိုင်ပင်ဖက်များ၊

ထို့အတူ၊ ဇိအုန်၌ ငါ့အသင်းတော်၏ အတိုင်ပင်ခံမင်း​အဖွဲ့ဟု အခေါ်​ခံကြရမည့်၊ ငါ၏​သစ္စာ​ရှိသော​ကျွန်များ၊ ထို့အတူ လောက​တစ်ခုလုံး၌ အရပ်ရပ်သို့​ကွဲပြား​ပြန့်ကျဲကြသည့် ငါ၏ ယေရှု​ခရစ်တော်၏ နောက်ပိုင်း​ကာလ​သန့်ရှင်းသူများ​အသင်းတော်မှ အသင်း​လူကြီးများနှင့် လူမျိုးတို့၊

ထိုကဲ့သို့​အားဖြင့် ငါ၏ အသင်းတော်ကို နောက်ပိုင်း​ကာလ၌၊ ယေရှု​ခရစ်တော်၏ နောက်ပိုင်း​ကာလ သန့်ရှင်းသူများ အသင်းတော်ဟုပင်​ခေါ်​ကြရမည်။

ခပ်သိမ်းသော​သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ထ၍​တောက်ပစေ​ကြလော့၊ သင်တို့၏​အလင်းသည် ပြည်သားတို့​အဖို့ အလံ​ဖြစ်စေကြောင်း​ပေတည်း။

ဇိအုန်​မြေပေါ်နှင့် ပန္နက်များ​ပေါ်၌ အတူ​တကွ​စုဝေးခြင်း​သည်ကား၊ မြေကြီး​တစ်ခုလုံး​ပေါ်သို့ အရော​အနှော​မပါဘဲ သွန်းလောင်းမည့် မုန်တိုင်း​ဘေးမှ၊ ထို့အတူ အမျက်တော်​ဘေးမှ အကာ​အကွယ်၊ ထို့အတူ ခိုလှုံရာအဖြစ် ရှိနိုင်​စေကြောင်း​ပေတည်း။

မြို့၊ အနောက်ဖျားကို ငါ့အဖို့ သန့်ရှင်း​စေပြီး ဆက်ကပ်ထားသောပြည် ဖြစ်စေလော့။ အသန့်ရှင်းဆုံးဟု ခေါ်ကြ​လိမ့်မည်၊ အကြောင်း​မူကား၊ သင်​ရပ်သည့်​မြေကြီးသည် သန့်ရှင်း၏။

ထို့ကြောင့်၊ ငါ၏​သန့်ရှင်းသူတို့ အတူ​တကွ​စုဝေးခြင်း​အတွက်၊ ငါ့အဖို့ အိမ်တော်​တစ်ခုကို တည်ဆောက်ရန် သင့်ကို ငါ​မိန့်တော်မူ၏၊ သူတို့ ငါ့ကို ကိုးကွယ်​နိုင်ကြ​စေခြင်းငှာ​ပေတည်း။

ဤ​လာမည့်​နွေရာသီ၌၊ ဤ​အမှုတော်၏​အစ​ပြုခြင်း၊ ထို့အတူ အုတ်မြစ်၊ ထို့အတူ ပြင်ဆင်ရာ​အမှုကို ရှိစေလော့။

၁၀ အစ​ပြုခြင်းကို လာမည့်​ဇူလိုင် လေးရက်တွင် ပြုလုပ်​စေလော့။ ထို​အချိန်မှ​စ၍ ငါ၏ လူမျိုးတို့အား ငါ၏နာမတော်​အဖို့ အိမ်တော်​တစ်ခုကို တည်ဆောက်ရန် လုံ့လ​ဝီရိယ​ထက်သန်စွာ အလုပ်​လုပ်ကြ​စေလော့။

၁၁ ဤ​နေ့မှ​စ၍ တစ်နှစ်​ကြာလျှင်၊ သူတို့အား ငါ့အိမ်တော်၏ အုတ်မြစ်​ချခြင်းကို ပြန်လည် အစ​ပြုစေလော့။

၁၂ ထိုကဲ့သို့​အားဖြင့်၊ သူတို့ကို ထို​အချိန်မှ​စ၍ ပြီးဆုံးသည်​အထိ၊ ထောင့်ကျောက်မှ ထိပ်ပိုင်း​အထိ၊ မပြီးဆုံးသည့်​အရာ​တစ်စုံ​တစ်ခုမျှ မကျန်သည်​အထိ လုံ့လ​ဝီရိယ​ထက်သန်စွာ အလုပ်​လုပ်ကြ​စေလော့။

၁၃ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဂျိုးဇက်ကို​သော်လည်းကောင်း၊ ငါ့ကျွန်​ဆစ်ဒနီကို သော်လည်းကောင်း၊ ငါ့ကျွန်​ဟီရမ်ကို သော်လည်းကောင်း ငါ၏​နာမတော်​အဖို့ အိမ်တော်​တစ်ခု တည်ဆောက်ခြင်း​အတွက် နောက်ထပ်​အကြွေး​မတင်​စေတော့နှင့်။

၁၄ သို့ရာတွင်၊ သူတို့ကို ငါ​ပြတော်မူမည့် ပုံစံ​အတိုင်း ငါ၏​နာမတော်​အဖို့ အိမ်တော်​တစ်ခုကို တည်ဆောက်​စေလော့။

၁၅ ငါ၏​လူမျိုးတို့သည် သူတို့၏​ဥက္ကဋ္ဌ​အဖွဲ့သို့ ငါ​ပြတော်မူမည့် ပုံစံ​အတိုင်း တည်ဆောက်ခြင်း မရှိလျှင် ငါသည် ၎င်းကို သူတို့လက်မှ လက်ခံမည်​မဟုတ်။

၁၆ သို့ရာတွင်၊ ငါ၏​လူမျိုးတို့သည် သူတို့၏​ဥက္ကဋ္ဌအဖွဲ့၊ ငါ့ကျွန်​ဂျိုးဇက်နှင့် သူ၏ တိုင်ပင်ဖက်များသို့ပင် ငါ​ပြတော်မူမည့် ပုံစံ​အတိုင်း အမှန်​တည်ဆောက်​ကြလျှင်၊ ထို့နောက်တွင် ငါသည် ၎င်းကို ငါ့လူမျိုးတို့၏​လက်မှ လက်ခံ​တော်မူမည်။

၁၇ ထိုမှ​တစ်ဖန်၊ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ အနောက်ဖျား​မြို့ကို ငါ၏ သန့်ရှင်းသူတို့ စုဝေးခြင်း​အားဖြင့် အလျင်​အမြန်​တည်ဆောက်​ရမည်မှာ ငါ၏​အလိုတော်​ဖြစ်၏။

၁၈ ငါ့ကျွန်​ဂျိုးဇက်ကို အချိန်နှင့်​အမျှ ထင်ရှားစွာ ပြမည့်​အတိုင်း အခြား​နေရာများကိုလည်း ပတ်ဝန်းကျင်​ဒေသများ၌ ပန္နက်များ​အတွက် စီရင်​ရမည်။

၁၉ အကြောင်း​မူကား၊ ရှုလော့၊ ငါသည် သူနှင့်​အတူ ရှိတော်မူမည်၊ ငါသည် သူ့ကို လူမျိုးတို့​ရှေ့၌ သန့်ရှင်း​စင်ကြယ်စေ​တော်မူမည်။ အကြောင်း​မူကား၊ သူ့အား ငါသည် ဤ​နိုင်ငံတော်နှင့် အမှုတော်ဆောင်ခြင်း၏ သော့များကို ပေးထား​လေပြီ။ ထိုကဲ့သို့​ပင်တည်း။ အာမင်။