ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၃၅


အပိုဒ်ငယ် ၁၃၅

၁၈၄၄ ခု၊ ဇွန်လ ၂၇ ရက်၊ ကာသေ့ဂ်ျ၊ အီလီနွိုက်၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် သူ၏အစ်ကို မျိုးနွယ်စုအဘဟီရမ်စမစ်တို့၏ အသက်စတေးခံရခြင်း အကြောင်း ကြေညာချက်။ ဂျိုးဇက်နှင့် ဟီရမ်စမစ် အသတ်ခံရသော အချိန်၌ ပုံနှိပ်ထုတ်ဝေခြင်းအတွက် အဆင်သင့်ဖြစ်လုနီးပါးရှိလေသည့် ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၈၄၄ ခုနှစ်မူ၏ အဆုံး၌ ဤမှတ်တမ်းမှတ်ရာကို ထည့်သွင်းခဲ့၏။

၁–၂၊ ဂျိုးဇက်နှင့် ဟီရမ်သည် ကာသေ့ဂ်ျ အကျဉ်းထောင်၌ အသက်စတေးခံရ၏။ ၊ ပရောဖက်၏ ရှေးဦး အမှုတော်ဆောင်တာဝန်ကို ကြေညာ၏။ ၄–၇၊ သူတို့၏ အပြစ်မရှိသော အသွေးက အမှုတော်၏ သမ္မာတရားနှင့် အထွတ်အမြတ်ဖြစ်ခြင်းကို သက်သေခံ၏။

ဤကျမ်းနှင့် မော်မုန်ကျမ်း အကြောင်း သက်သေခံချက်ကို တံဆိပ်ခတ်ရန်၊ ကျွန်ုပ်တို့သည် ပရောဖက် ဂျိုးဇက်စမစ်နှင့် မျိုးနွယ်စုအဘဟီရမ်စမစ်တို့၏ အသက်စတေးခံရခြင်းကို ကြေညာ၏။ သူတို့သည် ၁၈၄၄ ခု၊ ဇွန်လ ၂၇ ရက်၊ ညနေ ငါးနာရီခန့်တွင်၊ ကာသေ့ဂ်ျ၌ လက်နက်စွဲကိုင် ထားသော— အနက်ဆေးဆိုးထားသည့်—လူ ၁၅၀၊ ၂၀၀ ခန့်ရှိ လူဆိုးတစ်စုအားဖြင့် အပစ်ခံကြရ၏။ ဟီရမ်သည် ဦးစွာအပစ်ခံရပြီး၊ ကျွန်ုပ်သေပါပြီဟု ဟစ်ကြွေး၍ ငြိမ်သက်စွာလဲကျသွားခဲ့၏။ ဂျိုးဇက်သည် ပြတင်းပေါက်မှ ခုန်ချ၏၊ ထိုကဲ့သို့ အားထုတ်ခြင်း၌ အသေအပစ်ခံ၏၊ အိုကျွန်ုပ်၏ ဘုရားသခင် ကိုယ်တော်ရှင်ဟု ဟစ်ကြွေးခဲ့၏။ သူတို့နှစ်ဦးစလုံးသည် သေပြီးသည့်နောက်၌ ရက်စက်ကြမ်းကြုတ်စွာ အပစ်ခံရလေပြီး၊ နှစ်ဦးစလုံး ကျည်လေးထောင့် အထိခံကြရ၏။

ဂျွန်တေလာနှင့် ဝီလာ့ဒ်ရစ်ချတ်၊ တစ်ဆယ်နှစ်ပါးထဲမှ နှစ်ဦးတို့သည်သာ ထိုအချိန်က ထိုအခန်း၌ ရှိခဲ့လေသည့် သူများဖြစ်၏။ ရှေ့လူသည် ကျည်လေးထောင့်ဖြင့် ပြင်းစွာ ဒဏ်ရာ ရခဲ့၏၊ သို့ရာတွင် ထို့နောက်၌ ပြန်ကောင်းလာခဲ့၏။ နောက်လူမှာ၊ ဘုရားသခင်၏ စောင့်ရှောက်ခြင်းအားဖြင့်၊ သူ့ဝတ်ရုံ၌ အပေါက် တစ်ပေါက်မျှ မရှိဘဲ လွတ်မြောက်ခဲ့၏။

ဂျိုးဇက်စမစ်၊ ကိုယ်တော်ရှင်၏ ပရောဖက်နှင့် မြင်သောသူသည်၊ ဤလောက၌ လူသားတို့၏ ကယ်တင်ခြင်း အတွက်၊ ယေရှု တစ်ဦးတည်း မှတစ်ပါး၊ လောက၌ ရှိခဲ့ဖူးသူ အခြား အဘယ်သူ ထက်မဆို ပို၍ လုပ်ဆောင်ခဲ့ပေ၏။ အချိန်တို အနှစ်နှစ်ဆယ်အတွင်း၌၊ သူသည် ဘုရားသခင်၏ ဆုကျေးဇူးနှင့် တန်ခိုးတော် အားဖြင့် သူဘာသာပြန်ခဲ့သည့် မော်မုန်ကျမ်းကို ထွက်ပေါ်စေခဲ့၏၊ ထို့အတူ တိုက် နှစ်တိုက်၌ ၎င်းကို ပုံနှိပ် ထုတ်ဝေရာ တန်ဆာများ အဖြစ် ရှိခဲ့၏။ ၎င်း၌ ပါဝင်သည့် ထာဝရ တည်မြဲသော ဧဝံဂေလိ တရားတော် အပြည့်အစုံကို မြေကြီးလေးမျက်နှာသို့ ပို့ခဲ့၏။ ဤ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ပါဝင်ရာ ဗျာဒိတ်တော်များနှင့် ပညတ်တော်များ၊ ထို့အတူ လူသားတို့၏ အကျိုး အတွက် အခြားသော ဉာဏ်ပညာရှိသည့် မှတ်တမ်းမှတ်ရာများကို ထွက်ပေါ်စေခဲ့၏။ ထောင်ပေါင်း များစွာသော နောက်ပိုင်း ကာလ သန့်ရှင်းသူတို့ကို စုဝေးခဲ့၏၊ ကြီးစွာသော မြို့တစ်မြို့ကို တည်ဆောက်ခဲ့၏၊ ထို့အတူ ဖျက်၍ မရနိုင်သည့် ကျော်ကြားမှုနှင့် အမည်ကို ချန်ထားခဲ့၏။ သူသည် ကြီးစွာ အသက်ရှင်ခဲ့ပြီးလျှင်၊ ဘုရားသခင်နှင့် သူ့လူမျိုးတို့၏မျက်လုံးများ၌ ကြီးစွာသေခဲ့၏။ ရှေးကာလက ကိုယ်တော်ရှင်၏ ဆီလိမ်း၍ ခန့်အပ်ထားသောသူ အများစုတို့ ကဲ့သို့ပင် သူသည် သူ၏ သာသနာနှင့် အမှုတို့ကို သူ့အသွေးနှင့် တံဆိပ်ခတ်ခဲ့၏။ သူ၏အစ်ကို ဟီရမ်သည်လည်း ထိုနည်းတူပင်။ အသက်ရှင်စဉ်၌ သူတို့မခွဲခဲ့၊ သေခြင်း၌လည်း သူတို့မကွဲကွာခဲ့ကြ။

ဂျိုးဇက်သည် ကာသေ့ဂ်ျသို့ သွား၍၊ ဟန်ဆောင်ထားသော ဥပဒေ လိုအပ်ချက်များ အဖို့ သူ့ကိုယ်ကို လွှဲအပ်ရန်သွားစဉ်၊ သူ၏ လုပ်ကြံခံရခြင်း မတိုင်မီ နှစ်ရက်သုံးရက်၌၊ သူဆိုခဲ့သည်ကား၊ “ကျွန်ုပ်သည် အသေသတ်ခြင်း ဆီသို့ သိုးသငယ်ကဲ့သို့ သွား၏၊ သို့ရာတွင် ကျွန်ုပ်သည် နွေနံနက်ခင်း ကဲ့သို့ ငြိမ်သက်၏။ ကျွန်ုပ်၌ ဘုရားသခင်ကို၊ ထို့အတူ ခပ်သိမ်းသောလူသားတို့ကို ပြစ်မှားခြင်းနှင့် ကင်းသည့် အသိစိတ်ရှိ၏။ ကျွန်ုပ်သည် အပြစ်ကင်းစွာသေလိမ့်မည်၊ သို့သော်လည်း—သူသည် သွေးအေးအေးနှင့် အသတ်ခံရ၏—ဟု ကျွန်ုပ်အကြောင်းကို ပြောကြလိမ့်မည်”။ ထိုနံနက်၌၊ ဟီရမ်သည် သွားရန် အသင့်ပြင်ဆင်ပြီးနောက်—အသေသတ်သူကို ဆိုလိမ့်မည်လော၊ ဟုတ်ပေ၏၊ အကြောင်းမူကား၊ ဆိုသည့်အတိုင်း ဖြစ်လေ၏—သူသည် မော်မုန်ကျမ်း၌၊ ဧသာအခန်းကြီး တစ်ဆယ်နှစ် ဆုံးခါနီး အောက်ပါစာပိုဒ်ကို ဖတ်၍ စာရွက်ကို ခေါက်ထား၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါသည် ကိုယ်တော်ရှင်​ထံသို့ ဆု​တောင်း​သည်မှာ တစ်ပါး​အမျိုး​သားတို့​အား ကျေးဇူး​တော်ကို ပေး၍၊ သူတို့၌ မေတ္တာ​ရှိနိုင်ကြ​စေခြင်းငှာ​ပေတည်း။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူ​လေ​သည်​ကား၊ သူတို့၌ မေတ္တာ​မရှိလျှင် သင့်​အဖို့ အရေး​မကြီး၊ သင်သည် သစ္စာ​ရှိ​လေပြီ။ သို့​ဖြစ်၍၊ သင်၏​အဝတ်တန်ဆာများကို သန့်​ရှင်း​စေလိမ့်မည်။ သင်သည် သင်၏​အားနည်းချက်ကို မြင်သော​ကြောင့်၊ ငါ့​ခမည်းတော်၏​နေစရာ​အခန်းများရှိ၊ ငါ​ပြင်​ဆင်သည့် နေစရာ​အရပ်၌ ထိုင်​ရသည့်​တိုင်​အောင်ပင်၊ သင့်ကို အားကြီး​စေမည်။ ယခုမူကား၊ ငါ…သည် တစ်ပါး​အမျိုးသားတို့ကို၊ ထို​မှတစ်ပါး၊ ငါ​ချစ်​ရသည့် ငါ၏​ညီအစ်ကိုတို့ကိုလည်း ငါ၏​အဝတ်တန်ဆာများ သင်တို့၏​အသွေးနှင့် မစွန်း​ကြောင်း လူ​သား​အပေါင်းတို့ သိရမည့်​နေရာ​ဖြစ်သည့် ခရစ်တော်၏​တရား​ပလ္လင်​ရှေ့မှာ တွေ့ဆုံ​ရသည်​တိုင်​အောင် မင်္ဂလာ​ရှိပါ​စေဟု နှုတ်​ဆက်​ပါ၏။ သက်သေခံသူတို့သည် ယခုသေကြလေပြီ၊ သူတို့၏သက်သေခံချက်သည် သက်ရောက်၏။

ဟီရမ်စမစ်သည် ၁၈၄၄ ခု၊ ဖေဖော်ဝါရီ၌ အသက် လေးဆယ့်​လေးနှစ်​ရှိ၏၊ ဂျိုးဇက်​စမစ်သည် ၁၈၄၃ ခု၊ ဒီဇင်ဘာ၌ သုံးဆယ့်​ရှစ်နှစ်​ရှိ၏။ ထို​အချိန်မှ​စ၍၊ သူတို့၏ အမည်​များသည် ဘာသာရေး အာဇာနည်တို့၌ စာရင်းဝင်​လိမ့်မည်။ မော်မုန်ကျမ်း၊ ထို့အတူ အသင်းတော်၏ ဤ​ဩဝါဒနှင့် ပဋိညာဉ်များ​ကျမ်းသည် ပျက်စီး​နေသော​လောက၏ ကယ်တင်ခြင်း​အတွက် ၎င်းတို့ကို ထွက်ပေါ်​စေရန် တစ်ဆယ်ကိုး​ရာစု၏ အကောင်းဆုံး သွေးကို အဖိုး​အခ​အဖြစ်​ပေးထား​ရကြောင်း ပြည်သားတိုင်း၌ ဖတ်သူတို့ သတိပေး​ခံရ​လိမ့်မည်။ ဘုရားသခင်၏ ဘုန်းတော်​အတွက်၊ မီးသည် စိမ်းသော​အပင်ကို ထိခိုက်​စေနိုင်လျှင်၊ စပျစ်​ဥယျာဉ်ကို ပုပ်ပျက်​ခြင်းမှ စင်ကြယ်​စေရန် ခြောက်သော​အပင်ကို လောင်မြိုက်ဖို့ လွယ်ကူလှ​ပေမည်။ သူတို့သည် ဘုန်းတော်​အဖို့ အသက်ရှင်​ခဲ့ကြ၏။ သူတို့သည် ဘုန်းတော်​အဖို့ သေခဲ့​ကြ၏။ ဘုန်းတော်​သည်လည်း သူတို့၏ ထာဝရ​ဆု​ကျေးဇူး​ဖြစ်၏။ ကာလ​တစ်ခုပြီး တစ်ခု၌ သူတို့၏ အမည်များသည် သားစဉ်​မြေးဆက်တို့၌ သန့်ရှင်း​စင်ကြယ်​စေသော​သူတို့ အတွက် ကျောက်မျက်​ရတနာများ ကဲ့သို့ ဆင့်ကူးသွား လိမ့်မည်။

သူတို့သည် ယခင်က အကြိမ်ကြိမ် အတည်ပြု ခံရ​လေသည့်​အတိုင်း၊ ပြစ်မှု​တစ်စုံ​တစ်ခုနှင့်မျှ အပြစ်​မရှိ၊ သစ္စာ​ဖျက်သော​သူများနှင့် ဆိုးညစ်သော​လူတို့၏ လျှို့ဝှက်​ကြံစည်မှု အားဖြင့်သာ အကျဉ်းထောင် ထဲ၌ လှောင်ထား​ခံရ၏။ ကာသေ့ဂ်ျ​အကျဉ်းထောင် ကြမ်းပြင်၌ သူတို့၏ အပြစ်​မရှိသော​အသွေးသည်လည်း မြေကြီး​ပေါ်ရှိ အဘယ်​တရားရုံး​ကမျှ မငြင်းပယ်​နိုင်သည့် “မော်မုန်ဝါဒ”နှင့် ဆက်စပ်လျက်​ရှိသည့် ထင်ရှားသော​တံဆိပ် တစ်ခု​ဖြစ်၏၊ ထို့အတူ အီလီနွိုက်​ပြည်နယ် ရိုးရာ​ဒိုင်း တံဆိပ်​ပေါ်ရှိ၊ အုပ်ချုပ်သူ ကတိပေး​ခဲ့သည့် ပြည်နယ်၏ ကျိုးပျက်သော ယုံကြည်မှုနှင့် အတူ​ရှိသည့် သူတို့၏ အပြစ်​မရှိသော အသွေးသည် လောက​တစ်ခုလုံးက စောဒက မတက်​နိုင်သည့် ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်၏ အမှန်​တရား​အဖို့ သက်သေ​ဖြစ်၏။ လွတ်လပ်ရေး​အလံပေါ်ရှိ၊ ထို့အတူ အမေရိကန်​ပြည်ထောင်စု၏ magna chartaပေါ်ရှိ (ကြီးစွာသော​အမိန့်​ပြန်တမ်း) သူတို့၏ အပြစ်​မရှိသော​အသွေးသည် ခပ်သိမ်းသော​ပြည်သားတို့၌ ရိုးသားသော​လူတို့၏​စိတ်နှလုံးကို ထိသည့် ယေရှုခရစ်တော်၏ ဘာသာ​တရား​အတွက် သံတမန်​တစ်ပါး​ဖြစ်၏။ ယောဟန်​မြင်ရသည့် ယဇ်ပလ္လင်​အောက်မှ ခပ်သိမ်းသော​အာဇာနည်တို့၏ အပြစ်​မရှိသော​အသွေးနှင့် အတူ​ရှိသည့်၊ သူတို့၏​အပြစ်​မရှိသော​အသွေးသည် ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​ထံသို့၊ မြေကြီး​ပေါ်၌ ထိုအသွေး​အတွက် သူ​လက်တုန့်ပြန်သည့် အချိန်​အထိ တောင်းလျှောက်ကြ​လိမ့်မည်။ အာမင်။