အပိုဒ်ငယ် ၁၃၃
၁၈၃၁ ခု၊ နိုဝင်ဘာလ ၃ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ “ဤအချိန်တွင် မြေကြီးပေါ်၌နေထိုင်သူတို့အား ဧဝံဂေလိတရားတော်ကို ဟောပြောခြင်းနှင့် စပ်လျဉ်း၍၊ ထို့အတူ စုဝေးခြင်းနှင့်စပ်လျဉ်း၍ အသင်းလူကြီးတို့ သိလိုသောအရာ များစွာရှိလေ၏၊ မှန်သောအလင်းသို့ လိုက်နိုင်ခြင်းငှာ၊ ထို့အတူ အထက်မှ သွန်သင်ခြင်းကို ခံရခြင်းငှာ၊ ၁၈၃၁ ခု၊ နိုဝင်ဘာလ ၃ ရက် ၌၊ ကျွန်ုပ်သည် ကိုယ်တော်ရှင်ထံ မေးလျှောက်၍ အောက်ပါ အရေးကြီးသော ဗျာဒိတ်တော်ကို ရရှိခဲ့၏”ဟု ဂျိုးဇက်စမစ်၏ သမိုင်းကဖော်ပြ၏။ ဤအပိုဒ်ငယ်ကို ပထမတွင် ဩဝါဒနှင့်ပဋိညာဉ်များကျမ်းသို့ နောက်ဆက်တွဲတစ်ခုအဖြစ် ထပ်၍ထည့်ခဲ့ပြီး၊ နောက်ပိုင်းတွင် အပိုဒ်ငယ်နံပါတ်တစ်ခုကို တပ်ခဲ့၏။
၁–၆၊ သန့်ရှင်းသူတို့သည် ဒုတိယအကြိမ် ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရန် မိန့်မှာခံရ၏။ ၇–၁၆၊ ခပ်သိမ်းသောလူတို့သည် ဗာဗုလုန်မှ ထွက်ပြေးကြစေရန်၊ ဇိအုန်သို့လာကြစေရန်၊ ထို့အတူ ကိုယ်တော်ရှင်၏ ကြီးစွာသောနေ့အတွက် ပြင်ဆင်ကြစေရန် မိန့်မှာခံကြရ၏။ ၁၇–၃၅၊ သူသည် ဇိအုန်တောင်ပေါ်မှာ ရပ်လိမ့်မည်၊ တိုက်များသည် ပြည်တစ်ခု ဖြစ်လာလိမ့်မည်၊ ပျောက်ဆုံးသော ဣသရေလ မျိုးနွယ်စုတို့သည်လည်း ပြန်လာကြလိမ့်မည်။ ၃၆–၄၀၊ ဧဝံဂေလိတရားတော်ကို လောက တစ်ခုလုံးသို့ ဟောပြောရစေရန် ဂျိုးဇက်စမစ်အားဖြင့် ပြန်လည်ဆောင်ယူထား၏။ ၄၁–၅၁၊ ကိုယ်တော်ရှင်သည် ဆိုးညစ်သူတို့အပေါ် လက်တုံ့ပြန်ခြင်းဖြင့် ဆင်းလာတော်မူမည်။ ၅၂–၅၆၊ ထိုအချိန်သည် သူ၏ရွေးနုတ်သောသူတို့၏နှစ်ဖြစ်လိမ့်မည်။ ၅၇–၇၄၊ သန့်ရှင်းသူတို့ကို ကယ်တင်ခြင်းသို့ ရောက်စေရန်နှင့် ဆိုးညစ်သူတို့၏ ပျက်စီးခြင်း အတွက် ဧဝံဂေလိတရားတော်ကို ပို့ရမည်။
၁ စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင်လူမျိုးတို့၊ သင်တို့၏ ဘုရားသခင် ကိုယ်တော်ရှင် မိန့်တော်မူ၏၊ သင်တို့နှင့်စပ်လျဉ်းသည့် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကိုလည်း ကြားနာကြလော့—
၂ ကိုယ်တော်ရှင်သည်ကား မိမိဗိမာန်တော်သို့ ရုတ်တရက် ကြွလာတော်မူမည့်သူ ဖြစ်၏။ ကိုယ်တော်ရှင်သည်ကား လောက အပေါ်၊ ထိုမှတစ်ပါး၊ ဘုရားသခင်ကို မေ့သည့် ခပ်သိမ်းသော ပြည်သားတို့ အပေါ်၊ ထို့အတူ သင်တို့၌ ရှိသည့် ခပ်သိမ်းသော ဘုရားမဲ့နေသော သူတို့အပေါ် တရားစီရင်တော်မူခြင်း အတွက် ကျိန်ခြင်းနှင့်အတူ ဆင်းလာတော်မူမည့်သူ ဖြစ်၏။
၃ အကြောင်းမူကား၊ သူသည် သူ၏သန့်ရှင်းသော လက်တော်ကို ခပ်သိမ်းသော ပြည်သားတို့၏ မျက်လုံးတို့၌ ဖွင့်ပြတော်မူ၏။ မြေကြီးစွန်းသား ခပ်သိမ်းတို့သည်လည်း သူတို့ဘုရားသခင်၏ကယ်တင်ခြင်းကို မြင်ရလိမ့်မည်။
၄ သို့ဖြစ်၍၊ သင်တို့ပြင်ဆင်ကြလော့၊ သင်တို့ပြင်ဆင်ကြလော့၊ အို ငါ၏လူမျိုးတို့။ သင်တို့ကိုယ်သင်တို့ သန့်ရှင်းစင်ကြယ်စေကြလော့။ အို ငါ့အသင်းတော်မှ အသင်လူမျိုးတို့၊ တည်းခိုရန် မိန့်တော်မူ မခံရလေသည့် ခပ်သိမ်းသောသင်တို့ ဇိအုန်ပြည်ပေါ်၌ သင်တို့ အတူတကွ စုဝေးကြလော့။
၅ သင်တို့ ဗာဗုလုန်မှ ထွက်သွားကြလော့။ ကိုယ်တော်ရှင်၏ တန်ဆာတို့ကို သယ်ဆောင်သောသင်တို့ သန့်ရှင်းခြင်းရှိကြလော့။
၆ သင်တို့၏ ဓမ္မအစည်းအဝေးကို ခေါ်ကြလော့၊ ထို့အတူ တစ်ယောက်ကိုတစ်ယောက် အကြိမ်ကြိမ် ပြောဆိုကြလော့။ လူတိုင်းအား ကိုယ်တော်ရှင်၏ နာမတော်ကို ပတ္ထနာပြုစေလော့။
၇ ထိုမှတစ်ပါး၊ သင်တို့ကို ငါအမှန် တစ်ဖန်ဆိုသည်ကား၊ သင်တို့ထံသို့ ကိုယ်တော်ရှင်၏အသံ ရောက်သည့်အချိန်သည် ကျရောက်လေပြီ။ ဗာဗုလုန်မှ သင်တို့ထွက်သွားကြလော့။ ပြည်သားတို့မှ၊ အရပ်လေးမျက်နှာမှ၊ ကောင်းကင် တစ်ဖက်စွန်းမှ အခြားတစ်ဖက်သို့ သင်တို့စုဝေးကြလော့။
၈ ငါ့အသင်းတော်မှ အသင်းလူကြီးတို့ကို အဝေးမှာရှိသည့် ပြည်သားများသို့၊ ပင်လယ် တစ်ဖက် တစ်ကျွန်း တစ်နိုင်ငံ အရပ်များသို့ စေလွှတ် ကြလော့။ တစ်ပါးတိုင်းပြည်များသို့ စေလွှတ်ကြလော့။ ခပ်သိမ်းသော ပြည်သားတို့ကို တောင်းဆိုကြလော့ ပထမတွင် တစ်ပါးအမျိုးသားတို့ကို၊ ထို့နောက်တွင် ယုဒလူမျိုးတို့ကို တောင်းဆိုကြလော့။
၉ ရှုဦးလော့၊ ကြည့်ဦးလော့၊ ဤအရာသည် ခပ်သိမ်းသောလူမျိုးတို့ထံ သူတို့၏ ဟစ်ကြွေးသံနှင့် ကိုယ်တော်ရှင်၏ အသံဖြစ်လိမ့်မည်။ ဇိအုန်ပြည်သို့ သင်တို့ ထွက်သွားကြလော့၊ ငါ့လူမျိုးတို့၏ နယ်နိမိတ်များကို ကျယ်နိုင်စေခြင်းငှာ၊ ထို့အတူ သူ၏ပန္နက်များကို ခွန့်အား ဖြည့်နိုင်စေခြင်းငှာ၊ ထို့အတူ ဇိအုန်ကို ပတ်ဝန်းကျင်ဒေသများသို့ ကျယ်ပြန့်သွားနိုင်စေခြင်းငှာပေတည်း။
၁၀ ထိုမှတစ်ပါး၊ ဟစ်ကြွေးခြင်းကို ခပ်သိမ်းသောလူမျိုးတို့၌ ထွက်သွားစေလော့။ မင်္ဂလာဆောင်လုလင်ကို တွေ့ရန် ထ၍ ထွက်သွားလော့။ ရှုလော့၊ ကြည့်ဦးလော့၊ မင်္ဂလာဆောင်လုလင် လာ၏။ သူ့ကို တွေ့ရန် သင်တို့ထွက်သွားကြလော့။ ကိုယ်တော်ရှင်၏ ကြီးစွာသောနေ့အတွက် သင်တို့ကိုယ်သင်တို့ ပြင်ဆင်ကြလော့။
၁၁ ထို့ကြောင့်၊ စောင့်နေကြလော့၊ အကြောင်းမူကား၊ သင်တို့သည် ကြွရောက်လာမည့် နေ့ကိုလည်းကောင်း၊ နာရီကိုလည်းကောင်း မသိကြ။
၁၂ ထို့ကြောင့်၊ တစ်ပါးအမျိုးသားတို့၌ ရှိသူတို့အား ဇိအုန်သို့ ထွက်ပြေးကြစေလော့။
၁၃ ယုဒလူမျိုးတို့၌ ရှိသောသူတို့ကိုလည်း ယေရုရှလင်သို့၊ ကိုယ်တော်ရှင့်အိမ်တော်၏ တောင်များသို့ ထွက်ပြေးကြစေလော့။
၁၄ သင်တို့သည် ပြည်သားတို့ထံမှ၊ အကယ်စင်စစ် ဗာဗုလုန်မှ၊ ဝိညာဉ်ပကတိ ဗာဗုလုန်ဖြစ်သည့် ဆိုးညစ်ခြင်း၏အလယ်မှ၊ ထွက်သွားကြလော့။
၁၅ သို့ရာတွင်၊ ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်ကား၊ သင်တို့၏ ထွက်ပြေးခြင်းကို အလျင်အမြန် မဖြစ်စေနှင့်၊ သို့ရာတွင် ခပ်သိမ်းသော အရာတို့ကို သင်တို့ရှေ့၌ ပြင်ဆင်ထားလျက် ရှိစေလော့။ ထွက်သွားသော သူကိုလည်း၊ သူ့အပေါ် ရုတ်တရက်ဖျက်ဆီးခြင်း ကျရောက် မလာစေခြင်းငှာ နောက်ကို ပြန်မကြည့်စေနှင့်။
၁၆ စေ့စေ့နားထောင်၍ ကြားနာကြလော့၊ အို အသင် မြေကြီးပေါ်မှာ နေထိုင်သူတို့။ နားထောင်ကြလော့၊ ငါ့အသင်းတော်မှ အသင် အသင်းလူကြီးတို့၊ ကိုယ်တော်ရှင်၏အသံကိုလည်း အတူတကွ ကြားနာကြလော့။ အကြောင်းမူကား၊ သူသည် ခပ်သိမ်းသောလူတို့ကို တောင်းဆို၏၊ နေရာတိုင်းရှိ ခပ်သိမ်းသောလူတို့ကို နောင်တရရန် မိန့်တော်မူ၏။
၁၇ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူလျှင်၊ ကောင်းကင်အလယ်ကိုဖြတ်၍ ဟစ်ကြွေးလျက် ဆိုလေသည်ကား၊ သင်တို့ကိုယ်တော်ရှင်၏ လမ်းကို ပြင်ဆင်ကြလော့၊ သူ၏ လမ်းခရီးတော်တို့ကို ဖြောင့်စေကြလော့။ အကြောင်းမူကား၊ သူကြွလာတော်မူရာ နာရီသည် ရောက်လုနီးပြီ—
၁၈ သိုးသငယ် ဇိအုန်တောင်ပေါ်၌ ရပ်မည့်အချိန် ဖြစ်၏၊ သူ့ခမည်းတော်၏နာမတော်ကို နဖူး၌ ရေးထားသော သူတစ်သိန်းလေးသောင်းလေးထောင်တို့သည်လည်း သူနှင့်အတူ ရှိ၏။
၁၉ သို့ဖြစ်၍၊ မင်္ဂလာဆောင်လုလင် ရောက်လာချိန် အတွက် သင်တို့ ပြင်ဆင်ကြလော့။ သင်တို့ သွားကြလော့၊ သူ့ကို တွေ့ရန် သင်တို့ထွက်သွားကြလော့။
၂၀ အကြောင်းမူကား၊ ရှုလော့၊ သူသည် သံလွင်တောင်ပေါ်မှာ၊ ထို့အတူ ကြီးစွာသော သမုဒ္ဒရာ ပေါ်မှာ၊ အကယ်စင်စစ် မဟာသမုဒ္ဒရာပေါ်မှာ၊ ထို့အတူ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံ အရပ်တို့ အပေါ်မှာ၊ ထို့အတူ ဇိအုန်ပြည်ပေါ်မှာ ရပ်လိမ့်မည်။
၂၁ သူသည် မိမိအသံကို ဇိအုန်မှလွှတ်၍၊ ယေရုရှလင်မှ ဟောပြောလိမ့်မည်၊ ထို့အတူ သူ့အသံကို ခပ်သိမ်းသော လူမျိုးတို့၌ ကြားရလိမ့်မည်။
၂၂ ထိုအသံသည် များစွာသောရေတို့၏အသံကဲ့သို့၊ ထို့အတူ တောင်တို့ကို ဖြိုချမည့် ကြီးစွာသော မိုးချုန်းသံကဲ့သို့သော အသံဖြစ်လိမ့်မည်၊ ချိုင့်ဝှမ်းတို့ကိုလည်း မတွေ့ရ။
၂၃ သူသည် မဟာသမုဒ္ဒရာကို အမိန့်ပေး၍၊ ၎င်းသည်လည်း မြောက်ပိုင်း တိုင်းပြည်များထဲသို့ တွန်းပို့ခံရလိမ့်မည်၊ ကျွန်းများသည်လည်း ပြည်တစ်ခု ဖြစ်လာလိမ့်မည်။
၂၄ ယေရုရှလင်မြေနှင့် ဇိအုန်ပြည်သည်လည်း မိမိတို့နေရာသို့ ပြန်ရောက်လိမ့်မည်၊ မြေကြီးသည်လည်း မကွဲခင်ကာလများကကဲ့သို့ ဖြစ်လိမ့်မည်။
၂၅ ကိုယ်တော်ရှင်၊ အကယ်စင်စစ် ကယ်တင်ရှင်သည် မိမိလူမျိုးတို့အလယ်၌ ရပ်တော်မူလိမ့်မည်၊ ခပ်သိမ်းသော လူတို့ ကိုလည်း အုပ်စိုးတော်မူလိမ့်မည်။
၂၆ မြောက်ပိုင်းတိုင်းပြည်များ၌ ရှိသောသူတို့သည် ကိုယ်တော်ရှင်၏အောက်မေ့တော်မူခြင်းကို ခံရလိမ့်မည်။ သူတို့၏ပရောဖက်များသည် သူ၏အသံကို ကြားကြလိမ့်မည်၊ သူတို့ကိုယ်သူတို့ မဟန့်တားကြတော့။ သူတို့သည် ကျောက်တို့ကို ရိုက်လိမ့်မည်၊ ရေခဲသည်လည်း သူတို့မျက်မှောက်၌ စီးကျလိမ့်မည်။
၂၇ လမ်းမတစ်ခုကို မဟာသမုဒ္ဒရာအလယ်၌ တည်ဆောက်လိမ့်မည်။
၂၈ သူတို့၏ရန်သူတို့သည် သူတို့အဖို့ သားကောင်ဖြစ်လာလိမ့်မည်။
၂၉ မဖြစ်ထွန်းသော သဲကန္တာရများထဲ၌ အသက်စမ်းရေကန်များ ပေါ်လာလိမ့်မည်။ ခြောက်သွေ့သော မြေသည်လည်း ရေငတ်သောမြေ မဖြစ်ရတော့။
၃၀ သူတို့သည် မိမိတို့၏ ကြွယ်ဝသော ဘဏ္ဍာတို့ကို ဧဖရိမ်အမျိုးသား၊ ငါ့ကျွန်တို့ဆီသို့ ဆောင်ယူလာကြလိမ့်မည်။
၃၁ ထာဝရတည်မြဲသောတောင်ကုန်းတို့၏ နယ်နိမိတ်တို့သည် သူတို့မျက်မှောက်၌ တုန်လိမ့်မည်။
၃၂ ထိုနေရာ၌ သူတို့သည် ပျပ်ဝပ်၍၊ ဇိအုန်၌ပင်၊ ကိုယ်တော်ရှင့်ကျွန်တို့၏လက်များဖြင့်၊ ဧဖရိမ်အမျိုးသားတို့အားဖြင့်ပင် ဘုန်းအသရေနှင့် ချီးမြှင့်ခံရလိမ့်မည်။
၃၃ သူတို့သည် ထာဝရတည်မြဲသော ဝမ်းမြောက်ခြင်း သီချင်းတို့နှင့်လည်း ပြည့်လိမ့်မည်။
၃၄ ရှုလော့၊ ဤအရာသည် ဣသရေလမျိုးနွယ်စုတို့ အပေါ်၌၊ ထာဝရတည်မြဲသော ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြစ်၏၊ ဧဖရိမ်နှင့် သူ့အပေါင်းအဖော်တို့၏ ဦးခေါင်းအပေါ်၌ သာ၍ကြွယ်ဝသော ကောင်းချီးမင်္ဂလာလည်းဖြစ်၏။
၃၅ ယုဒမျိုးနွယ်စုများလည်းဖြစ်သည့် သူတို့သည်၊ သူတို့၏ နာကျင်မှုနောက်မှ၊ မျက်မှောက်တော်၌ နေ့ရောညပါ၊ ကာလအစဉ်အဆက် အမြဲနေထိုင်ရန် ကိုယ်တော်ရှင်ရှေ့၌ သန့်ရှင်းခြင်းဖြင့် သန့်ရှင်းစင်ကြယ် စေရလိမ့်မည်။
၃၆ ယခုမူကား၊ ကိုယ်တော်ရှင် အမှန် မိန့်တော်မူသည်မှာ၊ ဤအရာတို့ကို သင်တို့၌ ဖော်ပြနိုင်မည့် အကြောင်း၊ အို မြေကြီး ပေါ်မှာနေထိုင်သူတို့၊ ငါသည် ကောင်းကင်အလယ်ကို ဖြတ်၍ ပျံနေသည့်၊ ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်ရှိနေသည့်၊ အချို့သောသူတို့ထံ ပေါ်လာလေပြီးလျှင်၊ လူသားထံသို့ အပ်နှံသည့်၊ မြေကြီးပေါ်မှာနေထိုင်သည့် များစွာသောသူတို့ထံ ပေါ်လာမည့် ငါ၏ ကောင်းကင်တမန်ကို စေလွှတ်၏။
၃၇ ဤဧဝံဂေလိတရားတော်ကို ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးမှန်သမျှသို့ ဟောပြောလိမ့်မည်။
၃၈ ဘုရားသခင်၏ ကျွန်တို့သည် ထွက်သွား၍၊ ကျယ်သောအသံနှင့် ဆိုကြမည်ကား၊ ဘုရားသခင်ကို ကြောက်ကြလော့၊ သူ့ကို ချီးမွမ်းကြလော့၊ အကြောင်းမူကား၊ သူ၏ တရားစီရင်တော်မူခြင်း နာရီ ကျရောက်လာပြီ။
၃၉ ကောင်းကင်၊ ထို့အတူ မြေကြီး၊ ထို့အတူ ပင်လယ်၊ ထို့အတူ စမ်းရေတွင်းတို့ကို ဖန်ဆင်သူအား ကိုးကွယ်ကြလော့—
၄၀ ကိုယ်တော်ရှင်၏နာမတော်ကို နေ့ရောညပါ ပတ္ထနာပြု၍ ဆိုကြမည်ကား၊ အို ကိုယ်တော်သည် ကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော်၊ ကိုယ်တော်မျက်မှောက်၌ တောင်တို့ကို စီးကျပါစေသော။
၄၁ ထိုအမှုကို သူတို့၏ဦးခေါင်းအပေါ် အဖြေပေးလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏ မျက်မှောက်တော်သည် ရေကို ဆူစေသည့်၊ လောင်မြိုက်သည့် အရည်ပျော်စေသော မီးကဲ့သို့ ဖြစ်လိမ့်မည်။
၄၂ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် ကိုယ်တော်၏ရန်သူတို့ ကိုယ်တော်၏နာမတော်ကို သိစေရန် ဆင်းသက်လာတော်မူပါ၊ ခပ်သိမ်းသောပြည်သားတို့သည်လည်း ကိုယ်တော်၏မျက်မှောက်တော်၌ တုန်လှုပ်ကြပါလိမ့်မည်—
၄၃ ကိုယ်တော်သည် ကြောက်မက်ဖွယ်သောအရာများ၊ သူတို့မမျှော်လင့်သည့်အရာများကို ပြုတော်မူသောအခါ၊
၄၄ ထိုမှတစ်ပါး၊ ကိုယ်တော် ဆင်းသက်လာတော်မူသောအခါ၊ ကိုယ်တော်၏မျက်မှောက်တော်၌ တောင်တို့ စီးကျကြပါ၏၊ ရွှင်လန်းဝမ်းမြောက်၍ ဖြောင့်မတ်ခြင်းကို ကျင့်သောသူ၊ ကိုယ်တော်၏ လမ်းတို့၌ ကိုယ်တော်ကို အောက်မေ့သောသူကို ကိုယ်တော်တွေ့တော်မူလိမ့်မည်။
၄၅ အကြောင်းမူကား၊ အို ဘုရားသခင်၊ ကိုယ်တော်မှတစ်ပါး၊ ကမ္ဘာဦးကတည်းက၊ လူသားသည် ကြားဖူးခြင်းမရှိ၊ နားဖြင့်မကြား၊ အဘယ်မျက်စိမျှလည်း မြင်ဖူးခြင်းမရှိပါ၊ ကိုယ်တော်ကို မျှော်လင့်သောသူအဖို့၊ ကြီးစွာသော အရာတို့ကို ကိုယ်တော်ပြင်ဆင်ထားတော်မူ၏။
၄၆ ဆိုလိမ့်မည်ကား၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှ နေ၍ အရောင်ဆိုးထားသော အဝတ်တန်ဆာနှင့်၊ ထိုမှတစ်ပါး၊ မသိသည့်ဒေသများမှနေ၍ ဆင်းသက်လာသောသူ၊ မိမိ၏ အသရေထင်ရှားသော အဝတ်ဖြင့် ဝတ်ဆင်ထားသော၊ မိမိ၏ကြီးစွာသော ခွန်အားဖြင့် ခရီးသွားလျက် ရှိသောသူကား၊ အဘယ်သူနည်း။
၄၇ သူကလည်း ဆိုလိမ့်မည်ကား၊ ငါသည် ဖြောင့်မတ်စွာဟောသူ၊ ကယ်တင်ရန် တန်ခိုးကြီးသောသူ ဖြစ်၏။
၄၈ ကိုယ်တော်သည် သူ၏အဝတ်၌ နီသောအရောင်နှင့် ရှိလိမ့်မည်၊ သူ၏ အဝတ်တန်ဆာ သည်လည်း စပျစ်သီးကို နင်းနယ်သောသူ၏အဝတ်နှင့် တူလိမ့်မည်။
၄၉ သူ့မျက်မှောက်တော်၏ဘုန်းတော်သည် အလွန်ကြီးမြတ်သဖြင့်၊ နေသည်ရှက်၍ မိမိမျက်နှာကို ကွယ်ထားလိမ့်မည်၊ လသည်လည်း မိမိအလင်းကို မပေးဘဲထားလိမ့်မည်၊ ကြယ်တို့သည်လည်း မိမိတို့နေရာများမှ လွှင့်ပစ်ခံရလိမ့်မည်။
၅၀ သူ၏အသံကိုလည်း ကြားရလိမ့်မည်ကား၊ ငါသည် စပျစ်သီးနယ်ရာကျင်းကို တစ်ယောက်တည်းနင်းနယ်လေပြီ၊ တရားစီရင်တော်မူခြင်းကိုလည်း ခပ်သိမ်းသောလူမျိုးတို့အပေါ် ဆောင်ယူတော်မူလေပြီ။ အဘယ်သူမျှလည်း ငါ့နှင့်အတူမရှိ။
၅၁ ငါသည် သူတို့ကို ဒေါသအမျက်ဖြင့်နင်း၏၊ ထို့အတူ ငါသည် သူတို့အပေါ် အမျက်ဖြင့် နင်းချေ၏၊ သူတို့၏အသွေးကိုလည်း ငါ၏အဝတ်တန်ဆာတို့အပေါ်၌ ဖြန်းလေ၍၊ ငါ၏ အဝတ်ခပ်သိမ်းတို့ကို စွန်း၏။ အကြောင်းမူကား၊ ဤအရာသည် ငါ၏စိတ်နှလုံးထဲ၌ ရှိသည့် အပြစ်ဒဏ် ကာလဖြစ်၏။
၅၂ ငါ၏ ရွေးနုတ်သောသူတို့၏နှစ်သည် ကျရောက်လာ၏။ သူတို့သည်လည်း သူတို့ကိုယ်တော်ရှင်၏ ချစ်သော ကြင်နာခြင်း၊ ထို့အတူ သူ၏ ကောင်းမြတ်ခြင်း အတိုင်း၊ သူ၏ ချစ်သော ကြင်နာခြင်း အတိုင်း သူတို့အပေါ် သူပေးသည့် ခပ်သိမ်းသောအရာတို့ကို ကာလအစဉ်အဆက် အမြဲဖော်ပြလိမ့်မည်။
၅၃ သူတို့၏ခပ်သိမ်းသောဆင်းရဲဒုက္ခတို့၌ သူဒုက္ခတွေ့ရ၏။ သူ့မျက်မှောက်တော်မှ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်၏။ သူ၏ချစ်ခြင်းဖြင့်၊ ထို့အတူ သူ၏သနားခြင်းဖြင့်၊ သူသည် သူတို့ကို ရွေးနုတ်တော်မူ၏၊ ထို့အတူ သူတို့ကို သည်းခံတော်မူ၏၊ ထို့အတူ သူတို့ကို ခပ်သိမ်းသော ရှေးနေ့ရက်တို့၌ ဆောင်ယူတော်မူ၏။
၅၄ ထိုမှတစ်ပါး၊ ဧနောက်အပါအဝင် သူနှင့်အတူ ရှိခဲ့လေသူများ။ သူ၏ရှေ့မှာရှိခဲ့လေသော ပရောဖက်များ။ ထို့အတူ နောဧအပါအဝင် သူ၏ရှေ့မှာရှိခဲ့လေသောသူများ။ ထို့အတူ မောရှေအပါအဝင် သူ၏ရှေ့မှာ ရှိခဲ့လေသောသူများ၊
၅၅ မောရှေမှ ဧလိယ၊ ထို့အတူ ဧလိယမှ ယောဟန်၊ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်း၌ သူနှင့်အတူရှိခဲ့လေသောသူများ၊ ထို့အတူ သန့်ရှင်းသော တမန်တော်များ၊ အာဗြဟံ၊ ဣဇာက်၊ ထို့အတူ ယာကုပ်တို့နှင့် အတူ သိုးသငယ်၏မျက်မှောက်တော်၌ ရှိကြလိမ့်မည်။
၅၆ သန့်ရှင်းသူတို့၏သင်္ချိုင်းများ ပွင့်လိမ့်မည်။ သူတို့သည်လည်း ထွက်လာ၍၊ ဇိအုန်တောင်ပေါ်၌၊ ထို့အတူ သန့်ရှင်းသောမြို့၊ ယေရုရှလင်မြို့သစ်ပေါ်၌ သိုးသငယ်ရပ်သောအခါ၊ သူ၏လက်ယာဘက်၌ ရပ်ကြလိမ့်မည်။ ထို့အတူ သူတို့သည် သိုးသငယ်၏သီချင်းကို နေ့ရောညပါ၊ ကာလအစဉ်အဆက် အမြဲဆိုကြလိမ့်မည်။
၅၇ ဤအကြောင်းရင်းကြောင့်၊ လူသားတို့သည် ဖော်ပြတော်မူမည့် ဘုန်းအသရေကို ခံရသောသူများ ဖြစ်ရနိုင်စေခြင်းငှာ၊ ကိုယ်တော်ရှင်သည် သူ၏ ဧဝံဂေလိတရားတော် အပြည့်အစုံကို၊ သူ၏ထာဝရတည်မြဲသော ပဋိညာဉ်ကို ရှင်းလင်းစွာနှင့် ရိုးရှင်းစွာဆွေးနွေး၍ စေလွှတ်တော်မူ၏—
၅၈ မြေကြီးပေါ်သို့ ကျရောက်လာမည့် အရာများအတွက်၊ ထို့အတူ အားနည်းသောသူတို့က ဉာဏ်ပညာရှိသော သူတို့ကို အရှက်ရစေမည့်၊ ထို့အတူ သေးငယ်သောသူတို့ အားကြီးသော သူများဖြစ်လာမည့်၊ ထို့အတူ လူနှစ်မျိုးတို့ မိမိတို့၏ သောင်းပေါင်းများစွာတို့ကို ထွက်ပြေးစေမည့် နေ့၌ ကိုယ်တော်ရှင်၏ အမှုတော်အတွက်၊ အားနည်းသောသူတို့ကို ပြင်ဆင်ရန်လည်းဖြစ်၏။
၅၉ မြေကြီးနှင့်ဆိုင်သော အားနည်းသည့်အရာတို့အားဖြင့် ကိုယ်တော်ရှင်သည် သူ့ဝိညာဉ်တော်၏ တန်ခိုးဖြင့် ပြည်သားတို့ကို ခွဲထုတ်လိမ့်မည်။
၆၀ ဤအကြောင်းရင်းကြောင့်၊ ဤပညတ်တော်တို့ကို ပေးထားလေ၏။ ၎င်းတို့ကို ပေးလေသော နေ့၌ လောကထံမှ တားဆီး ထားရန် မိန့်မှာထား၏၊ သို့ရာတွင် ယခု၌ ခပ်သိမ်းသော လူတို့ထံ ထွက်သွား ရမည်—
၆၁ ဤအရာသည်ကား၊ ခပ်သိမ်းသော လူတို့ အပေါ် အုပ်စိုးတော်မူသည့် ကိုယ်တော်ရှင်၏စိတ်နှင့် အလိုတော်အတိုင်းဖြစ်၏။
၆၂ ကိုယ်တော်ရှင်ရှေ့၌ နောင်တရ၍ မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်စေသောသူအား ထာဝရအသက်ကို ပေးလိမ့်မည်။
၆၃ ကိုယ်တော်ရှင်၏ အသံကို စေ့စေ့နားထောင်ခြင်းမရှိသောသူတို့ အပေါ်၌၊ သူတို့သည် လူမျိုးတို့မှ ပယ်ရှင်းခံရမည့် အကြောင်း ပရောဖက်မောရှေ ရေးထားသည့်အရာကို ပြီးပြည့်စုံစေလိမ့်မည်။
၆၄ ပရောဖက်မာလခိရေးထားသောအရာလည်းပါဝင်၏။ အကြောင်းမူကား၊ ရှုလော့၊ မီးဖို၌ လောင်မြိုက်သကဲ့သို့ လောင်မြိုက်သောကာလ ကျရောက်လာလိမ့်မည်။ ထိုမှတစ်ပါး၊ မာနကြီးသောသူအပေါင်းနှင့် ဆိုးညစ်စွာပြုသော သူအပေါင်းတို့သည် ရိုးပြတ်ဖြစ်လိမ့်မည်။ ကျရောက်လာသည့်ကာလ၌ ထိုသူတို့ကို လောင်မြိုက်စေသဖြင့် အရင်းအဖျားမျှချန်ထားလိမ့်မည်မဟုတ်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင် မိန့်တော်မူ၏။
၆၅ သို့ဖြစ်၍၊ ဤအရာသည် သူတို့အဖို့ ကိုယ်တော်ရှင်၏အဖြေဖြစ်လိမ့်မည်။
၆၆ ငါ၏လူမျိုးတို့ထံ ငါကြွလာတော်မူမည့်နေ့၌၊ သင်တို့၌ အဘယ်သူမျှ ငါ့ကို လက်မခံကြ၍၊ သင်တို့သည် နှင်ထုတ်ခံကြရလိမ့်မည်။
၆၇ ငါတစ်ဖန်ခေါ်သည့်အချိန်၌ သင်တို့အထဲမှ အဘယ်သူမျှ ဖြေရန်မရှိ။ သို့သော်လည်း ငါ၏လက်သည် မရွေးနုတ်နိုင်အောင် မတို၊ ငါ၏တန်ခိုးသည်လည်း ကယ်လွှတ်ရန် အားမလျော့။
၆၈ ရှုလော့၊ ငါ၏ဆုံးမခြင်း၌ ငါသည် ပင်လယ်ကို ခန်းခြောက်စေ၏။ ငါသည် မြစ်တို့ကို တောရိုင်းဖြစ်စေ၍၊ ၎င်းတို့၏ငါးများ နံ၍၊ ရေငတ်၍သေ၏။
၆၉ ငါသည် ကောင်းကင်ကို နက်မှောင်ခြင်းဖြင့် ဝတ်ဆင်၍ လျှော်တေအဝတ်ကို ၎င်း၏ခြုံထည် ဖြစ်စေ၏။
၇၀ ထို့အတူ ဤအရာသည်ကား၊ ငါ့လက်တော်မှရလိမ့်မည့်—သင်တို့ဝမ်းနည်း၍၊ လဲလျောင်းရလိမ့်မည့် အဖြစ်ပေတည်း။
၇၁ ရှုလော့၊ ကြည့်ဦးလော့၊ သင်တို့ကို ကယ်လွှတ်မည့်သူ အဘယ်သူမျှမရှိ။ အကြောင်းမူကား၊ ငါသည် သင်တို့ကို ကောင်းကင်ဘုံမှ ခေါ်သောအခါ သင်တို့သည် ငါ၏ အသံကို မနာခံကြ။ သင်တို့သည် ငါ၏ ကျွန်တို့ကို မယုံကြည်ကြ၊ သူတို့ကို သင်တို့ထံ စေလွှတ်သောအခါ သင်တို့သည် သူတို့ကို လက်ခံခြင်းမရှိကြ။
၇၂ သို့ဖြစ်၍၊ သူတို့သည် သက်သေခံချက်ကို တံဆိပ်ခတ်၍၊ ဥပဒေကို ထုတ်၍၊ သင်တို့သည် အမှောင်ထုသို့ လွှဲအပ်ခံရ၏။
၇၃ ဤသူတို့သည် ငိုကြွေးခြင်း၊ ထို့အတူ မြည်တမ်းခြင်း၊ ထို့အတူ အံသွားခဲကြိတ်ခြင်းတို့ရှိရာ အပြင်အရပ်မှောင်မိုက်ထဲသို့ သွားကြလိမ့်မည်။
၇၄ ရှုလော့၊ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်မိန့်တော်မူလေပြီ။ အာမင်။