အပိုဒ်ငယ် ၁၃၀
၁၈၄၃ ခု၊ ဧပြီလ ၂ ရက်၊ ရာမု၊ အီလီနွိုက်၌ ပရောဖက်ဂျိုးဇက်စမစ်ပေးခဲ့သည့် သွန်သင်ခြင်း အချက်များ။
၁–၃၊ ခမည်းတော်နှင့် သားတော်သည် လူသားတို့ထံသို့ ကိုယ်တိုင်ပေါ်ထွန်းလာနိုင်၏။ ၄–၇၊ ကောင်းကင်တမန်တို့သည် ဆီလက်ရှယ်လ်ဂြိုဟ်၌ နေထိုင်ကြ၏။ ၈–၉၊ ဆီလက်ရှယ်လ်မြေကြီးသည် ကြီးစွာသော ဥရိမ်နှင့် သုမိမ်ဖြစ်လိမ့်မည်။ ၁၀–၁၁၊ ဆီလက်ရှယ်လ်လောကသို့ ဝင်ရောက်သည့် ခပ်သိမ်းသော သူတို့အား ကျောက်ဖြူတစ်လုံးကို ပေးထား၏။ ၁၂–၁၇၊ ဒုတိယအကြိမ် ကြွလာတော်မူရာအချိန်ကို ပရောဖက်ထံမှ ဆီးတားထား၏။ ၁၈–၁၉၊ ဤဘဝ၌ ရရှိသည့် အသိဉာဏ်သည် ရှင်ပြန်ထမြောက်ခြင်း၌ ကျွန်ုပ်တို့နှင့်အတူ ထမြောက်၏။ ၂၀–၂၁၊ ခပ်သိမ်းသော ကောင်းချီးမင်္ဂလာတို့သည် ဥပဒေကို နာခံခြင်းအားဖြင့် ရောက်လာ၏။ ၂၂–၂၃၊ ခမည်းတော်နှင့် သားတော်၌ အသားနှင့် အရိုးတို့ရှိသည့် ကိုယ်ခန္ဓာများရှိကြ၏။
၁ ကယ်တင်ရှင်ပေါ်ထွန်းလာတော်မူသောအခါ၊ ကျွန်ုပ်တို့သည် သူ့ကို သူ့အရှိအတိုင်း မြင်ရလိမ့်မည်။ သူသည် ကျွန်ုပ်တို့ကိုယ်တိုင်ကဲ့သို့ပင် လူသားတစ်ဦးဖြစ်ကြောင်း ကျွန်ုပ်တို့မြင်ရလိမ့်မည်။
၂ ဤနေရာတွင် ကျွန်ုပ်တို့၌တည်ရှိသည့် အလားတူ လူမှုဆက်ဆံရေးသည် ထိုနေရာတွင် ကျွန်ုပ်တို့၌ တည်ရှိလိမ့်မည်၊ သို့ရာတွင် ယခုကျွန်ုပ်တို့ မမွေ့လျော်ရသည့် ထာဝရဘုန်းအသရေနှင့်အတူရှိလိမ့်မည်။
၃ ယောဟန် ၁၄း၂၃—ထိုအခန်းငယ်၌၊ ခမည်းတော်နှင့် သားတော်၏ ပေါ်ထွန်း လာတော်မူခြင်းသည်၊ ကိုယ်တိုင် ပေါ်ထွန်းလာတော်မူခြင်းဖြစ်၏။ ခမည်းတော်နှင့် သားတော်သည် လူသား၏ စိတ်နှလုံးထဲ၌ နေထိုင်သည်ဟူသော အတွေးအခေါ်သည် ဂိုဏ်းဂဏ အယူအဆဟောင်း တစ်ခု ဖြစ်၏၊ မှားလည်းမှား၏။
၄ ဘုရားသခင်၏အချိန်၊ ကောင်းကင်တမန်၏အချိန်၊ ပရောဖက်၏အချိန်၊ ထို့အတူ သူတို့နေထိုင်ရာဂြိုဟ်အရ လူသား၏အချိန်ကို ရေတွက်ခြင်းဖြစ်သလောဟူသောမေးခွန်း နှင့်စပ်လျဉ်း၍ အဖြေအဖြစ်—
၅ ဟုတ်ပေ၏ဟု ကျွန်ုပ်ဖြေ၏။ သို့ရာတွင်၊ မြေကြီးနှင့် ဆိုင်သော သို့မဟုတ် ဆိုင်ခဲ့လေသောသူတို့မှ တစ်ပါး၊ ဤမြေကြီးကို အမှုတော်ဆောင်သော ကောင်းကင်တမန်များ မရှိ။
၆ ကောင်းကင်တမန်တို့သည် ဤမြေကြီးကဲ့သို့သော ဂြိုဟ်ပေါ်၌ မနေထိုင်ကြ။
၇ သို့ရာတွင် သူတို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌၊ အတိတ်၊ မျက်မှောက်နှင့် အနာဂတ်ကာလမှ ခပ်သိမ်းသောအရာတို့ကို သူတို့၏ ဘုန်းအသရေအတွက်ထင်ရှားစွာပြရာ၊ ထို့အတူ ကိုယ်တော်ရှင်ရှေ့၌ အဆက်မပြတ် ရှိသည့်နေရာတည်းဟူသော မှန်နှင့်မီးတို့၏ ပင်လယ်နှင့်တူသည့် ကမ္ဘာပေါ် ၌ နေထိုင်ကြ၏။
၈ ဘုရားသခင်နေထိုင်တော်မူသည့် နေရာသည် ကြီးစွာသော ဥရိမ်နှင့် သုမိမ်ဖြစ်၏။
၉ မိမိ၏ သန့်ရှင်းစင်ကြယ်ပြီး သေခြင်းမရှိရာအခြေအနေ၌ ရှိသော ဤမြေကြီးသည် ကျောက်သလင်းကဲ့သို့ ဖြစ်ရလိမ့်မည်၊ ၎င်း၌ နေထိုင်သောသူတို့အဖို့ ဥရိမ်နှင့် သုမိမ်လည်း ဖြစ်လိမ့်မည်၊ နိမ့်သောနိုင်ငံတော်၊ သို့မဟုတ် ပို၍ အဆင့်နိမ့်သည့် ခပ်သိမ်းသော နိုင်ငံတော်တို့နှင့် စပ်ဆိုင်သည့် ခပ်သိမ်းသောအရာတို့ကို ၎င်း၌ နေထိုင်သောသူတို့အား ထိုအရာအားဖြင့် ထင်ရှားစွာ ပြလိမ့်မည်။ ဤမြေကြီးသည် ခရစ်တော်၏အရာလည်း ဖြစ်လိမ့်မည်။
၁၀ ဗျာဒိတ်ကျမ်း ၂း၁၇ ၌ ဖော်ပြသည့် ကျောက်ဖြူသည်၊ ရရှိမည့် လူတိုင်းအဖို့ ဥရိမ်နှင့် သုမိမ် ဖြစ်လိမ့်မည်၊ ပို၍ အဆင့်မြင့်သောနိုင်ငံတော်တို့နှင့် စပ်ဆိုင်သည့်အရာတို့ကို ထိုအရာအားဖြင့် ဖော်ပြလိမ့်မည်။
၁၁ ဆီလက်ရှယ်လ်နိုင်ငံတော်ထဲသို့ ဝင်လာသည့် သူတိုင်းတို့အား ကျောက်ဖြူတစ်လုံးကို ပေးထား၏၊ ၎င်းအပေါ်၌ အမည်အသစ်ကို ရေးထား၏၊ ထိုကျောက်ကို ရသောသူမှတစ်ပါး အဘယ်သူမျှမသိ။ အမည်သစ်သည် သော့ချက်စကားလုံးဖြစ်၏။
၁၂ ကိုယ်တော်ရှင်ဘုရားသခင်၏ နာမတော်အားဖြင့် ကျွန်ုပ်သည် ပရောဖက်ပြု၍ဟော၏၊ လူသားတော်ကြွလာတော်မူခြင်းမတိုင်မီ များစွာသော အသွေးသွန်းလောင်းခြင်းကို ဖြစ်စေမည့် အခက်အခဲများစတင်ခြင်းသည် တောင်ပိုင်းကယ်ရိုလိုင်းနား၌ ဖြစ်လိမ့်မည်။
၁၃ ထိုအမှုသည် ကျွန်ပြဿနာအားဖြင့် ဖြစ်ကောင်း ဖြစ်လာနိုင်၏။ ဤအရာမှာ၊ ၁၈၃၂ ခု၊ ဒီဇင်ဘာ ၂၅ရက်တွင်၊ ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ ကျွန်ုပ်အလေးအနက် ဆုတောင်းနေစဉ် ကျွန်ုပ်အား ဟောကြားသည့်အသံ ဖြစ်၏။
၁၄ ကျွန်ုပ်သည် လူသားတော်ကြွလာတော်မူရာအချိန်ကို သိရန် အလွန်အလေးအနက်ဆုတောင်းစဉ်၊ ကျွန်ုပ်ကြားသောအခါ၊ အသံတစ်သံက အောက်ပါအတိုင်း ဟောကြား၏၊
၁၅ ဂျိုးဇက်၊ ငါ့သား၊ သင်သည် အသက် ရှစ်ဆယ့်ငါးနှစ်အထိ နေရလျှင်၊ လူသားတော်၏မျက်နှာတော်ကို မြင်ရ လိမ့်မည်။ ထို့ကြောင့်၊ ဤမျှဖြင့် လုံလောက်စေလော့၊ ဤအမှု၌ ငါ့ကို မနှောင့်ယှက် တော့နှင့်။
၁၆ ကျွန်ုပ်သည် ထိုကဲ့သို့အားဖြင့် ဤကြွလာတော်မူခြင်းမှာ အနှစ်တစ်ထောင် ကာလ၏ အစကို၊ သို့မဟုတ် ယခင်ပေါ်ထွန်းတော်မူခြင်းအချို့ကို ရည်ညွှန်းခြင်းပေလော၊ သို့မဟုတ် ကျွန်ုပ်သေ၍၊ သူ၏မျက်နှာတော်ကို မြင်ရမည်လောဟု ဆုံးဖြတ်နိုင်စွမ်းမရှိဘဲနှင့် ကျန်ရစ်ခဲ့၏။
၁၇ လူသားတော်ကြွလာတော်မူခြင်းသည် ထိုအချိန်ထက် အနည်းငယ်မျှ အလျင်ကျမည်မဟုတ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
၁၈ ဤဘဝ၌ ကျွန်ုပ်တို့ရရှိသည့် အဘယ်အသိဉာဏ် ကျင့်ဝတ်စည်းကမ်းပင်ဖြစ်စေ၊ ရှင်ပြန်ထမြောက်ခြင်း၌ ကျွန်ုပ်တို့နှင့်အတူ ထမြောက်လိမ့်မည်။
၁၉ လူတစ်ဦးသည် ဤဘဝ၌ မိမိလုံ့လဝီရိယနှင့် နာခံခြင်းတို့အားဖြင့် အသိပညာနှင့် အသိဉာဏ်ကို တခြားသူထက်ပို၍ ရရှိလျှင်၊ ထိုသူသည် ကျရောက်လာမည့်လောက၌ အလွန်များစွာသော အခွင့်သာခြင်းကို ရရှိလိမ့်မည်။
၂၀ ဤကမ္ဘာမတည်မီကတည်းက ကောင်းကင်ဘုံ၌ ပြောင်း၍မရတော့အောင်စီရင်ထားသည့် ဥပဒေတစ်ခုရှိ၏၊ ထိုဥပဒေအပေါ်၌ ခပ်သိမ်းသောကောင်းချီးမင်္ဂလာတို့ကို အခြေပြုထား၏—
၂၁ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာကို ရရှိသည့်အခါ၊ အခြေပြုထားသည့် ထိုဥပဒေကို နာခံခြင်းအားဖြင့် ရရှိခြင်းဖြစ်၏။
၂၂ ခမည်းတော်၌ လူသား၏ ကိုယ်ခန္ဓာကဲ့သို့ပင် ထိနိုင်သိနိုင်သည့် အသားနှင့် အရိုးတို့ရှိသည့် ကိုယ်ခန္ဓာ ရှိ၏။ သားတော်၌လည်း ရှိ၏။ သို့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၌ အသားနှင့် အရိုးတို့ရှိသည့် ကိုယ်ခန္ဓာ မရှိ၊ ဝိညာဉ်တော်ပုဂ္ဂိုလ်သာဖြစ်၏။ ထိုသို့မဟုတ်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲ၌ မနေထိုင်နိုင်။
၂၃ လူသည် သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံရရှိနိုင်၏၊ ထိုဝိညာဉ်တော်သည် သူ့အပေါ်သို့ ဆင်းသက်နိုင်ပြီး၊ သူနှင့် အတူဆက်၍ မရှိဘဲလည်းဖြစ်နိုင်၏။