ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၃၆


အပိုဒ်ငယ် ၁၃၆

ဆောင်း​ရပ်ကွက်၊ ဣသရေလ​တပ်၊ အိုမားဟား နိုင်ငံ၊ မစ်ဆိုရီမြစ် အနောက်ဘက်​ကမ်း၊ ကောင်ဆယ်လ် ဘလဖ်​အနီး၊ အိုင်အိုဝါ၌ ဥက္ကဋ္ဌ ဘရင်ဂ်ဟမ်ရန်းဂ် အားဖြင့် ပေးတော်မူ​ခဲ့သည့် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်နှင့် အလိုတော်။

၁–၁၆၊ အနောက်ဘက်​လားရာ ခရီးအတွက် ဣသရေလတပ်ကို မည်သို့ ဖွဲ့စည်း​ရမည့် အကြောင်း ရှင်းပြထား၏။ ၁၇–၂၇၊ သန့်ရှင်းသူတို့သည် မြောက်မြား​လှသော ဧဝံဂေလိ​တရားတော် စံနှုန်းများ အတိုင်း နေထိုင်ရန် မိန့်မှာ​ခံရ၏။ ၂၈–၃၃၊ သန့်ရှင်းသူတို့သည် သီချင်းဆိုရ၊ ကရ၊ ဆုတောင်းရ၊ ထို့အတူ ဉာဏ်ပညာကို သင်ယူ​ကြရမည်။ ၃၄–၄၂၊ ပရောဖက်တို့သည် သူတို့ ဂုဏ်ပြု​ခံရနိုင်စေခြင်းငှာနှင့် ဆိုးညစ်သော​သူတို့ ပြစ်ဒဏ် ချမှတ်ခံရ​နိုင်စေခြင်းငှာ ကွပ်မျက်​ခံကြရ၏။

ဣသရေလ​တပ်၏ အနောက်​အရပ်သို့ ခရီးသွားခြင်း၌ သူတို့နှင့်​စပ်လျဉ်းသည့် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်နှင့် အလိုတော်သည်ကား၊

ယေရှု​ခရစ်တော်၏​နောက်ပိုင်း​ကာလ​သန့်ရှင်းသူများ​အသင်းတော်မှ ခပ်သိမ်းသော လူမျိုးတို့အား၊ ထို့အတူ သူတို့နှင့် အတူ​ခရီးသွားသည့် သူတို့အား ကျွန်ုပ်တို့၏ ဘုရားသခင် ကိုယ်တော်ရှင်၏ ခပ်သိမ်းသော ပညတ်တော်များနှင့် ထုံးဥပဒေသများကို စောင့်ထိန်းရန် ပဋိညာဉ်နှင့် ကတိတို့ဖြင့် လူစုများ​အဖြစ် ဖွဲ့စည်း​စေလော့။

လူစုတို့အား ရာစု​တပ်မှူးများ၊ ငါးဆယ်စု​တပ်မှူးများ၊ ထို့အတူ ဆယ်စု​တပ်မှူးများဖြင့်၊ သူတို့​အထက်၌ ဥက္ကဋ္ဌ​တစ်ဦးနှင့် သူ၏​တိုင်ပင်ဖက်​နှစ်ဦးဖြင့်၊ တမန်တော် တစ်ဆယ့်နှစ်ပါး၏ လမ်းညွှန်မှု​အောက်၌ ဖွဲ့စည်း​စေလော့။

ဤ​အရာသည်ကား—ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်၏ ခပ်သိမ်းသော ဘိသိက်​မင်္ဂလာများ၌ လျှောက်ကြမည့်​အကြောင်း ပဋိညာဉ်​ဖြစ်၏။

လူစုတိုင်းအား သူတို့​တတ်နိုင်သည့် ခပ်သိမ်းသော တိရစ္ဆာန်​အရှဉ်းများ၊ လှည်းများ၊ ရိက္ခာများ၊ အဝတ်တန်ဆာနှင့် ခရီး​အတွက် အခြား​လိုအပ်သာ​အရာများကို ပေးစေလော့။

လူစုများကို ဖွဲ့စည်းပြီးသော​အခါ၊ တည်းခိုမည့် သူတို့​အတွက် ပြင်ဆင်ရန် သူတို့အား သူတို့၏ အစွမ်း​သတ္တိ ရှိသမျှဖြင့် သွားစေလော့။

လူစုတိုင်းအား၊ သူတို့၏ တပ်မှူးများ၊ ဥက္ကဋ္ဌများနှင့် အတူ၊ နောက်နွေဦး၌ အဘယ်နှစ်ဦး သွားနိုင်သည်ကို ဆုံးဖြတ်​စေလော့။ ထို့နောက်တွင်၊ တိရစ္ဆာန်​အရှဉ်းများ၊ မျိုးစေ့များနှင့် လယ်ယာ စိုက်ပျိုးရေး ကိရိယာတို့ကို ယူဆောင်ရန်၊ ထို့အတူ နွေဦး​ကောက်ပဲ သီးနှံများကို စိုက်ပျိုးခြင်း အတွက် ပြင်ဆင်ရန် ကျန်းမာ​သန်စွမ်းသော သူများနှင့် ကျွမ်းကျင်သော သူများကို ရှေ့ဆောင် သွားနှင့်သူများ အဖြစ် သွားစေရန် ရွေးကောက်​စေလော့။

လူစု​တိုင်းအား ဆင်းရဲသားများ၊ မုဆိုးမများ၊ အဘ​မရှိသော သူငယ်များ၊ ထို့အတူ တပ်ထဲသို့ ဝင်သွား​လေသောသူတို့၏ မိသားစုများနှင့် စပ်လျဉ်း၍၊ သူတို့​ဥစ္စာ​ပစ္စည်း၏ ဝေစု​အတိုင်း ညီမျှသော ဝေစုကို ခံယူ​စေလော့၊ မုဆိုးမများနှင့် အဘ​မရှိသော​သူငယ်တို့၏ ငိုကြွေးသံများ ဤ​လူမျိုးတို့​တစ်ဖက်၌ ကိုယ်တော်ရှင်၏​နားသို့ တက်မလာ စေခြင်းငှာ​ပေတည်း။

လူစုတိုင်းအား အိမ်များကို၊ ထို့အတူ ဤ​ရာသီ၌ နောက်မှာ​ဆက်၍ ကျန်ရှိမည့် သူများ​အတွက်၊ စပါး​စိုက်ပျိုးခြင်း​အတွက် လယ်ကွင်းများကို ပြင်ဆင်​စေလော့။ ဤ​အရာသည် ကိုယ်တော်ရှင်၏ လူမျိုးတို့နှင့် စပ်လျဉ်း၍ သူ၏​အလိုတော်​ဖြစ်၏။

၁၀ လူတိုင်းအား မိမိ၏ ခပ်သိမ်းသော​ဩဇာနှင့် ဥစ္စာ​ပစ္စည်းတို့ကို ဇိအုန်​ပန္နက်ကို ကိုယ်တော်ရှင် နေရာချ တော်မူမည့် နေရာသို့ ဤလူမျိုးတို့ကို ရွှေ့ပြောင်းရန် အသုံးပြု​စေလော့။

၁၁ သင်တို့သည် ဤ​အမှုကို စင်ကြယ်သော​စိတ်နှလုံးနှင့်၊ အလုံးစုံသော​သစ္စာ​ရှိခြင်းဖြင့် လုပ်ဆောင်လျှင်၊ ကောင်းချီး ခံစားရ​လိမ့်မည်။ သင်တို့သည် သင်တို့၏ သိုးစုများ၌၊ ထို့အတူ သင်တို့၏ နွားစုများ၌၊ ထို့အတူ သင်တို့၏ လယ်ကွင်းများ၌၊ ထို့အတူ သင်တို့၏ အိမ်များ၌၊ ထို့အတူ သင်တို့၏ မိသားစုများ၌ ကောင်းချီး ခံစားကြရ​လိမ့်မည်။

၁၂ ငါ့ကျွန်များ ဖြစ်သည့် အယ်ဇရာ တီ​ဘင်ဆင်နှင့် အီရက်စ်တပ်​စနိုးတို့အား လူစု​တစ်စုကို ဖွဲ့စည်း​စေလော့။

၁၃ ငါ့ကျွန်များ ဖြစ်သည့် အော်ဆန်​ပရတ်နှင့် ဝီလဖို့​ဝုဒရပ်ဖ်တို့အား လူစု​တစ်စုကို ဖွဲ့စည်း​စေလော့။

၁၄ ငါ့ကျွန်များ ဖြစ်သည့် အမ်ဆာ​လိုင်မန်နှင့် ဂျော့အေ​စမစ်တို့ကိုလည်း လူစု​တစ်စုကို ဖွဲ့စည်း​စေလော့။

၁၅ ဥက္ကဋ္ဌများ၊ ထို့အတူ ရာစု၊ ထို့အတူ ငါးဆယ်စု၊ ထို့အတူ ဆယ်စု တပ်မှူးများကိုလည်း ခန့်အပ်ထား​စေလော့။

၁၆ ခန့်အပ်ထား​ခံရ​လေသည့် ငါ၏​ကျွန်တို့အား ငါ၏ အလိုတော်​ဖြစ်သည့် ဤ​အမှုကို သန့်ရှင်းသူ​တို့ထံ သွား၍ သွန်သင်​စေလော့၊ သူတို့အား ငြိမ်းချမ်းရာ​ပြည်သို့ သွားရန် အဆင်သင့် ဖြစ်နိုင်စေခြင်းငှာ ပေတည်း။

၁၇ သင်တို့လမ်း​သင်တို့ သွား၍၊ သင်တို့ကို ငါ​မိန့်တော်မူ​လေသည့်အတိုင်း လုပ်ဆောင်ကြလော့၊ သင်တို့၏ ရန်သူတို့ကိုလည်း ကြောက်ခြင်းမရှိကြနှင့်။ အကြောင်း​မူကား၊ သူတို့၌ ငါ၏​အမှုတော်ကို ရပ်​စေရန် တန်ခိုး​ရှိလိမ့်မည်​မဟုတ်။

၁၈ ဇိအုန်သည် ငါ၏ ကာလ​အချိန်တန်သော​အခါ၌ ရွေးနုတ်​ခံရလိမ့်မည်။

၁၉ လူ​တစ်စုံ​တစ်ဦးသည် မိမိကိုယ်ကို တည်ဆောက်ရန်​ကြိုးစား၍၊ ငါ၏​အကြံကို ကြိုးစားခြင်း မရှိလျှင်၊ တန်ခိုးကို ရလိမ့်မည်​မဟုတ်၊ သူ၏​မိုက်မဲခြင်းကိုလည်း ထင်ရှားစွာ​ပြလိမ့်မည်။

၂၀ သင်တို့​ကြိုးစား​ကြလော့။ ထို့အတူ သင်တို့၏ ခပ်သိမ်းသော ကတိများကို အချင်းချင်း စောင့်ထိန်း​ကြလော့။ သင်တို့​ညီအစ်ကို၏ အရာကို တပ်မက်သောစိတ်​မရှိနှင့်။

၂၁ ကိုယ်တော်ရှင်၏ နာမတော်ကို အချည်းနှီး​မြွက်ဆိုခြင်းတည်းဟူသော မကောင်းမှုမှ သင်တို့ကိုယ်သင်တို့ စောင့်ထိန်း​ကြလော့။ အကြောင်း​မူကား၊ ငါသည် သင်တို့၏ ဘုရားသခင် ကိုယ်တော်ရှင်၊ အမှန်​စင်စစ်၊ သင်တို့​ဘိုးဘေးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ ဘုရားသခင်၊ ဣဇာက်၏ ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။

၂၂ ငါသည် ဣသရေလ​အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ ပို့ဆောင်ခဲ့​လေသောသူ​ဖြစ်၏။ ငါ၏ လက်ရုံးသည်လည်း နောက်ဆုံးသော​ကာလ၌၊ ငါ၏​လူမျိုး ဣသရေလ​အမျိုးတို့ကို ကယ်တင်ရန် ဆန့် တော်မူ၏။

၂၃ အချင်းချင်း​ရန်တွေ့ခြင်းကို ရပ်တန့်​ကြလော့။ တစ်ဦး​အကြောင်း​တစ်ဦး မကောင်း​ပြောခြင်းကို ရပ်တန့်​ကြလော့။

၂၄ ယစ်မူးခြင်းကို ရပ်တန့်​ကြလော့။ သင်တို့၏​စကားတို့ကိုလည်း တစ်ယောက်ကို တစ်ယောက် တည်ဆောက်ရန် ဂရုစိုက်​စေလော့။

၂၅ သင်သည် ကိုယ်နှင့်စပ်ဆိုင်သူ​ထံမှ ချေးငှား​ယူလျှင်၊ သင်​ချေးငှား​ယူလေသည့်​အရာကို ပြန်ပေး​ရမည်။ သင်သည် ပြန်၍​မပေးနိုင်လျှင်၊ ထိုသူက သင့်ကို ပြစ်ဒဏ် မချမှတ်​စေခြင်းငှာ၊ ချက်ချင်း​သွား၍၊ ကိုယ်နှင့်​စပ်ဆိုင်သူကို ပြောပြလော့။

၂၆ သင်သည် ကိုယ်နှင့်​စပ်ဆိုင်သူ ပျောက်ဆုံး​လေသည့် အရာကို တွေ့လျှင်၊ ထိုသူ့ကို တစ်ဖန်ပြန် ပေးရသည် အထိ၊ လုံ့လ​ဝီရိယ ထက်သန်စွာ ရှာလော့။

၂၇ သင်သည် သင့်၌ ရှိသည့်​အရာကို ထိန်းသိမ်းစောင့်ရှောက်​ရာ၌ လုံ့လ​ဝီရိယ​ရှိလော့၊ သင့်အား ဉာဏ်​ပညာ​ရှိသော တာဝန်ခံ တစ်ဦး​ဖြစ်နိုင်စေကြောင်းပေတည်း။ အကြောင်း​မူကား၊ ထို​အရာသည် သင်၏ ဘုရားသခင် ကိုယ်တော်ရှင်ထံမှ အဖိုး​အခမဲ့ ဆုကျေးဇူး​ဖြစ်၏၊ သင်သည်လည်း သူ၏​တာဝန်ခံ ဖြစ်၏။

၂၈ သင်သည် ပျော်မွေ့လျှင်၊ သီချင်း​ဆိုခြင်းဖြင့်၊ တေးဂီ​တဖြင့်၊ ကခြင်းဖြင့်၊ ထို့အတူ ချီးမွမ်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်းတို့၏ ဆုတောင်းခြင်းဖြင့် ကိုယ်တော်ရှင်ကို ချီးမွမ်းလော့။

၂၉ သင်သည် ဝမ်းနည်းလျှင်၊ သင်၏ ဘုရားသခင်​ကိုယ်တော်ရှင်ကို ပတ္ထနာပြုခြင်းဖြင့် တောင်းလျှောက်လော့၊ သင်၏ စိတ်ဝိညာဉ် ရွှင်လန်း ဝမ်းမြောက်နိုင်စေကြောင်းပေတည်း။

၃၀ သင်၏​ရန်သူတို့ကို ကြောက်ခြင်း​မရှိနှင့်၊ အကြောင်း​မူကား၊ သူတို့သည် ငါ၏​လက်များ​ထဲ၌ ရှိ၍၊ ငါသည် သူတို့၌ ငါ၏​အလိုတော်ကို ပြည့်စုံ​စေမည်။

၃၁ ငါ၏​လူမျိုးတို့သည် ခပ်သိမ်းသော​အရာတို့၌ အစမ်းသပ်​ခံ​ကြရမည်၊ သူတို့​အတွက် ငါ့၌​ရှိသည့် ဘုန်း​အသရေကို၊ ဇိအုန်၏ ဘုန်း​အသရေ​ကိုပင်ရရှိရန် သူတို့​ပြင်ဆင်ရ​နိုင်စေခြင်းငှာ​ပေတည်း။ ဆုံးမခြင်းကို မခံမည့်သူသည် ငါ၏နိုင်ငံတော်နှင့် မထိုက်တန်။

၃၂ မသိသောသူအား သူ့ကိုယ်သူ​နှိမ့်ချခြင်းနှင့် သူ၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို ပတ္ထနာပြုခြင်းတို့ အားဖြင့် သူ၏​မျက်စိများ​ပွင့်နိုင်၍၊ မြင်နိုင်​စေခြင်းငှာ၊ ထို့အတူ သူ၏နားများ​ပွင့်၍ ကြားနိုင်​စေခြင်းငှာ ဉာဏ်ပညာကို သင်ယူ​စေလော့။

၃၃ အကြောင်း​မူကား၊ နှိမ့်ချ၍ ကြေကွဲသော​သူတို့အား အလင်းသို့ ရောက်​စေရန်၊ ထို့အတူ ဘုရားမဲ့ နေသော သူတို့အား ပြစ်ဒဏ်​ချမှတ်ခြင်းသို့ ရောက်​စေရန် ငါ၏​ဝိညာဉ်တော်ကို လောက​ထဲသို့ စေလွှတ် ထား၏။

၃၄ သင်၏​ညီအစ်ကိုတို့၊ သင်တို့ကို နှင်ထုတ်​လေသည့် ပြည်သား​တို့သည်ပင် သင်တို့နှင့် သင်တို့၏ သက်သေခံချက်ကို ငြင်းပယ်ကြ​လေပြီ။

၃၅ ယခု​မူကား၊ သားဖွားသော မိန်းမ ခံရ​သကဲ့သို့ သူတို့၏ ဘေးဒုက္ခ​ကာလ၊ ဝမ်းနည်းခြင်း ကာလ​သည်ပင် ကျရောက်​လာ၏။ သူတို့သည် အလျင်​အမြန်၊ အမှန်​စင်စစ်၊ အလွန် အလျင်​အမြန် နောင်တ​မရလျှင် သူတို့၏​ဝမ်းနည်းခြင်းသည်လည်း ကြီးစွာ​ဖြစ်လိမ့်မည်။

၃၆ သူတို့သည် ပရောဖက်များ၊ ထို့အတူ သူတို့ထံ စေလွှတ်​ခံရလေသူများကို သတ်ခဲ့​ကြ၏။ သူတို့သည် အပြစ်​မရှိသော​သူ၏ အသွေးကို သွန်းကြ​လေပြီ၊ ထို​အသွေးက သူတို့​တစ်ဖက်၌ မြေကြီးမှ နေ၍ ဟစ်ကြွေး၏။

၃၇ ထို့ကြောင့်၊ ဤ​အမှုတို့၌ အံ့ဩခြင်း​မရှိကြနှင့်၊ အကြောင်း​မူကား၊ သင်တို့သည် မစင်ကြယ်​ကြသေး။ သင်တို့သည် ငါ၏ ဘုန်း​အသရေကို မခံယူနိုင်​ကြသေး။ သို့ရာတွင်၊ သင်တို့သည် အာဒံ၏ လက်ထက်မှ​စ၍ အာဗြဟံ​အထိ၊ အာဗြဟံမှ​စ၍ မောရှေ​အထိ၊ မောရှေမှ​စ၍ ယေရှုနှင့် သူ၏ တမန်တော်များ​အထိ၊ ထို့အတူ ယေရှုနှင့် သူ၏​တမန်တော်များမှ​စ၍၊ ငါ၏​အမှုတော်ကို ထူထောင်ရန် ငါ၏ ကောင်းကင်​တမန်များ၊ ငါ၏ အမှုတော်ဆောင်​ကျွန်များ၊ ထို့အတူ ကောင်းကင်ဘုံမှ ငါကိုယ်တိုင်၏ အသံဖြင့် ငါ​ခေါ်သွင်း​ခဲ့သူ ဂျိုးဇက်​စမစ်​အထိ သင်တို့အား ငါ​ပေးလေသည့် ခပ်သိမ်းသော ငါ၏ နှုတ်ကပတ်တော်တို့ကို စောင့်ထိန်း​ရာ၌ သစ္စာ​ရှိကြလျှင် ထို​ဘုန်းအသရေကို မြင်ရ​ကြလိမ့်မည်။

၃၈ ထို​အုတ်မြစ်ကို သူသည်​ချခဲ့၏၊ သစ္စာလည်း​ရှိ၏။ ငါသည်လည်း သူ့ကို ငါ့ထံသို့ ခေါ်ဆောင် တော်မူ​ခဲ့၏။

၃၉ များစွာသော သူတို့သည် သူ၏ သေခြင်းကြောင့် အံ့ဩ​ကြ၏။ သို့ရာတွင် သူ​ဂုဏ်ပြု ခံရနိုင်စေ​ခြင်းငှာနှင့် ဆိုးညစ်သော​သူတို့ ပြစ်ဒဏ်​ချမှတ်​ခံရ​နိုင်စေ​ခြင်းငှာ၊ သူ၏ သက်သေခံချက်ကို သူ၏ အသွေးဖြင့် တံဆိပ်ခတ်​ရမည်မှာ လိုအပ်၏။

၄၀ ငါ၏ နာမတော် အကြောင်း သက်သေ​တစ်ခုကို ငါ​ချန်ထားလေရာ​နည်းဖြင့် မှတစ်ပါး ငါသည် သင်တို့ကို သင်တို့၏ ရန်သူတို့​ထံမှ မကယ်လွှတ်​လေသလော။

၄၁ ယခုတွင်၊ ထို့ကြောင့်၊ စေ့စေ့နားထောင်​ကြလော့၊ အို ငါ့အသင်းတော်မှ အသင်​လူမျိုးတို့။ ထို့အတူ အသင် အသင်း​လူကြီးတို့၊ အတူ​တကွ နားထောင်​ကြလော့။ သင်တို့သည် ငါ၏ နိုင်ငံတော်ကို ရရှိကြလေပြီ။

၄၂ တရား​စီရင်​တော်မူခြင်းများ သင်တို့​အပေါ် မကျရောက်​စေခြင်းငှာ၊ ထို့အတူ သင်တို့၏ ယုံကြည်ခြင်း မပျက်​စေခြင်းငှာ၊ ထို့အတူ သင်တို့၏ ရန်သူများ သင်တို့ကို မအောင်နိုင်​စေခြင်းငှာ ငါ၏ ခပ်သိမ်းသော ပညတ်တော်တို့ကို စောင့်ထိန်း​ရာ၌ သစ္စာ​ရှိကြလော့။ ယခုတွင် မပြတော့။ အာမင်နှင့် အာမင်။