အပိုဒ်ငယ် ၁၀၁
၁၈၃၃ ခု၊ ဒီဇင်ဘာ ၁၆ နှင့် ၁၇၊ ကာ့တ်လန်းအိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်သို့ ပေးတော်မူခဲ့သည့်ဗျာဒိတ်တော်။ ဤအချိန်၌၊ မစ်ဆိုရီတွင် စုဝေးခဲ့ကြလေသော သန့်ရှင်းသူတို့သည် ကြီးစွာသောညှဉ်းဆဲခြင်းကို ခံစားကြရ၏။ လူဆိုးတို့သည် သူတို့ကို ဂျက်ဆင်ခရိုင်ရှိသူတို့အိမ်များမှ နှင်ထုတ်ခဲ့ကြ၏။ အချို့သောသန့်ရှင်းသူတို့သည် ဗန်ဗြူရင်၊ လက်ဖရေးတီးနှင့် ရေးခရိုင်တို့၌ သူတို့ကိုယ်သူတို့ တည်ဆောက်ရန် ကြိုးစားခဲ့ကြ၏၊ သို့ရာတွင် ညှဉ်းဆဲခြင်းက သူတို့နောက်မှလိုက်၏။ သန့်ရှင်းသူတို့၏အဓိကအဖွဲ့သည် ထိုအချိန်၌ ကလေးခရိုင်၊ မစ်ဆိုရီ၌ရှိခဲ့၏။ အသင်းသားတစ်ဦးချင်းတို့ကို သေခြင်း၏ခြိမ်းခြောက်မှုများမှာ များစွာရှိလေ၏။ ဂျက်ဆင်ခရိုင်ရှိသန့်ရှင်းသူတို့သည် အိမ်ထောင်ပရိဘောဂများ၊ အဝတ်အစားများ၊ အိမ်မွေးတိရစ္ဆာန်များနှင့် အခြားကိုယ်ပိုင်ဥစ္စာပစ္စည်းများကို ဆုံးရှုံးခဲ့ကြ၏။ သူတို့၏ကောက်ပဲသီးနှံများစွာတို့လည်း ဖျက်ဆီးခံရကြ၏။
၁–၈၊ သန့်ရှင်းသူတို့သည် ဆုံးမခံကြရပြီး၊ သူတို့၏လွန်ကျူးခြင်းများကြောင့် ဒုက္ခရောက်ကြ၏။ ၉–၁၅၊ ကိုယ်တော်ရှင်၏ဒေါသသည် ပြည်သားတို့အပေါ် ကျရောက်လိမ့်မည်၊ သို့ရာတွင် သူ၏လူမျိုးတို့ကို စုဝေး၍ နှစ်သိမ့်စေလိမ့်မည်။ ၁၆–၂၁၊ ဇိအုန်နှင့် ၎င်း၏ပန္နက်များကို တည်ထောင်လိမ့်မည်။ ၂၂–၃၁၊ အနှစ်တစ်ထောင်ကာလရှိ ဘဝသဘောကို ဖော်ပြ၏။ ၃၂–၄၂၊ သန့်ရှင်းသူတို့သည် ကောင်းချီးခံစားရလိမ့်မည်၊ ထို့နောက်တွင် အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ ၄၃–၆၂၊ အမတ်နှင့် သံလွင်ပင်အကြောင်း ပုံဆောင်စကားသည် ဇိအုန်၏ဒုက္ခများနှင့် အပြီးသတ်ရွေးနုတ်ခြင်းကို ပုံဆောင်၏။ ၆၃–၇၅၊ သန့်ရှင်းသူတို့သည် ဆက်၍အတူတကွစုဝေးလျက်ရှိရမည်။ ၇၆–၈၀၊ ကိုယ်တော်ရှင်သည် အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံကို တည်ထောင်ခဲ့၏။ ၈၁–၁၀၁၊ သန့်ရှင်းသူတို့သည် နစ်နာမှုအတွက် ပြန်လည်ပေးဆပ်ခြင်းကို၊ မိန်းမနှင့် မတရားသောတရားသူကြီးအကြောင်း ပုံဆောင်စကားအတိုင်း အပူတပြင်းတောင်းဆိုရမည်။
၁ ဒုက္ခရောက်ခဲ့ကြလေသော၊ ထို့အတူ ညှဉ်းဆဲခံခဲ့ကြရလေသော၊ ထို့အတူ သူတို့၏ အမွေခံရာမြေမှ နှင်ထုတ်ခံခဲ့ကြရလေသော သင်တို့၏ ညီအစ်ကိုများနှင့် စပ်လျဉ်း၍၊ သင်တို့ကို ငါအမှန်ဆိုသည်ကား—
၂ သူတို့လွန်ကျူးခြင်းများ၏ အကျိုးဆက်အဖြစ်၊ သူတို့ဒုက္ခရောက်လေရာ ဆင်းရဲဒုက္ခကို သူတို့အပေါ်ကျရောက်စေရန်၊ ငါ၊ ကိုယ်တော်ရှင်၊ အခွင့်ပေးတော်မူလေပြီ။
၃ သို့သော်လည်း၊ ငါသည် သူတို့ကို ပိုင်တော်မူမည်၊ ငါ၏ရတနာများကို စုဆောင်းရန် ငါကြွလာတော်မူသောနေ့၌ သူတို့သည်လည်း ငါ၏လူများဖြစ်လိမ့်မည်။
၄ ထို့ကြောင့်၊ သူတို့သည် မိမိတစ်ဦးတည်းသောသားကို ပူဇော်ရန် မိန့်တော်မူခြင်းခံရသည့် အာဗြဟံကဲ့သို့ပင် ဆုံးမခံရဖို့နှင့် စမ်းသပ်ခံရဖို့ လိုအပ်၏။
၅ အကြောင်းမူကား၊ ဆုံးမခြင်းကိုမခံဘဲ ငါ့ကိုငြင်းဆိုမည့်သူ အပေါင်းတို့သည် သန့်ရှင်းစင်ကြယ်စေခြင်းမရှိနိုင်။
၆ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သူတို့၌ စိတ်ဆိုးခြင်းများ၊ ထို့အတူ ငြင်းခုံခြင်းများ၊ ထို့အတူ ဂုဏ်ပြိုင်ခြင်းများ၊ ထို့အတူ ရန်တွေ့ခြင်းများ၊ ထို့အတူ တပ်မက်၍ လောဘလွန်ကျူးသော အလိုဆန္ဒများ ရှိကြလေ၏။ ထို့ကြောင့်၊ ဤအရာတို့အားဖြင့် သူတို့သည် သူတို့၏အမွေခံရာတို့ကို ညစ်ညူးစေခဲ့ကြ၏။
၇ သူတို့သည် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်၏အသံကို စေ့စေ့နားထောင်ရန် နှေးကွေးကြ၏။ ထို့ကြောင့်၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်သည် သူတို့၏ဆုတောင်းခြင်းများကို စေ့စေ့နားထောင်ရန်၊ သူတို့၏ဒုက္ခနေ့၌ သူတို့ကို အဖြေပေးရန် နှေးကွေးတော်မူ၏။
၈ သူတို့၏ငြိမ်းချမ်းခြင်းနေ့တွင် သူတို့သည် ငါ၏သွန်သင်ချက်ကို မထီမဲ့မြင်ပြုကြ၏။ သို့ရာတွင်၊ သူတို့၏ဒုက္ခနေ့၌၊ လိုအပ်ခြင်းကြောင့် သူတို့သည် ငါ့ကို ရှာကြ၏။
၉ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သူတို့၏အပြစ်များရှိသော်ငြားလည်း၊ ငါ၏ဝမ်းသည် သူတို့ကို သနားခြင်းနှင့် ပြည့်၏။ ငါသည် သူတို့ကို ရှင်းရှင်းမစွန့်ပစ်လတ္တံ့။ အမျက်တော်နေ့တွင် ငါသည် ကရုဏာကို အောက်မေ့တော်မူမည်။
၁၀ ငါကျိန်ဆိုတော်မူလေပြီ၊ ငါ၏ လူမျိုးတို့ကိုယ်စား ငါ၏ ဒေါသဓားကို ကျရောက်စေမည် ဟူသော စီရင်ခြင်းသည်လည်း သင်တို့ကို ငါပေးထားလေသည့် ယခင်ပညတ်တော်အဖြစ် ထွက်သွားလေပြီ။ ထို့အတူ ငါမိန့်တော်မူလေသည့်အတိုင်းပင် ဖြစ်လာလိမ့်မည်။
၁၁ ငါ၏ဒေါသကို လူမျိုးအပေါင်းတို့အပေါ် မကြာမြင့်မီ အတိုင်းမသိသွန်းလောင်းတော်မူမည်။ ဒုစရိုက်ဖလားပြည့်သောအခါ ဤအမှုကို ငါပြုတော်မူမည်။
၁၂ ထိုနေ့တွင်၊ ကင်းမျှော်စင်ပေါ်၌တွေ့ရသောသူအပေါင်းတို့၊ တစ်နည်းအားဖြင့်၊ ငါ၏ခပ်သိမ်းသောဣသရေလအမျိုးတို့သည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
၁၃ ကွဲပြားပြန့်ကျဲလေသောသူတို့ကို စုဝေးလိမ့်မည်။
၁၄ ငိုကြွေးမြည်တမ်းလေသောသူအပေါင်းတို့ကို နှစ်သိမ့်စေလိမ့်မည်။
၁၅ ငါ၏နာမတော်အတွက် မိမိတို့အသက်ကို ပေးလေသောသူအပေါင်းတို့သည် ချီးမြှင့်ခံကြရလိမ့်မည်။
၁၆ ထို့ကြောင့်၊ ဇိအုန်နှင့်စပ်လျဉ်း၍ သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်စေကြလော့။ အကြောင်းမူကား၊ ခပ်သိမ်းသော လူတို့သည် ငါ၏လက်ထဲ၌ ရှိ၏။ ငြိမ်ဝပ်လျက် နေကြလော့၊ ငါသည် ဘုရားသခင်ဖြစ်ကြောင်းကို သိကြလော့။
၁၇ ဇိအုန်သည် သူ၏သားသမီးတို့ ကွဲပြားပြန့်ကျဲခံကြရသော်ငြားလည်း၊ သူ၏နေရာမှ ဖယ်ရှားမခံရ။
၁၈ ကျန်ကြွင်းသောသူများ၊ ထို့အတူ စိတ်နှလုံးစင်ကြယ်သောသူများသည် ပြန်လာကြလိမ့်မည်၊ ထို့အတူ သူတို့၏အမွေခံရာသို့ လာကြလိမ့်မည်၊ သူတို့နှင့် သူတို့၏သားသမီးများသည်၊ ထာဝရတည်မြဲသော ဝမ်းမြောက်ခြင်းသီချင်းတို့ဖြင့်၊ ဇိအုန်၏ ဆိတ်ညံရာအရပ်တို့ကို တည်ဆောက်ကြ၏။
၁၉ ခပ်သိမ်းသောဤအရာတို့သည်ကား ပရောဖက်တို့၏ စကားများ ပြီးပြည့်စုံစေကြောင်း ပေတည်း။
၂၀ ထို့အတူ၊ ရှုလော့၊ ငါ၏သန့်ရှင်းသူတို့ကို အတူတကွစုဝေးခြင်းအမှုအတွက် ငါစီရင်ထားတော်မူလေသည့် အရပ်မှတစ်ပါး အခြားအရပ်မရှိ။ ငါစီရင်ထားတော်မူလေသည့် အရပ်မှတစ်ပါး အခြားအရပ်ရှိလိမ့်မည်လည်းမဟုတ်—
၂၁ သူတို့အတွက် နေရာကို မတွေ့ရတော့သည့်နေ့ ကျရောက်သည့် တိုင်အောင်ပင်တည်း။ ထို့နောက်တွင်၊ သူတို့အဖို့ ငါစီရင်တော်မူမည့် အခြားနေရာများ ငါ့မှာရှိ၏။ ၎င်းတို့ကို ပန္နက်များဟု ခေါ်လိမ့်မည်၊ ကန့်လန့်ကာများအတွက်၊ သို့မဟုတ် ဇိအုန်၏ ခွန်အားအတွက် ဖြစ်၏။
၂၂ ရှုလော့၊ ထိုအရာသည် ငါ၏အလိုတော်ဖြစ်၏၊ ငါ၏နာမတော်ကို ပတ္ထနာပြု၍၊ ငါ၏ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်အတိုင်း ငါ့ကို ကိုးကွယ်ကြသောသူအပေါင်းတို့သည် အတူတကွစုဝေးကြလိမ့်မည်၊ ထို့အတူ၊ သန့်ရှင်းရာအရပ်တို့၌ ရပ်ကြလိမ့်မည်။
၂၃ ရောက်လာမည့် ဗျာဒိတ်တော်အတွက် ပြင်ဆင်ကြလော့၊ ငါ၏တဲတော်၌၊ မြေကြီးကို ဖုံးကွယ်သည့် ငါ၏ဗိမာန်တော်အကာတည်းဟူသော ကန့်လန့်ကာကို ဖယ်ရှားလိမ့်မည်၊ ခပ်သိမ်းသော လူတို့သည်လည်း ငါ့ကို အတူတကွမြင်ကြရလိမ့်မည်။
၂၄ မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်မှာနေထိုင်သည့် လူသား၏၊ သို့မဟုတ် တောသားရဲတို့၏၊ သို့မဟုတ် မိုးကောင်းကင်ငှက်တို့၏၊ သို့မဟုတ် ပင်လယ်ငါး၏ ပုပ်ပျက်တတ်သောအရာတိုင်းသည် လောင်မြိုက်ခံရလိမ့်မည်။
၂၅ လောကဓာတ်အရာတို့သည်လည်း အားကြီးသောအပူကြောင့် အရည်ပျော်လိမ့်မည်။ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်လာလိမ့်မည်၊ ငါ၏အသိဉာဏ်နှင့် ဘုန်းတော်သည်မြေကြီးတစ်ခုလုံးပေါ်၌ တည်နိုင်စေခြင်းငှာပေတည်း။
၂၆ ထိုနေ့၌ လူသား၏ရန်ငြိုး၊ ထို့အတူ သားရဲတို့၏ရန်ငြိုး၊ ထိုမှတစ်ပါး၊ ခပ်သိမ်းသော သတ္တဝါတို့၏ရန်ငြိုးသည် ငါ့မျက်နှာရှေ့မှ ရပ်တန့်လိမ့်မည်။
၂၇ ထိုနေ့၌ အဘယ်သူတောင်းဆိုမည့်အရာကိုဖြစ်စေ ပေးလိမ့်မည်။
၂၈ ထိုနေ့၌ စာတန်တွင် အဘယ်သူ့ကိုမျှသွေးဆောင်ဖြားယောင်းရန် တန်ခိုးမရှိလတ္တံ့။
၂၉ သေခြင်းမရှိသောကြောင့် ဝမ်းနည်းခြင်းလည်း မရှိလတ္တံ့။
၃၀ ထိုနေ့၌ ကလေးငယ်သည် အိုသည့်တိုင်အောင် မသေရလတ္တံ့။ သူ၏အသက်သည် သစ်ပင်၏သက်တမ်းကဲ့သို့ ဖြစ်လတ္တံ့။
၃၁ သူသည် သေသောအခါ မြေကြီးထဲ၌ အိပ်ပျော်ရမည်မဟုတ်၊ သို့ရာတွင် မျက်စိတစ်မှိတ်၌ ပြောင်းလဲလိမ့်မည်၊ ထို့အတူ ချီဆောင်ခံရလိမ့်မည်၊ သူ၏ကိန်းဝပ်ရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။
၃၂ ထိုမှတစ်ပါး၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ကိုယ်တော်ရှင်ကြွလာတော်မူမည့် ထိုနေ့တွင် ဖော်ပြတော်မူမည့် ခပ်သိမ်းသောအရာတို့သည်ကား—
၃၃ လွန်သွားလေပြီးသောအရာများ၊ ထို့အတူ အဘယ်သူမျှမသိသည့် ဝှက်ထားသောအရာများ၊ ဖန်ဆင်းထားတော်မူလေရာ မြေကြီးနှင့် ဆိုင်သောအရာများ၊ ထိုမြေကြီး၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်—
၃၄ အဖိုးအထိုက်ဆုံးအရာများ၊ အထက်၌ရှိသောအရာများ၊ ထို့အတူ အောက်၌ရှိသောအရာများ၊ မြေကြီးထဲ၌ရှိသော၊ ထို့အတူ မြေကြီးပေါ်မှာရှိသော၊ ထို့အတူ ကောင်းကင်ထဲ၌ရှိသော အရာများပေတည်း။
၃၅ ငါ၏နာမတော်အတွက် ညှဉ်းဆဲခြင်းကို ခံစားကြ၊ ထို့အတူ ယုံကြည်ခြင်း၌ တည်ကြည်သူအပေါင်းတို့သည်၊ ငါ့ကြောင့် သူတို့အသက်ကို စွန့်ရန်ခေါ်သွင်းခံရသော်လည်း အဘယ်သို့ပင်ဖြစ်စေ ဤဘုန်းတော်အပေါင်းကို ဝင်စားရလိမ့်မည်။
၃၆ သို့ဖြစ်၍၊ သေခြင်းသို့တိုင်အောင်ပင် ကြောက်ခြင်းမရှိနှင့်။ အကြောင်းမူကား၊ ဤလောက၌ သင်တို့၏ဝမ်းမြောက်ခြင်းသည် မပြည့်စုံ၊ သို့ရာတွင် ငါ့၌ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်စုံ၏။
၃၇ ထို့ကြောင့်၊ ကိုယ်ခန္ဓာအတွက် ဂရုစိုက်ခြင်းမရှိကြနှင့်၊ ကိုယ်ခန္ဓာဘဝအတွက်လည်း ဂရုစိုက်ခြင်းမရှိကြနှင့်။ သို့ရာတွင်၊ စိတ်ဝိညာဉ်အတွက်၊ ထို့အတူ စိတ်ဝိညာဉ်ဘဝအတွက် ဂရုစိုက်ကြလော့။
၃၈ သည်းခံခြင်းဖြင့် သင်တို့သည် သင်တို့၏စိတ်ဝိညာဉ်တို့ကို ပိုင်ဆိုင်နိုင်ကြစေခြင်းငှာ၊ ကိုယ်တော်ရှင်၏မျက်နှာကို အစဉ်အမြဲရှာကြလော့၊ သင်တို့သည် ထာဝရအသက်ကိုလည်း ရကြလိမ့်မည်။
၃၉ လူသားတို့သည် ငါ၏ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်သို့ ခေါ်သွင်းခံရပြီး၊ ထာဝရတည်မြဲသောပဋိညာဉ်ဖြင့် ပဋိညာဉ်ပြုကြသောအခါ လောက၏ဆားအဖြစ်လည်းကောင်း၊ လူသားတို့အတွက် အကျိုးပြုသူအဖြစ်လည်းကောင်း မှတ်ယူခံကြရ၏။
၄၀ သူတို့သည် လူသားတို့အတွက် အကျိုးပြုသူဖြစ်စေခြင်းငှာ ခေါ်သွင်းခံကြရ၏။ ထို့ကြောင့်၊ လောက၏ဆားသည် အရသာကင်းပျောက်လျှင်၊ ရှုလော့၊ ထိုအချိန်မှစ၍ ပြင်သို့ အပစ်ခံရဖို့နှင့် လူတို့၏ ခြေအောက်၌ နင်းချေခံရဖို့မှတစ်ပါး၊ အဘယ်အသုံးမျှမဝင်။
၄၁ ရှုလော့၊ များစွာပင်ဖြစ်သော်လည်း၊ အားလုံးမဟုတ်သည့် ဇိအုန်သားတို့နှင့် စပ်လျဉ်း၍ ဤအရာ၌ ဉာဏ်ပညာရှိ၏။ သူတို့ကို လွန်ကျူးသောသူများအဖြစ် တွေ့ရလေပြီ၊ ထို့ကြောင့် သူတို့သည် ဆုံးမခံရရန် လိုအပ်၏။
၄၂ ကိုယ့်ကိုယ်ကို ချီးမြှောက်သောသူသည် နှိမ့်ချခံရလိမ့်မည်၊ ကိုယ့်ကိုယ်ကို နှိမ့်ချသောသူသည် ချီးမြှောက်ခံရလိမ့်မည်။
၄၃ ယခုမူကား၊ ဇိအုန်၏ ရွေးနုတ်ခြင်းနှင့်စပ်လျဉ်းသည့် ငါ၏အလိုတော်ကို သင်တို့သိနိုင်ကြစေခြင်းငှာ ငါသည် သင်တို့အား ပုံဆောင်စကားတစ်ခုကို ပြမည်။
၄၄ အမတ်တစ်ယောက်၌ အလွန်ကောင်းသောမြေတစ်ကွက်ရှိ၏။ သူ၏ကျွန်တို့ကို ဆိုသည်ကား၊ သင်တို့သည် ငါ၏ဥယျာဉ်သို့ သွားကြလော့၊ ဤအလွန်ကောင်းသော မြေအကွက်ပေါ်၌ပင်၊ သံလွင်ပင် တစ်ဆယ့်နှစ်ပင်ကို စိုက်ကြလော့။
၄၅ ၎င်းတို့ပတ်လည်၌ ကင်းစောင့်တို့ကို ချထားကြလော့၊ ရန်သူများက လုယူရန်နှင့် ငါ့ဥယျာဉ်မှ အသီးကို ယူ၍စားရန် လာကြသောအခါ၊ ငါ၏သံလွင်ပင်များ ဖျက်ဆီးပစ်ခြင်းမခံကြရစေခြင်းငှာ၊ တစ်ယောက်က လင့်စင်ပေါ်မှာ ကင်းစောင့်အဖြစ် ထိုမြေပတ်ဝန်းကျင်ကို အထက်မှကြည့်နိုင်စေခြင်းငှာ လင့်စင်တစ်ခုကိုလည်း တည်ဆောက်ကြလော့။
၄၆ ယခုတွင်၊ အမတ်၏ကျွန်တို့သည် သွား၍၊ သူတို့၏သခင် သူတို့ကို မိန့်မှာခဲ့သည့်အတိုင်း ပြုကြပြီး၊ သံလွင်ပင်တို့ကို စိုက်ကြ၏၊ ထို့အတူ ပတ်လည်၌ စောင်ရန်းကို ကာကြ၏၊ ထို့အတူ ကင်းစောင့်တို့ကိုလည်း ချထားကြ၏၊ လင့်စင်ကိုလည်း တည်ဆောက်စပြုကြ၏။
၄၇ သူတို့သည် ထိုနေရာ၌ အုတ်မြစ်ကိုချနေစဉ်မှာပင်၊ သူတို့အချင်းချင်း၌ ဆိုစပြုကြလေသည်ကား၊ ငါ၏သခင်သည် ဤလင့်စင်ကို အဘယ်အတွက် အလိုရှိလေသနည်း။
၄၈ အချိန်ကြာမြင့်စွာတိုင်ပင် နှီးနှောကြ၏၊ သူတို့အချင်းချင်း၌ ဆိုကြလေသည်ကား၊ ဤအချိန်သည် ငြိမ်းချမ်းရာအချိန် ဖြစ်သော်လည်း ငါ၏သခင်သည် ဤလင့်စင်ကို အဘယ်အတွက် အလိုရှိလေသနည်း။
၄၉ ဤငွေကို ပွဲစားသို့ မပေးအပ်သင့်သလော၊ အကြောင်းမူကား၊ ဤအရာတို့ကို မလိုအပ်။
၅၀ သူတို့သည် အချင်းချင်းကွဲပြားကြသောအခါ၊ အလွန်ပျင်းရိလာကြ၏၊ သူတို့သခင်၏မိန့်မှာချက်များကိုလည်း စေ့စေ့နားထောင်ခြင်းမရှိကြ။
၅၁ ရန်သူသည် ညဉ့်အချိန်၌ ရောက်လာပြီး စောင်ရန်းကို ဖျက်ဆီးပစ်၏။ အမတ်၏ ကျွန်တို့သည်လည်း ထ၍ကြောက်လန့်ပြီး၊ ထွက်ပြေးကြ၏။ ရန်သူတို့သည်လည်း သူတို့လုပ်ထားသော အရာများကို ဖျက်ဆီးကြ၏၊ သံလွင်ပင်တို့ကိုလည်း ဖျက်ဆီးပစ်ကြ၏။
၅၂ ယခုတွင်၊ ရှုလော့၊ အမတ်၊ ဥယျာဉ်ပိုင်ရှင်သည် သူ၏ကျွန်တို့ကို ခေါ်၍ ဆိုလေသည်ကား၊ အဘယ်ကြောင့်နည်း၊ ဤကြီးစွာသောမကောင်းမှု၏အကြောင်းရင်းကား အဘယ်အရာနည်း။
၅၃ သင်တို့ကို ငါမိန့်မှာခဲ့သည့်အတိုင်း သင်တို့ မဆောင်ရွက်သင့်ကြလေသလော၊ ထို့အတူ— သင်တို့သည် ဥယျာဉ်ကို စိုက်၍၊ ပတ်လည်၌ စောင်ရန်းကိုကာ၍၊ ထိုတံတိုင်းပေါ်မှာ ကင်းစောင့်ကို ချထားလျက်—သင်တို့အပေါ် ရန်သူမလာစေခြင်းငှာ လင့်စင်ကိုလည်းတည်ဆောက်၍၊ လင့်စင်ပေါ်မှာ ကင်းစောင့်တစ်ယောက်ကိုလည်း ချထား၍၊ ငါ၏ဥယျာဉ်ကို ကြည့်ရှုစောင့်ရှောက်၍၊ အိပ်မပျော်စေသင့်လေသလော။
၅၄ ရှုဦးလော့၊ လင့်စင်ပေါ်ရှိကင်းစောင့်သည် ရန်သူကို အဝေး၌ရှိနေစဉ်မှာပင် မြင်နိုင်ခဲ့ပေလိမ့်မည်။ ထို့နောက်၊ သင်တို့သည်လည်း အသင့်ပြင်ဆင်နိုင်ခဲ့၍၊ ရန်သူအား ဥယျာဉ်စောင်ရန်းကို ဖျက်ဆီးပစ်ခြင်းမှ တားဆီးနိုင်ခဲ့ပြီး၊ ငါ၏ဥယျာဉ်ကို ဖျက်ဆီးသူ၏လက်မှ ကယ်တင်နိုင်ခဲ့ပေမည်။
၅၅ ဥယျာဉ်ပိုင်ရှင်သည် မိမိကျွန်များထဲမှတစ်ယောက်ကို ဆိုလေသည်ကား၊ ငါ၏ ကျန်ကြွင်းသောကျွန်တို့ကို သွား၍ အတူတကွစုဝေးလော့၊ ထို့အတူ နေရစ်စေရန် ငါခန့်အပ်ထားလေသော သူများမှတစ်ပါး၊ ငါ၏စစ်သူရဲများ၊ ငါ့အိမ်မှ အင်အားဖြစ်သည့် လူပျိုများ၊ ထို့အတူ ငါ့ကျွန်အပေါင်းတို့၌ လူလတ်တို့လည်း ပါဝင်သည့် ငါ့အိမ်မှ အင်အားမှန်သမျှကို ခေါ်လော့။
၅၆ သင်တို့သည် ငါ၏ဥယျာဉ်မြေသို့ ချက်ချင်းသွားကြလော့၊ ငါ၏ဥယျာဉ်ကို ရွေးနုတ်ကြလော့။ အကြောင်းမူကား၊ ၎င်းသည် ငါ၏ဥယျာဉ်ဖြစ်၏၊ ၎င်းကို ငွေနှင့်ငါဝယ်ခဲ့လေ၏။
၅၇ ထို့ကြောင့်၊ သင်တို့သည် ငါ၏မြေသို့ ချက်ချင်းသွားကြလော့။ ငါ့ရန်သူတို့၏တံတိုင်းတို့ကို ဖြိုချကြလော့။ သူတို့၏လင့်စင်ကို ဖြိုချပစ်ကြလော့၊ သူတို့၏ကင်းစောင့်တို့ကိုလည်း ကွဲပြားပြန့်ကျဲစေကြလော့။
၅၈ သူတို့သည် သင်တို့တစ်ဖက်၌ အတူတကွစုဝေးကြသမျှ၊ ငါ့အဖို့ ငါ၏ရန်သူတို့ကို လက်တုံ့ပြန်ကြလော့၊ မကြာမီ ငါသည် ငါ့အိမ်မှ ကျန်ကြွင်းသောသူတို့နှင့်အတူ လာ၍၊ မြေကို ပိုင်ဆိုင်နိုင်စေခြင်းငှာပေတည်း။
၅၉ ကျွန်ကလည်း သူ၏သခင်ကို ဆိုလေသည်ကား၊ အဘယ်အချိန်၌ ဤအရာတို့ ဖြစ်လိမ့်မည်နည်း။
၆၀ သူ၏ကျွန်ကို ဆိုလေသည်ကား၊ ငါသွားသည့်အခါ သင်ချက်ချင်းသွားလော့၊ ထို့အတူ သင့်ကို ငါမိန့်မှာလေသည့် ခပ်သိမ်းသော အရာမှန်သမျှကို လုပ်ဆောင်လော့။
၆၁ ဤအရာသည် သင့်အပေါ်၌ ငါ၏တံဆိပ်နှင့် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်—သင်သည် ငါ့အိမ်သားတို့အလယ်၌ သစ္စာရှိပြီး ဉာဏ်ပညာရှိသောတာဝန်ခံ၊ ငါ၏နိုင်ငံ၌ အုပ်စိုးသူဖြစ်၏။
၆၂ သူ၏ကျွန်သည်လည်း ချက်ချင်းသွား၏၊ သူ့ကို သူ၏သခင်မိန့်မှာခဲ့သည့် ခပ်သိမ်းသော အရာမှန်သမျှကိုလည်း လုပ်ဆောင်၏။ နေ့များစွာကြာပြီးနောက်တွင်၊ ခပ်သိမ်းသောအရာတို့ကို ပြီးပြည့်စုံစေလေ၏။
၆၃ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ခပ်သိမ်းသောအသင်းတော်တို့သည် သူတို့၏ ကယ်တင်ခြင်းအတွက် မှန်၍သင့်လျော်သောလမ်းဖြင့် လမ်းညွှန်ခံရရန် လိုလိုလားလားရှိကြသမျှ၊ သူတို့နှင့်စပ်လျဉ်း၍ ငါ့အထဲ၌ရှိသည့် ဉာဏ်ပညာကို သင်တို့အား ငါပြမည်—
၆၄ ငါ၏သန့်ရှင်းသူတို့၏အတူတကွစုဝေးခြင်းအမှုကို ဆက်၍ပြုနိုင်စေကြောင်း၊ ငါသည်သူတို့ကို သန့်ရှင်းရာအရပ်တို့၌ ငါ၏နာမတော်အဖို့ တည်ဆောက်နိုင်စေကြောင်းပေတည်း။ အကြောင်းမူကား၊ ရိတ်သိမ်းရာအချိန် ရောက်လာပြီ၊ ငါ၏နှုတ်ကပတ်တော်ကိုလည်း ပြီးပြည့်စုံစေဖို့ လိုအပ်၏။
၆၅ ထို့ကြောင့်၊ ငါသည် လူတိုင်းကို မိမိအကျင့်ရှိမည့်အတိုင်း အကျိုးကျေးဇူးကို ပေးရန် ငါ့ခမည်းတော်၏ နိုင်ငံတော်၌ ငါလာသောအခါ၊ ဂျုံစပါးတို့ထာဝရအသက်ကို ပိုင်ဆိုင်ရန် ကျီများထဲ၌ ကာကွယ်ခံရနိုင်စေခြင်းငှာ၊ ဆီလက်ရှယ်လ်ဘုန်းအသရေနှင့် ချီးမြှင့်ခံရနိုင်စေခြင်းငှာ၊ ငါ၏လူတို့ကို ဂျုံစပါးနှင့်ပေါင်းပင်တို့အကြောင်း ပုံဆောင်စကားအတိုင်း အတူတကွစုဝေးရမည်။
၆၆ ထိုအချိန်တွင် ပေါင်းပင်တို့သည် အထုံးလိုက်စည်းနှောင်ခံရလိမ့်မည်၊ ၎င်းတို့၏ ကြိုးများကိုလည်း ခိုင်မာစေ၏၊ မငြိမ်းနိုင်သောမီးလျှံဖြင့် လောင်မြိုက်ခံရ စေခြင်းငှာပေတည်း။
၆၇ ထို့ကြောင့်၊ ခပ်သိမ်းသောအသင်းတော်တို့သည် ငါစီရင်ထားနှင့်လေသည့်နေရာတို့၌ ဆက်၍ အတူတကွစုဝေးကြရမည့်အကြောင်း ပညတ်တော်တစ်ခုကို သူတို့အား ငါပေး၏။
၆၈ သို့သော်လည်း၊ ယခင်ပညတ်တော်၌ သင်တို့ကို ငါမိန့်တော်မူလေသကဲ့သို့ပင်၊ သင်တို့၏စုဝေးခြင်းကို အလျင်အမြန်မပြုစေနှင့်၊ ထွက်ပြေးခြင်းဖြင့်လည်း မပြုစေနှင့်။ သို့ရာတွင်၊ ခပ်သိမ်းသောအရာတို့ကို သင်တို့ရှေ့၌ ပြင်ဆင်ထားလျက်ရှိစေလော့။
၆၉ ခပ်သိမ်းသောအရာတို့ကို သင်တို့ရှေ့၌ ပြင်ဆင်ထားလျက်ရှိစေခြင်းငှာ၊ ဤအရာတို့နှင့်စပ်လျဉ်း၍ ငါပေးထားလေသည့် ပညတ်တော်ကို ကျင့်စောင့်ကြလော့—
၇၀ ဆိုလေသည်၊ သို့မဟုတ် သွန်သင်လေသည်ကား၊ ငါ၏သန့်ရှင်းသူများ စုဝေးခြင်းကို အစပြုခြင်းအတွက် ဇိအုန်ပြည်အဖြစ် ငါစီရင်ထားလေသည့် ထိုပြည် ပတ်ဝန်းကျင်ဒေသတွင် ငွေဖြင့် ဝယ်၍ရနိုင်သည့် ခပ်သိမ်းသောမြေတို့ကို ငွေနှင့်ဝယ်ရန်၊
၇၁ ဂျက်ဆင်ခရိုင်ရှိ၊ ထို့အတူ ပတ်ဝန်းကျင်ခရိုင်ရှိ ဝယ်၍ရနိုင်သည့် ခပ်သိမ်းသော မြေတို့လည်း ပါဝင်ပြီး၊ ကျန်ကြွင်းသောအရာတို့ကို ငါ့လက်ထဲ၌ ထားစေရမည်။
၇၂ ယခုတွင်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ခပ်သိမ်းသော အသင်းတော်တို့အား သူတို့၏ ငွေများကို အတူတကွစုဆောင်းကြစေလော့။ ဤအရာတို့ကို သူ့အချိန်နှင့်သူ လုပ်ဆောင်၍ ပြီးစေလော့၊ သို့ရာတွင် အလျင်အမြန်မပြုရ။ ခပ်သိမ်းသောအရာတို့ကို သင်တို့ရှေ့၌ ပြင်ဆင်ထားလျက်ရှိစေခြင်းငှာလည်း အားထုတ်ကြလော့။
၇၃ ဂုဏ်သရေရှိသူတို့၊ ဉာဏ်ပညာရှိသောသူတို့ကိုပင် ခန့်အပ်ထားခံစေလော့၊ ဤမြေတို့ကို ဝယ်ရန် သူတို့ကို စေလွှတ်လော့။
၇၄ အရှေ့ပိုင်းတိုင်းပြည်များရှိ အသင်းတော်တို့သည်လည်း၊ တည်ဆောက်သောအခါ၊ သူတို့သည် ဤသွန်သင်ချက်ကို စေ့စေ့နားထောင်မည်ဆိုလျှင် မြေများကို ဝယ်၍ ၎င်းတို့အပေါ်၌ အတူတကွစုဝေးနိုင်ကြ၏။ ဤနည်းအားဖြင့် သူတို့သည် ဇိအုန်ကို တည်ထောင်နိုင်ကြ၏။
၇၅ သူတို့ကိုယ်သူတို့ ငါ၏နာမတော်အတိုင်း ခေါ်ကြသည့် အသင်းတော်တို့သည် ငါ၏ အသံကို စေ့စေ့နားထောင်ရန် လိုလိုလားလားရှိကြလျှင်၊ ဇိအုန်ကို ရွေးနုတ်ရန်၊ ထို့အတူ သူ၏ ဆိတ်ညံရာအရပ်တို့ကို တည်ထောင်ရန်၊ ဖြိုချပစ်မခံရတော့ရန်၊ ယခုမှာပင် ဘဏ္ဍာတိုက်၌ လုံလောက်စွာ ရှိနှင့်လေပြီ၊ အမှန်စင်စစ်၊ အမြောက်အမြားပင်ရှိ၏။
၇၆ ထိုမှတစ်ဖန်၊ မိမိတို့ရန်သူတို့အားဖြင့် ကွဲပြားပြန့်ကျဲခံရလေသော သင်တို့ကို ငါဆိုသည်မှာ၊ ငါ၏အလိုတော်သည်ကား၊ သူတို့သည် ပြန်လည်ပေးဆပ်ခြင်း၊ ထို့အတူ ရွေးနုတ်ခြင်းကို သင်တို့အပေါ် အုပ်စိုးသူများအဖြစ် ခန့်ထားခံရသောသူများနှင့် အခွင့်အာဏာရှိသူတို့၏ လက်များအားဖြင့် ဆက်၍ အပူတပြင်းတောင်းဆိုလျက်—
၇၇ တည်ထောင်ရန်၊ ထို့အတူ ဖြောင့်မတ်သန့်ရှင်းသော အခြေခံဩဝါဒများအတိုင်း ခပ်သိမ်းသော လူတို့၏ အခွင့်အရေးများနှင့် အကာအကွယ်အတွက် ထိန်းသိမ်းထားရန် ငါ အခွင့်ပေးလေသည့် လူတို့၏ဥပဒေများနှင့် ဖွဲ့စည်းပုံအတိုင်းပြုရမည်မှာ၊
၇၈ လူတိုင်းသည် ဩဝါဒနှင့် အခြေခံဩဝါဒ၌ သူ့ကို ငါပေးထားသည့် စာရိတ္တဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့်အတိုင်း အနာဂတ်ကာလနှင့် စပ်ဆိုင်၍ပြုမူနိုင်ကြောင်း၊ လူတိုင်းသည် မိမိကိုယ်တိုင်၏ အပြစ်များအတွက် တရားစီရင်တော်မူရာနေ့၌ တာဝန်ရှိနိုင်စေကြောင်းပေတည်း။
၇၉ ထို့ကြောင့်၊ အဘယ်သူမဆို တစ်ယောက်ကိုတစ်ယောက် ကျွန်ခံရာ၌ရှိရခြင်းသည် မဖြောင့်မတ်။
၈၀ ဤရည်ရွယ်ချက်ကြောင့် ငါသည် ဖွဲ့စည်းပုံကို ဤတိကျသော ရည်ရွယ်ချက်အဖို့ ငါပေါ်ထွန်းစေခဲ့သည့် ဉာဏ်ပညာရှိသောသူတို့၏ လက်များအားဖြင့် ဤပြည်အတွက် တည်ထောင်လေပြီ၊ ထို့အတူ အသွေးသွန်းလောင်းခြင်းအားဖြင့် ဤပြည်ကို ရွေးနုတ်လေပြီ။
၈၁ ယခုတွင်၊ ငါသည် ဇိအုန်သားတို့ကို အဘယ်အရာနှင့် ပမာပြုရမည်နည်း။ ငါသည် သူတို့ကို မိန်းမနှင့် မတရားသောတရားသူကြီးအကြောင်း ပုံဆောင်စကားနှင့် ပမာပြုမည်၊ အကြောင်းမူကား၊ လူသားတို့သည် အစဉ်အမြဲဆုတောင်းရမည်၊ အားမလျော့ရ၊ ဆိုလေသည်ကား—
၈၂ မြို့တစ်မြို့၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသော၊ လူကိုလည်း ပမာဏမပြုသော တရားသူကြီးတစ်ယောက်ရှိ၏။
၈၃ ထို့မြို့၌ နေသောမုဆိုးမတစ်ယောက်သည် သူ့ထံသို့သွား၍ ကျွန်မရန်သူကို အပြစ်ပေးပါဟု တောင်းဆို၏။
၈၄ သူသည် အတန်ကြာအောင် မပေးဘဲနေပြီးမှ၊ ထို့နောက်တွင် ငါသည် ဘုရားသခင်ကို ကြောက်ခြင်းမရှိ၊ လူကို ပမာဏမပြုသော်လည်း၊ ဤမုဆိုးမသည် ငါ့ကို နှောင့်ယှက်သောကြောင့်၊ ငါသည် သူမကို အပြစ်ပေးမည်၊ သို့မဟုတ် အစဉ်လာ၍ ငါ့ကို နှောင့်ယှက်လိမ့်မည်ဟု ဆင်ခြင်၏။
၈၅ ထိုကဲ့သို့အားဖြင့် ငါသည် ဇိအုန်သားတို့ကို ပမာပြုမည်။
၈၆ သူတို့ကို တရားသူကြီး၏ခြေ၌ အပူတပြင်းတောင်းဆိုစေလော့။
၈၇ သူတို့ကို ပမာဏပြုခြင်းမရှိလျှင်၊ သူတို့ကို အုပ်ချုပ်သူ၏ခြေ၌ အပူတပြင်း တောင်းဆိုစေလော့။
၈၈ အုပ်ချုပ်သူကလည်း သူတို့ကို ပမာဏပြုခြင်း မရှိလျှင်၊ သူတို့ကို ဥက္ကဋ္ဌ၏ခြေ၌ အပူတပြင်းတောင်းဆိုစေလော့။
၈၉ ဥက္ကဋ္ဌကလည်းသူတို့ကို ပမာဏပြုခြင်းမရှိလျှင်၊ ထို့နောက်တွင် ကိုယ်တော်ရှင်သည် သူ၏ ပုန်းကွယ်ရာနေရာမှ ထ၍ထွက်လာလိမ့်မည်၊ ပြည်သားတို့ကို သူ၏အမျက်ဖြင့် နှောင့်ယှက်လိမ့်မည်။
၉၀ သူ၏ ပြင်းစွာသော မကျေမနပ်ဖြစ်ခြင်းဖြင့်၊ ထို့အတူ သူ၏ပြင်းစွာသော အမျက်ဖြင့်၊ သူ၏အချိန်ကာလ၌၊ ထိုဆိုးညစ်သော၊ သစ္စာမရှိသော၊ ထို့အတူ မတရားသော ဝာာဝန်ခံတို့ကို ပယ်ရှင်းတော်မူလိမ့်မည်၊ သူတို့၏ ဝေစုကိုလည်း သူတော်ကောင်းယောင်ဆောင်သောသူများ၊ ထို့အတူ မယုံကြည်သူများ၌ ပေးအပ်လိမ့်မည်။
၉၁ အကယ်စင်စစ်၊ ငိုကြွေးခြင်း၊ မြည်တမ်းခြင်းနှင့် အံသွားခဲကြိတ်ခြင်းတို့ရှိရာအပြင်အရပ် မှောင်မိုက်၌ ရှိလိမ့်မည်။
၉၂ သင်တို့ ဆုတောင်းကြလော့၊ ထို့ကြောင့်၊ သူတို့နားသည် သင်တို့၏တောင်းလျှောက်ခြင်းတို့ကို နားထောင်၍၊ ငါသည် သူတို့ကို ကရုဏာကြီးနိုင်စေကြောင်း၊ ဤအရာများ သူတို့အပေါ် မကျရောက် နိုင်စေကြောင်းပေတည်း။
၉၃ သင်တို့ကို ငါမိန့်တော်မူလေသည့် အရာသည် ဖြစ်ရမည်၊ ခပ်သိမ်းသောသူတို့ အကြောင်းပြချက်မရှိဘဲ ကျန်ရစ်ကြစေကြောင်း၊
၉၄ ဉာဏ်ပညာရှိသောသူများနှင့် အုပ်စိုးသူများသည် သူတို့ဘယ်တုန်းကမျှ နားမလည်ဖူးသည့် အရာကို ကြား၍ သိနိုင်ကြစေကြောင်း၊
၉၅ ငါသည် အလုပ်တော်တည်းဟူသော၊ ငါ၏ထူးခြားသောအလုပ်တော်ကို ဆက်၍ ဖြစ်ပေါ်နိုင်စေကြောင်း၊ ထို့အတူ အမှုတော်တည်းဟူသော၊ ငါ၏ထူးခြားသောအမှုတော်ကို ဆောင်ရွက်နိုင်စေကြောင်း၊ လူသားတို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးညစ်သောသူကို ပိုင်းခြား၍ သိမြင်နိုင်ကြစေကြောင်းပေတည်းဟု သင်တို့၏ဘုရားသခင်မိန့်တော်မူ၏။
၉၆ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ့ကျွန်ဆစ်ဒနီဂဲဗာ့သည် ငါ၏လူမျိုးများသို့ ငါပေးအပ်လေသည့် ငါ၏ဘဏ္ဍာတိုက်ကို ငါ့ရန်သူများ၏လက်ထဲသို့ ရောင်းခြင်းသည် ငါ၏ပညတ်တော်နှင့် အလိုတော်ကို ဆန့်ကျင်၏။
၉၇ ငါပေးအပ်ထားလေသည့်အရာကို ငါ၏ရန်သူတို့အားဖြင့်၊ သူတို့ကိုယ်သူတို့ ငါ၏နာမတော်အတိုင်း ခေါ်ကြသည့်သူတို့၏ သဘောတူခြင်းအားဖြင့် မညစ်ညူးစေနှင့်။
၉၈ အကြောင်းမူကား၊ ငါစီရင်လေသည့်၊ ထို့အတူ ပြည်သားတို့၌ မကြာမြင့်မီ ဖြစ်ပျက်လာမည့် အရာတို့၏ အကျိုးဆက်အဖြစ် ဤအရာသည် ငါ့ကို ဆန့်ကျင်၍၊ ထို့အတူ ငါ၏လူမျိုးတို့ကို ဆန့်ကျင်၍ အလွန်ပြင်းထန်ပြီး လေးလံသောအပြစ်ဖြစ်၏။
၉၉ ထို့ကြောင့်၊ ငါ၏လူမျိုးတို့သည် ထိုနေရာ၌ နေထိုင်ရန် အခွင့်ပေးမခံရသော်လည်း သူတို့ကို ငါပေးအပ်လေသည့်အရာကို တောင်းဆို၍၊ ထို့အတူ တောင်းဆိုခွင့်ကို ထိန်းသိမ်းထားရမည်မှာ ငါ၏အလိုတော်ဖြစ်၏။
၁၀၀ သို့သော်လည်း၊ သူတို့သည် ထိုနေရာ၌ မနေထိုင်ရဟု ငါမဆို။ အကြောင်းမူကား၊ သူတို့သည် ငါ၏နိုင်ငံတော်နှင့်ထိုက်တန်သည့် အကျိုးနှင့် အမှုများကို ဖြစ်စေကြသမျှ ထိုနေရာ၌ နေထိုင်ကြရမည်။
၁၀၁ သူတို့တည်ဆောက်၍၊ ထိုအရာကို တခြားသူအမွေမခံရ။ သူတို့သည် စပျစ်ဥယျာဉ်များကို စိုက်၍ ထိုဥယျာဉ်တို့မှ အသီးကို စားကြရလိမ့်မည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။