အပိုဒ်ငယ် ၁၁၁
၁၈၃၆ ခု၊ ဩဂုတ်လ ၆ ရက်၊ ရှာလင်၊ မန်ဆာချူးဆက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤအချိန်တွင် အသင်းတော်၏ခေါင်းဆောင်များသည် အမှုတော်ဆောင်ခြင်း၌ သူတို့၏အလုပ်များကြောင့် အကြွေးများစွာတင်လျက်ရှိကြ၏။ ရှာလင်၌ သူတို့အဖို့ ငွေများစွာရရှိနိုင်လိမ့်မည်ဟု ကြားရ၍၊ ပရောဖက်၊ ဆစ်ဒနီရစ်ဂဒွန်၊ ဟီရမ်စမစ်နှင့် အော်လီဗာကောင်ဒရီတို့သည် ထိုအကြောင်းကို စုံစမ်းရန်၊ ဧဝံဂေလိတရားတော်ကိုဟောပြောလျက် ကာ့တ်လန်း၊ အိုဟိုင်းရိုမှနေ၍ ထိုအရပ်သို့ ခရီးသွားခဲ့ကြ၏။ ညီအစ်ကိုတို့သည် အသင်းတော်၏ အမှုအရေးအကြောင်းအရာအချို့ကို ဆောင်ရွက်ခဲ့ကြပြီး၊ ဟောပြောခြင်းအချို့ကို ပြုခဲ့ကြ၏။ မည်သည့်ငွေမျှ ထွက်လာစရာအကြောင်းမရှိကြောင်း ထင်ရှားသောအခါ၊ သူတို့သည် ကာ့တ်လန်းသို့ ပြန်လာခဲ့ကြ၏။ နောက်ခံအကြောင်းအရာ၌ ပေါ်လွင်သောအကြောင်းရင်းအချက် အချို့ကို ဤဗျာဒိတ်တော်၏ စကားအသုံးအနှုန်း၌ ဖော်ပြထား၏။
၁–၅၊ ကိုယ်တော်ရှင်သည် မိမိကျွန်တို့၏ ဇာတိပကတိလိုအပ်ချက်များကို ဂရုစိုက်တော်မူ၏။ ၆–၁၁၊ သူသည်ဇိအုန်ကို ကရုဏာရှိစွာစီရင်ပြီး၊ မိမိကျွန်တို့၏ ကောင်းကျိုးအတွက် ခပ်သိမ်းသောအရာတို့ကို စီစဉ်တော်မူလိမ့်မည်။
၁ ငါ၊ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်သည် သင်တို့၏မိုက်မဲခြင်းများရှိသော်ငြားလည်း ဤခရီးသို့ သင်တို့လာခြင်းကို မနှစ်သက်ခြင်းမရှိ။
၂ ငါ့၌ သင်တို့အတွက်၊ ဇိအုန်၏ အကျိုးအတွက် များစွာသောဘဏ္ဍာရှိ၏၊ ဇိအုန်၏ အကျိုးအတွက် ကာလအချိန်တန်သောအခါ သင်တို့၏ အထောက်အကူအားဖြင့် ငါရွေးထုတ်မည့် ဤမြို့ရှိ များစွာသောလူများလည်းရှိ၏။
၃ ထို့ကြောင့်၊ သင်တို့သည် ပို့ဆောင်ခံရမည့်အတိုင်း၊ ထို့အတူ သင်တို့ထံ ဖော်ပြခံရမည့်အတိုင်း ဤမြို့ရှိလူတို့နှင့် သိကျွမ်းရန် လိုအပ်၏။
၄ ဤသို့အားဖြင့် အချိန်တန်လာလတ္တံ့သောအခါ၊ ကာလအချိန်တန်သောအခါ၌ ငါသည် ဤမြို့ကို သင်တို့၏ လက်များထဲသို့ ပေးတော်မူမည်ဖြစ်၍၊ သင်တို့သည် ၎င်းအပေါ်အုပ်စိုးရလိမ့်မည်၊ သင်တို့၏လျှို့ဝှက်အပ်သောအင်္ဂါတို့ကို သူတို့မတွေ့သဖြင့်၊ ရွှေ၊ ငွေတို့နှင့် စပ်ဆိုင်သည့် ၎င်း၏ကြွယ်ဝခြင်းသည် သင်တို့၏ အရာများ ဖြစ်လိမ့်မည်။
၅ သင်တို့၏အကြွေးများနှင့်စပ်လျဉ်း၍ သင်တို့ကိုယ်သင်တို့ လွန်စွာပူပန်ခြင်းမရှိကြနှင့်၊ အကြောင်းမူကား၊ ၎င်းတို့ကို ပေးရန် သင်တို့အား တန်ခိုးကို ငါပေးတော်မူမည်။
၆ ဇိအုန်နှင့်စပ်လျဉ်း၍ သင်တို့ကိုယ်သင်တို့ လွန်စွာပူပန်ခြင်းမရှိကြနှင့်၊ အကြောင်းမူကား ငါသည် သူ့ကို ကရုဏာရှိစွာစီရင်တော်မူမည်။
၇ ဤနေရာ၌၊ ထို့အတူ ပတ်ဝန်းကျင်ဒေသတို့၌ တည်းခိုနေကြလော့။
၈ သင်တို့အများဆုံးတည်းခိုနေရမည့် ငါ၏အလိုတော်ရှိသည့် နေရာကို သင်တို့ထံ စီးဆင်းမည့် ငါ့ဝိညာဉ်တော်၏ ငြိမ်းချမ်းခြင်းနှင့် တန်ခိုးတို့အားဖြင့် ညွှန်ပြတော်မူမည်။
၉ ဤနေရာကို သင်တို့သည် ငှားရမ်းခြင်းဖြင့် ရရှိနိုင်ကြ၏။ ဤမြို့၌ သာ၍ရှေးကျစွာ နေထိုင်ပြီး တည်ဆောက်ခဲ့သောသူများနှင့်လည်း စပ်လျဉ်း၍ လုံ့လဝီရိယ ထက်သန်စွာ မေးလျှောက်ကြလော့။
၁၀ အကြောင်းမူကား၊ ဤမြို့၌ သင်တို့အတွက် တစ်ခုထက်ပိုသော ဘဏ္ဍာများရှိ၏။
၁၁ ထို့ကြောင့်၊ သင်တို့သည် မြွေများကဲ့သို့လိမ္မာလျက်၊ သို့သော်လည်း အပြစ်မရှိဘဲနေကြလော့။ ငါသည်လည်း သင်တို့၏ကောင်းကျိုးအတွက် ခပ်သိမ်းသောအရာတို့ကို သင်တို့ လက်ခံနိုင်စွမ်း ရှိလျှင်ရှိချင်း စီစဉ်တော်မူမည်။ အာမင်။