ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၂၅


အပိုဒ်ငယ် ၁၂၅

အိုင်အိုဝါနယ်မြေရှိ သန့်ရှင်းသူတို့နှင့်​စပ်လျဉ်း၍ ၁၈၄၁ခု၊ မတ်လ၊ နော်ဗူး၊ အီလီနွိုက်၌ ပရောဖက်​ဂျိုးဇက်​စမစ်သို့ ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။

၁–၄၊ သန့်ရှင်းသူတို့သည် မြို့များကို တည်ဆောက်၍ ဇိအုန်​ပန္နက်များသို့ စုဝေး​ကြရမည်။

အိုင်အိုဝါနယ်မြေရှိ သန့်ရှင်းသူတို့နှင့်​စပ်လျဉ်း၍ ကိုယ်တော်ရှင်၏ အလိုတော်ကား အဘယ်​အရာ​နည်း။

ကိုယ်တော်ရှင်​အမှန်​မိန့်တော်မူ​သည်မှာ၊ သင်တို့ကို ငါ​ဆိုသည်ကား၊ သူတို့ကိုယ်သူတို့ ငါ၏​နာမတော်ဖြင့် ခေါ်၍ ငါ၏​သန့်ရှင်းသူများ​ဖြစ်ရန် အားထုတ်နေသူတို့သည် ငါ၏ အလိုတော်ကို လုပ်ဆောင်၍၊ သူတို့နှင့်​စပ်လျဉ်းသည့် ငါ၏ ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ သူတို့အား ငါ့ကျွန် ဂျိုးဇက်​စမစ် အားဖြင့် ငါ​ခန့်အပ်​ထားမည့် နေရာများသို့ သူတို့ကိုယ်သူတို့ အတူ​တကွ စုဝေး​စေလော့၊ ထို့အတူ ငါ၏​နာမတော်​အဖို့ မြို့များကို တည်ဆောက်​စေလော့၊ လာမည့်အချိန် အနည်းငယ်၌ ဘဏ္ဍာတိုက်မှာ​ရှိသည့် အရာ​အတွက် သူတို့​ပြင်ဆင်​နိုင်စေ​ခြင်းငှာ​ပေတည်း။

သူတို့ကို နော်ဗူးမြို့နှင့်​ဆန့်ကျင်ဘက်​မြေပေါ်၌ ငါ၏​နာမတော်​အဖို့ မြို့တစ်မြို့ကို တည်ဆောက်​စေလော့၊ ဇရဟင်မလ​အမည်ကို ထိုမြို့​ပေါ်၌​ရှိစေလော့။

ထိုမြို့၌ နေထိုင်​လိုကြသူများ တည်းဟူသော၊ အရှေ့​အရပ်မှ၊ ထို့အတူ အနောက်​အရပ်မှ၊ ထို့အတူ မြောက်​အရပ်မှ၊ ထို့အတူ တောင်​အရပ်မှ​လာကြသည့် ခပ်သိမ်းသော​သူတို့ကို နက်ရှေဗေလ်​မြို့မှာ​ကဲ့သို့၊ သို့မဟုတ် နော်ဗူးမြို့မှာ​ကဲ့သို့ပင်၊ ထို​တူသော​နေရာ၌၊ ထို့အတူ ငါ​ခန့်အပ်​ထားလေသည့် ခပ်သိမ်းသော​ပန္နက်တို့၌ သူတို့၏​အမွေခံရာကို ရယူကြ​စေလော့ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။