ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၀၃


အပိုဒ်ငယ် ၁၀၃

၁၈၃၄ ခု၊ ဖေဖော်ဝါရီ ၂၄၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။ သန့်ရှင်းသူတို့ကို သက်သာစေခြင်း၊ ဂျက်ဆင်​ခရိုင်ရှိ သူတို့၏​မြေများသို့ ပြန်လည်​ဆောင်ယူခြင်းတို့နှင့် စပ်လျဉ်း၍ ပရောဖက်နှင့် တိုင်ပင်ရန် မစ်ဆိုရီမှ လာခဲ့ကြ​လေသည့် ပါလီ​ပီ​ပရတ်နှင့် လိုင်မန်​ဝိုက်တို့ ကာ့တ်လန်း၊ အိုဟိုင်းရိုသို့ ရောက်လာ​ခဲ့ကြ​ပြီးနောက် ဤ​ဗျာဒိတ်တော်ကို လက်ခံ​ရရှိ​ခဲ့၏။

၁–၄၊ ကိုယ်တော်ရှင်သည် ဂျက်ဆင်​ခရိုင်ရှိ သန့်ရှင်းသူတို့ကို ညှဉ်းဆဲ​ခံရရန် အခွင့်​ပေးတော်မူ၏။ ၅–၁၀၊ သန့်ရှင်းသူတို့သည် ပညတ်တော်များကို စောင့်ထိန်းကြလျှင် အနိုင်​ရကြ​လိမ့်မည်။ ၁၁–၂၀၊ ဇိအုန်၏ ရွေးနုတ်ခြင်းသည် တန်ခိုးတော်​အားဖြင့် ဖြစ်လိမ့်မည်၊ ကိုယ်တော်ရှင်သည် သူ၏ လူများ​ရှေ့မှ ကြွတော်မူ​လိမ့်မည်။ ၂၁–၂၈၊ သန့်ရှင်းသူတို့သည် ဇိအုန်၌ စုဝေး​ကြရမည်၊ မိမိတို့ အသက်ကို စွန့်သော​သူတို့သည် အသက်ကို တစ်ဖန်​တွေ့လိမ့်မည်။ ၂၉–၄၀၊ အမျိုးမျိုးသော ညီအစ်ကို​တို့သည် ဇိအုန်​တပ်စခန်းကို ဖွဲ့စည်းရန်နှင့် ဇိအုန်သို့​သွားရန် ခေါ်သွင်း​ခံ​ကြရ၏၊ သူတို့သည် သစ္စာရှိ​ကြလျှင် အောင်မြင်ခြင်း​ကတိကို ခံကြရ၏။

သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​အဆွေ​ခင်ပွန်းတို့၊ ရှုလော့၊ သင်တို့၏ ညီအစ်ကိုတို့၏ ကယ်တင်ခြင်း၊ ရွေးနုတ်ခြင်းတို့နှင့် စပ်လျဉ်းသည့် သင်တို့၏ တာဝန်များကို ကျေပွန်​စေရာ၌ အဘယ်သို့ ပြုမူ​ရမည်ကို သင်တို့​သိနိုင်ကြ​စေခြင်းငှာ ဗျာဒိတ်တော်နှင့် ပညတ်တော်ကို သင်တို့အား ငါ​ပေးတော်မူမည်၊ သူတို့သည် ဇိအုန်ပြည်၌ ကွဲပြား​ပြန့်ကျဲကြ​လေပြီ။

ငါ့ရန်သူတို့၏ လက်များ​အားဖြင့် နှင်ထုတ်​ခံကြရ၊ ပြင်းစွာ​အရိုက်​ခံကြရ​လေပြီ။ ငါ၏​အချိန်​ကာလ၌ ထိုသူတို့​အပေါ် ငါ၏​အမျက်တော်ကို အတိုင်းမသိ ငါ​သွန်းလောင်း​တော်မူမည်။

အကြောင်း​မူကား၊ သူတို့၏ ဒုစရိုက်​ပမာဏကို သူတို့​ဖြည့်နိုင်ကြ​စေခြင်းငှာ၊ သူတို့၏​ဖလား ပြည့်နိုင်​စေခြင်းငှာ၊ ငါသည် သူတို့ကို ဤမျှ​အထိ အခွင့်​ပေးလေပြီ။

သူတို့ကိုယ်သူတို့ ငါ၏​နာမတော်​အတိုင်း​ခေါ်ကြသူများသည် သူတို့အား ငါ​ပေးသည့် ပညတ်များနှင့် ပညတ်တော်များကို အပြည့်​အဝစေ့စေ့​နား​မထောင်​ကြသောကြောင့်၊ အလွန်​ပြင်းထန် လေးလံသော​ဆုံးမခြင်းဖြင့် ကာလ​အနည်းငယ်​မျှသာ ဆုံးမ​ခံကြရ​နိုင်စေခြင်း​ငှာလည်း​ဖြစ်၏။

သို့ရာတွင်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​လူမျိုးတို့သည် ငါ၊ သူတို့၏​ဘုရားသခင် ကိုယ်တော်ရှင် သူတို့အား ပေးတော်မူမည့် သွန်သင်ခြင်းကို ယခု​အချိန်မှ​စ၍ စေ့စေ့နားထောင်ကြ​သမျှ၊ သူတို့​နားလည်ကြမည့် စီရင်ချက်ကို ငါ​စီရင်​လေပြီ။

ငါ​စီရင်တော်မူ​သဖြင့်၊ ရှုလော့ သူတို့သည် ယခု​အချိန်မှ​စ၍ ငါ၏ ရန်သူတို့ကို အနိုင်​ရစ​ပြုကြ၏။

ငါ၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင် သူတို့ကို ဟောပြောမည့် ခပ်သိမ်းသော နှုတ်ကပတ်တော်​တို့ကို ကျင့်စောင့်ရန် စေ့စေ့နားထောင်ခြင်းဖြင့် သူတို့သည် လောကီနိုင်ငံများကို ငါ့ခြေ​အောက်၌ ထား၍ အောင်သည့်​တိုင်အောင် အနိုင်ရခြင်းကို အဘယ်တော့မျှ မရပ်တန့်​လတ္တံ့၊ မြေကြီး​ကိုလည်း သန့်ရှင်းသူတို့​ကာလ​အစဉ်​အဆက်​အမြဲ ပိုင်ဆိုင်​စေရန် ပေးထား၏။

သို့ရာတွင် သူတို့သည် ငါ၏​ပညတ်တော်များကို စောင့်ထိန်းခြင်း​မရှိကြ၊ ထို့အတူ ငါ၏ ခပ်သိမ်းသော​နှုတ်ကပတ်တော်တို့ကို ကျင့်စောင့်ရန် စေ့စေ့နားထောင်ခြင်း​မရှိကြ​သမျှ လောကီ​နိုင်ငံတို့သည် သူတို့ကို အနိုင်ရ​လိမ့်မည်။

အကြောင်း​မူကား၊ သူတို့ကို လောက​အဖို့ အလင်း​အဖြစ်၊ ထို့အတူ လူသားတို့၏ ကယ်တင်ရှင်များ​အဖြစ် ခန့်ထား​လေ၏။

၁၀ သူတို့သည် လူသားတို့၏ ကယ်တင်ရှင်များ မဟုတ်ကြ​သမျှ၊ အရသာ ကင်းပျောက်သည့် ဆားကဲ့သို့ ဖြစ်ကြ၏၊ ထိုအချိန်မှ​စ၍ ပြင်သို့ အပစ်ခံရဖို့နှင့် လူတို့၏ ခြေအောက်၌ နင်းချေ​ခံရဖို့​မှတစ်ပါး၊ အဘယ်​အသုံးမျှ​မဝင်။

၁၁ သို့ရာတွင် သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ကွဲပြား​ပြန့်ကျဲကြ​လေသည့် သင်တို့၏ ညီအစ်ကိုတို့ သူတို့​အမွေခံရာ​မြေသို့ ပြန်လာ​ကြမည့်​အကြောင်း၊ ထို့အတူ ဇိအုန်၏ ဆိတ်ညံရာ​အရပ်တို့ကို တည်ဆောက်ကြမည့်​အကြောင်း ငါ​စီရင်​လေပြီ။

၁၂ အကြောင်း​မူကား၊ များစွာသော အတိဒုက္ခ၏ နောက်တွင်၊ ယခင်​ပညတ်တော်၌ သင်တို့ကို ငါ​မိန့်တော်မူ​လေသကဲ့သို့ပင်၊ ကောင်းချီး​မင်္ဂလာ​ရောက်လာ၏။

၁၃ ရှုလော့၊ ဤအရာသည်ကား၊ သင်တို့၏ အတိဒုက္ခများ၊ ထို့အတူ သင်တို့​ညီအစ်ကိုတို့၏ အတိ​ဒုက္ခများ​နောက်၌ ငါ​ကတိ​ပေးတော်မူ​လေသည့် ကောင်းချီး​မင်္ဂလာ—သင်တို့၏​ရွေးနုတ်ခြင်း၊ ထို့အတူ သင်တို့​ညီအစ်ကိုတို့၏ ရွေးနုတ်ခြင်း၊ တည်ဆောက်ရန်နှင့် ဖြိုချပစ်​မခံရ​တော့ရန် ဇိအုန်ပြည်သို့ သူတို့၏ ပြန်လည်​ဆောင်ယူခြင်းပင်​ဖြစ်၏။

၁၄ သို့သော်လည်း၊ သူတို့သည် သူတို့၏​အမွေခံရာ​တို့ကို ညစ်ညူး​စေကြလျှင်၊ ဖြိုချပစ်​ခံ​ကြရမည်။ အကြောင်း​မူကား၊ သူတို့သည် သူတို့၏​အမွေခံရာတို့ကို ညစ်ညူး​စေကြလျှင် ငါသည် သူတို့ကို ချမ်းသာ​ပေးမည်​မဟုတ်။

၁၅ ရှုလော့၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ဇိအုန်၏ ရွေးနုတ်ခြင်းသည် တန်ခိုးတော်​အားဖြင့် ဖြစ်ရမည်။

၁၆ ထို့ကြောင့်၊ ဣသရေလ​အမျိုးသားတို့ကို မောရှေ​ပို့ဆောင်​သကဲ့သို့ပင် ငါ၏​လူမျိုးတို့ကို ပို့ဆောင်မည့် လူတစ်ယောက်ကို သူတို့​အဖို့ ငါ​ပေါ်ထွန်း​စေတော်မူမည်။

၁၇ အကြောင်း​မူကား၊ သင်တို့သည် ဣသရေလ​အမျိုးသားများ​ဖြစ်ကြ၏၊ ထို့အတူ အာဗြဟံ၏ အမျိုး​အနွယ်​ဖြစ်ကြ၏၊ သင်တို့သည် တန်ခိုးတော်​အားဖြင့်၊ ထို့အတူ လက်ဆန့်ခြင်းဖြင့် ကျွန်ခံရာမှ ခေါ်ထုတ် ခံ​ကြရမည်။

၁၈ သင်တို့၏​ဘိုးဘေးတို့ ရှေ့ဦးစွာ​ပို့ဆောင်​ခံရသကဲ့သို့၊ ဇိအုန်၏ ရွေးနုတ်ခြင်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်။

၁၉ ထို့ကြောင့်၊ သင်တို့၏​စိတ်နှလုံးကို အားမလျော့​စေနှင့်၊ အကြောင်း​မူကား၊ ငါ၏ ကောင်းကင်​တမန်သည် သင်တို့ရှေ့မှ သွားလိမ့်မည်၊ သို့ရာတွင် ငါ၏​မျက်မှောက်မှ မသွားကြဟု သင်တို့၏ ဘိုးဘေးတို့ကို ငါ​ဆိုသကဲ့သို့ သင်တို့ကို ငါ​ဆိုခြင်း​မရှိ။

၂၀ သို့ရာတွင် သင်တို့ကို ငါ​ဆိုသည်ကား၊ ငါ၏ ကောင်းကင်​တမန်တို့သည် သင်တို့​ရှေ့မှ သွားကြ​လိမ့်မည်၊ ထို့အတူ ငါ၏ မျက်မှောက်​မှလည်း သွားကြ​လိမ့်မည်၊ ထို့အတူ အချိန်​စေ့သော အခါ၌ သင်တို့သည် ကောင်းသော​မြေကို ပိုင်ဆိုင်ကြ​လိမ့်မည်။

၂၁ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်သည် သင်တို့ကို ငါ​ပေးသည့် ပုံဆောင်​စကား၌ ဥယျာဉ်​ပိုင်ရှင်​ဆိုသည့် ကျွန်နှင့် ငါ​ပမာပြုသောသူ​ဖြစ်၏။

၂၂ ထို့ကြောင့်၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်ကို၊ ငါ့အိမ်မှ​အင်အား၊ ငါ၏​လူပျိုနှင့် လူလတ်တို့ကို—ငါ့ထံ​ဆက်ကပ်ထားသည့် ငွေနှင့် ငါ​ဝယ်လေသည့် ပြည်တည်းဟူသော ဇိအုန်ပြည်သို့ သင်တို့ကိုယ်သင်တို့ အတူတကွ​စုဝေးကြလော့ဟု ဆိုစေလော့။

၂၃ ခပ်သိမ်းသော အသင်းတော်တို့ကိုလည်း သူတို့၏​ငွေများနှင့်အတူ ဉာဏ်ပညာရှိသော​သူတို့ကို စေလွှတ်၍၊ သူတို့ကို ငါ​မိန့်တော်မူ​လေသည့်​အတိုင်းပင် မြေများကို ဝယ်ကြ​စေလော့။

၂၄ ငါ၏​ရန်သူတို့ တစ်ဖက်၌ ငါရှေ့သို့ သင်တို့​ဆောင်ယူ​လာသည့် သက်သေခံချက်များ နောက်တွင် သူတို့သည် ဇိအုန်ပြည်​အဖြစ် ငါ​ရည်းစူး​ထားတော်မူ​လေသည့် ပြည်တည်း​ဟူသော ကောင်းသော​မြေမှ၊ သင်တို့၏​မြေမှပင် သင်တို့ကို နှင်ထုတ်ရန် လာ၍​တိုက်ခိုက်ကြ​သမျှ၊ သင်တို့သည် သူတို့ကို ကျိန်ရမည်။

၂၅ သင်တို့​ကျိန်သည့်သူ​မှန်သမျှကို ငါ​ကျိန်တော်မူမည်၊ သင်တို့သည်လည်း ငါ့အဖို့ ငါ၏ ရန်သူတို့ကို လက်တုံ့ပြန်​ရမည်။

၂၆ ငါ့ကို မုန်းသော​သူတို့၏ တတိယနှင့်​စတုတ္ထ မျိုးဆက်တိုင်အောင် ငါ့အဖို့ ငါ၏​ရန်သူတို့ကို လက်တုံ့ပြန်ရာ​၌ပင် ငါ၏​မျက်မှောက်တော်သည် သင်တို့နှင့် အတူ​ရှိလိမ့်မည်။

၂၇ အဘယ်သူမျှ ငါ့အတွက် မိမိ​အသက်ကို စွန့်ရန် မကြောက်လန့်​စေနှင့်။ အကြောင်း​မူကား၊ ငါ့အတွက် မိမိ​အသက်ကို စွန့်သူ​မှန်သမျှသည် အသက်ကို တစ်ဖန်​တွေ့လိမ့်မည်။

၂၈ ငါ့အတွက် မိမိ​အသက်ကိုစွန့်ရန် လိုလိုလားလား မရှိသူ​မှန်သမျှသည် ငါ၏တပည့်တော် မဟုတ်။

၂၉ ငါ့ကျွန် ဆစ်ဒနီ​ရစ်ဂဒွန်သည် အရှေ့ပိုင်း​တိုင်းပြည်များရှိ ပရိသတ်တို့၌ အသင်းတော်တို့ကို ပြင်ဆင်​ရာတွင် ဇိအုန်၏ ပြန်လည်​ဆောင်ယူခြင်းနှင့် ရွေးနုတ်ခြင်းတို့နှင့် စပ်လျဉ်း၍ သူတို့ကို ငါ​ပေးထား​တော်မူ​လေသည့် ပညတ်တော်များကို စောင့်ထိန်း​စေရန် ကြွေးကြော်​ရမည်မှာ ငါ၏ အလိုတော်​ဖြစ်၏။

၃၀ ငါ့ကျွန် ပါလီ​ပီ​ပရတ်နှင့် ငါ့ကျွန်​လိုင်မန်​ဝိုက်တို့သည် ဇိအုန်ပြည်သို့ တက်သွားရန် လူစုများကို၊ ဆယ်ယောက်စီ​ဖြစ်စေ၊ အယောက်​နှစ်ဆယ်စီ​ဖြစ်စေ၊ အယောက်​ငါးဆယ်စီ​ဖြစ်စေ၊ အယောက်​တစ်ရာစီ​ဖြစ်စေ မရရှိမီ၊ ငါ့အိမ်မှ အင်အားကို အရေ​အတွက် ငါးရာ​အထိ သူတို့​မရရှိမီ၊ သူတို့​ညီအစ်ကို​တို့၏​မြေသို့ ပြန်မလာရ​မည်မှာ ငါ၏​အလိုတော်​ဖြစ်၏။

၃၁ ရှုလော့၊ ဤ​အရာသည် ငါ၏​အလိုတော်​ဖြစ်၏။ တောင်းကြလော့၊ သင်တို့​ရကြ​လိမ့်မည်။ သို့ရာတွင် လူသားတို့သည် ငါ၏​အလိုတော်ကို အစဉ်​အမြဲ မဆောင်ရွက်ကြ။

၃၂ ထို့ကြောင့်၊ သင်တို့သည် အယောက်​ငါးရာကို မရရှိ​နိုင်ကြလျှင်၊ အယောက်​သုံးရာကို ရရှိကောင်း ရရှိ​နိုင်ကြ​စေခြင်းငှာ လုံ့လ​ဝီရိယ​ထက်သန်စွာ ကြိုးစား​ကြလော့။

၃၃ သင်တို့သည် အယောက်​သုံးရာကို မရရှိ​နိုင်လျှင်လည်း၊ အယောက်​တစ်ရာကို ရရှိကောင်း ရရှိ​နိုင်ကြ​စေခြင်းငှာ လုံ့လ​ဝီရိယ​ထက်သန်စွာ ကြိုးစား​ကြလော့။

၃၄ သို့ရာတွင် သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့နှင့်​အတူ ဇိအုန်ပြည်သို့ တက်သွားရန် ငါ့အိမ်မှ အင်အား အယောက်​တစ်ရာကို သင်တို့​မရရှိမီ၊ ဇိအုန်ပြည်သို့ တက်မသွား​ရမည့်​အကြောင်း ပညတ်တော်​တစ်ခုကို သင်တို့အား ငါ​ပေး၏။

၃၅ ထို့ကြောင့်၊ သင်တို့ကို ငါ​မိန့်တော်မူ​လေသည့်အတိုင်း၊ တောင်းကြလော့၊ သင်တို့ရကြ လိမ့်မည်။ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ် သင်တို့နှင့်​အတူ သွားကောင်း​သွားနိုင်၍၊ ထို့အတူ ငါ့လူမျိုးတို့​အလယ်၌ ဦးစီးနိုင်၊ ထို့အတူ ဆက်ကပ်​ထားသော​ပြည်ပေါ်၌ ငါ၏​နိုင်ငံတော်ကို ဖွဲ့စည်းနိုင်၊ ထို့အတူ သင်တို့အား ငါ​ပေးလေ​ပြီးသည့်၊ ငါ​ပေးတော်မူ​လိမ့်မည့် ဥပဒေများနှင့် ပညတ်တော်များကို အခြေခံ၍ ဇိအုန်သားတို့ကို တည်ထောင်​နိုင်စေခြင်းငှာ အလေး​အနက် ဆုတောင်းကြလော့။

၃၆ သင်တို့၏​လုံ့လ​ဝီရိယ၊ သစ္စာရှိခြင်း၊ ထို့အတူ ယုံကြည်ခြင်းရှိသော ဆုတောင်းခြင်းတို့​အားဖြင့် ခပ်သိမ်းသော​အောင်နိုင်ခြင်းနှင့် ဂုဏ်အသရေကို သင်တို့အဖို့​ဖြစ်ပေါ်စေ၏။

၃၇ ငါ့ကျွန် ပါလီ​ပီ​ပရတ်ကို ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်နှင့်​အတူ ခရီးသွား​စေလော့။

၃၈ ငါ့ကျွန်လိုင်မန်ဝိုက်ကို ငါ့ကျွန်ဆစ်ဒနီရစ်ဂဒွန်နှင့်အတူ ခရီးသွားစေလော့။

၃၉ ငါ့ကျွန်​ဟီရမ်​စမစ်ကို ငါ့ကျွန်​ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံနှင့်​အတူ ခရီးသွား​စေလော့။

၄၀ ငါ့ကျွန်​အော်ဆန်ဟိုက်ကို ငါ့ကျွန်​အော်ဆန်​ပရတ်နှင့်​အတူ ခရီးသွား​စေလော့၊ သင်တို့ကို ငါ​ပေးလေသည့် ဤ​ပညတ်တော်​တို့အား ပြီးပြည့်စုံ​စေခြင်းကို ရရှိ​စေရန်၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ် သွန်သင်မည့် အရပ်​မှန်သမျှသို့ ခရီးသွားကြ​စေလော့၊ ကျန်ကြွင်းသော​အရာတို့ကို ငါ့လက်ထဲ၌ ထားခဲ့​ကြလော့။ ထိုကဲ့သို့​ပင်တည်း။ အာမင်။