ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၂၄


အပိုဒ်ငယ် ၁၂၄

၁၈၄၁ ခုနှစ်၊ ဇန္နဝါရီ ၁၉ ရက်၊ နော်ဗူး၊ အီလီနွိုက်၌ ပရောဖက်​ဂျိုးဇက်​စမစ်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ သန့်ရှင်းသူတို့သည် တိုးပွား​လာသော ညှဉ်းဆဲခြင်းများနှင့် သူတို့​တစ်ဖက်၌ အစိုးရ​အရာရှိတို့၏ ဥပဒေနှင့်​ဆန့်ကျင်သော နည်းလမ်းများကြောင့် မစ်ဆိုရီကို စွန့်ခွာရန် အနိုင်​အထက် စီရင်​ခံရ၏။ ၁၈၃၈ခုနှစ်၊ အောက်တိုဘာလ၊ ၂၇ ရက် နေ့စွဲဖြင့်၊ မစ်ဆိုရီ၏ အုပ်ချုပ်သူ လီဗာန်​ဒဗယျူ​ဘော့ ထုတ်ပြန်ခဲ့သည့် အမြစ်ပြတ်​သုတ်သင် အမိန့်သည် သူတို့အား အခြား​အခွင့်​အရေးကို မပေးခဲ့။ ၁၈၄၁ ခုနှစ်၌၊ ဤ​ဗျာဒိတ်တော်ကို ပေးသော​အခါ၊ အီလီနွိုက်တွင် ယခင်​ကော်မာရွာ​တည်ရှိရာ နော်ဗူးမြို့ကို သန့်ရှင်းသူတို့ တည်ဆောက်ခဲ့​လေ၏၊ ဤ​နေရာ၌ အသင်းတော်​ရုံးချုပ်ကို တည်ထောင်ခဲ့၏။

၁–၁၄၊ ဂျိုးဇက်​စမစ်သည် အမေရိကန်​ပြည်ထောင်စု​ဥက္ကဋ္ဌ၊ အုပ်ချုပ်သူများ၊ ခပ်သိမ်းသော ပြည်သားတို့၏ အုပ်စိုးသူများသို့ ဧဝံဂေလိ​တရားတော်​အကြောင်း လေးနက်သော ကြေညာခြင်းကို ပြုရန် မိန့်မှာ​ခံရ၏။ ၁၅–၂၁၊ ဟီရမ်စမစ်၊ ဒေးဗစ်​ဒဗယျူ​ပေတန်၊ ဂျိုးဇက်​စမစ်​အကြီးနှင့် အခြားသော အသက်ရှင်သူ၊ သေသူတို့သည် သူတို့၏​ရိုးဖြောင့်ခြင်းနှင့် ကိုယ်ကျင့်​သီလကြောင့် ကောင်းချီး​ခံစားရ​ကြ၏။ ၂၂–၂၈၊ သန့်ရှင်းသူတို့သည် နော်ဗူး၌ ဗိမာန်တော်​တစ်ခုနှင့် သူတစိမ်းတို့ကို ဧည့်ခံခြင်း​အတွက် အိမ်​တစ်အိမ် နှစ်မျိုး​စလုံးကို တည်ဆောက်ရန် မိန့်မှာ​ခံရ၏။ ၂၉–၃၆၊ သေသူတို့​အတွက်​ဗတ္တိဇံကို ဗိမာန်တော်များ​ထဲ၌ ဆောင်ရွက်​ရမည်။ ၃၇–၄၄၊ ကိုယ်တော်ရှင်၏ လူမျိုးတို့သည် သန့်ရှင်းသော​ဘိသိက်မင်္ဂလာများ ဆောင်ရွက်ခြင်း​အတွက် ဗိမာန်တော်များကို အစဉ်​အမြဲ တည်ဆောက်​ကြ၏။ ၄၅–၅၅၊ သန့်ရှင်းသူတို့သည် သူတို့ရန်သူများ၏ ညှဉ်းပန်း​နှိပ်စက်ခြင်းများကြောင့်၊ ဂျက်ဆင်ခရိုင်၌ ဗိမာန်တော်တည်​ဆောက်ခြင်းမှ ကင်းလွတ်ခွင့်​ရကြ၏။ ၅၆–၈၃၊ နော်ဗူး​အိမ်​တည်ဆောက်ခြင်း​အတွက် လမ်းညွှန်ချက်များကို ပေးထား၏။ ၈၄–၉၆၊ ဟီရမ်​စမစ်သည် အော်လီဗာ​ကောင်ဒရီ၏ သော့များကို လက်ခံရန်နှင့် သူ၏ နေရာ၌ ရပ်တည်ရန် မျိုးနွယ်စုအဘ​ကောင်းချီးပေးသူ​အဖြစ် ခေါ်သွင်း​ခံရ၏။ ၉၇–၁၂၂၊ ဝီလျံ​လောနှင့် အခြားသူများသည် သူတို့၏​အလုပ်များ၌ သွန်သင်​ခံ​ကြရ၏။ ၁၂၃–၁၄၅၊ အထွေထွေနှင့် ဒေသခံ​အရာရှိများကို သူတို့၏​တာဝန်များနှင့်၊ တွဲဘက်​အဖွဲ့များနှင့်​တကွ အမည်​ခေါ်၏။

သင့်ကို ကိုယ်တော်ရှင် အမှန်​မိန့်တော်မူ​သည်ကား၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်၊ ငါသည် သင်​ပြုလေသည့် သင်၏ ပူဇော်သက္ကာနှင့် အသိအမှတ်​ပြုခြင်းတို့​အတွက် အလွန်​နှစ်သက်တော်မူ၏။ အကြောင်း​မူကား၊ ဤ​ရည်ရွယ်ချက်​အတွက် ငါသည် သင့်ကို ပေါ်ထွန်း​စေတော်မူ​လေပြီ၊ မြေကြီးနှင့်​ဆိုင်သော အားနည်းသည့်​အရာတို့​အားဖြင့် ငါ၏​ဉာဏ်ပညာကို ထုတ်ပြ​နိုင်ခြင်းငှာ​ပေတည်း။

သင်၏ ဆုတောင်းခြင်းတို့သည် ငါ့ရှေ့၌ နှစ်သက်ဖွယ်​ဖြစ်၏။ ၎င်းတို့​အတွက် အဖြေ​အဖြစ် သင့်ကို ငါ​ဆိုသည်ကား၊ သင်သည် ငါ၏ ဧဝံဂေလိ​တရားတော် အကြောင်း၊ ထို့အတူ သန့်စင်​စေခြင်းဖြင့် နန်းတော်​ပုံသဏ္ဌာန်​အတိုင်း တောက်ပြောင်​စေမည့် ဇိအုန်၏ ထောင့်ကျောက်​အဖြစ် ငါ​ချလေသည့် ဤ​ပန္နက်​အကြောင်း လေးနက်သော ကြေညာခြင်းကို ပြုရန် ယခုတွင် ချက်ချင်း ခေါ်သွင်း​ခံရ၏၊

ဤ​ကြေညာခြင်းကို လောက၏​ခပ်သိမ်းသော မင်းများသို့၊ ၎င်း၏ အရပ်​လေးမျက်နှာသို့၊ ရွေးကောက်​ထားသည့် ဂုဏ်သရေရှိ​ဥက္ကဋ္ဌများသို့၊ ထို့အတူ သင်​နေထိုင်ရာပြည်၏ မြင့်မြတ်သော အုပ်ချုပ်သူများသို့၊ ထို့အတူ အရပ်ရပ်သို့ ကွဲပြား​ပြန့်ကျဲသည့် မြေကြီးပေါ်ရှိ ခပ်သိမ်းသော ပြည်သားများသို့ ပြုရမည်။

၎င်းကို သိမ်မွေ့အောက်ကျို့သော စိတ်သဘောဖြင့်၊ ရေးချိန်၌ သင့်အထဲ၌ ရှိမည့် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုး​အားဖြင့် ရေးစေလော့။

အကြောင်း​မူကား၊ ထိုမင်းများ၊ အခွင့်​အာဏာ​ရှိသူများနှင့် စပ်လျဉ်း၍ ငါ၏​အလိုတော်ကို သိရန်၊ လာမည့်​ကာလတွင် သူတို့၌​ဖြစ်ပျက်မည့် အရာကိုပင် သင့်ကို ဖော်ပြတော်မူ​လိမ့်မည်။

အကြောင်း​မူကား၊ ရှုလော့၊ ငါသည် သူတို့အား ဇိအုန်၏​အလင်းနှင့်​ဘုန်း​အသရေကို ပမာဏပြု​ကြရန် တောင်းဆိုတော့မည်၊ အကြောင်း​မူကား၊ ဇိအုန်ကို ထောက်မရန် သတ်မှတ်ထားသော​အချိန် ကျရောက်​လေပြီ။

ထို့ကြောင့်၊ သင်သည် သူတို့ကို ကျယ်သော​ကြေညာခြင်းနှင့်၊ ထို့အတူ သင်၏​သက်သေခံချက်နှင့် တောင်းလော့၊ သူတို့ကို ကြောက်ရွံ့ခြင်း​မရှိနှင့်၊ အကြောင်း​မူကား၊ သူတို့သည် မြက်ပင်​ကဲ့သို့​ရှိကြ၏၊ သူတို့၏​ခပ်သိမ်းသော​ဘုန်းအသရေသည်လည်း မကြာမီ​ကြွေမည့် မြက်ပွင့်​ကဲ့သို့​ရှိ၏၊ သူတို့​အကြောင်း​ပြချက်​မရှိဘဲ ကျန်ရစ်ကြ​စေခြင်းငှာ​ဖြစ်၏—

ငါသည် ကြည့်ရှု​စီရင်ရာ​နေ့၌၊ ငါ၏​မျက်နှာဖုံးကို ဖွင့်ပြသောအခါ၊ သူတို့သည် ငါ၏ ကျွန်များနှင့် သူတို့ကို ငါ​ဖော်ပြလေသည့် ငါ၏​သက်သေခံချက်ကို ငြင်းပယ်​ကြလျှင် ညှဉ်းပန်း​နှိပ်စက်သော​သူတို့၏ ဝေစုကို အံသွား​ခဲကြိတ်ရာ၊ သူတော်ကောင်းယောင် ဆောင်သော​သူတို့၌ ပေးအပ်ရန် သူတို့ကို အကြည့်​အရှု​ကြွရောက်​နိုင်ခြင်းငှာလည်း​ဖြစ်၏—

ထိုမှ​တစ်ဖန်၊ ငါသည် သင်တို့၏ ကောင်းကျိုး​အတွက် သူတို့​အထဲမှ များစွာသော​သူတို့ကို အကြည့်​အရှု​ကြွရောက်၍ သူတို့၏​စိတ်နှလုံးကို ပျော့ပျောင်း​စေမည်၊ သူတို့၏​မျက်လုံးများ၌ ကျေးဇူးကို သင်တို့​တွေ့နိုင်ကြ​စေခြင်းငှာ၊ သူတို့ သမ္မာ​တရား​အလင်းသို့၊ ထို့အတူ တစ်ပါးအမျိုးသားတို့ ဇိအုန်၏ ချီးမြှောက်ခြင်း သို့မဟုတ် ချီးမြှင့်ခြင်းသို့ လာကြ​စေခြင်းငှာ​ဖြစ်၏။

၁၀ အကြောင်း​မူကား၊ ငါ၏ ကြည့်ရှု​စီရင်ရာ​နေ့သည် သင်​စဉ်းစားခြင်း​မရှိသည့် နာရီ၌ အလျင်​အမြန် ကျရောက်​လာ၏။ ငါ့လူမျိုးတို့၏ ဘေးလွတ်ခြင်း၊ ထို့အတူ သူတို့​အထဲမှ ကျန်ရစ်သူတို့​အတွက် ခိုလှုံရာသည် အဘယ်မှာ ရှိမည်နည်း။

၁၁ နိုးလော့၊ အို မြေကြီး​ပေါ်ရှိမင်းတို့၊ ငါ့လူမျိုးတို့၏ အကူအညီ​အတွက်၊ ဇိအုန်​သတို့သမီး၏ အိမ်​အတွက်၊ သင်တို့၏​ရွှေ သင်တို့၏​ငွေနှင့် သင်တို့​လာကြလော့၊ အို၊ သင်တို့​လာကြလော့။

၁၂ ထိုမှ​တစ်ဖန်၊ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ဤ​ကြေညာချက်ကို ရေးရန် ငါ့ကျွန်​ရောဘတ်​ဘီ​သောင်ပ်ဆင်အား သင့်ကို ကူညီ​စေလော့၊ အကြောင်း​မူကား၊ ငါသည် သူ့အား သင်နှင့်​အတူရှိရမည်ကို အလွန်​နှစ်သက်၏။

၁၃ ထို့ကြောင့်၊ သူ့အား သင်၏​အကြံကို စေ့စေ့နားထောင်​စေလော့၊ ငါသည်လည်း သူ့ကို မြောက်မြားစွာသော ကောင်းချီး​မင်္ဂလာတို့ဖြင့် ကောင်းချီး​ပေးတော်မူမည်။ သူ့အား ယခုမှ​စ၍ ခပ်သိမ်းသော အရာတို့၌ သစ္စာ​ရှိ၍မှန်ကန်စေလော့၊ သူသည်လည်း ငါ၏ အမြင်၌ ကြီးမြတ်​လိမ့်မည်။

၁၄ သို့ရာတွင်၊ သူ၏​တာဝန်ခံ​အရာကို သူ့လက်မှ ငါ​တောင်းဆိုမည့်​အကြောင်း သူ​သတိရ​စေလော့။

၁၅ ထိုမှ​တစ်ဖန်၊ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဟီရမ်​စမစ်သည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူကား၊ သူ့စိတ်နှလုံး၏ ရိုးဖြောင့်ခြင်းကြောင့်၊ ထို့အတူ ငါရှေ့၌ မှန်သော​အရာကို သူ​ချစ်သောကြောင့် ငါ၊ ကိုယ်တော်ရှင်သည် သူ့ကို ချစ်တော်မူ၏ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၁၆ တစ်ဖန်၊ ငါ့ကျွန် ဂျွန်​စီ​ဘင်နက်အား ငါ၏​နှုတ်ကပတ်တော်ကို မင်းများနှင့် မြေကြီး​ပေါ်ရှိ​လူတို့ထံ​လွှတ်ရာ သင်၏​အလုပ်၌ သင့်ကို ကူညီ​စေလော့၊ ထို့အတူ ဆင်းရဲ​ဒုက္ခ​နာရီ၌၊ သင့်ဘေး၊ သင် ငါ့ကျွန်​ဂျိုးဇက်​စမစ်​ဘေး၌ပင် ရပ်တည်​စေလော့။ သူသည် အကြံကို လက်ခံလျှင် သူ၏ အကျိုး​ကျေးဇူးသည် မပျောက်ဆုံးရ။

၁၇ အကြောင်း​မူကား၊ သူ၏​ချစ်ခြင်းကြောင့် သူသည် ကြီးမြတ်​လိမ့်မည်၊ သူသည် ဤ​အမှုကို ဆောင်ရွက်လျှင် ငါ၏​လူဖြစ်လိမ့်မည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။ ငါသည် သူ​ဆောင်ရွက်လေသည့် အမှုကို မြင်လေပြီ၊ သူ​ဆက်၍​ပြုလျှင် ငါသည် ထို​အမှုကို လက်ခံ၏၊ သူ့ကို ကောင်းချီး​မင်္ဂလာများနှင့် ကြီးစွာသော​ဘုန်းအသရေဖြင့်လည်း ချီးမြှင့်​တော်မူမည်။

၁၈ ထိုမှ​တစ်ဖန်၊ သင့်ကို ငါ​ဆိုသည်ကား၊ ငါ့ကျွန်​လိုင်မန်ဝိုက်သည် သိမ်မွေ့အောက်ကျို့ခြင်း စိတ်သဘောနှင့်၊ လောက​ရှေ့၌ ငါ့ကို ဝန်ခံလျက် ဇိအုန်​အဖို့ ဟောပြောခြင်းကို ဆက်၍​ပြုရမည်မှာ ငါ၏ အလိုတော်​ဖြစ်၏။ ငါသည် သူ့ကို လင်းယုန်၏ အတောင်များ ပေါ်မှာ​ကဲ့သို့ တင်ဆောင်မည်။ သူသည်လည်း သူကိုယ်တိုင်​အဖို့ လည်းကောင်း၊ ငါ၏ နာမတော်​အဖို့ လည်းကောင်း ဘုန်းနှင့် ဂုဏ်အသရေကို ဖြစ်စေ​လိမ့်မည်။

၁၉ သူ၏​အမှု ပြီးဆုံးသော​အခါ သူ့ကို ငါကိုယ်တိုင်​ထံသို့ လက်ခံ​တော်မူမည်၊ ဤ​အချိန်၌ ငါနှင့်​အတူ ရှိသည့် ငါ့ကျွန်​ဒေးဗစ်​ပေတန်၊ ထို့အတူ ငါ့ကျွန် အက်ဒဝါ့​ပါ့ထရစ်ဂ်ျ၊ ထို့အတူ အာဗြဟံ၏ လက်ယာဘက်၌ အတူ​ထိုင်သည့်သူ တည်းဟူသော ငါ၏လူ​ဖြစ်၍၊ မင်္ဂလာလည်းရှိ၊ သန့်လည်း​သန့်ရှင်းသည့် ငါ၏​အသက်ကြီးသောကျွန် ဂျိုးဇက်​စမစ်​အကြီးတို့ကို ငါ​ပြုခဲ့ သကဲ့သို့​ပင်တည်း။

၂၀ ထိုမှ​တစ်ဖန်၊ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဂျော့မီလာသည် အပြစ်ရောက်ခြင်း မရှိဘဲနှင့် နေ၏။ သူ့စိတ်နှလုံး၏ ရိုးဖြောင့်ခြင်းကြောင့် သူ့ကို ယုံကြည် စိတ်ချ​နိုင်ပေ၏။ ငါ၏​သက်သေခံချက်​အဖို့ သူ၏​ချစ်ခြင်းကြောင့်လည်း ငါ၊ ကိုယ်တော်ရှင်သည်၊ သူ့ကို ချစ်တော်မူ၏။

၂၁ ထို့ကြောင့်၊ သင့်ကို ငါ​ဆိုသည်ကား၊ ငါ့ကျွန်​အက်ဒဝါ့​ပါ့ထရစ်ဂ်ျ​ကဲ့သို့ပင် ငါ့အိမ်တော်၏ ဆက်ကပ်ခြင်းများကို သူ​လက်ခံနိုင်​စေခြင်းငှာ၊ ငါ့လူမျိုးတို့၌ ဆင်းရဲသားတို့၏ ဦးခေါင်း​ပေါ်သို့ ကောင်းချီး​မင်္ဂလာများကို သူ​စီမံ​ဆောင်ရွက်​နိုင်စေခြင်းငှာ ငါသည် သူ့ဦးခေါင်းပေါ်၌ သင်းအုပ်နှင့်​အတိုင်ပင်ခံ​အဖွဲ့ အမှု​အရာကို တံဆိပ်ခတ်၏ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။ အဘယ်သူမျှ ငါ့ကျွန်​ဂျော့ကို မထီမဲ့မြင်​မပြုစေနှင့်၊ အကြောင်း​မူကား၊ သူသည် ငါ့ကို ရိုသေ​လိမ့်မည်။

၂၂ ငါ့ကျွန်​ဂျော့၊ ထို့အတူ ငါ့ကျွန်​လိုင်မန်၊ ထို့အတူ ငါ့ကျွန် ဂျွန်​စနိုက်ဒါနှင့် အခြားသော သူတို့ကိုလည်း၊ ငါ့ကျွန်ဂျိုးဇက် သူတို့ကို ပြမည့်နေရာ၌၊ သူတို့ကို သူပြမည့် အိမ်ကဲ့သို့၊ ငါ၏ နာမတော်​အဖို့ အိမ်​တစ်ခုကို တည်ဆောက်​စေလော့။

၂၃ ၎င်းသည် တည်းခို​စားသောက်ရာအိမ်၊ အဝေးမှ​လာသော​သူတစိမ်းတို့ ယာယီ​တည်းခိုရာအိမ် ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ မောပန်းသော​ခရီးသွား​အဖို့ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို၊ ထို့အတူ ဇိအုန်​အတွက် ငါ​စီရင်​လေသည့် ထောင့်ကျောက်ကို ဆင်ခြင်စဉ် ကျန်းမာခြင်းနှင့် ဘေးလွတ်ခြင်းကို တွေ့ရ​နိုင်စေခြင်းငှာ ကောင်းသောအိမ် တစ်အိမ် ဖြစ်စေလော့၊ လက်ခံရာ​မှန်သမျှ​အတွက် ထိုက်တန်​စေလော့။

၂၄ ဤ​အိမ်ကို ငါ၏​နာမတော်​အဖို့ တည်ဆောက်လျှင်၊ ထို့အတူ ၎င်းအဖို့ ခန့်အပ်မည့် အုပ်ချုပ်သူသည် အဘယ်​ညစ်ညူးခြင်းကိုမျှ ကျရောက်ရန် အခွင့်​မပေးလျှင်၊ ကျန်းမာရေးနှင့် ညီညွတ်သော နေရပ်​တစ်ခု​ဖြစ်လိမ့်မည်။ သန့်ရှင်း​လိမ့်မည်၊ သို့မဟုတ်လျှင် ဘုရားသခင်သည် ထိုနေရာ၌ နေထိုင်​လိမ့်မည်​မဟုတ်။

၂၅ ထိုမှ​တစ်ဖန်၊ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏ ခပ်သိမ်းသော သန့်ရှင်းသူတို့ကို အဝေးမှ​လာကြ​စေလော့။

၂၆ သင်တို့သည် လျင်မြန်သော​တမန်တို့၊ အမှန်​စင်စစ်၊ ရွေးကောက်​ထားသော တမန်တို့ကို စေလွှတ်၍ ဆိုရ​စေမည်ကား၊ သင်တို့၏ ခပ်သိမ်းသောရွှေ၊ ထို့အတူ သင်တို့၏ငွေ၊ ထို့အတူသင်တို့၏ အဖိုး​ထိုက်သည့်​ကျောက်များနှင့်၊ ထို့အတူ သင်တို့၏​ခပ်သိမ်းသော ရှေးဟောင်း​ပစ္စည်းများနှင့်၊ ထို့အတူ ရှေးဟောင်း​ပစ္စည်းများ​အကြောင်း​အသိပညာ​ရှိသည့် ခပ်သိမ်းသောသူတို့၊ ထို့အတူ လာလိုသူတို့နှင့် သင်တို့​လာကြလော့၊ ထို့အတူ တာရှုရပင်၊ ထို့အတူ ထင်းရှူးပင်၊ ထို့အတူ တဒေရပင်တို့ကို မြေကြီးပေါ်ရှိ အဖိုးထိုက်သည့် ခပ်သိမ်းသော​အပင်များနှင့်​အတူ ယူလာ​ကြလော့။

၂၇ ထို့အတူ၊ သံနှင့်၊ ကြေးနီနှင့်၊ ထို့အတူ ကြေးနှင့်၊ ထို့အတူ သွပ်နှင့်၊ ထို့အတူ မြေကြီးပေါ်ရှိ သင်တို့၏ ခပ်သိမ်းသော အဖိုးထိုက်သည့်​အရာများနှင့် ငါ၏​နာမတော်အဖို့ အိမ်တစ်အိမ်ကို အမြင့်ဆုံးသော ဘုရား​အတွက် နေထိုင်ရန် တည်ဆောက်လော့။

၂၈ အကြောင်း​မူကား၊ ပျောက်ဆုံးလေသည့်၊ သို့မဟုတ် သူ​သိမ်းယူသွား​လေသည့်၊ ယဇ်ပုရောဟိတ်​အခွင့်၏ ပြည့်စုံခြင်းကိုပင် သင်တို့ထံသို့ သူ​ကြွရောက်လာပြီး၊ တစ်ဖန်​ပြန်၍​ပေးရန် မြေကြီး​ပေါ်၌ တွေ့ရသော​နေရာ​တစ်ခုမျှ​မရှိ။

၂၉ အကြောင်း​မူကား၊ ငါ၏​သန့်ရှင်းသူတို့သည် သေသူတို့​အတွက် ဗတ္တိဇံကို ပေးနိုင်ရန် ဗတ္တိဇံရေကန်သည် မြေကြီး​ပေါ်၌မရှိ—

၃၀ အကြောင်း​မူကား၊ သင်တို့သည် ငါ့အဖို့ အိမ်တော်ကို တည်ဆောက်ရန် မတတ်စွမ်း​နိုင်သော၊ သင်တို့၏ ဆင်းရဲနွမ်းပါးခြင်း ကာလ၌​မှတစ်ပါး၊ ဤ​ဘိသိက်မင်္ဂလာသည် ငါ၏​အိမ်တော်နှင့် ဆိုင်၏၊ သို့မဟုတ်လျှင် ငါ့အဖို့ လက်ခံ​နိုင်ဖွယ်​မဖြစ်နိုင်။

၃၁ သို့ရာတွင်၊ ခပ်သိမ်းသော​ငါ၏​သန့်ရှင်းသူတို့၊ ငါ့အဖို့ အိမ်တော်​တစ်ခုကို တည်ဆောက်ရန် သင်တို့ကို ငါ​မိန့်မှာ၏။ ငါ့အဖို့ အိမ်တော်​တစ်ခုကို ဆောက်ရန် ငါသည် သင်တို့အား လုံလောက်သော​အချိန်ကို ပေး၏။ ဤ​အချိန်​အတွင်း၌ သင်တို့၏ ဗတ္တိဇံများသည် ငါ့အဖို့ လက်ခံ​နိုင်ဖွယ်​ဖြစ်လိမ့်မည်။

၃၂ သို့ရာတွင် ရှုလော့၊ ဤ​သတ်မှတ်ချိန် ကုန်သောအခါ၊ သင်တို့၏​သေသူများ​အတွက် ဗတ္တိဇံသည် ငါ့အတွက် လက်ခံ​နိုင်ဖွယ်​ဖြစ်လိမ့်မည်​မဟုတ်။ သင်တို့သည် ဤ​သတ်မှတ်ချိန် ကုန်သောအခါ ဤ​အရာတို့ကို ပြုခြင်း​မရှိလျှင်၊ သင်တို့၏ သေသူတို့နှင့်အတူ အသင်းတော် တစ်ခု​အဖြစ် ငြင်းပယ်​ခံရ​လိမ့်မည်ဟု သင်တို့၏ ဘုရားသခင်​ကိုယ်တော်ရှင် မိန့်တော်မူ၏။

၃၃ အကြောင်း​မူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ သင်တို့သည် သေသူတို့​အတွက် ဗတ္တိဇံ​ပေးခြင်း ဘိသိက်မင်္ဂလာ​ပြုရန်​သင့်လျော်ရာ ငါ့အဖို့ အိမ်တော်​တစ်ခု၊ ထို့အတူ ကမ္ဘာ​မတည်မီ​ကတည်းက တည်ထောင်​ခဲ့လေသည့် ထို​ဘိသိက်မင်္ဂလာ​ပြုရာ အိမ်တော်​အတွက် တည်ဆောက်ရန် လုံလောက်သော​အချိန်​ရရှိလေပြီးနောက်၊ သင်တို့၏​သေသူတို့​အတွက်​ဗတ္တိဇံများကို ငါ့အဖို့ လက်ခံ​နိုင်ဖွယ်​မဖြစ်နိုင်။

၃၄ အကြောင်း​မူကား၊ ဂုဏ်အသရေနှင့် ဘုန်းတော်ကို သင်တို့ ရရှိနိုင်​စေခြင်းငှာ ထို​အထဲ၌ သန့်ရှင်းသော​ယဇ်ပုရောဟိတ်​အခွင့်​သော့များကို ခန့်ထား၏။

၃၅ ဤ​အချိန်​နောက်၌၊ အရပ်ရပ်သို့ ကွဲပြား​ပြန့်ကျဲသူတို့​အားဖြင့် ဆောင်ရွက်သည့် သင်တို့၏​သေသူတို့​အတွက်​ဗတ္တိဇံများသည် ငါ့အဖို့ လက်ခံနိုင်ဖွယ်​မရှိဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၃၆ အကြောင်း​မူကား၊ ဇိအုန်၌၊ ထို့အတူ သူ၏​ပန္နက်များ၌၊ ထို့အတူ ယေရုရှလင်၌၊ ငါ​စီရင်​ထားနှင့်​လေသည့် နေရာများ၌ ခိုလှုံရာ​အဖြစ် ငါ​ခန့်အပ်​ထားလေသည့် ထိုနေရာများသည် သင်တို့၏​သေသူတို့​အတွက် ဗတ္တိဇံ​ပေးရာ​နေရာများ​ဖြစ်လိမ့်မည်။

၃၇ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့၏​ဆေးကြောခြင်းများကို ငါ၏ နာမတော်​အဖို့ သင်တို့​တည်ဆောက်​လေသည့် အိမ်တော်​ထဲ၌ မဆောင်ရွက်လျှင်၊ ၎င်းတို့သည် ငါ့အဖို့ အဘယ်သို့​အားဖြင့် လက်ခံ​နိုင်ဖွယ်​ရှိမည်နည်း။

၃၈ အကြောင်း​မူကား၊ ဤ​အကြောင်းရင်းကြောင့်၊ ငါသည် ငါ့ကျွန်​မောရှေကို တဲတော်​တစ်ခု တည်ဆောက်​ရမည့်​အကြောင်း၊ သူတို့သည် တောရိုင်း​ထဲ၌ တဲတော်ကို​သူတို့နှင့်အတူ သယ်၍၊ ကတိတော်​မြေ၌ အိမ်တော်​တစ်ခု တည်ဆောက်​ရမည့် အကြောင်း၊ ကမ္ဘာ​မတည်ရှိမီကတည်းက ကွယ်ဝှက်​ထားလေသည့် ဘိသိက်​မင်္ဂလာများကို ဖော်ပြရ​စေကြောင်း မိန့်တော်မူ​ခဲ့၏။

၃၉ ထို့ကြောင့်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့၏​ဆီလိမ်းခြင်းများ၊ ထို့အတူ သင်တို့၏​ဆေးကြောခြင်းများ၊ ထို့အတူ သင်တို့၏​သေသူတို့​အတွက်​ဗတ္တိဇံများ၊ ထို့အတူ သင်တို့၏ ဓမ္မ​အစည်းအဝေးများ၊ ထို့အတူ လေဝိ၏​သားတို့​အားဖြင့် သင်တို့၏ ယဇ်များ​အတွက်နှင့် သင်တို့​စကားစမြည်​ပြောဆိုရာ သင်တို့၏​အသန့်ရှင်းဆုံး​နေရာများရှိ သင်တို့၏​ဗျာဒိတ်များ​အတွက် အောက်မေ့ဖွယ်ရာများ၊ ထို့အတူ ဗျာဒိတ်တော်များ၏​အစနှင့် ဇိအုန်၏​အုတ်မြစ်​အတွက်နှင့် ဘုန်း၊ ဂုဏ်အသရေ၊ သူ၏​ခပ်သိမ်းသော​အရပ်သားတို့၏ ဝိညာဉ်​ပကတိ​အပ်နှင်းခြင်းအတွက် ထုံးဥပဒေသများနှင့် စီရင်တော်မူချက်များသည် ငါ၏​သန့်ရှင်းသော နာမတော်​အဖို့ တည်ဆောက်ရန် ငါ၏​လူမျိုးတို့ အစဉ်​အမြဲ​မိန့်မှာ​ခံရသည့် ငါ၏​သန့်ရှင်းသော​အိမ်တော်၏ ဘိသိက်​မင်္ဂလာများ​အားဖြင့် ခန့်ထား​ခံရ၏။

၄၀ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​ဘိသိက်မင်္ဂလာများကို ငါ၏​လူမျိုးများသို့ အိမ်တော်​ထဲ၌ ငါ​ဖော်ပြ​နိုင်ခြင်းငှာ၊ ငါ၏​နာမတော်​အဖို့ ဤ​အိမ်တော်ကို တည်ဆောက်​စေလော့။

၄၁ အကြောင်း​မူကား၊ ကမ္ဘာ​မတည်မီ​ကတည်းက ကွယ်ဝှက်​ထားလေသည့် အရာများ၊ အချိန်​ကာလ​ပြည့်စုံခြင်း​သာသနာနှင့် စပ်ဆိုင်သည့်​အရာများကို ငါ၏​အသင်းတော်သို့ ဖော်ပြရန် ငါ​အရေး​တယူ​ပြု၏။

၄၂ ငါသည် ငါ့ကျွန်​ဂျိုးဇက်အား၊ ဤ​အိမ်တော်နှင့် စပ်ဆိုင်သည့်​အရာများ၊ ထို့အတူ ၎င်းရှိ ယဇ်ပုရောဟိတ်​အခွင့်၊ ၎င်းကို​တည်ဆောက်မည့်​နေရာတို့ကို ဖော်ပြ​တော်မူမည်။

၄၃ သင်တို့သည်လည်း တည်ဆောက်ရန်​ဆင်ခြင်​မိကြ​လေသည့် နေရာ​ပေါ်၌ တည်ဆောက်​ရမည်၊ အကြောင်း​မူကား၊ ထိုနေရာသည် တည်ဆောက်ရန် သင်တို့​အတွက် ငါ​ရွေးချယ်​လေသည့် နေရာ​ဖြစ်၏။

၄၄ သင်တို့သည် သင်တို့၏​အစွမ်း​သတ္တိ​ရှိသမျှဖြင့် အလုပ်​လုပ်ကြလျှင်၊ ငါသည် ထိုနေရာကို သန့်ရှင်း​မွန်မြတ်​စေမည်​ဖြစ်၍၊ သန့်ရှင်းစေ​လိမ့်မည်။

၄၅ ငါ၏​လူမျိုးတို့သည်လည်း ငါ၏​အသံကို၊ ထို့အတူ ငါ၏​လူမျိုးတို့ကို ဦးဆောင်ရန် ငါ​ခန့်အပ်​ထားလေသည့် ငါ၏​ကျွန်တို့၏​အသံကို စေ့စေ့နားထောင်​ကြမည်​ဆိုလျှင်၊ ရှုလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သူတို့သည် သူတို့၏​နေရာမှ ဖယ်ရှား​မခံရ။

၄၆ သို့ရာတွင် သူတို့သည် ငါ၏​အသံကို စေ့စေ့နားမထောင်​ကြလျှင်၊ ငါ​ခန့်အပ်ထား​လေသောသူတို့၏ အသံ​ကိုလည်း စေ့စေ့နားမထောင်​ကြလျှင်၊ ကောင်းချီး​မခံစားရ၊ သူတို့သည် ငါ၏​သန့်ရှင်းသော​မြေများ၊ ထို့အတူ ငါ၏​သန့်ရှင်းသော​ဘိသိက်မင်္ဂလာများ၊ ထို့အတူ အမိန့်​ပြန်တမ်းများ၊ ထို့အတူ သူတို့ကို ငါ​ပေးသည့် ငါ၏​သန့်ရှင်းသော​နှုတ်ကပတ်တော်များကို ညစ်ညူး​စေကြ​သောကြောင့်​ဖြစ်၏။

၄၇ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ သင်တို့သည် ငါ၏​နာမတော်​အဖို့ အိမ်တော်​တစ်ခုကို တည်ဆောက်၍၊ ငါ​မိန့်တော်မူ​လေသည့် အရာများကို လုပ်ဆောင်ခြင်း​မရှိလျှင်၊ ငါသည် သင်တို့ထံ​ပြုသည့် ကျိန်ဆိုခြင်းကို မဆောင်ရွက်၊ ငါ့လက်မှ သင်တို့​မျှော်လင့်သည့် ကတိတော်များကို ပြီးပြည့်စုံ​စေမည်လည်း​မဟုတ်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၄၈ အကြောင်း​မူကား၊ ကောင်းချီး​မင်္ဂလာများ​အစား၊ သင်တို့သည် သင်တို့၏ အကျင့်များ​အားဖြင့်၊ ကျိန်ခြင်းများ၊ အမျက်၊ ဒေါသ၊ ထို့အတူ တရား​စီရင်တော်မူခြင်းတို့ကို သင်တို့၏ ဦးခေါင်းများ​ပေါ်သို့၊ ငါ့ရှေ့၌ သင်တို့ လေ့ကျင့်သည့် သင်တို့၏ မိုက်မဲခြင်း၊ ထို့အတူ သင်တို့၏ ခပ်သိမ်းသော စက်ဆုပ်​ရွံရှာဖွယ် အမှုများ အားဖြင့် ဆောင်ယူ​ကြသည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၄၉ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ လူသားတို့​အထဲမှ အဘယ်သူကို ဖြစ်စေ ငါ၏​နာမတော်​အဖို့ အမှုကို လုပ်ဆောင်ရန် ပညတ်တော်ကို ငါ​ပေးသော​အခါ၊ ထိုလူသားတို့သည် ထို​အမှုကို ဆောင်ရွက်ရန် သူတို့၏​အစွမ်း​သတ္တိ​ရှိသမျှနှင့်၊ သူတို့မှာ​ရှိသမျှနှင့် သွား၍၊ သူတို့၏ လုံ့လ​ဝီရိယ​ကိုလည်း ရပ်တန့်ခြင်း​မရှိကြ၊ သူတို့၏​ရန်သူများ​သူတို့အပေါ်​ရောက်လာပြီး၊ သူတို့အား ထို​အမှုကို ဆောင်ရွက်ခြင်းမှ ဆီးတား​ကြလျှင်၊ ရှုလော့၊ ငါ့အဖို့ ထို​အမှုကို ထို​လူသားတို့​လက်မှ မတောင်းဆို​တော့ရန် ငါ့၌​အကြောင်း​ရှိ၏၊ သို့ရာတွင် သူတို့၏​ပူဇော်သက္ကာများကို လက်ခံ၏။

၅၀ ငါ၏ အမှုတော်ကို ဆီးတားသူများ နောင်တ​ရခြင်း​မရှိ၊ ထို့အတူ ငါ့ကို မုန်းကြ​သမျှ၊ ငါ၏ သန့်ရှင်းသော ဥပဒေနှင့် ပညတ်တော်များ​အပေါ် ဒုစုရိုက်နှင့် လွန်ကျူးခြင်းကို၊ သူတို့၏ ဦးခေါင်း​ပေါ်သို့ တတိယနှင့် စတုတ္ထ​မျိုးဆက်​တိုင်အောင် ရောက်စေတော်မူမည်ဟု ကိုယ်တော်ရှင် ဘုရားသခင် မိန့်တော်မူ၏။

၅၁ ထို့ကြောင့်၊ ဤ​အကြောင်းရင်းကြောင့်၊ ဂျက်ဆင်​ခရိုင်၊ မစ်ဆိုရီ၌ ငါ၏​နာမတော်​အဖို့ မြို့တစ်မြို့နှင့် အိမ်တော်​တစ်ခုကို တည်ဆောက်ရန် ငါ​မိန့်တော်မူ​ခဲ့သည့်​သူတို့၏၊ ထို့အတူ မိမိတို့​ရန်သူတို့​အားဖြင့် ဆီးတား​ခံရကြသူတို့၏ ပူဇော်သက္ကာများကို ငါ​လက်ခံ၏ဟု သင်တို့၏ ဘုရားသခင်​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၅၂ သူတို့သည် နောင်တ​ရခြင်း​မရှိ၊ ထို့အတူ ငါ့ကို မုန်းကြ​သမျှ၊ ငါသည် တရား​စီရင်​တော်မူခြင်း၊ အမျက်၊ ထို့အတူ ဒေါသ၊ မြည်တမ်းခြင်း၊ ထို့အတူ ပြင်းစွာသော​ဝေဒနာ၊ ထို့အတူ အံသွား​ခဲကြိတ်ခြင်းတို့ကို သူတို့၏​ဦးခေါင်း​ပေါ်သို့၊ တတိယနှင့်​စတုတ္ထ​မျိုးဆက်​တိုင်အောင် ရောက်စေ​တော်မူမည်ဟု သင်တို့၏ ဘုရားသခင်​ကိုယ်တော်ရှင် မိန့်တော်မူ၏။

၅၃ ဤ​အမှုကို ငါသည် သင်တို့​အဖို့ ပုံသက်သေ​တစ်ခု အဖြစ် ပြုတော်မူ၏၊ အမှုတော်ကို လုပ်ဆောင်ရန် မိန့်မှာ​ခံထားရ​လေပြီး၊ သူတို့၏ ရန်သူတို့​လက်များ အားဖြင့်၊ ထို့အတူ ညှဉ်းပန်း​နှိပ်စက်ခြင်း အားဖြင့် ဆီးတား​ခံထားရ​လေသူ​အပေါင်းတို့နှင့်​စပ်လျဉ်း၍ သင်တို့၏​သက်သာခြင်း​အတွက် ဖြစ်၏ဟု သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၅၄ အကြောင်း​မူကား၊ ငါသည် သင်တို့၏ ဘုရားသခင်​ကိုယ်တော်ရှင်​ဖြစ်၏၊ စိတ်နှလုံး​စင်ကြယ်ကြ​လေသော၊ ထို့အတူ မစ်ဆိုရီ​ပြည်၌ ကွပ်မျက်​ခံရကြ​လေသော သင်တို့၏ ခပ်သိမ်းသော ညီအစ်ကိုတို့ကို ကယ်တင်​တော်မူမည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၅၅ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါသည် သင်တို့ကို ကောင်းချီး​ပေး၍၊ ဂုဏ်​အသရေ၊ သေခြင်း​မရှိရာ၊ ထို့အတူ ထာဝရ​အသက်နှင့် ချီးမြှင့်​နိုင်ခြင်းငှာ၊ သင်တို့ကို ငါမိန့်တော်မူ​သမျှ ခပ်သိမ်းသော​အရာတို့၌ သင်တို့​သစ္စာ​ရှိကြကြောင်း ငါ့ထံသို့ သင်တို့​ကိုယ်တိုင် သက်သေ​ပြနိုင်ကြ​စေခြင်းငှာ ဤ​နေရာ၌ပင်၊ ငါ၏ နာမတော်​အဖို့ အိမ်တော်​တစ်ခုကို တည်ဆောက်ရန် သင်တို့ကို ငါ​တစ်ဖန်​မိန့်တော်မူ၏။

၅၆ ယခု​မူကား၊ သူတစိမ်းတို့​ယာယီ​တည်းခိုခြင်း​အတွက် တည်ဆောက်ရန် သင်တို့ကို ငါ​မိန့်တော်မူ​လေသည့် ငါ၏ ယာယီ​တည်းခိုရာ​အိမ်နှင့် စပ်ဆိုင်၍၊ သင်တို့ကို ငါ​ဆိုသည်မှာ၊ ထို​အိမ်ကို ငါ၏ နာမတော်​အဖို့ တည်ဆောက်​စေလော့၊ ထိုအိမ်​ပေါ်၌ ငါ၏​နာမတော်ကိုလည်း ရှိစေလော့၊ ငါ့ကျွန်​ဂျိုးဇက်နှင့် သူ၏​အိမ်သူ​အိမ်သားတို့ကိုလည်း ထိုအိမ်၌ လူမျိုး​အစဉ်​အဆက် နေရာ​ရစေလော့။

၅၇ အကြောင်း​မူကား၊ ဤ​ဆီ​သွန်းလောင်း​ခန့်အပ်ခြင်းကို ငါသည် သူ၏​ဦးခေါင်း​ပေါ်၌ ထားလေပြီ၊ သူ၏ ကောင်းချီး​မင်္ဂလာကိုလည်း သူ့နောက်မှ သူ့သားစဉ်​မြေးဆက်၏ ဦးခေါင်းပေါ် ထားရ​စေခြင်းငှာ ပေတည်း။

၅၈ မြေကြီး​ပေါ်ရှိ​အမျိုးစုတို့နှင့်​စပ်လျဉ်း၍ အာဗြဟံကို ငါ​မိန့်တော်မူခဲ့​သကဲ့သို့၊ ထိုကဲ့သို့ပင် ငါသည် ငါ့ကျွန်​ဂျိုးဇက်ကို သင့်အားဖြင့်၊ သင်၏​အမျိုး​အနွယ်တို့​အားဖြင့် မြေကြီး​ပေါ်ရှိ အမျိုးစုတို့ ကောင်းချီး​ခံစားရ​လိမ့်မည်ဟု မိန့်တော်မူ၏။

၅၉ ထို့ကြောင့်၊ ငါ့ကျွန်​ဂျိုးဇက်နှင့် သူ့နောက်မှ သူ၏​အမျိုး​အနွယ်တို့ကို ထိုအိမ်၌ လူမျိုး​အစဉ်​အဆက်၊ ကာလ​အစဉ်​အဆက်​အမြဲ နေရာ​ရစေလော့ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၆၀ ထိုအိမ်၏ အမည်ကို နော်ဗူးအိမ်ဟု​ခေါ်စေလော့။ လူသား​အတွက် မွေ့လျော်ဖွယ်​နေရပ်၊ ထို့အတူ မောပန်းသော​ခရီးသွား​အတွက် ဇိအုန်၏​ဘုန်းအသရေ၊ ထို့အတူ ဤထောင့်ကျောက်၏ ဘုန်းအသရေကို ဆင်ခြင်နိုင်​စေခြင်းငှာ စခန်းချရာ​နေရာ ဖြစ်စေလော့။

၆၁ ကျော်စောသော​အပင်များ​အဖြစ်၊ ထို့အတူ ၎င်း၏​တံတိုင်းပေါ်၌ ကင်းစောင့်များ​အဖြစ် ငါ​ခန့်ထား​လေသူတို့၏​အကြံကို သူ​ရရှိနိုင်​စေခြင်းငှာလည်း​ဖြစ်၏။

၆၂ ရှုလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဂျော့​မီလာ၊ ထို့အတူ ငါ့ကျွန်​လိုင်မန်ဝိုက်၊ ထို့အတူ ငါ့ကျွန်​ဂျွန်​စနိုက်ဒါ၊ ထို့အတူ ငါ့ကျွန်​ပီတာ​ဟောတို့ကို သူတို့ကိုယ်သူတို့ ဖွဲ့စည်း၍၊ သူတို့​အထဲမှ တစ်ဦးကို ထိုအိမ်ကို တည်ဆောက်ခြင်း​ရည်ရွယ်ချက်​အတွက် သူတို့​အဖွဲ့၏ ဥက္ကဋ္ဌ​အဖြစ် ခန့်အပ်​ထားစေလော့။

၆၃ သူတို့သည် ဖွဲ့စည်းပုံ​တစ်ခုကို တည်ထောင်​ရမည်၊ ယင်းကဲ့သို့​အားဖြင့် ထိုအိမ်​တည်ဆောက်ခြင်း​အတွက် မတည်ငွေစုကို လက်ခံ​နိုင်ကြ၏။

၆၄ သူတို့သည် ထိုအိမ်၏​မတည်ငွေစု​တစ်စုကို ဒေါ်လာ​ငါးဆယ်ထက်​လျော့၍ လက်မခံရ၊ ထိုအိမ်၏ မတည်ငွေစု​အတွက် အဘယ်​တစ်စုံ​တစ်ဦး​ထံမှ​ဖြစ်စေ​ဒေါ်လာ တစ်သောင်း​ငါးထောင်ကို လက်ခံရန် အခွင့်​ရကြ​ရမည်။

၆၅ သို့ရာတွင်၊ သူတို့သည် အဘယ်​တစ်စုံ​တစ်ဦး​ထံမှ​ဖြစ်စေ မတည်ငွေစုကို ဒေါ်လာ​တစ်သောင်း​ငါးထောင်ထက် ကျော်၍ လက်ခံရန် အခွင့်​မရှိ​စေရ။

၆၆ သူတို့သည် ထိုအိမ်၏ မတည်ငွေစု​တစ်စုကို အဘယ်​တစ်စုံ​တစ်ဦး​ထံမှ​ဖြစ်စေ ဒေါ်လာ​ငါးဆယ်​အောက် လျော့၍​လက်ခံရန် အခွင့်​မရှိ​စေရ။

၆၇ သူတို့သည် အဘယ်သူကိုဖြစ်စေ၊ သူ၏​မတည်ငွေစုကို ရရှိချိန်၌ သူ၏​မတည်ငွေစုကို သူတို့​လက်ထဲသို့ မပေးလျှင်၊ ဤ​အိမ်၏ မတည်ငွေစုရှင်​တစ်ဦး​အဖြစ် အခွင့်​မရှိ​စေရ။

၆၈ သူတို့၏​လက်ထဲသို့ သူပေးသည့် မတည်ငွေစု၏ ပမာဏနှင့်​ညီမျှသော ထိုအိမ်၏ မတည်ငွေစုကို ထိုသူ​ရရှိရမည်။ သို့ရာတွင်၊ သူတို့၏ လက်ထဲသို့ မည်သည့်​အရာကိုမျှ မပေးလျှင် ထိုအိမ်၏ မတည်ငွေစု​တစ်စုံ​တစ်ခုကိုမျှ မရရှိရ။

၆၉ အဘယ်သူမဆို မတည်ငွေစုကို သူတို့၏​လက်ထဲသို့ ပေးလျှင်၊ သူနှင့် သူ၏​အမွေခံသူတို့သည် ထိုမတည်ငွေစုကို ကိုင်ဆောင်၍၊ မိမိတို့၏​လွတ်လပ်သော​စိတ်နှင့်​အကျင့်တို့​အားဖြင့် ထို​မတည်ငွေစုကို မိမိတို့​လက်ထဲမှ​နေ၍ မရောင်း သို့မဟုတ် မလွှဲပြောင်း​သမျှ၊ ထိုသူ​ကိုယ်တိုင်​အတွက်၊ ထို့အတူ သူ့နောက်မှ သူ၏​မျိုးဆက်​အတွက်၊ ထိုအိမ်၏​မတည်ငွေစု​အဖြစ် လူမျိုး​အစဉ်​အဆက် ရှိလိမ့်မည်၊ သင်တို့သည် ငါ၏​အလိုတော်ကို လုပ်ဆောင်​လိုကြလျှင် ပြုကြ​လိမ့်မည်ဟု သင်တို့၏​ဘုရားသခင် ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၇၀ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဂျော့မီလာ၊ ထို့အတူ ငါ့ကျွန်​လိုက်မန်​ဝိုက်၊ ထို့အတူ ငါ့ကျွန်​ဂျွန်​စနိုက်ဒါ၊ ထို့အတူ ငါ့ကျွန်​ပီတာ​ဟောတို့သည် သူတို့​လက်၌ မတည်ငွေစု တစ်စုံ​တစ်ခုကို၊ ငွေများ​အဖြစ်၊ သို့မဟုတ် ငွေများ၏ တန်ဖိုး​အမှန်​အတိုင်း ဥစ္စာ​ပစ္စည်းများ​အဖြစ် လက်ခံ​ကြလျှင်၊ သူတို့သည် ထို​မတည်ငွေစု၏​မည်သည့် အစိတ်​အပိုင်း​ကိုမျှ ထိုအိမ်​အတွက်​မှတစ်ပါး၊ အခြား မည်သည့် ရည်ရွယ်ချက်​အတွက်မျှ ယူ၍​မသုံးရ။

၇၁ သူတို့သည် မတည်ငွေစုရှင်၏​သဘော​တူခြင်း​မရှိဘဲ ထို​မတည်ငွေစု၏ အဘယ် အစိတ်​အပိုင်းကို​ဖြစ်စေ ထို​အိမ်​အတွက်​မှတစ်ပါး၊ အခြား​တစ်နေရာရာ၌ ယူ၍​သုံးပြီး၊ ထို​အိမ်​အတွက်​မှတစ်ပါး၊ အခြား​တစ်နေရာရာ၌ သူတို့​ယူ၍​သုံးသည့် မတည်ငွေစု၏ လေးဆကို ပြန်မပေးလျှင် အကျိန်​ခံရမည်၊ ထို့အတူ သူတို့၏​နေရာမှ ဖယ်ရှား​ခံရမည်ဟု ကိုယ်တော်ရှင် ဘုရားသခင်​မိန့်တော်မူ၏။ အကြောင်း​မူကား၊ ငါ၊ ကိုယ်တော်ရှင်သည် ဘုရားသခင်​ဖြစ်၏၊ ဤ​အရာတို့၌ အဘယ်​အရာကိုမျှ ပြက်ရယ်ပြု​မခံနိုင်။

၇၂ သင်တို့ကို ငါ​အမှန် ဆိုသည်ကား၊ ငါ့ကျွန်​ဂျိုးဇက်အား ထို​အိမ်​တည်ဆောက်ခြင်း​အတွက် မတည်စုငွေကို သူ​ကောင်းမြတ်သည်ဟု​မှတ်ယူသည့်​အတိုင်း သူတို့​လက်ထဲသို့ ပေးစေလော့။ သို့ရာတွင်၊ ငါ့ကျွန်​ဂျိုးဇက်သည် ထိုအိမ်၏ မတည်ငွေစုကို ဒေါ်လာ​တစ်သောင်း​ငါးထောင်​ထက် ကျော်၍​မပေးနိုင်၊ ဒေါ်လာ​ငါးဆယ်​အောက်​လျော့၍လည်း မပေးနိုင်။ အခြား​အဘယ်သူမျှလည်း ထိုသို့​မပြုနိုင်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၇၃ ၎င်းတို့နှင့်​စပ်လျဉ်းသည့် ငါ၏​အလိုတော်ကို သိလိုကြသည့် အခြားသော​သူများလည်း​ရှိ၏၊ အကြောင်း​မူကား၊ သူတို့သည် ထိုအရာကို ငါ့လက်မှ တောင်းကြ​လေပြီ။

၇၄ ထို့ကြောင့်၊ ငါ့ကျွန်​ဗင်ဆင်နိုက်နှင့်​စပ်လျဉ်း၍ သင်တို့ကို ငါ​ဆိုသည်ကား၊ သူသည် ငါ၏​အလိုတော်ကို လုပ်ဆောင်လျှင်၊ သူ့အား မတည်ငွေစုကို သူကိုယ်တိုင်​အတွက်၊ ထို့အတူ သူ့နောက်မှ သူ၏​မျိုးဆက်​အတွက် ထိုအိမ်​ထဲသို့ လူမျိုး​အစဉ်​အဆက် ထည့်စေလော့။

၇၅ သူ့အား လူမျိုးတို့​အလယ်၌၊ ဆင်းရဲသားများနှင့် ချို့တဲ့သော​သူတို့၏​အမှုကို တောင်းပန်ရန် ကြာကြာနှင့် ကျယ်ကျယ်​ကြွေးကြော်​စေလော့။ ထို့အတူ သူ့အား မပျက်ကွက်စေနှင့်၊ သူ့စိတ်နှလုံးကိုလည်း အားမလျော့​စေနှင့်။ ငါသည်လည်း သူ၏​ပူဇော်သက္ကာများကို လက်ခံမည်၊ အကြောင်း​မူကား၊ ၎င်းတို့သည် ငါ့အဖို့ ကာဣန၏​ပူဇော်သက္ကာများ​ကဲ့သို့ ဖြစ်လိမ့်မည်​မဟုတ်၊ သူသည် ငါ၏လူ​ဖြစ်လိမ့်မည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၇၆ သူ၏​မိသားစုကို ရွှင်လန်း​ဝမ်းမြောက်​စေပြီး၊ သူတို့၏​စိတ်နှလုံးကို ဆင်းရဲ​ဒုက္ခ​ထံမှ ကျောခိုင်း​စေလော့။ အကြောင်း​မူကား၊ ငါသည် သူ့ကို ရွေးကောက်ပြီး၊ ဆီလိမ်း၍​ခန့်အပ်​လေပြီ၊ သူသည်လည်း သူ့အိမ်သူ​အိမ်သားတို့​အလယ်၌ ဂုဏ်အသရေ​ရှိရ​လိမ့်မည်၊ အကြောင်း​မူကား၊ ငါသည် သူ၏​ခပ်သိမ်းသော​အပြစ်များကို ခွင့်လွှတ်မည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။ အာမင်။

၇၇ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဟီရမ်​အား သူ​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း သူကိုယ်တိုင်​အတွက်နှင့် သူ့နောက်မှ သူ၏​မျိုးဆက်​အတွက် မတည်ငွေစုကို ထိုအိမ်​ထဲသို့ လူမျိုး​အစဉ်​အဆက်​ထည့်စေလော့။

၇၈ ငါ့ကျွန်​အိုက်ဇက်​ဂေါလန်အား မတည်ငွေစုကို ထိုအိမ်​ထဲသို့ ထည့်စေလော့။ အကြောင်း​မူကား၊ ငါ၊ ကိုယ်တော်ရှင်သည် သူ့အား သူလုပ်ဆောင်​လေသည့် အမှု​အတွက် ချစ်တော်မူ၏၊ သူ၏​ခပ်သိမ်းသော​အပြစ်တို့ကိုလည်း ခွင့်လွှတ်​တော်မူမည်။ ထို့ကြောင့်၊ သူ့အား ထိုအိမ်၌ လူမျိုး​အစဉ်​အဆက် အစု​တစ်စု​ရှိကြောင်း အောက်မေ့​စေလော့။

၇၉ ငါ့ကျွန်​အိုက်ဇက်​ဂေါလန်အား သင်တို့​အထဲ၌ ခန့်အပ်​ထားစေလော့၊ ထို့အတူ ငါ့ကျွန်​ဝီလျံ​မာ့ခ်​အားဖြင့် ခန့်ထား​စေလော့၊ ထို့အတူ သူတို့ကို ငါ့ကျွန်​ဂျိုးဇက်​ဖော်ပြမည့်​အမှုကို ပြီးမြောက်​စေခြင်းငှာ ငါ့ကျွန်​ဟီရမ်နှင့်​အတူ​သွားရန် သူ့အားဖြင့် ကောင်းချီး​ခံစား​စေလော့၊ သူတို့သည်လည်း ကြီးစွာ​ကောင်းချီး​ခံစားရ​လိမ့်မည်။

၈၀ ငါ့ကျွန်​ဝီလျံ​မာ့ခ်အား သူ​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း သူကိုယ်တိုင်​အတွက်နှင့် သူ၏​မျိုးဆက်​အတွက် မတည်ငွေစုကို ထိုအိမ်​ထဲသို့ လူမျိုး​အစဉ်​အဆက်​ပေးစေလော့။

၈၁ ငါ့ကျွန်​ဟင်နရီ​ဂျီ​ရှာဝုအား သူ​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း သူကိုယ်တိုင်​အတွက်နှင့် သူ့နောက်မှ သူ၏​မျိုးဆက်​အတွက် မတည်ငွေစုကို ထိုအိမ်​ထဲသို့ လူမျိုး​အစဉ်​အဆက် ပေးစေလော့။

၈၂ ငါ့ကျွန်​ဝီလျံ​လောအား သူကိုယ်တိုင်​အတွက်နှင့် သူ့နောက်မှ သူ၏​မျိုးဆက်​အတွက် မတည်ငွေစုကို ထိုအိမ်​ထဲသို့ လူမျိုး​အစဉ်​အဆက် ပေးစေလော့။

၈၃ သူသည် ငါ့၏​အလိုတော်ကို လုပ်ဆောင်လျှင် သူ့မိသားစုကို အရှေ့ပိုင်း​ပြည်များသို့၊ ကာ့တ်လန်း​အထိပင် မခေါ်ဆောင်​စေနှင့်။ သို့သော်လည်း၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ကာ့တ်လန်းကို တည်ဆောက်မည်၊ သို့ရာတွင်၊ ငါ၊ ကိုယ်တော်ရှင်သည် ထို​နေရာ၌ နေထိုင်သော သူတို့​အတွက် ကျာပွတ်ကို ပြင်ဆင်​လေပြီ။

၈၄ ငါ့ကျွန်​အော်လမော်​ဘာဘစ်နှင့်​စပ်လျဉ်း၍၊ ငါ​မနှစ်သက်သည့်​အရာ များစွာ​ရှိ၏။ ရှုလော့၊ သူသည် ငါ​ခန့်ထား​လေသည့်၊ အကယ်​စင်စစ်၊ ငါ့အသင်းတော်မှ​ဥက္ကဋ္ဌ​အဖွဲ့၏ အကြံ​အစား၊ သူ၏​အကြံကို တည်စေရန်​စွဲလမ်း၏။ သူသည် ငါ၏​လူမျိုးတို့ ကိုးကွယ်ခြင်း​အတွက် ရွှေ​နွားသငယ်ရုပ်​ကိုလည်း ထူ၏။

၈၅ ငါ၏​ပညတ်တော်များကို စောင့်ထိန်းရန်​အားထုတ်လျက် ဤ​အရပ်သို့ လာလေသူ အဘယ်သူ့​ကိုမျှ ဤ​နေရာမှ မသွား​စေနှင့်။

၈၆ သူတို့သည် ဤ​အရပ်၌ အသက်ရှင်လျှင် ငါ့အဖို့ အသက်​ရှင်ကြ​စေလော့။ သေလျှင်လည်း ငါ့အဖို့ သေကြ​စေလော့။ အကြောင်း​မူကား၊ သူတို့သည် သူတို့၏​ခပ်သိမ်းသော​အလုပ်များမှ အနား​ရကြ​လိမ့်မည်၊ သူတို့၏​အမှုတော်များကိုလည်း ဆက်၍​လုပ်ကြ​လိမ့်မည်။

၈၇ ထို့ကြောင့်၊ ငါ့ကျွန်​ဝီလျံအား ငါ့ကို ကိုးစား​စေလော့၊ ထိုပြည်၏ အနာရောဂါကြောင့်၊ သူ့မိသားစုနှင့်​စပ်လျဉ်း၍ စိုးရိမ်သည်ကိုလည်း ရပ်တန့်​စေလော့။ သင်တို့သည် ငါ့ကို ချစ်လျှင်၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းကြလော့။ ထိုပြည်၏ အနာရောဂါသည် သင်တို့၏ ဘုန်းအသရေ အလို့ငှာ​ဖြစ်လိမ့်မည်။

၈၈ ငါ့ကျွန်​ဝီလျံအား ဝိညာဉ်တော်၏​တိုက်တွန်းတော်မူခြင်းကို ခံရမည့်​အတိုင်း၊ ဝါဆော၌ နေထိုင်သော​သူတို့ထံ၊ ထို့အတူ ကာသေ့ဂ်ျ၌ နေထိုင်သော​သူတို့ထံ၊ ထို့အတူ ဘာလင်တန်၌ နေထိုင်သော​သူတို့ထံ၊ ထို့အတူ မက်ဒစ်ဆင်၌ နေထိုင်သော​သူတို့ထံ၊ ငါ၏​ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်ကို ကျယ်သော​အသံနှင့်၊ ထို့အတူ ကြီးစွာသော​ဝမ်းမြောက်ခြင်းနှင့် ကြေညာ​စေလော့၊ ထို့အတူ ငါ၏​အထွေထွေ​ညီလာခံ၌ နောက်ထပ်​သွန်သင်ချက်များ​အတွက် စိတ်ရှည်စွာနှင့် လုံ့လ​ဝီရိယ​ထက်သန်စွာ​စောင့်နေ​စေလော့ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၈၉ သူသည် ငါ၏​အလိုတော်ကို လုပ်ဆောင်မည်​ဆိုလျှင်၊ ငါ့ကျွန်​ဂျိုးဇက်၏​အကြံကို ယခုမှ​စ၍ စေ့စေ့နားထောင်​စေလော့၊ ထို့အတူ ဆင်းရဲသားတို့၏ အမှုကို သူ၏​တိုးလာသော​အရာဖြင့် ထောက်မ​စေလော့၊ ထို့အတူ ငါ၏​သန့်ရှင်းသော​နှုတ်ကပတ်တော်၏ ဘာသာပြန်​အသစ်ကို မြေကြီး​ပေါ်၌ နေထိုင်သူတို့ထံ ပုံနှိပ်​ထုတ်ဝေ​စေလော့။

၉၀ သူသည် ဤ​အမှုကို လုပ်ဆောင်မည်​ဆိုလျှင်၊ ငါသည် သူ့အား မြောက်မြားစွာသော ကောင်းချီး​မင်္ဂလာတို့ဖြင့် ကောင်းချီး​ပေးတော်မူမည်​ဖြစ်၍၊ သူသည် စွန့်ပစ်​မခံရ၊ သူ၏​အမျိုး​အနွယ်​တို့သည်လည်း မုန့်ကို​တောင်းလျက်​မတွေ့ရ။

၉၁ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဝီလျံအား၊ ငါ့ကျွန်​ဂျိုးဇက်​အဖို့ တိုင်ပင်ဖက်​အဖြစ်၊ ငါ့ကျွန်​ဟီရမ်၏​နေရာ၌၊ ခန့်အပ်ထား၊ ခန့်ထား၊ ထို့အတူ ဆီလိမ်း၍ ခန့်အပ်ခံ​စေလော့၊ ငါ့ကျွန်​ဟီရမ်​အဖို့ သူ့အဘ​အားဖြင့်၊ ကောင်းချီး​မင်္ဂလာ​အားဖြင့်၊ အခွင့်​အရေး​အားဖြင့်လည်း သူ့ထံ ခန့်အပ်ထား​ခံရသည့် ယဇ်ပုရောဟိတ်​အခွင့်နှင့် မျိုးနွယ်စုအဘ​အမှုအရာကို ခံယူ​နိုင်စေ​ခြင်းငှာ​ပေတည်း။

၉၂ ယခုမှ​စ၍၊ သူသည် ခပ်သိမ်းသော​ငါ၏​လူမျိုးတို့၏​ဦးခေါင်းပေါ်၌ မျိုးနွယ်စုအဘ​ကောင်းချီး​မင်္ဂလာများ၏ သော့များကို ကိုင်ဆောင်ရ​စေကြောင်း၊

၉၃ သူ​ကောင်းချီး​ပေးမည့်သူ​မှန်သမျှ ကောင်းချီး​ခံစားရမည့်​အကြောင်း၊ ထို့အတူ သူ​ကျိန်မည့်သူ​မှန်သမျှ အကျိန်​ခံရမည့်​အကြောင်း။ မြေကြီး​ပေါ်၌ သူ​စည်းနှောင်​သမျှကို ကောင်းကင်ဘုံ၌ စည်းနှောင်လျက် ရှိရ​စေကြောင်း၊ ထို့အတူ မြေကြီး​ပေါ်၌ သူ​ဖြေလွှတ်​သမျှကို ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်​ရှိရစေကြောင်း​ပေတည်း။

၉၄ ဤ​အချိန်မှ​စ၍၊ ငါသည် သူ့အား ငါ့ကျွန်​ဂျိုးဇက်​နည်းတူ၊ ငါ့အသင်းတော်​အဖို့ ပရောဖက်​တစ်ပါး၊ ထို့အတူ မြင်သောသူ​တစ်ပါး၊ ထို့အတူ ဗျာဒိတ်​ဟောသူ​တစ်ပါး​ဖြစ်ရ​စေခြင်းငှာ ခန့်အပ်​ထားတော်မူ၏။

၉၅ သူ့အား ငါ့ကျွန်​ဂျိုးဇက်နှင့် ညီညီ​ညွတ်ညွတ်​ဆောင်ရွက်​နိုင်စေခြင်းငှာ၊ ထို့အတူ သူတောင်း၍ ရရှိ​နိုင်ရာ သော့များကို သူ့အား ပြမည့်သူ ငါ့ကျွန်​ဂျိုးဇက်​ထံမှ အကြံကို ရရှိရ​စေကြောင်း၊ ထို့အတူ ငါ့ကျွန်​ဖြစ်ခဲ့​လေသူ အော်လီဗာ​ကောင်ဒရီ​အပေါ်၌ တစ်ချိန်က​ထားခဲ့​လေသည့် တူသော ကောင်းချီး​မင်္ဂလာ၊ ထို့အတူ ဘုန်း၊ ထို့အတူ ဂုဏ်အသရေ၊ ထို့အတူ ယဇ်ပုရောဟိတ်​အခွင့်၊ ထို့အတူ ယဇ်ပုရောဟိတ်​အခွင့် ဆုကျေးဇူးဖြင့် ချီးမြှင့်​ခံရ​စေကြောင်း၊

၉၆ ငါ့ကျွန်​ဟီရမ်​သည် သူ့အား ငါ​ပြတော်မူမည့် အရာများ​အကြောင်း သက်သေခံ​နိုင်စေကြောင်း၊ သူ၏​အမည်သည် လူမျိုး​အစဉ်​အဆက်၊ ကာလ​အစဉ်​အဆက် အမြဲ ဂုဏ်အသရေ​ရှိသော အောက်မေ့ခြင်း၌​ရှိနိုင်​စေကြောင်း​ပေတည်း။

၉၇ ငါ့ကျွန်​ဝီလျံ​လောကိုလည်း ကောင်းချီး​မင်္ဂလာများ သူ​တောင်း၍​ရရှိ​နိုင်ရာ သော့များကို ရရှိ​စေလော့။ သူ့ကို ငါ့ရှေ့၌​နှိမ့်ချ​စေလော့၊ ထို့အတူ အပြစ်​ရောက်ခြင်း​မရှိဘဲ​နေစေလော့၊ သူသည် ခပ်သိမ်းသော​အရာတို့၏ အမှန်တရားကို သူ့အား ထင်ရှားစွာ​ပြမည့်၊ ထို့အတူ သူပြောရမည့် အချိန်၌​သူ့အားပေးမည့် ငါ၏​ဝိညာဉ်တော်​ထံမှ၊ နှစ်သိမ့်ရှင်​ထံမှပင် ရရှိ​လိမ့်မည်။

၉၈ ဤ​နိမိတ်​လက္ခဏာများသည် သူ့၌ ဖြစ်လိမ့်မည်—သူသည် ဖျားနာသော​သူတို့ကို အနာ​ငြိမ်းစေ​လိမ့်မည်၊ နတ်ဆိုးတို့ကို နှင်ထုတ်​လိမ့်မည်၊ သူ့အား​သေစေ​တတ်သော အဆိပ်ကို စီရင်သည့် သူတို့ထံမှလည်း ကယ်လွှတ်​ခံရ​လိမ့်မည်။

၉၉ သူသည် အဆိပ်ရှိ​သောမြွေများ သူ့ဖနောင့်ကို မကိုက်​နိုင်ရာ​လမ်းများ၌ ပို့ဆောင်​ခံရ​လိမ့်မည်၊ လင်းယုန်၏ အတောင်များပေါ်မှာကဲ့သို့ သူ့အတွေး၏ စိတ်ကူးအကြံအစည်များဖြင့်တက်လိမ့်မည်။

၁၀၀ ငါ​အလိုတော်​ရှိလျှင်၊ သူသည် သေသူတို့ကို ထမြောက်​စေရမည်၊ သူ့အသံကို မဆီးတား​စေနှင့်။

၁၀၁ ထို့ကြောင့်၊ ငါ့ကျွန်​ဝီလျံကို ဝမ်းမြောက်ခြင်းနှင့် ရွှင်လန်း​ဝမ်းမြောက်ခြင်းတို့ဖြင့်၊ ထို့အတူ ပလ္လင်​ပေါ်၌ ကာလ​အစဉ်​အဆက်​အမြဲ​ထိုင်သူ​ထံသို့ ဟောရှဏ္ဏဖြင့် ကျယ်ကျယ် တောင်းလျှောက် စေလော့ဟု သင်တို့၏ ဘုရားသခင်​ကိုယ်တော်ရှင် မိန့်တော်မူ၏။

၁၀၂ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ့ကျွန်​ဝီလျံ၊ ထို့အတူ ငါ့ကျွန်​ဟီရမ်တို့ အတွက် ဘဏ္ဍာတိုက်​ထဲ၌ တာဝန်​တစ်ရပ်ရှိ၏၊ သူတို့​အတွက်သာ​ဖြစ်၏။ ငါ့ကျွန်​ဂျိုးဇက်ကို အိမ်၌​နေစေလော့၊ အကြောင်း​မူကား၊ သူ့ကို လိုအပ်၏။ ကျန်ကြွင်းသော​အရာတို့ကို ငါသည် သင့်အား နောင်ကာလ၌ ပြမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။

၁၀၃ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဆစ်ဒနီသည် ငါ့ကို အစေခံ၍၊ ငါ့ကျွန်​ဂျိုးဇက်​အဖို့ တိုင်ပင်ဖက်​ဖြစ်လျှင်၊ သူ့အား ထ၍၊ တက်လာပြီး၊ သူ၏ အမှုတော်ဆောင် တာဝန် အမှု​အရာကို ဆောင်ရွက်​စေလော့၊ ထို့အတူ ငါ့ရှေ့၌ သူ့ကိုယ်သူ​နှိမ့်ချ​စေလော့။

၁၀၄ သူသည် ငါ့အား နှစ်သက်​ဖွယ်သော​ပူဇော်သက္ကာ၊ ထို့အတူ အသိ​အမှတ်​ပြုခြင်းများကို ပူဇော်၍၊ ငါ၏​လူမျိုးတို့နှင့်​အတူ ဆက်၍​ရှိလျှင်၊ ရှုလော့၊ ငါ၊ သင်တို့၏ ဘုရားသခင် ကိုယ်တော်ရှင်သည်၊ သူ့ကို အနာ​ငြိမ်းစေမည်​ဖြစ်၍၊ သူသည် အနာ​ငြိမ်းစေ​ရမည်။ ထို့အတူ သူသည် တောင်များ​ပေါ်၌ တစ်ဖန်​ကြွေးကြော်၍၊ ငါ့မျက်နှာ​ရှေ့၌ စကားပြောသူ​တစ်ဦး ဖြစ်လိမ့်မည်။

၁၀၅ သူ့အား ငါ့ကျွန်​ဂျိုးဇက်​နေထိုင်ရာ အနီး​အနား​ပတ်ဝန်းကျင်၌ လာ၍ သူ၏​မိသားစုကို နေရာချ​စေလော့။

၁၀၆ သူ၏​ခပ်သိမ်းသော​ခရီးသွားခြင်းများ၌ တံပိုးသံ​ကဲ့သို့ ကြွေးကြော်​စေလော့၊ ထို့အတူ မြေကြီး​ပေါ်၌ နေထိုင်သူတို့အား ကျရောက်​လာမည့်​အမျက်မှ ထွက်ပြေးကြ​စေရန် သတိပေး​စေလော့။

၁၀၇ သူ့အား ငါ့ကျွန်​ဂျိုးဇက်ကို ကူညီ​စေလော့၊ ထို့အတူ ငါ့ကျွန်​ဝီလျံ​လောကိုလည်း ငါ့ကျွန်​ဂျိုးဇက်ကို မြေကြီး​ပေါ်ရှိမင်းတို့အား လေးနက်သော​ကြေညာခြင်းကို ပြုရာ၌၊ သင်တို့ကို ယခင်က​ငါဆိုလေသည့် အတိုင်းပင် ကူညီ​စေလော့။

၁၀၈ ငါ့ကျွန်​ဆစ်ဒနီသည် ငါ၏​အလိုတော်ကို​လုပ်ဆောင်လျှင်၊ သူ၏​မိသားစုကို အရှေ့ပိုင်း​ပြည်များသို့ မရွှေ့​စေနှင့်၊ သို့ရာတွင် ငါ​မိန့်တော်မူလေ​သကဲ့သို့ပင် သူ့အား သူတို့၏​နေရပ်ကို ပြောင်းစေလော့။

၁၀၉ ရှုလော့၊ သူသည် သင်တို့​အဖို့ ငါ​စီရင်ထား​လေသည့်မြို့၊ အကယ်​စင်စစ်၊ နော်ဗူးမြို့မှ​ဝေးရာ၌ ဘေးလွတ်ခြင်းနှင့် ခိုလှုံရာကို ရှာရန်​အားထုတ်ရမည်မှာ ငါ၏​အလိုတော်​မဟုတ်။

၁၁၀ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ယခုမှာပင်၊ သူသည် ငါ၏​အသံကို စေ့စေ့နားထောင်မည်​ဆိုလျှင်၊ ကောင်းသော​အကျိုးကို ခံရ​လိမ့်မည်။ အာမင်။

၁၁၁ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​အာမုတ်ဒေဝီအား တည်းခို​စားသောက်ရာ​အိမ်၊ နော်ဗူးအိမ်​ကိုပင် တည်ဆောက်ရန် ငါ​ခန့်အပ်ထား​လေသော​သူတို့၏ လက်ထဲသို့ မတည်ငွေစုကို ပေးစေလော့။

၁၁၂ သူသည် အစု​တစ်စု​ရှိလိုလျှင် ဤ​အမှုကို ပြုစေလော့။ ထို့အတူ သူ့အား ငါ့ကျွန်​ဂျိုးဇက်၏ အကြံကို စေ့စေ့နားထောင်​စေလော့၊ ထို့အတူ သူ့အား လူတို့၏ စိတ်ချ​ယုံကြည်ခြင်းကို ရရှိနိုင်​စေခြင်းငှာ သူ့လက်ဖြင့် အလုပ်​လုပ်စေလော့။

၁၁၃ သူသည် ခပ်သိမ်းသော အရာတို့၌၊ သူ၏ ဂရုစိုက်ခြင်းသို့ ယုံကြည်​လွှဲအပ်​ထားသည့်၊ အထူး​သဖြင့်၊ အနည်းငယ်သော​အရာတို့၌ပင် သစ္စာ​ရှိကြောင်း၊ သူ့ကိုယ်သူ သက်သေ​ပြနိုင်လျှင်၊ သူ့ကို များစွာသော​အရာတို့​အပေါ် အုပ်စိုးသူ​ဖြစ်စေမည်။

၁၁၄ ထို့ကြောင့်၊ သူ့အား ချီးမြှောက်​ခံရ​နိုင်စေခြင်းငှာ သူ့ကိုယ်သူ နှိမ့်ချ​စေလော့။ ထိုကဲ့သို့​ပင်တည်း။ အာမင်။

၁၁၅ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ရောဘတ်​ဒီ​ဖော်စတာသည် ငါ၏ အသံကို နာခံမည်​ဆိုလျှင်၊ သူ့အား ငါ့ကျွန်​ဂျိုးဇက်​အတွက် အိမ်​တစ်အိမ်ကို၊ သူနှင့် ပြုထားလေသည့် စာချုပ်​အတိုင်း၊ တည်ဆောက်​စေလော့၊ သူ့အဖို့ တံခါးသည် အချိန်နှင့်​အမျှ ဖွင့်လိမ့်မည်။

၁၁၆ သူ့အား သူ၏​ခပ်သိမ်းသော မိုက်မဲခြင်း​အတွက် နောင်တရ​စေလော့၊ ထို့အတူ သူ့ကိုယ်သူ မေတ္တာနှင့် ဝတ်ဆင်​စေလော့။ ထို့အတူ မကောင်းမှုကို​ပြုရန် ရပ်တန့်​စေလော့၊ ထို့အတူ သူ၏​ကြမ်းတမ်းသော စကား​မှန်သမျှတို့ကို ပယ်ရှား​စေလော့။

၁၁၇ မတည်ငွေစုကိုလည်း သူကိုယ်တိုင်​အတွက်၊ ထို့အတူ သူ့နောက်မှ သူ၏​မျိုးဆက်​အတွက် နော်ဗူးအိမ်​အဖွဲ့၏​လက်ထဲသို့ လူမျိုး​အစဉ်​အဆက် ပေးစေလော့။

၁၁၈ ငါ့ကျွန်များ​ဖြစ်သည့် ဂျိုးဇက်၏၊ ထို့အတူ ဟီရမ်၊ ထို့အတူ ဝီလျံလော၊ ထို့အတူ ဇိအုန် အုတ်မြစ်ကို ချရန် ငါ​ခေါ်သွန်းလေသည့် အခွင့်​အာဏာ​ရှိသူတို့၏ အကြံကို စေ့စေ့နားထောင်လော့။ သူသည် ကောင်းသော​အကျိုးကို ကာလ​အစဉ်​အဆက်​အမြဲ​ခံရ​လိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။

၁၁၉ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ မော်မုန်ကျမ်း၌၊ ထို့အတူ သင်တို့အား ငါ​ပေးလေသည့် ဗျာဒိတ်တော်များ၌ ယုံကြည်သူ​မဟုတ်လျှင်၊ အဘယ်သူကိုမျှ မတည်ငွေစုကို နော်ဗူးအိမ်​အဖွဲ့သို့ မပေးစေနှင့်ဟု သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၁၂၀ ဤ​အရာထက် ပို၍ သို့မဟုတ် လျော့၍​ရှိသောအရာသည် မကောင်းမှု​ထံမှ​လာ၏၊ ကျိန်ခြင်း​အမင်္ဂလာနှင့် ကြုံတွေ့ရ​စေလိမ့်မည်၊ ကောင်းချီး​မင်္ဂလာများနှင့်​မဟုတ်ဟု သင်တို့၏ ဘုရားသခင်​ကိုယ်တော်ရှင် မိန့်တော်မူ၏။ ထိုကဲ့သို့​ပင်တည်း။ အာမင်။

၁၂၁ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ နော်ဗူး​အိမ်​အဖွဲ့အား၊ နော်ဗူး​အိမ် တည်ဆောက်ခြင်း၌ သူတို့​လုပ်ဆောင်သည့် ခပ်သိမ်းသော အလုပ်များ​အတွက် မျှတသော အဖိုး​အခ​ဆုကို ရရှိ​စေလော့။ သူတို့၏ အဖိုးအခ​ကိုလည်း သူတို့၌ သဘောတူသည့် အတိုင်း၊ အဖိုးအခနှင့် စပ်ဆိုင်သည့် တန်ဖိုး​အတိုင်း​ရှိစေလော့။

၁၂၂ သူတို့၏ အထောက်​အမ​အတွက်၊ လိုအပ်လျှင်၊ မတည်ငွေစုကို ပေးသူတိုင်းအား သူတို့၏ အဖိုး​အခများ​ထဲမှ မိမိ​ဝေစုကို ခံယူ​စေလော့ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။ သို့မဟုတ်လျှင်၊ သူတို့၏ အလုပ်များကို သူတို့အဖို့ ထိုအိမ်၏​မတည်ငွေစု​အဖြစ် မှတ်ယူ​ရမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။

၁၂၃ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါသည် သင်တို့အား ငါ၏ ယဇ်ပုရောဟိတ်​အခွင့်​ပိုင်သည့် အရာရှိများကို ယခု​ဖော်ပြ၏၊ ထိုအခွင့်၊ အကယ်စင်စစ်၊ ငါ၏​တစ်ပါးတည်းသော​သားတော်၏ အသင်း​အတိုင်း​ရှိရာ မေလခိဇေဒက်၏ အသင်း​အတိုင်းရှိသည့် ယဇ်ပုရောဟိတ်​အခွင့်၏ သော့များကို၊ သင်တို့​ကိုင်ဆောင်နိုင်​စေခြင်း​ငှာပေတည်း။

၁၂၄ ပထမတွင်၊ ငါသည် သင်တို့အား ဟီရမ်​စမစ်ကို သင်တို့​အဖို့ မျိုးနွယ်စုအဘ​အဖြစ်၊ ငါ့အသင်းတော်၏ တံဆိပ်ခတ်ခြင်း​ကောင်းချီး​မင်္ဂလာများကို ကိုင်ဆောင်ရန်၊ ရွေးနုတ်ခြင်း နေ့ရက်​တိုင်အောင် သင်တို့ကို တံဆိပ်ခတ်​တော်မူသော ကတိတော်နှင့်​ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်ကိုပင် ပေး၏။ သင်တို့​အပေါ် ကျရောက်​လာနိုင်သည့် စုံစမ်းခြင်း အချိန်​နာရီ ရှိသော်ငြားလည်း သင်တို့​မကျရှုံးနိုင်ကြ​စေခြင်းငှာ​ပေတည်း။

၁၂၅ ငါသည် သင်တို့အား ငါ့ကျွန်​ဂျိုးဇက်​ကို ငါ၏​အသင်းတော်​တစ်ခုလုံး​အပေါ် ဦးစီး​အသင်း​လူကြီး​အဖြစ်၊ ဘာသာပြန်သူ​တစ်ဦး၊ ဗျာဒိတ်ဟောသူ​တစ်ဦး၊ မြင်သောသူ​တစ်ဦးနှင့် ပရောဖက်​အဖြစ်​ပေး၏။

၁၂၆ ငါသည် သူ့အား ငါ့ကျွန်​ဆစ်ဒနီ​ရစ်ဂဒွန်နှင့် ငါ့ကျွန်​ဝီလျံ​လောကို တိုင်ပင်ဖက်များ​အဖြစ်​ပေး၏၊ အသင်းတော်​တစ်ခုလုံး​အတွက် ဗျာဒိတ်တော်များကို လက်ခံ​ရရှိရန်၊ အဖွဲ့​တစ်ခုနှင့် ပထမ​ဥက္ကဋ္ဌ​အဖွဲ့ကို ဤသူတို့​ဖွဲ့စည်း​တည်ထောင်​နိုင်စေခြင်းငှာ ပေတည်း။

၁၂၇ ငါသည် သင်တို့အား ငါ့ကျွန်​ဘရင်ဂ်ဟမ်​ရန်းဂ်ကို ခရီးသွား​အတိုင်ပင်ခံ​တစ်ဆယ့်​နှစ်ပါး​အပေါ် ဥက္ကဋ္ဌ​တစ်ဦး​အဖြစ် ပေး၏။

၁၂၈ ထို​တစ်ဆယ့်​နှစ်ပါးသည် မြေကြီး​လေးမျက်နှာ​ပေါ်၌ ငါ့နိုင်ငံတော်၏ အခွင့်​အာဏာကို ဖွင့်ရန်​သော့များကို ကိုင်ဆောင်​ကြ၏၊ ထို့နောက်တွင် ငါ၏​နှုတ်ကပတ်တော်ကို လူသတ္တဝါတိုင်း​ထံသို့ စေလွှတ်ရန်​ဖြစ်၏။

၁၂၉ သူတို့သည်ကား ဟက်ဘာ​စီ​ကင်းဘောလ်၊ ပါလီ​ပီ​ပရတ်၊ အော်ဆန်​ပရတ်၊ အော်ဆန်​ဟိုက်၊ ဝီလျံ​စမစ်၊ ဂျွန်​တေလာ၊ ဂျွန်​အီး​ပေ့ဂ်ျ၊ ဝီလဖို့​ဝုဒရပ်ဖ်၊ ဝီလာ့ဒ်​ရစ်ချတ်၊ ဂျော့​အေ​စမစ်တို့​ဖြစ်၏။

၁၃၀ ဒေးဗစ်​ပေတန်ကို ငါ့ထံသို့ ခေါ်ဆောင်​တော်မူ​လေပြီ။ ရှုလော့၊ သူ၏ ယဇ်ပုရောဟိတ်​အခွင့်ကို အဘယ်သူမျှ သူ့ထံမှ​မယူ၊ သို့ရာတွင်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ တခြားသူ​တစ်ဦးကို ထိုတူသော အမှုတော်ဆောင်​တာဝန်သို့ ခန့်အပ်​ထားနိုင်​ပေ၏။

၁၃၁ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ငါသည် သင်တို့အား ဇိအုန်၏ ထောင့်ကျောက် အတွက် အတိုင်ပင်ခံမင်း​အဖွဲ့​တစ်ခုကို ပေး၏—

၁၃၂ အမည်​အားဖြင့်၊ ဆင်မြူရယ်လ်​ဘန့်၊ ဟင်နရီ​ဂျီ​ရှာဝုဒ်၊ ဂျော့​ဒဗယျူ​ဟဲရစ်၊ ချားလ်စ်​စီ​ရစ်ခ်ျ၊ သောမတ်စ်​ဂရိုဗာ၊ နီဝယ်လ်​နိုက်၊ ဒေးဗစ်​ဒေါ့၊ ဒုန်ဘာ​ဝီလဆင်—ဆက်မိုးဝါ​ဘာဆန်ကို ငါ့ထံသို့​ခေါ်ဆောင်​တော်မူ​လေပြီ၊ အဘယ်သူမျှ သူ၏​ယဇ်ပုရောဟိတ်​အခွင့်ကို မယူ၊ သို့ရာတွင် တခြားသော​သူကို ထိုတူသော​ယဇ်ပုရောဟိတ်​အခွင့်သို့ သူ၏​နေရာ၌ ခန့်အပ်​ထားနိုင်​ပေ၏။ ထို့အတူ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန် အာရုန်​ဂျွန်ဆင်ကို ဤ​အမှုတော်ဆောင်​တာဝန်သို့ သူ၏​နေရာ၌ ခန့်ထား​ခံစေလော့—ဒေးဗစ်​ဖူးမာ၊ အဲလ်ဖိယပ်စ်​ကတ်တလာ၊ ဝီလျံ​ဟန့်တင်တမ်တို့ဖြစ်၏။

၁၃၃ ထိုမှ​တစ်ဖန်၊ ငါသည် သင်တို့အား ဒွန်​စီ​စမစ်ကို ယဇ်ပုရောဟိတ်မင်းများ​အဖွဲ့ အပေါ် ဥက္ကဋ္ဌ​တစ်ဦး အဖြစ် ပေး၏။

၁၃၄ ထို​ဘိသိက်မင်္ဂလာကို အရပ်ရပ်သို့​ကွဲပြား​ပြန့်ကျဲသည့် ခြားနားသော​ပန္နက်များ၌ အမြဲ​ဥက္ကဋ္ဌများ သို့မဟုတ် ကျွန်များ​အဖြစ် ခန့်အပ်ထား​ခံရကြမည့်​သူတို့ကို အရည်​အချင်း ပြည့်မီ​စေခြင်း ရည်ရွယ်ချက်​အတွက်​တည်ထောင်​ထား၏။

၁၃၅ သူတို့သည်လည်း ရွေးချယ်​ကြလျှင်၊ ခရီးသွား​နိုင်ကြ၏၊ သို့ရာတွင် အမြဲ​ဥက္ကဋ္ဌများ​အဖြစ်သာ ခန့်ထား​ခံကြရ၏။ ဤ​အရာမှာ သူတို့၏ အမှုတော်ဆောင်​တာဝန် အမှု​အရာ​ဖြစ်၏ဟု သင်တို့၏ ဘုရားသခင်​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၁၃၆ ငါသည် သူ့အား အမ်ဆာ​လိုင်မန်နှင့် နိုဝါ​ပက်ကာ့ဒ်တို့ကို တိုင်ပင်ဖက်များ​အဖြစ်ပေး၏၊ ငါ့အသင်းတော်၏ ယဇ်ပုရောဟိတ်မင်းများ​အဖွဲ့အပေါ် သူတို့​ဦးစီး​နိုင်ကြ​စေခြင်းငှာ​ပေတည်းဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၁၃၇ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ငါသည် သင်တို့အား အသင်း​လူကြီး​အဖွဲ့​အပေါ် ဦးစီးရန် ဖြစ်သော ယဇ်ပုရောဟိတ်​အခွင့်ကို ကိုင်ဆောင်ထားသူ ဂျွန်​အေ​ဟစ်၊ ဆင်မြူရယ်လ်​ဝီလျံနှင့် ဂျာဆီ​ဘေကာတို့ကို ပေး၏၊ ထိုအဖွဲ့ကို အမြဲ​အမှုတော်ဆောင်များ​အတွက် တည်ထောင်​ထား၏။ သို့သော်လည်း၊ သူတို့သည် ငါ့အသင်းတော်​အဖို့ အမြဲ​အမှုတော်ဆောင်များ​အဖြစ် ခန့်ထားခံကြရ​သော်လည်း ခရီးသွား​နိုင်ကြ​ပေ၏ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၁၃၈ ထိုမှ​တစ်ဖန်၊ ငါသည် သင်တို့အား ဂျိုးဇက်ရန်း၊ ဂျိုဆိရ​ဘတ်တာဖီးလ်ဒ်၊ ဒန်နီယယ်လ်​မိုင်းလ်စ်၊ ဟင်နရီ​ဟာရီမန်၊ ဇယ်ရာ​ပူလ်ဆီဖာ၊ လေဝိ​ဟန်ကော့၊ ဂျိမ်း​ဖော်စတာတို့ကို ခုနစ်ကျိပ်​အဖွဲ့​အပေါ် ဦးစီးရန် ပေး၏။

၁၃၉ ငါ၏​ခရီးသွား​အတိုင်ပင်ခံမင်း​အဖွဲ့၊ ငါ၏​တမန်တော်များက ခရီးသွား​အသင်း​လူကြီးတို့အား ငါ့မျက်နှာ​ရှေ့၌ လမ်းကို​ပြင်ဆင်ရန် အဘယ်​အရပ်သို့​လွှတ်သည်​ဖြစ်စေ လောက​တစ်ခုလုံး၌ ငါ၏​နာမတော်​အကြောင်း​သက်သေခံရန် သူတို့​အတွက် ထိုအဖွဲ့ကို တည်ထောင်​ထား၏။

၁၄၀ ဤ​အဖွဲ့နှင့် အသင်း​လူကြီး​အဖွဲ့​ကြား၌ ခြားနားချက်​သည်ကား တစ်ဖွဲ့မှာ အစဉ်​မပြတ်​ခရီးသွားရန်​ဖြစ်ပြီး၊ အခြား​တစ်ဖွဲ့မှာ အသင်းတော်​အပေါ် အချိန်နှင့်​အမျှ ဦးစီးရန်​ဖြစ်၏။ တစ်ဖွဲ့၌ အချိန်နှင့်​အမျှ ဦးစီးခြင်း​တာဝန်​ရှိပြီး၊ အခြား​တစ်ဖွဲ့မှာ​ဦးစီးခြင်း​တာဝန်​မရှိဟု သင်တို့၏ ဘုရားသခင်​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၁၄၁ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ငါသည် သင်တို့အား ဗင်ဆင်နိုက်၊ ဆင်မြူရယ်လ်​အိပ်ခ်ျ စမစ်၊ ထို့အတူ သူလက်ခံလိုလျှင် ရှက်ဒရက်​ရောင်ဒီကိုလည်း၊ သင်းအုပ်နှင့်​အတိုင်ပင်ခံ​အဖွဲ့ပေါ် ဦးစီးရန် ပေး၏။ ဖော်ပြပါ​သင်းအုပ်နှင့်​အတိုင်ပင်ခံ​အဖွဲ့​အကြောင်း အသိပညာကို သင်တို့အား ဩဝါဒနှင့်​ပဋိညာဉ်များကျမ်း၌ ပေးထား၏။

၁၄၂ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ဆင်မြူရယ်လ်​ရိုလ်ဖီနှင့် သူ၏​တိုင်ပင်ဖက်များကို ယဇ်ပုရောဟိတ်များ၊ ထို့အတူ ဆရာတို့၏ ဥက္ကဋ္ဌနှင့် သူ၏​တိုင်ပင်ဖက်များ၊ ထို့အတူ သင်းထောက်တို့၏ ဥက္ကဋ္ဌနှင့် သူ၏​တိုင်ပင်ဖက်များ၊ ထို့အတူ ပန္နက်ဥက္ကဋ္ဌနှင့် သူ၏ တိုင်ပင်ဖက်များ အဖြစ် ပေး၏။

၁၄၃ အထက်က​အမှုအရာများနှင့် ၎င်းတို့ရှိ​သော့များကို သင်တို့အား ငါ​ပေးလေပြီ၊ အကူ​အညီ​အတွက်နှင့် အစိုးရခြင်း​အတွက်၊ အမှုတော်ဆောင်ခြင်း​အလုပ်နှင့် ငါ၏​သန့်ရှင်းသူတို့အား စုံလင်​စေခြင်း​အတွက် ဖြစ်၏။

၁၄၄ သင်တို့သည် ခပ်သိမ်းသော​ဤ​အမှု​အရာတို့ကို ဖြည့်၍၊ ငါ​ဖော်ပြ​လေသည့်​အမည်များကို အတည်ပြု​ရမည်၊ သို့မဟုတ်လျှင် ၎င်းတို့ကို ငါ၏​အထွေထွေ​ညီလာခံ၌ အတည်​မပြု​ရမည့်​အကြောင်း ပညတ်တော်​တစ်ခုကို သင်တို့အား ငါပေး၏။

၁၄၅ သင်တို့သည် ငါ၏​နာမတော်​အဖို့ ငါ၏​အိမ်တော်ကို တည်ဆောက်သော​အခါ၊ ထို​အထဲ၌ ခပ်သိမ်းသော​ဤ အမှု​အရာတို့ အတွက် အခန်းများကို ပြင်ဆင်ရ​စေကြောင်းလည်း​ဖြစ်၏။ ထိုကဲ့သို့​ပင်တည်း။ အာမင်။