ကျမ်းစာများ
အယ်လမာ ၈


အခန်းကြီး ၈

အယ်လမာသည် မိလက်​ပြည်၌ ဟောပြော၍ ဗတ္တိဇံ​ပေး၏—သူသည် အမ္မုန်နိဟ​ပြည်၌ ငြင်းပယ်​ခံရပြီး၊ စွန့်ခွာ၏—ကောင်းကင်တမန်တစ်ပါးက သူ့အား ပြန်သွားရန်နှင့် လူတို့အား နောင်တရခြင်းကို ဟစ်ကြော်ရန်​မိန့်မှာ၏—အာမြူးလက်က သူ့ကို လက်ခံ၏၊ သူတို့​နှစ်ဦးသည် အမ္မုန်နိဟ​ပြည်၌ ဟောပြောကြ၏။ ဘီစီ ၈၂ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် မရေးနိုင်သည့် များစွာသော​အရာများကို ဂိဒေါင်မြို့မှ လူတို့အား သွန်သင်​ပေးပြီးနောက်၊ ဇရဟင်မလ​ပြည်၌ ယခင်က သူပြုလေသည့်​အတိုင်း အသင်းတော်​၏ အသင်းကို တည်ထောင်လျက်၊ ဂိဒေါင်​ပြည်မှ ပြန်လာခဲ့၏။ ထိုမှတစ်ပါး၊ သူ​ဆောင်ရွက်​လေသော​အလုပ်များမှ အနား​ယူခြင်းငှာ၊ ဇရဟင်မလ​ရှိသူ့​အိမ်သို့ ပြန်လာခဲ့၏။

ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်းလူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း​နဝမ​မြောက်နှစ် ပြီးဆုံးခဲ့၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်းလူမျိုးတို့၌ တရား​သူကြီးများ​အုပ်စိုးခြင်း ဒဿ​မမြောက်​နှစ်အစတွင်၊ အယ်လမာသည် ထိုနေရာမှ​ထွက်ခွာ​သွားပြီး၊ တောရိုင်း​နယ်နိမိတ်၏​အနောက်​အရပ်၊ ဇိဒုန်မြစ်၏​အနောက်​ဘက်ရှိ မိလက်​ပြည်သို့ ခရီးသွား၏။

သူ့ကို ခေါ်တော်မူ​ထားလေသည့် ဘုရားသခင်၏​သန့်ရှင်းသော​အသင်း​အတိုင်း မိလက်​ပြည်၌ လူတို့ကို သူသွန်သင်​ပေး​စပြု၏။ မိလက်​ပြည်​တစ်လျှောက်​လုံး၌ လူတို့ကို သွန်သင်​ပေး​စပြု၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့သည် တောရိုင်းဘက်ရှိ ထိုပြည်၏​နယ်နိမိတ်​တစ်လျှောက်၌ သူ့ထံသို့ လာကြ၏။ ထိုပြည်​တစ်လျှောက်လုံး၌လည်း ဗတ္တိဇံ​ခံကြ၏။

ထို့ကြောင့်၊ သူသည် မိလက်​ပြည်၌ သူ၏​အမှု​ပြီးဆုံး​လေလျှင်၊ ထိုနေရာမှ ထွက်ခွာ၍၊ မိလက်ပြည်၏​မြောက်အရပ်၌ သုံးရက်ကြာ​ခရီးသွား၏။ အမ္မုန်နိဟဟု​ခေါ်သည့်​မြို့သို့ ရောက်​လာ၏။

ယခုတွင်၊ သူတို့၏​ပြည်များကို​လည်းကောင်း၊ သူတို့၏​မြို့များကို​လည်းကောင်း၊ သူတို့၏​ရွာများကို​လည်းကောင်း၊ အမှန်စင်စစ်၊ သူတို့၏​ရွာငယ်များကိုပင် ပထမ​ဦးဆုံး ပိုင်ဆိုင်သည့်​သူ၏​နာမည်​အတိုင်း ခေါ်ခြင်း​သည်ကား၊ နီဖိုင်းလူမျိုးတို့၏​ထုံးစံ​ဖြစ်၏။ အမ္မုန်နိဟ​ပြည်​သည်လည်း ထိုကဲ့သို့​အားဖြင့် ဖြစ်လာ​ခဲ့လေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် အမ္မုန်နိဟ​မြို့သို့​ရောက်လေလျှင်၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို သူတို့အား ဟောပြော​စပြု၏။

ယခုတွင်၊ စာတန်သည် အမ္မုန်နိဟမြို့​ရှိလူတို့၏​စိတ်နှလုံးကို ကြီးစွာ​လွှမ်းမိုးခြင်း​ရှိလေ၏။ ထို့ကြောင့်၊ သူတို့သည် အယ်လမာ၏​စကားများကို စေ့စေ့နားမ​ထောင်လိုကြ။

၁၀ သို့သော်လည်း၊ အယ်လမာသည် ဘုရားသခင်ထံသို့ အားကြီးသော​ဆုတောင်းခြင်းဖြင့် ရုန်းကန်လျက် စိတ်ဝိညာဉ်ဖြင့် အလွန်​ကြိုးစား၍ အလုပ်​လုပ်ခဲ့​သည်မှာ မြို့ထဲ၌​ရှိသော​လူတို့​အပေါ် ဝိညာဉ်တော်ကို သွန်းလောင်း​တော်မူ​စေကြောင်း၊ သူတို့အား နောင်တရခြင်း​အလို့ငှာ၊ ဗတ္တိဇံ​ပေးနိုင်​စေခြင်းငှာ အခွင့်​ပေးတော်မူ​စေကြောင်း ပင်တည်း။

၁၁ သို့ရာတွင်၊ သူတို့သည် စိတ်နှလုံးကို​မာကျော​စေ၍၊ ဆိုနေ​သည်ကား၊ ရှုလော့၊ သင်သည် အယ်လမာ​ဖြစ်သည်ကို ငါတို့​သိ၏။ သင်သည် ပြည်၏​နေရာများစွာ၌ သင်၏​နည်း​ဥပဒေသ​အတိုင်း သင်တည်​ထောင်လေသည့်​အသင်း​တော်၌ ယဇ်ပုရောဟိတ်​မင်းဖြစ်​သည်ကိုလည်း ငါတို့​သိ၏။ ငါတို့​သည် သင်၏​အသင်းတော်မှ မဟုတ်၍၊ ထိုကဲ့သို့​မိုက်မဲသည့် နည်း​ဥပဒေသများကို မယုံကြည်ကြ။

၁၂ ယခုမူကား၊ ငါတို့​သိကြ​သည်မှာ၊ ငါတို့သည် သင်၏​အသင်းတော်မှ မဟုတ်သောကြောင့်၊ သင်သည် ငါတို့​အပေါ် အစိုးရခြင်း​မရှိကြောင်း ငါတို့​သိ၏။ ထို့အတူ၊ သင်သည် တရား​ပလ္လင်ကို နီဖိုင်းဟသို့ လွှဲအပ်​ခဲ့လေပြီ။ ထို့ကြောင့်၊ သင်သည် ငါတို့​အပေါ်၌ တရား​သူကြီး​ချုပ်မဟုတ်။

၁၃ ယခုတွင်၊ လူတို့က ဤသို့​ဆို၍၊ သူ၏​စကားခပ်သိမ်းတို့ကို ငြင်းဆို၍၊ သူ့ကို ကဲ့ရဲ့​ပြောဆိုပြီး၊ တံတွေးဖြင့်​ထွေး၍၊ သူတို့၏​မြို့ပြင်သို့ နှင်ထုတ်​စေကြသဖြင့်၊ သူသည် ထိုနေရာမှ ထွက်ခွာ​သွားပြီး အာရုန်ဟု​ခေါ်သော​မြို့ဆီသို့ ခရီး​သွား၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် ထိုနေရာသို့ ခရီးသွား​စဉ်တွင်၊ အမ္မုန်နိဟ​မြို့၌​ရှိသော​လူတို့၏ ဆိုးညစ်ခြင်းကြောင့်၊ ဝမ်းနည်းခြင်းနှင့် ဝန်လေးလျက်၊ များစွာသော​အတိဒုက္ခများနှင့် စိတ်ဝိညာဉ်၏​ပြင်းစွာသော​ဝေဒနာတို့ကို ဖြတ်သန်းလျက်၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ထိုကဲ့သို့၊ ဝမ်းနည်းခြင်းနှင့် ဝန်လေးလျက်​ရှိစဉ်တွင်၊ ရှုလော့၊ ကိုယ်တော်ရှင်၏​ကောင်းကင်​တမန်​တစ်ပါး​သူ့ထံသို့ ပေါ်လာ၍ မြွက်ဆိုလေ​သည်ကား၊

၁၅ အသင်​အယ်လမာသည် မင်္ဂလာ​ရှိ၏။ ထိုကြောင့်၊ သင့်၌ ရွှင်လန်း​ဝမ်းမြောက်ရန် ကြီးစွာသော​အကြောင်း​ရှိသဖြင့်၊ သင်၏​ဦးခေါင်းကို​မော့၍၊ ရွှင်လန်း​ဝမ်းမြောက်လော့။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းရာ၌၊ သူ့ထံမှ ပထမ​ဦးဆုံး​သတင်းစကားကို လက်ခံ​ရရှိသည့်​အချိန်​ကတည်းက သစ္စာ​ရှိလေပြီ။ ရှုလော့၊ ငါသည်ကား၊ ထိုအရာကို သင့်ထံသို့ ဟော​ပြောခဲ့သော​သူပေတည်း။

၁၆ ရှုဦးလော့၊ အမ္မုန်နိဟ​မြို့သို့ သင်ပြန်လာပြီး၊ လူတို့အား တစ်ဖန်​ဟောပြော​ရမည့်​အကြောင်း၊ အမှန်စင်စစ်၊ သူတို့အား ဟောပြောရမည့်​အကြောင်း သင့်ကို မိန့်မှာ​စေခြင်းငှာ ငါ့အား စေလွှတ်​တော်မူ၏။ ထိုမှတစ်ပါး၊ သူတို့​နောင်တ​မရလျှင်၊ သူတို့ကို ကိုယ်တော်ရှင်​ဘုရားသခင် ဖျက်ဆီး​တော်မူမည့်​အကြောင်း ပြော​ကြားလော့။

၁၇ အကြောင်းမူကား၊ ရှုလော့၊ သူ၏​လူတို့အား ပေး​ထားတော်မူ​လေသည့် ထုံးဥပဒေသများ၊ စီရင်​တော်မူချက်များနှင့် ပညတ်တော်များကို ဆန့်ကျင်ခြင်း​ဖြစ်သည့် (ကိုယ်တော်ရှင် ထိုကဲ့သို့​မိန့်တော်မူ​လေ၍) သင့်လူမျိုးတို့၏​လွတ်လပ်ခြင်းကို ဖျက်ဆီးနိုင်ခြင်းငှာ သူတို့သည် ဤအချိန်၌ ကြံစည်​အားထုတ်​ကြ၏။

၁၈ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ကိုယ်တော်ရှင်၏​ကောင်းကင်​တမန်​ထံမှ သူ၏​သတင်းစကားကို ရရှိလေ​ပြီးနောက်၊ အမ္မုန်နိဟ​ပြည်သို့ အလျင်​အမြန် ပြန်လာ​ခဲ့၏။ မြို့တွင်းသို့ တခြား​လမ်း​အားဖြင့်၊ အထူးသဖြင့်၊ အမ္မုန်နိဟ​မြို့၏​တောင်​အရပ်​ရှိလမ်းမှ ဝင်၏။

၁၉ သူသည် ထိုမြို့သို့​ဝင်သော​အခါ၌ အစာ​မွတ်သိပ်သူတစ်ဦးဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ နှိမ့်ချသော​ကျွန်​တစ်ဦးအား စားစရာ​တစ်စုံ​တစ်ခု ပေးမည်​လောဟု လူတစ်ဦးကို ဆို၏။

၂၀ ထိုလူကလည်း ဆိုလေသည်ကား၊ အကျွန်ုပ်သည် နီဖိုင်း​အမျိုးသား​တစ်ဦး​ဖြစ်ပါ၏။ သင်သည် ဘုရားသခင်၏​သန့်ရှင်းသော ပရောဖက်​တစ်ပါး​ဖြစ်ကြောင်း​ကိုလည်း အကျွန်ုပ်​သိပါ၏။ အကြောင်းမူကား၊ သင်လက်ခံ​ရရှိ​လိမ့်မည်ဟု ရူပါရုံ၌ ကောင်းကင်​တမန် မြွက်​ဆိုလေသူမှာ သင်​ဖြစ်၏။ ထို့ကြောင့်၊ အကျွန်ုပ်နှင့်​အတူ၊ အကျွန်ုပ်​အိမ်ထဲသို့ ဝင်ပါလော့။ အကျွန်ုပ်သည် သင့်အား အကျွန်ုပ်၏ စားစရာကို မျှ၍​ပေးပါမည်။ အသင်သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏​မိသားစု​အတွက် ကောင်းချီး​မင်္ဂလာ​ဖြစ်​လိမ့်မည်​ကိုလည်း အကျွန်ုပ်​သိပါ၏။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုလူ၏​အိမ်၌ သူ့ကို​လက်ခံခဲ့၏။ ထိုလူကို၊ အာမြူး​လက်ဟု ခေါ်၏။ သူသည် မုန့်နှင့် အသားကို ယူလာ၍ အယ်လမာရှေ့၌ ထား​ပေး၏။

၂၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် မုန့်ကို​စား၍ ဝမ်းပြည့်၏။ သူသည် အာမြူး​လက်နှင့် အိမ်သားတို့​ကိုလည်း ကောင်းချီး​ပေးပြီး၊ ဘုရားသခင်အား ကျေးဇူးတော်​ချီးမွမ်း၏။

၂၃ သူသည်လည်း စားပြီး၍ ဝမ်းပြည့်​လေလျှင်၊ အာမြူး​လက်ကို ပြောလေသည်မှာ၊ ငါသည် အယ်လမာ​ဖြစ်၏။ ထိုပြည်​တစ်လျှောက်ရှိ ဘုရားသခင်၏​အသင်းတော်၌ ယဇ်ပုရောဟိတ်​မင်းလည်း​ဖြစ်၏။

၂၄ ရှုဦးလော့၊ ငါသည် ဤလူတို့၌ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဗျာဒိတ်တော်နှင့် ပရောဖက်​ပြုဟောချက်​ဝိညာဉ်တို့​အတိုင်း ဟောပြော​စေရန် ခေါ်သွင်းခံရ​လေပြီ။ ငါသည် ဤပြည်၌​ရှိသော်လည်း၊ သူတို့ငါ့ကို​လက်မခံလို၊ နှင်၍သာထုတ်သဖြင့်၊ ဤပြည်ကို ကာလ​အစဉ်​အဆက် ကျောခိုင်းတော့မည်​ပြု၏။

၂၅ သို့ရာတွင်၊ ရှုလော့၊ ငါတစ်ဖန်​ပြန်လှည့်၍၊ ဤလူတို့ကို ပရောဖက်​ပြု၍​ဟောရမည့်​အကြောင်း၊ ထိုမှတစ်ပါး၊ သူတို့၏​ဒုစရိုက်များ​နှင့်စပ်လျဉ်း၍ သူတို့ကို ဆန့်ကျင်ပြီး၊ သက်သေခံရန် မိန့်မှာ​ခံရလေပြီ။

၂၆ ယခုမူကား၊ အာမြူးလက်၊ သင်သည် ငါ့ကို လက်ခံ၍​ကျွေးမွေးသောကြောင့် ကောင်းချီး​ခံစား​ရ၏။ အကြောင်းမူကား၊ ငါသည် နေ့ပေါင်းများစွာ​အစာ​ရှောင်ခဲ့သဖြင့် အစာ​မွတ်​သိပ်သူတစ်ဦး ဖြစ်လေ၏။

၂၇ အယ်လမာ​သည်လည်း လူတို့အား ဟောပြောခြင်းကို အစ​မပြုမီတွင် အာမြူး​လက်နှင့် နေ့​ပေါင်းများစွာ နေထိုင်၏။

၂၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့သည်လည်း သူတို့၏​ဒုစရိုက်များ၌ သာ၍​ဆိုးရွား​လာ၏။

၂၉ နှုတ်ကပတ်တော်​သည်လည်း အယ်လမာထံသို့ ရောက်လာ၍၊ မိန့်တော်မူလေ​သည်ကား၊ သွားလော့၊ ငါ့ကျွန်​အာမြူးလက်ကို ဆိုလော့၊ ထွက်သွားပြီး၊ ဤလူတို့ကို ပရောဖက်​ပြု၍​ဟောရမည်မှာ—သင်တို့​နောင်တရလော့၊ ကိုယ်တော်ရှင်​မိန့်တော်မူ​လေသည်ကား၊ သင်တို့​နောင်တမရလျှင်၊ ငါသည် ဤလူတို့ကို အမျက်​ထွက်၍ ဆုံးမတော်မူမည်။ ထိုမှတစ်ပါး၊ ငါ၏​ပြင်းစွာသော​အမျက်တော်ကို လွှဲသွား​တော်မူမည်​မဟုတ်။

၃၀ အယ်လမာနှင့် အာမြူးလက်တို့​သည်လည်း လူတို့၌၊ ဘုရားသခင်၏​နှုတ်ကပတ်တော်များကို ဟောကြား​ကြခြင်းငှာ၊ ထွက်သွားကြ၏။ သူတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်နှင့်လည်း ပြည့်၏။

၃၁ ထို့အတူ၊ မြေတွင်း​လှောင်​အိမ်ထဲ၌ လှောင်ထားမခံရနိုင်​စေခြင်းငှာ၊ တန်ခိုးကို သူတို့အား ပေးထား​တော်မူလေ၏။ တစ်စုံ​တစ်ဦးက သူတို့ကို ကွပ်မျက်နိုင်ရန်လည်း မဖြစ်နိုင်ချေ။ သို့သော်လည်း၊ ကြိုးများဖြင့်​ချည်နှောင်၍ ထောင်ထဲသို့ လှောင်သည်ကို သူတို့​မခံရ​မချင်း၊ သူတို့၏​တန်ခိုးကို အသုံး​မပြုကြ။ ယခုတွင်၊ ဤအမှုကို ပြုခြင်းမှာ၊ ကိုယ်တော်ရှင်သည် မိမိတန်ခိုးတော်ကို သူတို့၌ ပြတော်မူ​နိုင်ခြင်းငှာ​ပေတည်း။

၃၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ထွက်သွား၍၊ သူတို့အား ကိုယ်တော်ရှင်​ပေးထား​တော်မူလေသည့် ဝိညာဉ်နှင့် တန်ခိုး​အတိုင်း လူတို့အား ဟောပြောခြင်းငှာနှင့် ပရောဖက်​ပြု၍​ဟောခြင်းငှာ အစ​ပြုကြ၏။