ကျမ်းစာများ
အယ်လမာ ၅၃


အခန်းကြီး ၅၃

လာမန်​အမျိုးသားစစ်​အကျဉ်းသားတို့သည် အလျှံပယ်မြို့ကို အင်အား​ခိုင်မာ​စေခြင်း၌ အသုံး​ပြုခံရ၏—နီဖိုင်း​အမျိုးသားတို့၌ သဘော​ထားကွဲလွဲခြင်းက လာမန်​အမျိုးသားတို့​အောင်နိုင်ခြင်းကို ဖြစ်စေ၏—ဟေလမန်သည် အမ္မုန်​လူမျိုးတို့၏ သားလုလင်​ပျိုနှစ်​ထောင်ကို အုပ်ချုပ်​ကွပ်ကဲ၏။ ဘီစီ ၆၄–၆၃ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် လာမန်​အမျိုးသား​စစ်​အကျဉ်းသားတို့ကို အစောင့်များ​ချထား၏၊ သူတို့​အသေကောင်များ၊ ထိုမှတစ်ပါး၊ ကွပ်မျက်​ခံရလေသော နီဖိုင်း​အမျိုးသား​အသေ​ကောင်များကို သွား၍​သင်္ဂြိုဟ်စေရန် အနိုင်​အထက်​စီရင်၏။ မော်ရော်နိုင်းသည် ထိုသူတို့​အလုပ်လုပ်​နေစဉ် စောင့်ကြည့်​စေခြင်းငှာလည်း လူတို့ကို နေရာ​ချထား၏။

မော်ရော်နိုင်းသည် မြူးလက်မြို့သို့ လေဟိနှင့်​အတူ သွား၍၊ မြို့၏​အုပ်ချုပ်​ကွပ်ကဲခွင့်ကို ယူ၍၊ လေဟိအား ပေး၏။ ယခုတွင်၊ ရှုလော့၊ ဤလေဟိသည်ကား၊ မော်ရော်နိုင်း၏​တိုက်ပွဲ​အများစု၌ သူနှင့်​အတူ​ရှိလေသော​သူပင်တည်း။ မော်ရော်နိုင်း​ကဲ့သို့သော လူတစ်ဦးလည်း​ဖြစ်၏။ သူတို့သည် တစ်ယောက်နှင့်​တစ်ယောက်၏ ဘေးလွတ်ခြင်း၌ ရွှင်လန်း​ဝမ်းမြောက်ကြ၏။ ထိုမှတစ်ပါး၊ သူတို့သည် တစ်ယောက်ကို တစ်ယောက်​ချစ်၏။ နီဖိုင်း​လူမျိုးခပ်သိမ်းတို့၏​ချစ်ခြင်းကိုလည်း ခံရ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် သူတို့​အသေကောင်များ၊ ထို့အတူ၊ နီဖိုင်း​အမျိုးသားတို့၏​အသေကောင်များ​သင်္ဂြိုဟ်ခြင်းကို ပြီးလေပြီးမှ၊ အလျှံပယ်​ပြည်ထဲသို့ ပြန်၍ ချီတက်​ရ၏။ တေအန်ကမ်သည်လည်း မော်ရော်နိုင်း၏​အမိန့်​တို့ဖြင့်၊ သူတို့ကို ထိုပြည်သို့​မဟုတ်၊ အလျှံပယ်​မြို့၏​ပတ်လည်၌ ကျုံးတစ်ခုကို​တူးခြင်းအလုပ်၌ စတင်​စေ၏။

သူတို့အား၊ ကျုံး၏​အတွင်း​ကမ်းပါးပေါ်၌ ရင်ပတ်​အထိ​မြင့်သော သစ်သား​နံရံကို တည်ဆောက်​စေ၏။ သူတို့သည် ကျုံးထဲမှ​မြေကြီးကို ရင်ပတ်​အထိမြင့်သော​သစ်သား​နံရံနှင့်​ကပ်၍ စုပုံကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် လာမန်​အမျိုးသားတို့ကို အလျှံပယ်​မြို့၏​ပတ်လည်၌ အလွန်​မြင့်သည့် ခိုင်မာသော သစ်သားနှင့်​မြေကြီးတံတိုင်းဖြင့် ဝိုင်းပတ်လေသည်​အထိ အလုပ်​လုပ်စေ၏။

ဤမြို့သည်လည်း နောင်အစဉ်​အဆက်​တည်ရှိမည့် အခိုင်​အမာ​စခန်း​တစ်ခု ဖြစ်​လာလေ၏။ ဤမြို့၌၊ လာမန်​အမျိုးသားစစ်​အကျဉ်းသားတို့ကို၊ အထူးသဖြင့်၊ သူတို့​လက်ဖြင့် တည်ဆောက်​စေသည့် တံတိုင်းအတွင်း၌ပင် စောင့်ကြည့်ကြ၏။ ယခုတွင်၊ လာမန်​အမျိုးသားတို့ကို အလုပ်​လုပ်နေစဉ်၊ စောင့်ကြည့်ရန်မှာ လွယ်ကူလေသောကြောင့်၊ မော်ရော်နိုင်းသည် လာမန်​အမျိုးသားတို့ကို အလုပ်​လုပ်ခိုင်းစေရန် အနိုင်​အထက်​စီရင်ရလေ၏။ လာမန်​အမျိုးသားတို့ကို တိုက်ခိုက်သော​အခါ၌လည်း သူ၏ခပ်သိမ်းသော အင်အားစုကို သုံးရန် အလို​ရှိ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် ထိုကဲ့သို့​အားဖြင့်၊ လာမန်​အမျိုးသား​တပ်များ၏ အကြီးဆုံး​တပ်များမှ တစ်တပ်ကို အောင်နိုင်၍၊ နီဖိုင်း​ပြည်၌ လာမန်​အမျိုးသားတို့၏ အခိုင်မာ​ဆုံးစခန်းတို့မှ တစ်ခု​ဖြစ်လေသော မြူးလက်မြို့ကို ရရှိလေ၏။ ထိုကဲ့သို့​အားဖြင့်၊ သူ၏​စစ်အကျဉ်းသားများကို ထိန်းသိမ်းထားရန် အခိုင်​အမာ​စခန်း​တစ်ခုကိုလည်း တည်ဆောက်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုနှစ်တွင်၊ သူသည် လာမန်​အမျိုးသားတို့နှင့် စစ်တိုက်ရန် မကြိုးစားတော့၊ သို့ရာတွင် စစ်တိုက်ခြင်း​အတွက်​ပြင်ဆင်ခြင်းများ​ပြုရာ၌​လည်းကောင်း၊ ထိုမှတစ်ပါး၊ လာမန်​အမျိုးသားတို့ကို ဆန့်ကျင်​ကာကွယ်ရန် ခံတပ်များ​ပြုလုပ်ရာ၌​လည်းကောင်း၊ ထိုမှတစ်ပါး၊ မိမိတို့​မိန်းမများနှင့် မိမိတို့​သားသမီးများကို ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးနှင့် ဆင်းရဲ​ဒုက္ခတို့မှ ကယ်လွှတ်ရာ၌​လည်းကောင်း၊ မိမိတို့​တပ်များ​အတွက် စားစရာကို ပြင်ဆင်ရာ၌​လည်းကောင်း မိမိလူတို့ကို လုပ်ကိုင်စေ၏။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အနောက်ပင်လယ် တောင်ဘက်​အရပ်ရှိ လာမန်​အမျိုးသားတို့၏​တပ်များသည် မော်ရော်နိုင်း​မရှိစဉ် နီဖိုင်း​အမျိုးသားတို့၌ သဘောထား​ကွဲလွဲမှုကို ဖြစ်စေသည့်၊ သူတို့၌ လျှို့ဝှက်​ကြံစည်မှု​အချို့ကြောင့်၊ နီဖိုင်း​အမျိုးသားတို့​အပေါ် အသာ​စီးရ​ရှိလေသဖြင့်၊ ထိုမှတစ်ပါး ပြည်၏​ထိုအရပ်ရှိ သူတို့၏​မြို့အချို့ကို ရရှိလေ၏။

ထို့ကဲ့သို့အားဖြင့်၊ သူတို့​ကိုယ်တိုင်၌​ရှိသော​ဒုစရိုက်ကြောင့်၊ အထူးသဖြင့် သူတို့​ကိုယ်တိုင်၌​ရှိသော သဘောထား​ကွဲလွဲမှုများနှင့် လျှို့ဝှက်​ကြံစည်မှုတို့ကြောင့်၊ ဘေးအန္တရာယ်​အများဆုံး အခြေအနေသို့ ရောက်လေ၏။

၁၀ ယခုမူကား၊ ရှုလော့၊ အစက လာမန်​အမျိုးသား​ဖြစ်သူ အမ္မုန်​လူမျိုးတို့​အကြောင်းကို ပြောစရာ ငါ့၌ အတော်​အသင့်​ရှိ၏။ သို့ရာတွင်၊ အမ္မုန်နှင့် သူ၏​ညီအစ်ကိုတို့​အားဖြင့်၊ အမှန်စင်စစ်၊ ဘုရားသခင်၏ တန်ခိုးတော်နှင့် နှုတ်ကပတ်တော်တို့​အားဖြင့် သူတို့သည် ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲကြလေပြီ။ သူတို့သည် ဇရဟင်မလ​ပြည်ထဲသို့ ဆောင်ယူခြင်းကိုလည်း ခံရလျက်၊ ထိုအချိန်ကတည်းက နီဖိုင်​အမျိုးသားတို့​အားဖြင့် ကာကွယ်​ထားခြင်းကို ခံရကြ၏။

၁၁ သူတို့၏​ကျိန်ဆိုခြင်းကြောင့်၊ သူတို့သည် သူတို့၏​ညီအစ်ကိုတို့ကို ဆန့်ကျင်၍​လက်နက်​စွဲကိုင်ခြင်းမှ ဆီးတား​သည်ကို ခံရကြလေပြီ။ အကြောင်းမူကား၊ သူတို့သည် အသွေး​သွန်းလောင်းခြင်းကို အဘယ်တော့မျှ ထပ်၍​ပြုမည်​မဟုတ်ကြောင်း ကျိန်ဆိုခဲ့လေပြီ။ သူတို့၏​ကျိန်ဆိုခြင်း​အတိုင်း၊ သူတို့​ပျက်စီးပေမည်။ အထူးသဖြင့်၊ သူတို့သည် အမ္မုန်နှင့် သူ၏​ညီအစ်ကိုတို့က သူတို့​အတွက်​ထားရှိလေသည့် သနားခြင်းနှင့် ကြီးစွာသော​ချစ်ခြင်းကြောင့်​မဟုတ်လေလျှင်၊ သူတို့ကိုယ်ကို သူတို့၏​ညီအစ်ကိုတို့​လက်ထဲသို့ လဲကျစေရန် အခွင့်​ပေးခဲ့ကြလိမ့်မည်။

၁၂ ဤအကြောင်းကြောင့်လည်း သူတို့သည် ဇရဟင်မလ​ပြည်ထဲသို့ ဆောင်ယူခံရ၏။ နီဖိုင်း​အမျိုးသားတို့အားဖြင့် အစဉ်​ကာကွယ်ထား ခံရ၏။

၁၃ သို့ရာတွင်​ချိန်တန်​လာသော​အခါ၊ သူတို့သည် နီဖိုင်း​အမျိုးသားတို့ ခံစားရသော ဘေးအန္တရာယ်၊ များစွာသော​ဆင်းရဲ​ဒုက္ခများနှင့် အတိ​ဒုက္ခများကို မြင်ရလေလျှင်၊ သနားခြင်း​ရှိလာ၍ သူတို့​တိုင်းပြည်ကို​ကာကွယ်ရာ၌ လက်နက်​စွဲကိုင်ခြင်းငှာ အလို​ရှိလေ၏။

၁၄ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် မိမိတို့၏ စစ်တိုက်ရာ​လက်နက်များကို စွဲကိုင်​တော့မည်ပြုစဉ်တွင်၊ ဟေလမန်နှင့် သူ့ညီအစ်ကိုတို့၏ ဖျောင်းဖျခြင်း၏​လွှမ်းမိုးမှုကို ခံရလေ၏။ အကြောင်းမူကား၊ သူတို့သည် ပြုလေသည့် ကျိန်ဆိုခြင်းကို ဖောက်ဖျက်တော့မည်ပြုလေ၏။

၁၅ ဟေလမန်သည် ထိုသို့ပြုကြခြင်း အားဖြင့် သူတို့၏​စိတ်ဝိညာဉ်များကို သူတို့​ဆုံးရှုံးရမည့်​အကြောင်းကို စိုးရိမ်၏။ ထို့ကြောင့်၊ ဤပဋိညာဉ်ကို ပြုလေသူ​ခပ်သိမ်းတို့သည် သူတို့၏​ညီအစ်ကိုတို့ကို ယခု​အချိန်ရှိ သူတို့​၏ ဘေး​အန္တရာယ်များသော အခြေ​အနေတို့၌ ကြည့်နေစေရန် အနိုင်​အထက်​စီရင်ခံရလေ၏။

၁၆ သို့ရာတွင်၊ ရှုလော့၊ အချိန်တန်​လာသော​အခါ၊ သူတို့၌ သူတို့​ရန်သူများ​တစ်ဖက်တွင် သူတို့ကိုယ်ကို ကာကွယ်ရန် သူတို့၏​စစ်တိုက်ရာ​လက်နက်များကို စွဲကိုင်မည်​မဟုတ်ဟူသော ပဋိညာဉ်ကို မပြုခဲ့​လေသော သားများစွာ ရှိလေ၏။ ထို့ကြောင့်၊ သူတို့သည် ယခု​အချိန်၌ လက်နက်​စွဲကိုင်နိုင်​စွမ်းရှိ​သူမှန်သမျှကို သူတို့ကိုယ်​သူတို့ အတူတကွ​စည်းဝေး၍၊ သူတို့ကိုယ်​သူတို့ နီဖိုင်း​အမျိုးသားများဟု ခေါ်ကြ၏။

၁၇ သူတို့သည်လည်း နီဖိုင်း​အမျိုးသားတို့၏ လွတ်လပ်ခြင်း​အတွက်​တိုက်ခိုက်ရန်၊ အထူးသဖြင့်၊ သူတို့​အသက်ကို စွန့်သည့်​တိုင်အောင်ပင် ထိုပြည်ကို ကာကွယ်ရန် ပဋိညာဉ်​ပြုကြ၏။ ထိုမှတစ်ပါး၊ သူတို့၏​လွတ်လပ်ခြင်းကို အဘယ်တော့မျှ၊ စွန့်လွှတ်မည်​မဟုတ်၊ နီဖိုင်း​အမျိုးသားတို့နှင့် သူတို့​ကိုယ်တိုင်ကို ကျွန်ခံရာ​ဘေးမှ​ကာကွယ်ရန် ခပ်သိမ်းသော အခြေအနေတို့၌ တိုက်ခိုက်မည်သာ​ဖြစ်ကြောင်းကိုပင် ပဋိညာဉ်​ပြုခဲ့ကြ၏။

၁၈ ယခုတွင်၊ ရှုလော့၊ ဤပဋိညာဉ်ကို​ပြု၍၊ သူတို့​၏တိုင်းပြည်ကို ကာကွယ်ရန် သူတို့၏​စစ်တိုက်ရာ​လက်နက်များကို စွဲကိုင်သူ ထိုလူပျို​နှစ်ထောင်​ရှိလေ၏။

၁၉ ယခုမူကား၊ ရှုလော့၊ သူတို့သည် နီဖိုင်း​အမျိုးသားတို့​အတွက် ယခင်က ဆိုးကျိုး​မဖြစ်​စဖူးသကဲ့သို့၊ ယခု​အချိန်တွင်လည်း ကြီးစွာသော အထောက်​အပံ့​ဖြစ်လာကြ၏။ အကြောင်းမူကား၊ သူတို့၏​စစ်တိုက်ရာ လက်နက်များကို စွဲကိုင်၍၊ ဟေလမန်ကို သူတို့၏​ခေါင်းဆောင် ဖြစ်စေရန် အလို​ရှိကြ၏။

၂၀ သူတို့​အားလုံးသည် လူပျိုများ​ဖြစ်ကြ၏၊ ထို့အတူ သတ္တိ​ရှိခြင်း၌၊ ထို့အတူ ခွန်အား​အရာနှင့် အလုပ်၌ အလွန်​ရဲရင့်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ ဤအရာမှာ အလုံး​စုံမဟုတ်—သူတို့ကို ယုံကြည်​လွှဲအပ်​ထားသော​အရာ​မှန်သမျှ၌ ခပ်သိမ်းသောကာလတို့ ၌ သစ္စာ​ရှိသော​သူများလည်း ဖြစ်ကြ၏။

၂၁ ထိုမှတစ်ပါး၊ သူတို့သည် သမ္မာ​တရားနှင့် တည်ကြည်​လေးနက်ခြင်း​ရှိသောသူများ ဖြစ်ကြ၏။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်း​စေရန်နှင့်၊ ရှေ့တော်၌ ဖြောင့်မတ်စွာ​ကျင့်စေရန် သွန်သင်ခံရလေပြီ။

၂၂ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အနောက်​ပင်လယ်​အနီး၊ တောင်ဘက်​အရပ်၌၊ ထိုပြည်၏​နယ်နိမိတ်ရှိ လူတို့အား ထောက်မခြင်း​အတွက်၊ ဟေလမန်သည် သူ၏​စစ်သူရဲ​လုလင်​ပျိုနှစ်ထောင်တို့၏​တပ်ဦးမှ​နေ၍ ချီတက်၏။

၂၃ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရားသူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်ရှစ်​နှစ်မြောက် ပြီးဆုံး၏။