ကျမ်းစာများ
ယာရုမ် ၁


ယာရုမ်ကျမ်း

အခန်းကြီး ၁

နီဖိုင်း​အမျိုးသားတို့သည် မောရှေ၏​ပညတ်တရားကို စောင့်ထိန်းကြ၏၊ ခရစ်တော်​ကြွလာ​တော်မူခြင်းကို မျှော်လင့်ကြ၏၊ ထိုပြည်၌ အောင်မြင်ကြ၏—များစွာသော​ပရောဖက်တို့သည် လူမျိုးတို့ကို မှန်ကန်သည့် တရားလမ်း၌ ရှိနေကြစေခြင်းငှာ အလုပ်လုပ်ကြ၏။ ဘီစီ ၃၉၉–၃၆၁ ခန့်။

ယခုမူကား၊ ရှုလော့၊ ငါ၊ ယာရုမ်သည် ငါတို့၏​ဆွေစဉ်မျိုး​ဆက်မှတ်တမ်းကို သိမ်းဆည်း​ထားနိုင်ခြင်းငှာ၊ ငါ့အဘ၊ ဧနုတ်၏​မိန့်မှာချက်​အတိုင်း၊ စကားအနည်းငယ်ကို ရေး၏။

ဤပုရပိုက်ပြားတို့သည်၊ သေးငယ်သောကြောင့်​လည်းကောင်း၊ ဤအရာတို့ကို ငါတို့ညီအစ်ကို​လာမန်​အမျိုးသားတို့၏​အကျိုးအတွက် ရည်မှန်း၍ ရေးထားသော​ကြောင့်လည်းကောင်း၊ သို့ဖြစ်၍၊ ငါအနည်းငယ်သာ ရေးရန်​လိုအပ်၏။ သို့ရာတွင်၊ ငါ၏​ပရောဖက်ပြု၍​ဟောခြင်း​အမှုတို့​အကြောင်းကို မရေး။ ငါ၏ဗျာဒိတ်တို့​အကြောင်းကိုလည်း မရေး။ ငါသည် ငါ၏​ဘိုးဘေးတို့ ရေးလေသည်ထက် အဘယ်အရာကို ပို၍​ရေးနိုင်ခဲ့​မည်နည်း။ သူတို့သည် ကယ်တင်ခြင်း​အစီအစဉ်ကို ဖော်ပြခြင်း​မရှိလေသလော။ ဟုတ်ပေ၏ဟု သင့်ကို ငါဆို၏။ ဤအရာသည်၊ ငါ့အတွက် လုံလောက်ပေပြီ။

ရှုလော့၊ သူတို့​စိတ်နှလုံး၏​မာကျောခြင်း၊ ထို့အတူ သူတို့၏​နားပင်းခြင်း၊ ထို့အတူ သူတို့၏​အသိ​စိတ်ကွယ်ခြင်း၊ ထို့အတူ သူတို့၏​လည်ပင်း​ခိုင်မာခြင်းတို့ကြောင့်၊ ဤလူမျိုးတို့၌ များစွာ​ပြုရမည်မှာ မဖြစ်မနေ လိုအပ်၏။ သို့သော်လည်း၊ ဘုရားသခင်သည် သူတို့ကို အလွန်ကရုဏာကြီး​တော်မူ၍ ထိုပြည်၏ မျက်နှာပြင်မှ ပယ်ရှား​ပစ်တော်မမူသေး။

ငါတို့၌ ဗျာဒိတ်များစွာ​ရရှိသူတို့ အမြောက်​အမြားရှိကြ၏၊ အကြောင်းမူကား၊ သူတို့​သည် အားလုံး လည်ပင်း​မခိုင်မာကြ။ လည်ပင်း​မခိုင်မာဘဲ ယုံကြည်ခြင်း​ရှိသူ မှန်သမျှတို့သည် လူသားတို့အား သူတို့၏​ယုံကြည်ခြင်း​အတိုင်း၊ ထင်ရှားစွာ​ပြတော်မူသည့် သန့်ရှင်းသော​ဝိညာဉ်တော်နှင့် ဆက်ဆံခြင်း​ရှိကြ၏။

ယခုမူကား၊ ရှုလော့၊ နှစ်ပေါင်းနှစ်ရာ ကုန်လွန်ပြီး​လေ၍၊ နီဖိုင်းလူမျိုးတို့သည် ထိုပြည်၌ အားကြီး​လာခဲ့ကြလေ၏။ သူတို့သည် မောရှေ၏​ပညတ်တရားကို စောင့်ထိန်းရန်နှင့် ကိုယ်တော်ရှင်​အတွက်၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ စောင့်ထိန်းရန် အားထုတ်ကြ၏။ ရှုတ်ချခြင်း​မရှိကြ။ ဘုရားကို ကဲ့ရဲ့ ခြင်းလည်း​မရှိကြ။ ထိုပြည်၏​ဥပဒေတို့မှာလည်း အလွန်တင်း​ကျပ်လှ၏။

သူတို့နှင့်​အတူ၊ လာမန်​အမျိုးသားတို့​သည်လည်း ထိုပြည်၏​မျက်နှာပြင်မှ များစွာ​ပေါ်၌ ကွဲပြား​ပြန့်ကျဲကြရ၏။ ထိုသူတို့သည် နီဖိုင်း​အမျိုးသားတို့ထက် အလွန်​ပို၍များကြ၏။ လူ့အသက်​သတ်ခြင်းကို နှစ်သက်ကြပြီးလျှင်၊ သားရဲတို့၏​အသွေးကို သောက်လိုကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုသူတို့သည် ငါတို့​နီဖိုင်း​အမျိုး​သားတို့ကို ဆန့်ကျင်၍ အကြိမ်များစွာ စစ်တိုက်ကြ၏။ သို့ရာတွင်၊ ငါတို့၏​ရှင်ဘုရင်တို့နှင့် အကြီး​အကဲတို့သည် ကိုယ်တော်ရှင်ကို ယုံကြည်ရာ၌ အားကြီးသော​သူများဖြစ်၍၊ လူမျိုးတို့အား ကိုယ်တော်ရှင်၏​လမ်းစဉ်တို့ကို သွန်သင်ပေးကြ၏။ သို့ဖြစ်၍၊ ငါတို့သည် လာမန်​အမျိုးသားတို့ကို ဆီးတား၍ ငါတို့​ပြည်၏​အပြင်သို့ ပယ်ရှားလျက် ငါတို့၏​မြို့များ သို့မဟုတ် ငါတို့၏​အမွေခံရာ​အရပ်​မှန်သမျှကို အင်အား​ခိုင်မာစေ​စပြုခဲ့ကြ၏။

ငါတို့သည် လွန်စွာ​ပွားများ၍၊ ထိုပြည်၏​မျက်နှာပြင်​ပေါ်၌ ပျံ့နှံ့လျက်၊ ရွှေ၊ ငွေ၊ အဖိုးထိုက်သော​အရာများ၊ တင့်တယ်သော​သစ်သား​လက်ရာ၊ အဆောက်​အအုံများ၊ စက်ယန္တရား၊ သံ၊ ကြေးနီ၊ ကြေးဝါ၊ သံမဏိတို့ဖြင့် အလွန်​ကြွယ်ဝ​လာ၍၊ မြေကြီးကို ထွန်ယက်ရန် အမျိုးမျိုးသော​ကိရိယာ​မှန်သမျှကို ပြုလုပ်လျက်၊ စစ်တိုက်​ရာလက်နက်များ—အထူးသဖြင့်၊ ချွန်ထက်သော​မြား၊ မြားတောင့်၊ လှံယဉ်၊ လှံတိုနှင့် စစ်တိုက်ခြင်း​အတွက် ပြင်ဆင်ခြင်း​မှန်သမျှတို့ကို ပြုလုပ်ကြလေ၏။

လာမန်​အမျိုးသားတို့နှင့် တိုက်ရန်၊ ထိုကဲ့သို့၊ ပြင်ဆင်ထားသော​ကြောင့်၊ သူတို့သည် ငါတို့​တစ်ဖက်၌ မအောင်မြင်ကြ။ သို့ရာတွင်၊ သင်တို့သည် ငါ၏​ပညတ်တော်တို့ကို စောင့်ထိန်းကြသမျှ၊ ထိုပြည်၌ အောင်မြင်ကြ​လိမ့်မည်ဟု ငါတို့၏​ဘိုးဘေးတို့အား မိန့်တော်မူ​လေသော ကိုယ်တော်ရှင်၏ နှုတ်ကပတ်​တော်ကား၊ ပြည့်စုံခဲ့၏။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကိုယ်တော်ရှင်၏​ပရောဖက်တို့က နီဖိုင်း​လူမျိုးတို့ကို၊ ဘုရားသခင်၏​နှုတ်ကပတ်တော်​အတိုင်း၊ ခြိမ်းခြောက်​ကြလေသည်ကား၊ သူတို့သည် ပညတ်တော်တို့ကို မစောင့်ထိန်းကြ၊ လွန်ကျူးခြင်း​ထဲသို့သာ လဲကျလေလျှင်၊ ထိုပြည်၏​မျက်နှာပြင်မှ ဖျက်ဆီး​ခံရလိမ့်မည်ဟု ဖြစ်သတည်း။

၁၁ သို့ဖြစ်၍၊ လူမျိုးတို့အား လုံ့လဝီရိယ ရှိကြစေခြင်းငှာ၊ ပရောဖက်များ၊ ယဇ်ပုရောဟိတ်များနှင့် ဆရာတို့သည် အလုံးစုံသော စိတ်ရှည်ခြင်းနှင့် တိုက်တွန်းလျက်၊ ရည်ဆောင်၍ ပေးထားတော်မူ​ခဲ့လေသော မောရှေ၏​ပညတ်တရားကို သွန်သင်​ပေးလျက်၊ မေရှိယကို မျှော်လင့်၍၊ သူကြွလာ​တော်မူ​လေပြီးသကဲ့သို့ သူ့ကို ယုံကြည်​ကြစေခြင်းငှာ ဖျောင်းဖျလျက်၊ လုံ့လဝီရိယ​ထက်သန်စွာ​အလုပ်လုပ်ကြ၏။ ဤကဲ့သို့​အားဖြင့်၊ သူတို့ကို သွန်သင်၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုသို့ပြုခြင်း​အားဖြင့် သူတို့ကို ပြည်၏​မျက်နှာ​ပြင်ပေါ်၌ ဖျက်ဆီး​ခံရခြင်းမှ တားဆီးကြ၏။ အကြောင်းမူကား၊ သူတို့၏​စိတ်နှလုံးကို နှုတ်ကပတ်တော်နှင့် မွှေနှောက်၍၊ နောင်တရခြင်းသို့ အစဉ်​မပြတ်နှိုး​ဆော်လျက်ရှိလေ၏။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နှစ်ပေါင်းနှစ်ရာသုံးဆယ့်ရှစ်နှစ် ကုန်လွန်​ခဲ့လေပြီ—ကာလများစွာ​ကြာအောင် စစ်တိုက်ခြင်းများ၊ ရန်တွေ့ခြင်းများ၊ ငြင်းခုံခြင်းများဖြင့်​ရှိလေသတည်း။

၁၄ ငါယာရုမ်​သည်လည်း နောက်ထပ်၍ မရေးတော့။ အကြောင်းမူကား၊ ပုရပိုက်ပြားတို့မှာ၊ သေးငယ်၏။ သို့ရာတွင်၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့သည် နီဖိုင်း၏​အခြား​ပုရပိုက်ပြားတို့ကို ကိုးကားနိုင်၏။ အကြောင်းမူကား၊ ရှုလော့၊ ထိုပုရပိုက်ပြားတို့​အပေါ်၌ ငါတို့​စစ်တိုက်ခြင်းများ၏​မှတ်တမ်းတို့ကို ရှင်ဘုရင်တို့၏​စာများ​အတိုင်း ရေးထွင်းထား၏၊ သို့မဟုတ်၊ ထိုမှတ်တမ်းတို့ကို ရေးထားစေ၏။

၁၅ ငါသည်လည်း ထိုပုရပိုက်ပြားတို့ကို ငါတို့​ဘိုးဘေးတို့၏မှာ​ထားချက်များ​အတိုင်း သိမ်းဆည်း​ထားနိုင်စေခြင်းငှာ၊ ငါ့သား​ဩမနိ​လက်သို့ ပေးအပ်၏။