ကျမ်းစာများ
ဧနုတ် ၁


ဧနုတ်ကျမ်း

အခန်းကြီး ၁

ဧနုတ်သည် စိတ်အား​ထက်သန်စွာ​ဆုတောင်း၍၊ သူ၏အပြစ်များမှ​လွှတ်ခြင်းကို ရရှိ၏—အနာဂတ်​ကာလ၌ လာမန်​အမျိုးသားတို့​အတွက် ကယ်တင်ခြင်းကို ကိုယ်တော်ရှင်၏​အသံက ကတိပေး​တော်မူ၍ သူ၏​စိတ်ထဲသို့ ရောက်လာ၏—နီဖိုင်း​အမျိုးသားတို့သည် လာမန်​အမျိုးသားတို့ကို ပြန်လည်​ခေါ်ဆောင်ခြင်းငှာ ကြိုးစားအားထုတ်ကြ၏—ဧနုတ်သည် မိမိ၏​ရွေးနှုတ်​ရှင်၌ ရွှင်လန်း​ဝမ်းမြောက်၏။ ဘီစီ ၄၂၀ ခန့်။

ရှုလော့၊ အချိန်တန်​လာသော​အခါ၊ ငါဧနုတ်သည် ငါ၏​အဘကို ဖြောင့်မတ်သူ​တစ်ဦး​ဖြစ်ကြောင်း သိ၏—အကြောင်းမူကား၊ သူသည် ကိုယ်တော်ရှင်၏ ဆုံးမ​သွန်သင်​တော်မူခြင်း​အတိုင်း၊ သူ၏​ဘာသာ​စကားဖြင့် ငါ့ကို သွန်သင်​ပေးခဲ့၏—ထို​အမှု​အတွက် ငါ့ဘုရားသခင်၏​နာမတော်သည် မင်္ဂလာ​ရှိပါစေသတည်း—

ငါ၏​အပြစ်များမှ​လွှတ်ခြင်းကို မရရှိမီတွင်၊ ဘုရားသခင်​ရှေ့၌ ပြိုင်ဆိုင်​တိုက်လှန်​ခဲ့ရလေခြင်းကိုလည်း သင်တို့ကို ငါပြောပြမည်။

ရှုလော့၊ ငါသည် တောထဲရှိ သားရဲတို့ကို လိုက်ရှာခြင်းငှာ သွား၏။ ထာဝရ​အသက်နှင့် သန့်ရှင်းသူတို့၏​ဝမ်းမြောက်ခြင်း​အကြောင်း ငါ့အဘ​ပြော၍ အကြိမ်ကြိမ်​ကြားခဲ့ပြီး​လေသော စကားများသည်လည်း ငါ့စိတ်နှလုံးထဲသို့ နက်စွာ​နစ်ဝင်၏။

ထို့အတူ၊ ငါ့ဝိညာဉ်သည် မွတ်သိပ်၏။ ငါ့ကို​ဖန်ဆင်း​တော်မူသော​အရှင်၏​ရှေ့တွင် ဒူးထောက်၍၊ ငါ့ဝိညာဉ်​အတွက်၊ အားကြီးသော​ဆုတောင်းခြင်းနှင့် ပဌနာပြုခြင်းတို့ဖြင့်၊ ငါတောင်း​လျှောက်ခဲ့၏။ သူ့ထံသို့ တစ်နေ့လုံး တောင်းလျှောက်ခဲ့၏။ ထိုမှတစ်ပါး၊ ညဉ့်​အချိန် ကျရောက်​လာသော​အခါ၊ ငါ၏​အသံကို မြင့်တက်စေ​၍၊ ကောင်းကင်ဘုံသို့​ရောက်၏။

အသံသည် ငါ့ထံသို့ ရောက်လာပြီး၊ ဧနုတ်၊ သင်၏​အပြစ်များကို ခွင့်လွှတ်သဖြင့်၊ သင်သည် ကောင်းချီး​ခံစား​ရလိမ့်မည်ဟု မိန့်တော်မူ၏။

ငါ​ဧနုတ်​သိလည်း ဘုရားသခင်​မုသား​မပြောကြောင်းကို​သိ၏။ သို့ဖြစ်၍၊ ငါ၏​အပြစ်​ရောက်ခြင်းကို ပယ်ရှားလေပြီ။

ကိုယ်တော်ရှင်၊ ထိုအမှုသည် အဘယ်သို့​အားဖြင့်၊ ဖြစ်သွား​ပါသနည်းဟု ငါလျှောက်၏။

ငါ့ကို မိန့်တော်မူ​သည်ကား၊ ယခင်က သင်မကြားဖူး၊ မမြင်ဖူး​ခဲ့လေသော ခရစ်တော်​ကို သင်၏​ယုံကြည်ခြင်းကြောင့်​ပေတည်း။ ဇာတိ​ကိုယ်ခန္ဓာ​အားဖြင့် သူကိုယ်တိုင်​ထင်ရှားစွာ​ပြတော်​မမူမီတွင် နှစ်ပေါင်းများစွာလည်း ကုန်လွန်ပေပြီ။ သို့ဖြစ်၍၊ သွားလော့၊ သင်၏​ယုံကြည်ခြင်းက သင့်ကို ချမ်းသာ​ရစေပြီဟု​ဆို၏။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ ငါသည် ဤစကားများကို ကြားလျှင်၊ ငါ၏​ညီအစ်ကို၊ နီဖိုင်း​အမျိုးသားတို့၏​ကောင်းကျိုး​အတွက် အလို​ရှိစပြု၏။ သို့ဖြစ်၍၊ သူတို့​အတွက်၊ ဘုရားသခင်ထံသို့ ငါ၏​စိတ်ဝိညာဉ်​တစ်ခုလုံးကို သွန်းလောင်း၍ ဆုတောင်း၏။

၁၀ ငါသည် စိတ်ဝိညာဉ်၌ ထိုကဲ့သို့ ရုန်းကန်လျက်​ရှိစဉ်တွင်၊ ရှုလော့၊ ကိုယ်တော်ရှင်၏ အသံသည် ငါ့စိတ်ထဲသို့ တစ်ဖန်​ရောက်လာ၍၊ မိန့်တော်မူ​သည်ကား၊ ငါသည် သင်၏​ညီအစ်ကိုတို့အား ငါ၏​ပညတ်တော်များကို သူတို့​စောင့်ထိန်းရာ၌ လုံ့လဝီရိယ​ရှိသည့်​အတိုင်း သက်ရောက်စေ​တော်မူမည်။ သူတို့​အဖို့ ဤပြည်ကို ပေးတော်မူ၍၊ သန့်ရှင်းသော​ပြည်လည်းဖြစ်၏။ ဒုစရိုက်​အကြောင်းကြောင့်​မှတစ်ပါး၊ ထိုပြည်ပေါ်၌ ကျိန်ခြင်းကို​ပြုတော်မမူ။ သို့ဖြစ်၍၊ ငါမိန့်တော်မူလေသည့်​အတိုင်း သင်၏​ညီအစ်ကိုများသို့ သက်ရောက်​စေတော်မူမည်။ သူတို့၏​လွန်ကျူးခြင်းတို့ကိုလည်း ဝမ်းနည်းခြင်းနှင့်​အတူ သူတို့၏​ဦးခေါင်း​ပေါ်ကျစေ​တော်မူမည်။

၁၁ ငါဧနုတ်သည်လည်း ဤစကားများကို ကြားလေပြီးနောက်၊ ကိုယ်တော်ရှင်ကို ငါ၏​ယုံကြည်ခြင်းသည် တုန်လှုပ်ခြင်း​မရှိရာသို့ ရောက်စပြု၏။ ငါ့ညီအစ်ကို၊ လာမန်​အမျိုးသားတို့​အတွက်လည်း သူ့ထံသို့၊ အလွန်​ကြာရှည်သည့် ရုန်းကန်မှုများဖြင့် ဆုတောင်း၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါသည် လုံ့လဝီရိယရှိသမျှနှင့် ဆုတောင်း၍၊ အလုပ်လုပ်လေပြီးနောက်၊ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ သင်၏​ယုံကြည်ခြင်းကြောင့်၊ သင်၏​အလိုဆန္ဒများ​အတိုင်း သင့်အား ငါပေးမည်။

၁၃ ယခုမူကား၊ ရှုလော့၊ သူ့ထံမှ ငါအလို​ရှိသည့်​ဆန္ဒမှာ—ငါ၏​လူမျိုး၊ နီဖိုင်း​အမျိုးသားတို့သည် လွန်ကျူးခြင်း​ထဲသို့ လဲကျ၍၊ အဘယ်နည်းဖြင့်​မဆို ဖျက်ဆီးခံရပြီး၊ လာမန်​အမျိုးသားတို့ ဖျက်ဆီး​မခံရ​စေကြောင်းနှင့် ကိုယ်တော်ရှင်​ဘုရားသခင်သည် ငါ၏​လူမျိုး​နီဖိုင်း​အမျိုးသားတို့​အကြောင်း မှတ်တမ်းကို ထိန်းသိမ်း​စောင့်ရှောက်​တော်မူမည့် အကြောင်းပေတည်း။ ထိုသို့ဆိုလျှင်၊ သူ၏​သန့်ရှင်းသော​လက်ရုံး၏​တန်ခိုးတော်​အားဖြင့်ပင်၊ အချို့သော​အနာဂတ်​ကာလ၌ လာမန်​အမျိုးသားတို့​ထံသို့ ဖော်ပြခံရပြီး၊ ကယ်တင်ခြင်းသို့ ဆောင်ယူခြင်းကို သူတို့​ခံရကောင်း ခံရနိုင်ပေ၏—

၁၄ အကြောင်းမူကား၊ ယခု​အချိန်တွင် သူတို့ကို မှန်ကန်သည့် ယုံကြည်ခြင်းသို့ ပြန်လည် ရောက်ရှိစေခြင်း​နှင့်စပ်လျဉ်း၍၊ ငါတို့၏​ရုန်းကန်ခြင်းများသည် အချည်းနှီး​ဖြစ်လေ၏။ သူတို့ကလည်း ဖြစ်နိုင်လျှင်၊ ငါတို့နှင့် ငါတို့၏​မှတ်တမ်းများ၊ ငါတို့​ဘိုးဘေးတို့၏​နည်း​ဥပဒေသများ​ကိုလည်း ဖျက်ဆီး ကြမည့်​အကြောင်း၊ အမျက်ဖြင့် ကျိန်ဆို၏။

၁၅ သို့ဖြစ်၍၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် ငါတို့၏​မှတ်တမ်းများကို ထိန်းသိမ်း​စောင့်ရှောက်​နိုင်ကြောင်း ငါသိ၍၊ သူ့ထံသို့ အစဉ်​မပြတ်​တောင်းလျှောက်၏။ အကြောင်းမူကား၊ သင်သည် ရရှိလိမ့်မည်ဟု​ယုံကြည်လျက်၊ ခရစ်တော်၏​နာမတော်အားဖြင့် ယုံကြည်ခြင်းနှင့်​တောင်းဆိုလျှင်၊ သင်တောင်း​ဆိုသမျှသော​အရာကို ရရှိလိမ့်မည်ဟု မိန့်တော်မူလေပြီ။

၁၆ ငါသည် ယုံကြည်ခြင်းရှိ၍၊ မှတ်တမ်းများကို ထိန်းသိမ်း​စောင့်ရှောက်​တော်မူပါမည့်​အကြောင်း၊ ဘုရားသခင်ထံသို့ တောင်းလျှောက်၏။ သူကလည်း သူ၏​ကာလ​အချိန်တန်သော​အခါ​၌ ထိုအရာတို့ကို လာမန်​အမျိုးသားတို့ထံ ဖော်ပြ​တော်မူမည့်​အကြောင်း ငါနှင့်​ပဋိညာဉ်ပြု​တော်မူခဲ့၏။

၁၇ သူပြုတော်မူခဲ့လေသည့် ပဋိညာဉ်​အတိုင်း ထိုအမှု ဖြစ်လိမ့်မည်​ကိုလည်း ငါဧနုတ်​သိ၏။ သို့ဖြစ်၍၊ ငါ၏​စိတ်ဝိညာဉ်သည် ချမ်းသာရ၏။

၁၈ ကိုယ်တော်ရှင်ကလည်း ငါ့ကို မိန့်တော်မူသည်ကား၊ သင်၏​ဘိုးဘေးတို့​ကလည်း ငါ့ထံမှ ဤအရာကို တောင်းဆိုခဲ့လေ၏။ သူတို့၏​ယုံကြည်ခြင်း​အတိုင်း ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့၏​ယုံကြည်ခြင်းသည် သင်၏​ယုံကြည်ခြင်း​ကဲ့သို့​ပင်ဖြစ်၏။

၁၉ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ငါဧနုတ်သည် ဖြစ်လာမည့် အရာများ​အကြောင်းကို ပရောဖက်ပြု၍​ဟောလျက်၊ ငါကြား​လေခဲ့၊ မြင်လေခဲ့သည့်​အရာများ၏​အကြောင်းကို သက်သေခံလျက် နီဖိုင်း​လူမျိုးတို့၌ အရပ်ရပ်သို့ သွားလာခဲ့၏။

၂၀ လာမန်​အမျိုးသားတို့ကို ဘုရားသခင်ကို မှန်ကန်သည့်​ယုံကြည်ခြင်း​ဆီသို့ ပြန်လည်​ရောက်ရှိ​ကြစေရန်၊ နီဖိုင်းလူမျိုးတို့​လုံ့လဝီရိယ​ထက်သန်စွာ ကြိုးစား​ကြသည်ကိုလည်း ငါသက်သေခံ၏။ သို့ရာတွင်၊ ငါတို့၏​အလုပ်များသည် အချည်းနှီး​ဖြစ်လေပြီ။ သူတို့၏​မုန်းတီးမှုမှာ၊ စိတ်၌​စွဲလျက်၊ သူတို့သည် မိမိတို့​၏ဆိုးသော​ပကတိ​အားဖြင့် ပို့ဆောင်ခြင်းကို​ခံရသဖြင့်၊ ရိုင်းစိုင်း၍၊ ရက်စက်​လာလျက်၊ ရုပ်တု​ကိုးကွယ်ခြင်းနှင့် အညစ်​အကြေးတို့ဖြင့်​ပြည့်သော၊ လူ့အသက်ကို သတ်​တတ်သော လူမျိုးများ​ဖြစ်လာကြ၏။ အသားစားသားရဲများကို စားသုံးလျက်​ရှိကြ၏။ တဲများတွင် နေထိုင်လျက်၊ မိမိတို့ခါး၌ တိုသော​သားရေ​ခါးပန်းကို​စည်း၍ ဆံပင်ကို ရိတ်လျက်၊ တောရိုင်းထဲ၌ အရပ်ရပ်သို့ သွားလာလျက်​ရှိကြ၏။ လေးအတတ်၊ ဓားကောက်​အတတ်နှင့် ပုဆိန်​အတတ်တို့၌​လည်း ကျွမ်းကျင်ကြ၏။ သူတို့မှ များစွာသော​သူတို့သည် အသားစိမ်း​မှတစ်ပါး၊ အဘယ်အရာကိုမျှ မစားကြ။ သူတို့သည် ငါတို့ကို ဖျက်ဆီးရန်လည်း အစဉ်မပြတ်​ကြိုးစားလျက်​ရှိကြ၏။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့သည် မြေကြီးကို ထွန်ယက်၍၊ အမျိုးမျိုးသော​စပါး၊ ထို့အတူ အသီး၊ ထို့အတူ နွားစု၊ ထို့အတူ အမျိုးမျိုးသော​တိရစ္ဆာန်​မှန်သမျှ၊ ထို့အတူ ဆိတ်များ၊ ထို့အတူ တောဆိတ်များ၊ ထို့အတူ များစွာသော​မြင်းတို့​ကိုလည်း မွေးစားခဲ့ကြ၏။

၂၂ ငါတို့၌ အလွန်​များစွာသော ပရောဖက်တို့လည်း ရှိကြ၏။ လူမျိူးတို့​သည်လည်း လည်ပင်း​ခိုင်မာသော လူမျိုးများ​ဖြစ်ကြပြီး၊ နားလည်ရန် ခက်ကြ၏။

၂၃ ထို့အတူ၊ အလွန်​ရက်စက်​ကြမ်းကြုတ်ခြင်း၊ စစ်တိုက်ခြင်းများ​အကြောင်း ဟောပြောခြင်းနှင့် ပရောဖက်ပြု၍​ဟောခြင်း၊ ရန်တွေ့ခြင်းများ၊ ပျက်စီးခြင်းများ၊ သေခြင်း​အကြောင်းနှင့် ထာဝရ​ကာလ​အပိုင်း​အခြား​အကြောင်း သူတို့ကို အစဉ်​မပြတ် သတိ​ပေးခြင်း၊ ဘုရားသခင်၏ တရား​စီရင်​တော်မူခြင်းများနှင့် တန်ခိုးတော်၊ ဤအရာခပ်သိမ်းတို့—ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်း၌ ရှိနေကြစေခြင်းငှာ သူတို့ကို အစဉ်​မပြတ်နှိုး​ဆော်နေခြင်းတို့​မှတစ်ပါး အဘယ်အရာမျှ​မရှိ။ ငါဆိုသည်ကား၊ ဤအရာများ၊ ထို့အတူ သူတို့ကို ပျက်စီးခြင်းသို့ လျင်မြန်စွာ​ဆင်းသွားခြင်းမှ တားမြစ်မည့် အလွန်​ကြီးစွာသော ပွင့်လင်းခြင်း​ရှိသည့် ဟောပြောခြင်းတို့​မှတစ်ပါး၊ အဘယ်​အရာမျှမရှိ။ ဤကဲ့သို့​အားဖြင့်၊ သူတို့​အကြောင်းကို ငါရေး၏။

၂၄ ငါ၏​အသက်​တာတွင်၊ နီဖိုင်း​အမျိုးသားတို့နှင့် လာမန်​အမျိုးသားတို့ကြား စစ်တိုက်ခြင်းများ​ကိုလည်း မြင်ခဲ့၏။

၂၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါသည် အိုမင်း​စပြု​လာ၍၊ ငါတို့​အဘ​ယေရုရှလင်မြို့ကို စွန့်ခွာခဲ့သည့်​အချိန်မှ​စ၍၊ တစ်ရာ့​ခုနစ်ဆယ့်ကိုးနှစ် ကုန်လွန်ခဲ့လေပြီ။

၂၆ ငါသည် မကြာမြင့်မီ၊ ငါ့သင်္ချိုင်းတွင်းသို့ ဆင်းသွား​ရတော့မည်​ကိုလည်း သိမြင်၍၊ ဘုရားသခင်၏​တန်ခိုးတော်​အရှိန်​ဩဇာသက်​ရောက်တော်မူခြင်းကို ခံထားရလျက်၊ ဤလူမျိုးများသို့ ဟောပြော၍ ပရောဖက်​ပြုဟောလျက်၊ ခရစ်တော်၌​ရှိသော အမှန်တရား​အတိုင်း နှုတ်ကပတ်တော်ကို ဟောကြားရမည်။ ငါ၏​ဘဝ​တစ်လျှောက်လုံး​တွင်လည်း ဟောကြား၍၊ လောက၏​အရာများ​ထက်ပင် နှုတ်ကပတ်တော်၌ သာ၍​ရွှင်လန်း​ဝမ်းမြောက်လေပြီ။

၂၇ ငါ၏​ရွေးနှုတ်ရှင်နှင့် အတူနေရသည့် ငါ၏​နားရာနေရာသို့ မကြာမြင့်မီ ငါသွားရ​တော့မည်။ အကြောင်းမူကား၊ သူ့ ၌ ငါနားရမည်ကို သိ၏။ ငါ၏ သေခြင်း​ရှိသော​ကိုယ်သည် သေခြင်း​မရှိရာသို့၊ ဝင်စားရသော​အချိန်​ကာလ၌ ငါသည်လည်း ရွှင်လန်း​ဝမ်းမြောက်၍၊ သူ့ရှေ့၌ ရပ်ရလိမ့်မည်။ ထို့နောက်တွင်၊ ငါသည် ပျော်မွေ့စွာဖြင့် သူ၏​မျက်နှာတော်ကို တွေ့မြင်​ရလိမ့်မည်​ဖြစ်၍၊ ငါ့ကို မိန့်တော်မူမည်ကား၊ ကောင်းချီး​မင်္ဂလာကို ခံရသော​အသင်၊ ငါ့ထံသို့ လာလော့၊ ငါ့အဘ၏ နေစရာ​အခန်းများ၌ သင်တို့​အတွက် နေစရာ​အရပ်ကို ပြင်ဆင်ထား၏​ဟုဖြစ်လေ​သတည်း။ အာမင်။