ကျမ်းစာများ
၄ နီဖိုင်း ၁


စတုတ္ထနီဖိုင်း

ယေရှုခရစ်တော်၏ တပည့်တော်တို့မှ တစ်ပါးဖြစ်သော—နီဖိုင်း၏သားဖြစ်သူ
နီဖိုင်းကျမ်း

နီဖိုင်း၏​မှတ်တမ်းများ​အရ နီဖိုင်း​လူမျိုးတို့​အကြောင်း​မှတ်​တမ်း။

အခန်းကြီး ၁

နီဖိုင်းအမျိုးသားတို့နှင့် လာမန်​အမျိုးသား အားလုံးတို့​သည် ကိုယ်တော်ရှင်​ထံသို့ ပြောင်း​လဲကြ၏—သူတို့သည် အရာ​ခပ်သိမ်းတို့ကို အများ​ပိုင်​အဖြစ်​ထား၍ အသုံး​ပြုကြ၏၊ အလွန်​တရာ​အံ့ဩဖွယ်သော​အမှုတို့ကို ပြုကြ၏၊ ထိုပြည်၌ အောင်မြင်ကြ၏—ရာစုနှစ် နှစ်ခု​ကုန်​လွန်​ပြီးနောက်တွင်၊ ကွဲ​ပြားခြင်း၊ မကောင်းမှု၊ မိစ္ဆာ​အသင်းတော်များနှင့် ညှဉ်းဆဲခြင်းများ ပေါ်​ပေါက်​လာ၏—နှစ်ပေါင်း​သုံးရာ​ကုန်လွန်​ပြီးနောက်တွင်၊ နီဖိုင်း​အမျိုးသားတို့နှင့် လာမန်​အမျိုးသား​နှစ်မျိုး​စလုံးတို့ ဆိုး​ညစ်ကြ၏—အမ္မရုန်သည် သန့်ရှင်း​မွန်မြတ်သော​မှတ်တမ်းများကို ဝှက်​ထား၏။ အေဒီ ၃၅–၃၂၁ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သုံးဆယ်​လေး​နှစ်​မြောက်၊ ထို့အတူ သုံးဆယ်​ငါး​နှစ်​မြောက်လည်း ကုန်လွန်​သွား၏။ ရှုဦးလော့၊ ယေရှု၏​တပည့်တော်တို့သည် ပတ်ဝန်း​ကျင်ပြည်​ခပ်သိမ်းတို့၌ ခရစ်တော်၏​အသင်းတော်ကို တည်​ထောင်ကြ၏။ သူတို့​ထံသို့ လာသမျှသော​သူတို့​သည်လည်း မိမိတို့​အပြစ်များမှ အမှန်ပင်​နောင်တ​ရ၍ ယေရှု၏​နာမတော်၌ ဗတ္တိဇံ​ခံ၍၊ သန့်ရှင်းသော​ဝိညာဉ်တော်​ကိုလည်း လက်​ခံရ​ရှိကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သုံး​ဆယ်​ခြောက်​နှစ်​မြောက်၌၊ လူမျိုးတို့သည် အားလုံး ကိုယ်တောာ်ရှင်ထံသို့ ပြောင်းလဲကြ၏၊ ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခုလုံး​ပေါ်၌ နီဖိုင်း​အမျိုးသားတို့နှင့် လာမန်​အမျိုးသားတို့ နှစ်မျိုးစလုံးပင် ပြောင်း​လဲကြ၏၊ သူတို့​ကြား၌ ရန်တွေ့ခြင်းနှင့် ငြင်းခုံခြင်း​များ​မရှိ၊ လူတိုင်း​အချင်းချင်း တရားမျှ​တစွာ​ဆက်​ဆံကြ၏။

ထို့အတူ၊ သူတို့၌ အရာ​ခပ်သိမ်းတို့ကို အများပိုင်​အဖြစ်​ထား၍ အသုံး​ပြုကြ၏။ ထို့ကြောင့်၊ သူတို့သည် ကြွယ်ဝ​သူနှင့် ဆင်းရဲသား၊ ကျွန်နှင့် လူ​လွတ်ဟူ၍ မရှိကြ​၊ အားလုံးကို လွတ်လပ်သော​သူများနှင့် ကောင်းကင်ဘုံ​ရှင်​ဆုကျေးဇူးကို ခံယူရ​သော​သူများ​သာ ဖြစ်​စေ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သုံးဆယ်​ခုနစ်​နှစ်​မြောက်လည်း ကုန်​ဆုံး​သွား၏၊ ထိုပြည်၌ ငြိမ်း​ချမ်းခြင်း​ဆက်၍ရှိ​မြဲရှိ၏။

ယေရှု၏​တပည့်တော်တို့​အားဖြင့် ပြု​ပြင်​စီရင်​တော်မူသည့် ကြီးမြတ်၍ အံ့ဩဖွယ်​ကောင်းသော​အမှုများလည်း ရှိလေရာ၊ သူတို့သည် ဖျားနာသော​သူတို့ကို အနာ​ကင်း​စေ၏။ သေ​သူတို့​ကိုလည်း ထ​မြောက်​စေ၏။ ခြေ​မစွမ်းသော​သူတို့​ကိုလည်း လှမ်း​သွားစေ၏။ မျက်စိ​ကန်းသော​သူတို့ကိုလည်း မျက်စိ​အမြင်​ရ​ရှိစေ၏။ နား​ပင်းသော​သူတို့​ကို​လည်း နား​ကြားစေ၏။ အမျိုး​မျိုးသော အလွန်​တရာ​အံ့ဩဖွယ်​အမှုများ​ကိုလည်း လူသားတို့၌ ပြုကြ၏။ အဘယ်အရာကိုမျှ သူတို့သည် ယေရှု၏​နာမတော်​အားဖြင့်​မှတစ်ပါး အလွန်​တရာ​အံ့ဩဖွယ်​အမှုကို မပြုကြ။

ထိုကဲ့သို့​အားဖြင့်၊ သုံးဆယ်​ရှစ်​နှစ်မြောက်၊ ထို့အတူ သုံးဆယ်​ကိုး​နှစ်မြောက်၊ ထို့အတူ လေးဆယ်တစ်​နှစ်မြောက်၊ ထို့အတူ လေး​ဆယ်​နှစ်​နှစ်မြောက်တို့​လည်း ကုန်​လွန်​သွား၏။ ထိုမှတစ်ပါး၊ လေးဆယ်ကိုး​နှစ်​မြောက်၊ ထို့အတူ ငါး​ဆယ်​တစ်​နှစ်​မြောက်၊ ထို့အတူ ငါး​ဆယ်​နှစ်​နှစ်မြောက်တို့ ကုန်​လွန်​သွားသည့်​တိုင်​အောင်ပင် ဖြစ်၏။ ထို့မှတစ်ပါး၊ ငါး​ဆယ်ကိုး​နှစ်​သည်ပင် ကုန်​လွန်​သွားသည့်​တိုင်​အောင်​ဖြစ်လေ​သတည်း။

ကိုယ်တော်ရှင်​ကလည်း သူတို့ကို ထိုပြည်၌ လွန်စွာ​အောင်မြင်​စေတော်မူ​သဖြင့်၊ သူတို့သည်​လောင်မြိုက်သော​မြို့တို့၏​နေရာ၌ မြို့များကို တစ်ဖန်​တည်​ဆောက်ကြ၏။

ထိုမှတစ်ပါး၊ သူတို့သည် ထို​ဇရဟင်မလ​မြို့ကြီး​ကိုပင် တစ်ဖန်​တည်​ဆောက်​စေကြ၏။

သို့ရာတွင်၊ မြုပ်​သွားသည့် မြို့များစွာ​ရှိ၏၊ ထိုမြို့တို့၏​နေရာ၌ ရေများ​တက်​လာ၏။ ထို့ကြောင့် ဤမြို့​တို့ကို ပြန်၍ မတည်​ဆောက်နိုင်။

၁၀ ယခုမူကား၊ ရှုလော့၊ အချိန်​တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့သည် အား​ကြီး​လာ၍၊ အလွန်​လျင်​မြန်စွာ ပွားများ၏၊ အလွန်​ချောမော၍၊ နှစ်​သက်​ဖွယ်သော​လူမျိုးများ ဖြစ်​လာကြ၏။

၁၁ သူတို့သည် အိမ်​ထောင်​ဖက်​ပြုခြင်းနှင့် ထိမ်း​မြား​ပေး​စားခြင်းတို့ကို ပြုကြ၏၊ သူတို့ကို ကိုယ်တော်ရှင်​ပြု​ထားတော်မူသည့် ကတိတော်​အလုံး​အရင်းတို့​အတိုင်း ကောင်းချီး​ခံ​စား​ရကြ၏။

၁၂ သူတို့သည် မောရှေ၏​ပညတ်​တရား စီရင်​တော်မူခြင်းများနှင့် ဘိသိက်မင်္ဂလာများ၏ နောက်သို့လည်း အဘယ်တော့မျှ မလိုက်တော့။ သို့ရာတွင်၊ သူတို့သည် သူတို့၏​ကိုယ်တော်ရှင်နှင့် သူတို့၏​ဘုရားသခင်ထံမှ လက်​ခံရ​ရှိသည့် ပညတ်တော်​များနောက်သို့ လိုက်၍၊ အစာ​ရှောင်ခြင်းနှင့် ဆုတောင်းခြင်း၊ ထို့အတူ ဆုတောင်းခြင်းငှာနှင့် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်တို့ကို ကြားနာခြင်းငှာ အကြိမ်​ကြိမ်​အတူတကွ​တွေ့ဆုံခြင်းတို့ကို ဆက်၍​ပြုလျက်​ရှိကြ၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုပြည်​တစ်ခုလုံးရှိ လူမျိုးခပ်သိမ်းတို့၌ ရန်​တွေ့ခြင်း​မရှိ။ သို့ရာတွင်၊ ယေရှု၏​တပည့်တော်တို့၌ ကြီးစွာသော​အလွန်​တရာ​အံ့ဩဖွယ်​အမှုများ ပြုပြင်​စီရင်​ထားခြင်း​ရှိ၏။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ခုနစ်ဆယ်တစ်​နှစ်မြောက်၊ ထို့အတူ ခုနစ်ဆယ်​နှစ်​နှစ်မြောက်၊ အမှန်စင်စစ်၊ အချုပ်​အားဖြင့်၊ ခုနစ်ဆယ်​ကိုး​နှစ်​မြောက် ကုန်လွန်​သွားသည့်​တိုင်​အောင်​ဖြစ်၏။ ထိုမှတစ်ပါး၊ နှစ်ပေါင်း​တစ်ရာ ကုန်​လွန်၍၊ ယေရှု​ရွေး​ကောက်​တော်မူသည့် တပည့်တော်တို့​သည်​လည်း မြေကြီး​ပေါ်၌ ဆက်၍​နေရစ်မည့်သူ သုံးဦး​မှတစ်ပါး အားလုံး ဘုရားသခင်၏​အတိသုခ​ဘုံသို့ သွားကြ​လေပြီ။ ထိုသူတို့၏​နေရာ၌ အခြားသော​တပည့်တော်တို့ကို ခန့်​ထား၏။ ထို​မျိုးဆက်မှ များစွာသော​သူတို့​သည်​လည်း ကွယ်​လွန်​သွားကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုပြည်၌ ရန်​တွေ့ခြင်း​မရှိ၊ လူတို့၏​စိတ်နှလုံးထဲ၌ ရှိနေသည့် ဘုရားသခင်၏​ချစ်ခြင်း​မေတ္တာတော်ကြောင့်ပေတည်း။

၁၆ ဂုဏ်ပြိုင်ခြင်းများ​မရှိ။ ရန်တွေ့ခြင်းများ​လည်း​မရှိ။ ရုန်း​ရင်းခတ်ခြင်း​အမှုများလည်း​မရှိ။ မတရားသော​မေထုန်​အမှုများလည်း​မရှိ။ မုသား​ပြောခြင်း​လည်း​မရှိ။ လူ့​အသက်​သတ်ခြင်းလည်း မရှိ။ ကိလေ​သာ​လွန်​ကျူးခြင်း တစ်စုံ​တစ်ခုမျှလည်း​မရှိ။ ဘုရားသခင်၏​လက်တော်​အားဖြင့် ဖန်ဆင်း​ထား​တော်မူသည့် လူမျိုးခပ်သိမ်းတို့၌ သာ၍​ပျော်ရွှင်သော​လူမျိုး ဧကန်​အမှန်​မရှိနိုင်။

၁၇ ဓားပြ​မရှိ။ လူ့​အသက်​သတ်သော​သူလည်း​မရှိ။ လာမန်​အမျိုးသားဟု​လည်း​မရှိ။ အဘယ်​အမျိုးသားဟု​လည်း ကွဲ​ပြားခြင်း​မရှိ။ သူတို့သည် ခရစ်တော်၏​သားသမီးများ၊ ထို့အတူ ဘုရားသခင်၏​နိုင်ငံတော်ကို အမွေ​ခံ​သူများ​အဖြစ် တစ်လုံး​တစ်ဝ​တည်းသာ​ရှိကြ၏။

၁၈ သူတို့သည် အလွန်​မင်္ဂလာ​ရှိကြ​ပေစွ​တကား။ အကြောင်း​မူကား၊ ကိုယ်တော်ရှင်သည် သူတို့ကို သူတို့၏​ခပ်သိမ်းသော​အမှုများ၌ ကောင်းချီး​ပေးတော်မူ၏။ ထိုမှတစ်ပါး၊ သူတို့သည် နှစ်ပေါင်း တစ်ရာတစ်ဆယ် ကုန်​လွန်​သွားသည့်​တိုင်​အောင်ပင် ကောင်းချီး​ခံစား​ရ၍၊ အောင်မြင်ကြ၏။ ခရစ်တော်​ကြွ​လာ​တော်မူ​ပြီးနောက်၊ ပထမ​မျိုးဆက် ကွယ်လွန်​သွားလေ၏၊ ထိုပြည်​တစ်ခုလုံး၌ ရန်တွေ့ခြင်း​လည်း​မရှိ။

၁၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤနောက်​ဆုံး​မှတ်​တမ်းကို ရေးသူ နီဖိုင်း (သူသည် ထိုမှတ်တမ်းကို နီဖိုင်း၏​ပုရပိုက်​ပြားများ​ပေါ်မှာ ရေး၏) သေ၍၊ သူ့သား အာမုတ်က သူ၏​နေရာ၌ ရေး၏။ သူသည်လည်း ထိုကျမ်းကို နီဖိုင်း၏​ပုရပိုက်​ပြားများ​ပေါ်၌ ရေး၏။

၂၀ ထိုမှတ်တမ်းကို ရှစ်​ဆယ်လေး​နှစ်​ရေး၏။ သူတို့​အပေါ်၌ လာ​မန်​အမျိုးသားတို့၏​အမည်ကို ခံယူ၍၊ အသင်းတော်ကို ပုန်​ကန်သော​လူ​အနည်း​စု​မှတစ်ပါး၊ ထိုပြည်၌ ငြိမ်း​ချမ်းခြင်း​ရှိ​နေ၏။ ထို့ကြောင့်၊ ထိုပြည်ထဲ၌ လာမန်​အမျိုးသားတို့ တစ်ဖန်​ရှိ​စပြု၏။

၂၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ အာမုတ်လည်း သေ​သွား၍၊ (ထို​အချိန်မှာ ခရစ်တော်​ကြွ​လာ​တော်မူခြင်းမှ တစ်ရာကိုး​ဆယ်​လေး​နှစ်​ဖြစ်၏) သူ၏​နေရာ၌ သူ့​သား အာမုတ်က ထိုမှတ်တမ်းကို ရေး၏။ သူ​သည်​လည်း ထိုမှတ်တမ်းကို နီဖိုင်း၏​ပုရပိုက်​ပြားများပေါ်၌ ရေး၏။ ထိုမှတ်တမ်းကိုလည်း ဤကျမ်း​ဖြစ်သည့် နီဖိုင်း​ကျမ်း၌ ရေး​ထား၏။

၂၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နှစ်ပေါင်း​နှစ်ရာ ကုန်​လွန်​သွား၏။ အနည်း​ငယ်သော​သူတို့​မှတစ်ပါး၊ ဒုတိယ​မျိုးဆက်ခပ်သိမ်း​သည်​လည်း ကွယ်​လွန်​သွား၏။

၂၃ ယခု​မူကား၊ ငါ​မော်မုန်က သင်တို့​သိစေရန် အလို​ရှိသည်မှာ၊ လူတို့​ပွားများကြ​သဖြင့် ထိုပြည်၏​မျက်နှာပြင် တစ်ခုလုံး​ပေါ်၌ ပျံ့​နှံ့ကြောင်းနှင့်၊ သူတို့သည် ခရစ်တော်၌ အောင်မြင်ကြခြင်းကြောင့်၊ အလွန်​ကြွယ်ဝ​လာသည့် အကြောင်း​ပေတည်း။

၂၄ ယခု​မူကား၊ ဤနှစ်ရာတစ်​နှစ်တွင်၊ သူတို့၌ အလွန်​အဖိုး​ထိုက်သည့် အဝတ်များ၊ တင့်​တယ်သော ပုလဲ​အမျိုး​မျိုး၊ ထို့အတူ လောက၏​တင့်​တယ်သော​အရာများ စသည်တို့ကို ဝတ်​ဆင်လျက် မာနဖြင့်​ဘဝင်မြင့်​သူများ​ရှိ​စပြု၏။

၂၅ ထို​အချိန်မှ​စ၍၊ သူတို့သည် မိမိတို့၏ ပစ္စည်းများနှင့် ဥစ္စာကို အများ​ပိုင်​အဖြစ် မထားကြတော့။

၂၆ သူတို့သည် လူ​တန်း​စား​ခွဲခြားခြင်းကို​လည်း အစ​ပြုကြ၏။ မိမိတို့​ကိုယ်တိုင်​အဖို့ အကျိုး​အမြတ်​ရခြင်းငှာ၊ အသင်းတော်များကို တည်​ထောင်​စပြု၍၊ ခရစ်တော်၏ မှန်သော​အသင်းတော်ကို ငြင်းဆို​စပြုကြ၏။

၂၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နှစ်​ပေါင်း​နှစ်ရာ​တစ်ဆယ် ကုန်​လွန်​သွားသည့်​အချိန်တွင်၊ ထိုပြည်၌ အသင်းတော်​များစွာ​ရှိ၏။ ထိုမှတစ်ပါး၊ ခရစ်တော်​ကို​သိယောင်ဆောင်သည့်​အသင်းတော်​များစွာ​ရှိ၏။ သို့ရာတွင်၊ ထိုသူတို့သည် သူ၏​ဧဝံဂေလိ​တရားတော်​အများစုကို ငြင်းဆို၍၊ အမျိုး​မျိုးသော​ဆိုးညစ်ခြင်းတို့ကို လက်​ခံကြ၏၊ မထိုက်​တန်မှုကြောင့် တား​မြစ်​ထား​ခံရသူ​အဖို့၊ သန့်ရှင်း​မွန်မြတ်သည့်​အရာကို စီမံ​ဆောင်​ရွက်ကြ၏။

၂၈ ဤအသင်းတော်​သည်​လည်း ဒုစရိုက်ကြောင့်၊ ထို့အတူ သူတို့​စိတ်နှလုံးကို လွှမ်းမိုးသည့် စာတန်၏​တန်ခိုးကြောင့် လွန်စွာ​ပွားများ၏။

၂၉ ထိုမှ​တစ်ဖန်၊ ခရစ်တော်ကို ငြင်းဆိုသည့် တခြားသော​အသင်းတော်​တစ်ပါး​ရှိ၏။ ခရစ်တော်၏​အသင်းတော်မှ အသင်း​ဝင်သူတို့၏​နှိမ့်ချခြင်းနှင့် ခရစ်တော်၌ သူတို့၏​ယုံကြည်ခြင်းတို့ကြောင့်၊ ထိုသူတို့သည် ခရစ်တော်၏​မှန်သော​အသင်းတော်ကို ညှဉ်း​ဆဲကြ၏။ သူတို့၌ ပြုပြင်​စီရင်​တော်မူသည့် များစွာသော​အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့ကြောင့်​လည်း မထီမဲ့​မြင်​ပြုကြ၏။

၃၀ ထို့ကြောင့်၊ သူတို့နှင့် ဆက်၍​နေ​ရစ်ကြသည့် ယေရှု၏​တပည့်တော်တို့​အပေါ်၌ တန်ခိုးနှင့် အခွင့်​အာဏာကို သုံး၍၊ ထောင်ထဲ၌ လှောင်​ထားကြ၏။ သို့ရာတွင်၊ တပည့်တော်တို့၌ ရှိသည့် ဘုရားသခင့်​နှုတ်ကပတ်တော်၏​တန်ခိုးကြောင့်၊ ထောင်တို့သည် နှစ်ခြမ်း​ကွဲ၍၊ သူတို့​သည်​လည်း ထွက်​သွားကြ၏၊ လူတို့၌ ကြီးစွာသော အလွန်​တရာ​အံ့ဩဖွယ်​အမှုများကို ပြုလျက်​ရှိကြ၏။

၃၁ အဘယ်သို့​ပင်​ဖြစ်စေ၊ ဤအလွန်​တရာ​အံ့ဩဖွယ်​အမှုများ ရှိ​သော်​ငြား​လည်း၊ လူတို့သည် စိတ်နှလုံးကို မာကျော​စေ၍၊ ယေရှု၏​စကားများ​အတိုင်း ယေရုရှလင်၌ ယုဒ​လူမျိုးတို့က သူ့ကို သတ်ခြင်းငှာ ကြိုးစား​သကဲ့သို့ပင်၊ ထိုသူတို့ကို သတ်ခြင်းငှာ ကြိုး​စားအားထုတ်ကြ၏။

၃၂ သူတို့ကို မီးပြင်း​ဖိုထဲသို့ ပစ်ချရာ၊ ထိခိုက်ခြင်း​မရှိဘဲ ထွက်​လာကြ၏။

၃၃ တောသားရဲ​တွင်း​ထဲသို့​ပစ်ချရာ၊ ကလေး​သူငယ်သည် သိုးသငယ်နှင့်​ကစား​သကဲ့သို့ပင် သူတို့သည် တောသားရဲတို့နှင့် ကစားကြ၏။ ထိ​ခိုက်ခြင်း​မရှိဘဲ၊ သားရဲတို့​အထဲမှ ထွက်​လာကြ၏။

၃၄ သို့သော်လည်း၊ လူတို့သည် စိတ်နှလုံးကို မာကျော​စေကြ၏။ အကြောင်း​မူကား၊ သူတို့သည် များစွာသော​ယဇ်ပုရောဟိတ်များနှင့် မိစ္ဆာ​ပရောဖက်တို့​အားဖြင့် အသင်းတော်များစွာကို တည်​ထောင်ရန်နှင့် အမျိုး​မျိုးသော​ဒုစရိုက်တို့ကို ပြုရန်​ပို့ဆောင်ခြင်းကို ခံရကြ၏။ သူတို့သည် ယေရှု၏​လူမျိုးတို့​ကိုလည်း ပြင်းစွာ​ရိုက်ကြ၏။ သို့ရာတွင်၊ ယေရှု၏​လူမျိုးတို့သည် ပြန်၍​မရိုက်ကြ။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် နှစ်ပေါင်း နှစ်ရာသုံးဆယ် ကုန်လွန်​သွားသည့်​တိုင်​အောင်ပင်၊ နှစ်စဉ်​နှစ်တိုင်း ယုံကြည်မှု လျော့ပါး​ဆုတ်​ယုတ်​လာကြ၏။

၃၅ ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ ဤနှစ်တွင်၊ အထူးသဖြင့်၊ နှစ်ရာသုံးဆယ်​တစ်​နှစ်​မြောက်တွင်၊ လူမျိုးတို့၌ ကြီးစွာသော​ကွဲ​ပြားခြင်း​ရှိ၏။

၃၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤနှစ်တွင်၊ နီဖိုင်း​အမျိုးသားများဟု ခေါ်သည့် လူမျိုး​တစ်မျိုး ပေါ်​ပေါက်​လာ၏၊ ထိုသူတို့သည် ခရစ်တော်၌ အမှန်​ယုံကြည်​သူများ​ဖြစ်၏။ သူတို့​ကြား၌ လာမန်​အမျိုးသားတို့က—ယာကုပ်​အမျိုးသားများ၊ ယောသပ်​အမျိုးသားများနှင့် ဇော်ရမ်​အမျိုးသားများဟု ခေါ်သည့်​သူများလည်း​ရှိ၏။

၃၇ ထို့ကြောင့်၊ ခရစ်တော်၌ အမှန်​ယုံကြည်​သူများ၊ ထို့အတူ ခရစ်တော်ကို အမှန်​ကိုးကွယ်​သူများကို (ယေရှု၏​တပည့်တော်​သုံးပါး ဆက်၍​နေရစ်မည့်​သူတို့​ကြား၌) နီဖိုင်း​အမျိုးသားများ၊ ထို့အတူ ယာကုပ်​အမျိုးသားများ၊ ထို့အတူ ယောသပ်​အမျိုးသားများ၊ ထို့အတူ ဇော်ရမ်​အမျိုးသားများဟု ခေါ်ကြ၏။

၃၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဧဝံဂေလိ​တရားတော်ကို ငြင်း​ပယ်သော​သူတို့ကို လာမန်​အမျိုးသားများ၊ လေမွေလ​အမျိုးသားများနှင့် ဣရှမေလ​အမျိုးသားများဟု ခေါ်ကြ၏။ ထိုသူတို့သည် ယုံကြည်မှု​လျော့​ပါး​ဆုတ်​ယုတ်​မလာကြ၊ သို့ရာတွင်၊ ခရစ်တော်၏ ဧဝံဂေလိ​တရားတော်ကို တမင်​ဆန့်ကျင်​ပုန်​ကန်ကြ၏။ သူတို့၏​သားသမီးများ​ကိုလည်း၊ ရှေးဦးစွာ​ကတည်းက သူတို့၏​ဘိုးဘေးများ လျော့​ပါး​ဆုတ်​ယုတ်​သကဲ့သို့ပင် မယုံကြည်​ရမည့်​အကြောင်း သွန်​သင်​ပေးကြ၏။

၃၉ ထိုသို့​ဖြစ်​ရလေ​သည်​ကား၊ ရှေးဦးစွာက ကဲ့သို့ပင်​ဖြစ်သော သူတို့​ဘိုးဘေးတို့၏ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကြောင့် ပေတည်း။ သူတို့သည် ရှေးဦးစွာ ကတည်းက၊ နီဖိုင်း​အမျိုးသားတို့၏ သားသမီးများကို မုန်းတီးရန် သွန်သင်ခံရလေသည့် လာမန်​အမျိုးသားတို့​ကဲ့သို့ပင် ဘုရားသခင်၏ သားသမီးများကို မုန်းတီးရန် သွန်သင်​ခံရကြလေ၏။

၄၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နှစ်ရာ့​လေးဆယ့်​လေး​နှစ် ကုန်​လွန်​သွားလေပြီး၊ ဤရွေ့​ကား၊ လူမျိုးတို့၏​အမှု​အမျိုး​မျိုးပေတည်း။ လူမျိုးတို့မှ ပို၍​ဆိုးညစ်သော​အစုသည် အားကြီး​လာ၍၊ ဘုရားသခင်၏​လူမျိုးတို့ထက် အလွန်​ပို၍​အမြောက်​အမြား​ရှိ​လာ၏။

၄၁ ထိုသူတို့သည် သူတို့​ကိုယ်တိုင်အဖို့ အသင်းတော်များကို ဆက်၍ တည်​ထောင်မြဲရှိခဲ့၏၊ ထို​အသင်းတော်များကို အဖိုး​ထိုက်သည့်​အရာ အမျိုး​မျိုးတို့ဖြင့် တန်​ဆာ​ဆင်ကြ၏။ ထိုကဲ့သို့​အားဖြင့်၊ နှစ်ပေါင်း​နှစ်ရာ​ငါးဆယ်၊ ထို့အတူ နှစ်ရာခြောက်​ဆယ်​သည်လည်း ကုန်​လွန်​သွား၏။

၄၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူမျိုးတို့မှ ဆိုးညစ်သည့်​အစုသည် လျှို့ဝှက်သော​ကျိန်​ဆိုခြင်းနှင့် ဂါဒျန်တန်ဂိုဏ်းများကို တစ်​ဖန်​တည်​ထောင်​စ​ပြုကြ၏။

၄၃ နီဖိုင်း​လူမျိုးများဟု ခေါ်သည့် လူမျိုးတို့​သည်​လည်း သူတို့၏ အလွန်​များသော​စည်းစိမ်​ဥစ္စာတို့ကြောင့် စိတ်နှလုံး၌ မာနကြီး​စပြု၍ သူတို့၏​ညီအစ်ကို လာမန်​အမျိုးသားတို့​ကဲ့သို့ပင် အချည်း​အနှီး ဖြစ်​လာကြ​လေသတည်း။

၄၄ ဤအချိန်မှ​စ၍၊ တပည့်တော်တို့​သည်လည်း လောကီ​သားတို့၏​အပြစ်များ​အတွက် ဝမ်းနည်း​စ​ပြုကြ၏။

၄၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နှစ်ပေါင်း​သုံးရာ ကုန်​လွန်​သွားသော​အချိန်တွင်၊ နီဖိုင်း​လူမျိုးနှင့် လာမန်​လူမျိုး နှစ်မျိုး​စလုံးတို့မှာ တစ်မျိုးသည် တခြား​တစ်မျိုး​ကဲ့သို့ပင် အလွန်​ဆိုးညစ်​လာကြ၏။

၄၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဂါဒျန်​တန်​ဓားပြတို့သည် ထိုပြည်၏​မျက်နှာ​ပြင်​တစ်ခု​လုံးပေါ်၌ ပျံ့​နှံ့ကြ၏။ ယေရှု၏​တပည့်တော်တို့​မှတစ်ပါး ဖြောင့်​မတ်သော​သူ တစ်ဦးမျှ​မရှိ။ သူတို့သည် ရွှေ၊ ငွေတို့ကို မြောက်​မြားစွာ သိုထား၍၊ အမျိုး​မျိုးသော​ကုန်​ပစ္စည်းများကို အရောင်း​အဝယ်​ပြုကြ၏။

၄၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နှစ်ပေါင်း သုံးရာ​ငါးနှစ် ကုန်လွန်​သွား​ပြီးနောက်၊ (လူတို့​သည် ဆိုးညစ်ခြင်း၌ ဆက်၍​ရှိ​နေကြ​သေး၏) အာမုတ် သေ၏။ ထိုမှတ်တမ်းကို သူ့ ညီ​အမ္မရုန်က သူ့​နေရာ၌ ရေး၏။

၄၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နှစ်ပေါင်း​သုံးရာနှစ်ဆယ် ကုန်​လွန်​သွားသော​အချိန်တွင်၊ အမ္မရုန်သည် သန့်ရှင်းသော​ဝိညာဉ်တော်၏ အတင်း​စေခိုင်းခြင်းကို ခံရလျက်၊ သန့်ရှင်း​မွန်မြတ်သည့်​မှတ်တမ်းများကို—အထူးသဖြင့်၊ သန့်ရှင်း​မွန်မြတ်သည့်​အရာ​တည်း​ဟူသော၊ လူမျိုး​အစဉ်​အဆက် လက်​ဆင့်​ကမ်း​ပေး​ထားသည့် သန့်​ရှင်း​မွန်​မြတ်သော​မှတ်တမ်းခပ်သိမ်းကိုပင်—သူ​ဝှက်ထားခဲ့​သည်မှာ၊ ခရစ်တော်​ကြွ​လာ​တော်မူခြင်းမှ နှစ်ပေါင်း​သုံးရာ​နှစ်ဆယ်​မြောက်​အထိ​ပင်​တည်း။

၄၉ သူသည်လည်း ထိုမှတ်တမ်းများကို ကိုယ်တော်ရှင်၏ ပရောဖက်​ပြု​ဟောချက်များနှင့် ကတိတော်တို့​အတိုင်း ယာကုပ်​အမျိုးသားတို့၏ ကျန်​ကြွင်းသော​သူများသို့ ဖော်​ပြနိုင်မည့်​အကြောင်း ကိုယ်တော်ရှင်​ထံသို့ ဝှက်​ထား၏။ ဤရွေ့ကား၊ အမ္မရုန်၏​မှတ်တမ်း ပြီး​ဆုံးခြင်း​ပေတည်း။