ကျမ်းစာများ
အယ်လမာ ၄၂


အခန်းကြီး ၄၂

သေခြင်း​ရှိရာ​အဖြစ်သည် လူသား​အတွက် နောင်တရရန်နှင့် ဘုရားသခင်ကို အစေခံရန် စွမ်းဆောင်နိုင်​စေခြင်းငှာ အစမ်း​သပ်ခံရာ အချိန်​ကာလ​ဖြစ်၏—ကျရှုံးခြင်းသည် ခပ်သိမ်းသော​လူသားတို့​အပေါ် ဝိညာဉ်ပကတိနှင့် ဇာတိ​ပကတိ​သေခြင်းကို ဖြစ်ပေါ်စေ၏—ရွေးနှုတ်​ခြင်းသည် နောင်တရခြင်း​အားဖြင့် ရောက်လာ၏—ဘုရားသခင်​ကိုယ်တော်တိုင် လောကီ​သားတို့၏ အပြစ်များ​အတွက် အပြစ်​ဖြေ​တော်မူ၏—ကရုဏာတော်သည် နောင်တရသော​သူများ​အတွက် ဖြစ်၏—အခြားသော​သူခပ်သိမ်းတို့သည် ဘုရားသခင်၏ တရား​တော်မူခြင်း လွှမ်းမိုးမှု​အောက်၌ ရှိ၏—ကရုဏာတော်သည် အပြစ်​ဖြေခြင်းမင်္ဂလာကြောင့် ရောက်လာ၏—အမှန်​နောင်တရသော​သူများ​သာလျှင် ကယ်တင်ခြင်းသို့ ရောက်ကြ၏။ ဘီစီ ၇၄ ခန့်။

ယခုမူကား၊ ငါ့သား၊ သင်၏​စိတ်ကို စိုးရိမ်စေသည့်​အရာ အတော်အသင့် ထပ်၍​ရှိသေးသည်ကို ငါ​သိမြင်၏။ ထိုအရာကို သင်​နားမလည်နိုင်—ထိုအရာ​သည်ကား၊ အပြစ်​ရှိသူအား အပြစ်ဒဏ်ကို​ပေးရာ၌ ဘုရားသခင်၏ တရား​တော်မူခြင်း​အကြောင်းပေတည်း။ အကြောင်းမူကား၊ သင်သည် ဝမ်းနည်း​ပူဆွေးမှု​အခြေအနေသို့ အပြစ်​ရှိသူ​လွှဲအပ်​ခံရမည်မှာ တရား​မမျှတဟု ထင်မှတ်ရန် ကြိုး​စား၏။

ယခုတွင်၊ ရှုလော့၊ ငါ့သား၊ ငါသည် ဤအမှုကို သင့်အား ရှင်းပြမည်။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် ငါတို့၏ ပထမ​ဦးဆုံးသော​မိဘတို့အား သူတို့ကို နှုတ်ယူရာ​မြေကြီးကို ထွန်ယက်စေရန် ဧဒင်​ဥယျာဉ်မှ နှင်ထုတ်​ပြီးနောက်—ထိုမှတစ်ပါး၊ သူသည် လူသားကို ပယ်ရှား၏။ အသက်ပင်ကို စောင့်ရှောက်​စေခြင်းငှာလည်း၊ ခေရုဗိမ်နှင့် လမ်း​မှန်သမျှကို လွှဲစေသည့် မီးစက်​လက်နက်ကို ဧဒင်​ဥယျာဉ်​အရှေ့​ဘက်စွန်း၌ ထားတော်မူ၏—

ယခုတွင်၊ ငါတို့ သိမြင်ကြ​သည်မှာ၊ လူသားသည် အကောင်းနှင့် အဆိုးကို​သိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်လာခဲ့​လေခြင်းပေတည်း။ ထို့အတူ၊ သူ့အား၊ လက်ကို​မထုတ်၊ အသက်ပင်၏ အသီးကို​လည်းမခူး၊ မစား၍၊ ကာလ​အစဉ်အဆက် အသက်​မရှင်​စေခြင်းငှာ​လည်းကောင်း၊ သူ့အား ထိုအသီးကို မသုံးဆောင်ရ​စေခြင်းငှာ​လည်းကောင်း၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် ခေရုဗိမ်နှင့် မီးစက်​လက်နက်ကို ထားတော်မူ၏—

ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြ​သည်မှာ လူသားအား နောင်တရရန် ကာလ​တစ်ခု၊ အမှန်စင်စစ်၊ အစမ်း​သပ်ခံရာ​ကာလ​တစ်ခု၊ နောင်တရ၍၊ ဘုရားသခင်ကို အစေခံရန်​ကာလ​တစ်ခု ပေးထား​တော်မူ​ကြောင်းပေတည်း။

အကြောင်းမူကား၊ ရှုလော့၊ အာဒံသည် မိမိလက်ကို ရုတ်တရက်ထုတ်၍ အသက်ပင်၏​အသီးကို သုံးဆောင်ခဲ့လေလျှင်၊ ကာလ​အစဉ်အဆက် အသက်ရှင်​လိမ့်မည်​ဖြစ်၍၊ ဘုရားသခင်၏​နှုတ်ကပတ်တော်​အတိုင်း၊ နောင်တရခြင်းအတွက် ကာလ​အပိုင်း​အခြား​မရှိလေ၍၊ ထိုမှတစ်ပါး၊ ဘုရားသခင်၏​နှုတ်ကပတ်တော်​သည်လည်း အချည်း​နှီး​ဖြစ်၍၊ ကြီးမြတ်​တော်မူသည့် ကယ်တင်ခြင်း​အစီ​အစဉ်လည်း အထ​မမြောက်ဘဲ​ရှိလိမ့်မည်။

သို့ရာတွင်၊ ရှုလော့၊ လူသားကို သေစေရန် စီရင်တော်မူနှင့်လေပြီ—ထို့ကြောင့်၊ သူတို့သည် အသက်ပင်မှ တားဆီး​ထားခံရသကဲ့သို့၊ မြေကြီးမျက်နှာပြင်မှ ပယ်ရှင်းခံရ၏—လူသားသည်လည်း ကာလ​အစဉ်အဆက် ပျောက်ဆုံး​လာ၏။ ထိုမှတစ်ပါး၊ သူတို့သည် ကျရှုံးသော​သူ​ဖြစ်လာ၏။

ယခုမူကား၊ ငါတို့၏ ပထမ​ဦးဆုံးသော​မိဘများသည် ကိုယ်တော်ရှင်၏​မျက်မှောက်မှ ဇာတိ​ပကတိနှင့် ဝိညာဉ်​ပကတိ​နှစ်ခုစလုံး၌ ပယ်ရှင်း​ခံရလေသည်ကို ဤအမှု​အားဖြင့် သင်​သိမြင်၏။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြ​သည်မှာ သူတို့သည် သူတို့​ကိုယ်တိုင်၏​အလို​ဆန္ဒ​နောက်သို့ လိုက်စေရန် ဩဇာခံများ​ဖြစ်လာခြင်း​ပေတည်း။

ယခုတွင်​ရှုလော့၊ လူသားသည် ဤဇာတိ​ပကတိ​သေခြင်းမှ ကယ်ဆယ်ခံရရန် မလိုအပ်။ အကြောင်းမူကား၊ ကြီးမြတ်သည့် ပျော်ရွှင်ခြင်း​အစီအစဉ်ကို ထိုအမှုက ဖျက်ဆီးလိမ့်မည်။

ထို့ကြောင့်၊ စိတ်ဝိညာဉ်သည် အဘယ်တော့မှ မသေနိုင်သဖြင့်၊ ခပ်သိမ်းသော လူသား​တို့၌၊ ကျရှုံးခြင်း၊ ဇာတိ​ပကတိ​သေခြင်းနှင့်​အတူ ဝိညာဉ်​ပကတိ​သေခြင်းကိုလည်း ဖြစ်​ပေါ်စေလေ၏။ ဆိုလိုသည်မှာ၊ လူသားတို့သည် ကိုယ်တော်ရှင်၏​မျက်မှောက်မှ ပယ်ရှင်း​ခံရ၍၊ ဤဝိညာဉ်​ပကတိ​သေခြင်းမှ ကယ်ဆယ်​ခံရရန် လိုအပ်ပေ၏။

၁၀ ထို့ကြောင့်၊ သူတို့သည် လောကီဆိုင်ရာ၊ ရာဂ​စိတ်ဖြင့်​စွဲလန်းခြင်းနှင့် နတ်ဆိုး​ကဲ့သို့​ဖြစ်ခြင်း အလို​အလျောက်​ဖြစ်လာ၍ ဤအစမ်း​သပ်ခံရာ​နေရာသည် သူတို့​အတွက်၊ ပြင်ဆင်ရန်​နေရာ ဖြစ်လာ၏။ ပြင်ဆင်ရာ​နေရာ​တစ်ခု ဖြစ်​လာ၏။

၁၁ ယခုမူကား၊ ငါ့သား၊ ရွေးနှုတ်ခြင်း​အစီအစဉ် မရှိဘဲနှင့် (ထိုအစီအစဉ်ကို ပယ်ရှားလျက်) သူတို့သည် သေလျှင်​သေချင်း၊ သူတို့၏​စိတ်ဝိညာဉ်များသည် ကိုယ်တော်ရှင်​၏ မျက်မှောက်မှ ပယ်ရှား​ခံရ၍ ဝမ်းနည်း​ပူဆွေးစရာ​ဖြစ်ရမည့်​အကြောင်းကို သတိရလော့။

၁၂ ယခုမူကား၊ လူသားကိုယ်တိုင်၏ မနာခံခြင်းကြောင့်၊ သူ့အပေါ်သို့ ကျရောက်စေသည့် ဤကျရှုံးရာ​အခြေအနေမှ၊ လူသားတို့ကို ကယ်ဆယ်ရန် နည်းလမ်း​မရှိ။

၁၃ ထို့ကြောင့်၊ တရား​တော်မူခြင်း​အတိုင်း၊ ဤအစမ်းသပ်​ခံရာနေရာ၊ အထူးသဖြင့်၊ ဤပြင်ဆင်ရာ​နေရာ၌ လူသားတို့​နောင်တရခြင်း​အခွင့်များ​အားဖြင့်​မှတစ်ပါး၊ ရွေးနှုတ်ခြင်း​အစီအစဉ်ကို အကျိုး​ပြုသက်ရောက်​စေနိုင်​တော်မူမည်​မဟုတ်။ အကြောင်းမူကား၊ ဤအခွင့်များ​အားဖြင့်​မှတစ်ပါး၊ ကရုဏာတော်သည် တရားသော​အမှုတော်ကို မဖျက်ဆီးဘဲနှင့် အကျိုး​မသက်​ရောက်နိုင်။ ယခုတွင်၊ တရားသော​အမှုတော်ကို မဖျက်ဆီးနိုင်။ အကယ်၍​ဖျက်ဆီးလျှင်၊ ဘုရားသခင်သည် ဘုရားသခင်​အဖြစ်မှ ရပ်တန့်​တော်မူလိမ့်မည်။

၁၄ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြ​သည်မှာ ခပ်သိမ်းသောလူသား​တို့သည် ကျရှုံး၍၊ အပြစ်​ပေးခြင်း၏​ချုပ်ကိုင်ခြင်း၌ ရှိလေပြီး၊ အမှန်စင်စစ်၊ သူတို့ကို မျက်မှောက်တော်မှ ကာလ​အစဉ်အဆက် ပယ်ရှင်း​ခံရစေရန် လွှဲအပ်​တော်မူသည့် ဘုရားသခင်၏​အပြစ်​ပေးခြင်း၌ ရှိလေကြောင်း​ပေတည်း။

၁၅ ယခုမူကား၊ အပြစ်ဖြေခြင်းမင်္ဂလာကို ပြုမထားလျှင်၊ ကရုဏာတော်​အစီအစဉ်ကို မဖြစ်​စေနိုင်။ ထို့ကြောင့်၊ ဘုရားသခင်သည် စုံလင်သော၊ တရား​မျှတတော်မူသည့် ဘုရားသခင်နှင့် ကရုဏာကြီး တော်မူသော ဘုရားသခင်လည်း ဖြစ်နိုင်ခြင်းငှာ၊ ကရုဏာတော် အစီအစဉ်ကို ဖြစ်စေရန်နှင့် တရား​တော်မူခြင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ ဘုရားသခင်​ကိုယ်တော်တိုင်သည် လောကီ​သားတို့၏ အပြစ်များ​အတွက် အပြစ်ဖြေ​တော်မူ၏။

၁၆ ယခုတွင်၊ စိတ်ဝိညာဉ်ဘဝကဲ့သို့ပင် ထာဝရ​ဖြစ်သည့် ပျော်ရွှင်ခြင်း​အစီအစဉ်ကို ဆန့်ကျင်၍ ဆက်စပ်လျက်​ရှိသော၊ စိတ်ဝိညာဉ်ဘဝကဲ့သို့လည်း ထာဝရ​ဖြစ်သည့် အပြစ်​ဒဏ်မရှိလျှင်၊ နောင်တရခြင်းသည် လူသားတို့ထံ မရောက်နိုင်။

၁၇ ယခုတွင်၊ လူသားသည် အပြစ်​ကျူးလွန်ခြင်း​မရှိလျှင်၊ အဘယ်သို့​အားဖြင့် နောင်တရနိုင်​ခဲ့မည်နည်း။ ဥပဒေ​မရှိလျှင်၊ အဘယ်သို့​အားဖြင့် အပြစ်​ကျူးလွန်နိုင်​ခဲ့မည်နည်း။ အပြစ်​ဒဏ်​မရှိလျှင်၊ အဘယ်သို့​အားဖြင့် ဥပဒေ​ရှိနိုင်​ခဲ့မည်နည်း။

၁၈ ယခုတွင်၊ ဆက်စပ်လျက်​ရှိသော​အပြစ်​ဒဏ်​ရှိလေ၍၊ လူသားသို့ သံဝေဂရရာ အသိ​စိတ်ကို​ဆောင်သည့်​တရား​တည်းဟူသော၊ ပြုထားရာ​တရား​မျှတသော ပညတ်​တရား​ရှိ၏။

၁၉ ယခုတွင်၊ ပြုထားသော​ဥပဒေ​မရှိလျှင်—လူသားသည် လူ့အသက်ကို​သတ်လျှင်၊ သူလည်း သေရလိမ့်မည်—လူ့အသက်ကို​သတ်၍၊ သူလည်း​သေရမည့်​အတွက် ကြောက်​လန့်မည်လော။

၂၀ ထို့အတူ၊ အပြစ်၏​တစ်ဖက်၌ ဥပဒေကိုလည်း ပြုထားခြင်း​မရှိလျှင်၊ လူသားတို့သည် အပြစ်​ကျူးလွန်ရန် ကြောက်လန့်မည်​မဟုတ်။

၂၁ ပညတ်တရားကို ပေးမထားလျှင်၊ လူသားတို့ အပြစ်​ကျူးလွန်လျှင်လည်း၊ တရား​တော်မူခြင်း သို့မဟုတ်၊ ကရုဏာတော်သည် လူ​သတ္တဝါ​အပေါ်၌ သက်ရောက်ခြင်း ရှိခဲ့လိမ့်မည် မဟုတ်​သောကြောင့်၊ အဘယ်သို့ ပြုနိုင်ခဲ့သနည်း။

၂၂ သို့ရာတွင်၊ ပြုထားသော ဥပဒေ၊ ထို့အတူ ဆက်စပ်လျက်​ရှိသော​အပြစ်ဒဏ်၊ ထို့အတူ အခွင့်​ပေးထားသော နောင်တရခြင်း​ရှိပေ၏။ ထိုနောင်တရခြင်းကို ကရုဏာတော်က လက်ခံ၍ သက်ရောက်ခြင်း​ရှိပေ၏။ သို့မဟုတ်လျှင်၊ တရားမျှတခြင်းက လူသတ္တဝါကို​တောင်းဆို၍ ဥပဒေကို စီရင်သဖြင့်၊ ဥပဒေက အပြစ်​ဒဏ်ချမှတ်၏။ ထိုသို့​မဟုတ်လေလျှင်၊ တရားမျှတသော​အမှုတော်များ ပျက်စီး​လိမ့်မည်​ဖြစ်၍၊ ဘုရားသခင်သည် ဘုရားသခင်​အဖြစ်မှ ရပ်တန့်​တော်မူလိမ့်မည်။

၂၃ သို့ရာတွင်၊ ဘုရားသခင်သည် ဘုရားသခင်​အဖြစ်မှ ရပ်တန့်​တော်မူခြင်း​မရှိ။ ကရုဏာတော်​သည်လည်း နောင်တရသော​သူ​အပေါ် အကျိုး​ပြုသက်​ရောက်၍၊ အပြစ်​ဖြေခြင်းမင်္ဂလာကြောင့်၊ ကရုဏာတော်​ရောက်လာ၏။ ထို့အတူ၊ အပြစ်​ဖြေခြင်းမင်္ဂလာက သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်းကို ဖြစ်​ပေါ်စေ၏။ သေသူတို့၏ ရှင်ပြန်​ထမြောက်ခြင်းကလည်း လူသားတို့ကို ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်၍​ဆောင်ယူ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် မိမိတို့၏​အကျင့်များ​အတိုင်း၊ ပညတ်တရားနှင့် တရားတော်မူခြင်းတို့​အတိုင်း တရားစီရင်​ခံရစေရန် မျက်မှောက်တော်သို့ ပြန်လည်​ဆောင်ယူ​ခံရ၏။

၂၄ အကြောင်းမူကား၊ ရှုလော့၊ တရားတော်မူခြင်းက၊ သူ၏​ခပ်သိမ်းသော​လိုအပ်ချက်များကို ကျင့်သုံးလျက်၊ ကရုဏာတော်ကလည်း မိမိပိုင်ဆိုင်သမျှကို တောင်းဆို၍၊ ထိုကဲ့သို့​အားဖြင့်၊ အမှန်​နောင်တရသော​သူမှတစ်ပါး အဘယ်သူမျှ ကယ်တင်ခြင်းသို့ မရောက်။

၂၅ သင်သည် ကရုဏာတော်က တရား​တော်မူခြင်းကို ဖယ်ရှားနိုင်သည်ဟု အဘယ်သို့​အားဖြင့် ထင်မှတ်သနည်း။ မဟုတ်ပေ၊ အလျှင်း​မဟုတ်ဟု သင့်ကို ငါ​ဆို၏။ ထိုကဲ့သို့ ဖြစ်လေလျှင်၊ ဘုရားသခင်သည် ဘုရားသခင်​အဖြစ်မှ ရပ်တန့်​တော်မူလိမ့်မည်။

၂၆ ထိုကဲ့သို့​အားဖြင့်၊ ဘုရားသခင်သည် ကမ္ဘာတည်ကတည်းက ပြင်ဆင်​ထားတော်မူ​လေသော သူ၏​ကြီးမြတ်​တော်မူသည့် ထာဝရ​အကြံ​အစည်တော်များကို ပြီးမြောက်​စေတော်မူ၏။ ထိုကဲ့သို့​အားဖြင့်၊ လူသားတို့၏ ကယ်တင်ခြင်းနှင့် ရွေးနှုတ်ခြင်း၊ ထို့အတူ၊ သူတို့၏ ပျက်စီးခြင်းနှင့် ဝမ်းနည်း​ပူဆွေးမှု ဖြစ်ပေါ်​လာ၏။

၂၇ ထို့ကြောင့်၊ အို ငါ့သား၊ လာလိုသူ​မှန်သမျှ​လာ၍၊ အသက်ရေကို လွတ်လပ်စွာ သုံးဆောင်နိုင်၏။ မလာလိုသူ​မှန်သမျှသည်လည်း လာရန် အနိုင်​အထက်​စီရင်မခံရ။ သို့ရာတွင်၊ နောက်ဆုံးသော​နေ့ ၌၊ သူ၏​အကျင့်များ​အတိုင်း သူ့ထံသို့ ပြန်လည်​ပေးအပ်လိမ့်မည်။

၂၈ အကျင်သူသည် မကောင်းမှုကို ပြုလို၏၊ မိမိဘဝ၌ နောင်တလည်းမရလျှင်၊ ရှုလော့၊ ဘုရားသခင်သည် ပြန်လည်​ဆောင်ယူခြင်း​အတိုင်း မကောင်းမှုကို ထိုသူထံသို့ ပြုတော်မူ​လိမ့်မည်။

၂၉ ယခုမူကား၊ ငါ့သား၊ ငါ​အလို​ရှိသည်ကား၊ သင်သည် ဤအရာတို့က သင့်ကို စိတ်ညှိုးငယ်​စေခြင်း မရှိစေတော့နှင့်၊ သင်၏​အပြစ်များကသာ သင့်ကို စိတ်ညှိုးငယ်​ပါလေစေ။ ထိုစိတ်ညှိုးငယ်ခြင်း​အားဖြင့် သင့်ကို နောင်တရခြင်းသို့ ဆောင်ယူ​လိမ့်မည်။

၃၀ အို ငါ့သား၊ သင်သည် ဘုရားသခင်၏​တရားတော်မူခြင်းအား မငြင်းဆိုတော့စေကြောင်း ငါ​အလို​ရှိ၏။ ဘုရားသခင်၏​တရား​တော်မူခြင်းကို ငြင်းဆိုခြင်း​အားဖြင့်၊ သင်၏​အပြစ်များကြောင့်၊ အနည်း​ငယ်သော​အမှု၌ပင် သင့်ကိုယ်ကို အပြစ်တင်ခြင်းမှ ကင်းလွတ်စေရန် အားမထုတ်နှင့်။ သို့ရာတွင်၊ သင်သည် ဘုရားသခင်၏​တရားတော်မူခြင်း၊ သူ၏​ကရုဏာတော်နှင့် သူ၏​စိတ်ရှည်​တော်မူခြင်းတို့အား သင်၏​စိတ်နှလုံး၌ အကြွင်းမဲ့​လွှမ်းမိုးခြင်း ရှိစေလော့။ သင့်ကို မြေမှုန့်သို့​တိုင်အောင် နှိမ့်ချခြင်းသို့ ထိုအမှုက ပို့ဆောင်​ပါလေစေ။

၃၁ ယခုမူကား၊ အို ငါ့သား၊ သင်သည် နှုတ်ကပတ်တော်ကို ဤလူမျိုးတို့အား ဟောပြောစေရန် ဘုရားသခင်၏ ခေါ်သွင်း​တော်မူခြင်းကို ခံရသူ​ဖြစ်၏။ ယခုမူကား၊ ငါ့သား၊ သင်သည် လူတို့ကို နောင်တရခြင်းသို့ ဆောင်ယူနိုင်ခြင်းငှာ​လည်းကောင်း၊ သူတို့​အပေါ် ကြီးမြတ်သော ကရုဏာတော်​အစီအစဉ် အကျိုးပြု​သက်ရောက်​စေခြင်းငှာ​လည်းကောင်း၊ သင့်လမ်းသင်သွား၍ နှုတ်ကပတ်တော်ကို သစ္စာ​တရားနှင့် တည်ကြည်​လေးနက်ခြင်းတို့ဖြင့် ဟော​ကြားလော့။