ကျမ်းစာများ
အယ်လမာ ၃၉


အယ်လမာက သူ၏သား ကော်ရန်တန်သို့ မိန့်မှာချက်များ

အခန်းကြီး ၃၉ မှ ၄၂ အထိ ဖွဲ့စည်းပါဝင်၏။

အခန်းကြီး ၃၉

ကာမ​အပြစ်သည် စက်ဆုပ်​ရွံရှာဖွယ်​တစ်ခု​ဖြစ်၏—ကော်ရန်တန်၏​အပြစ်များက ဇော်ရမ်​အမျိုးသားတို့အား နှုတ်ကပတ်တော်ကို လက်ခံခြင်းမှ တားဆီး၏—ခရစ်တော်၏ ရွေးနှုတ်​ခြင်းသည် ၎င်း၏​အလျင်​ကျသည့် သစ္စာ​ရှိသော​သူများကို ကယ်တင်ခြင်း၌ နောက်ကြောင်း​ပြန် အကျုံး​ဝင်၏။ ဘီစီ ၇၄ ခန့်။

ယခုမူကား၊ ငါ့သား၊ သင်၏​အစ်ကိုအား ငါ​ပြောသော​အရာထက် ငါ့၌ သင့်ကို​ထပ်၍​ပြောစရာ အတော်​အသင့်​ရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ သင်သည် သင့်​အစ်ကို၏ တည်ငြိမ်​မြဲမြံခြင်း၊ သူ၏​သစ္စာ​ရှိခြင်းနှင့် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ သူ၏​လုံ့လဝီရိယ​ရှိခြင်းတို့ကို ဂရု​မပြုမိ​လေသလော။ ရှုလော့၊ သူသည် သင့်​အတွက် ပုံ​သက်သေ​ကောင်း​အဖြစ် မပြလေသလော။

အကြောင်းမူကား၊ ဇော်ရမ်​လူမျိုးတို့​အထဲ၌ ငါ၏​စကားများကို သင့်​အစ်ကို​ကဲ့သို့ သင်​အလွန်များစွာ ပမာဏမပြု။ ယခုတွင်၊ ဤအရာမှာ သင့်​တစ်ဖက်၌ ငါပြောလိုသော​အရာပေတည်း။ သင်သည် သင်၏​ခွန်အားနှင့် သင်၏​ဉာဏ်ပညာတို့၌ ဆက်၍​ဝါကြွား၏။

ဤအရာ​သည်ကား အလုံးစုံ မဟုတ်၊ ငါ့သား။ သင်သည် ငါ့အဖို့ စိတ်​ပူစရာကို ပြုခဲ့၏။ အကြောင်းမူကား၊ သင်သည် အမှုတော်​ဆောင်ခြင်းကို ကျောခိုင်း၍၊ လာမန်​အမျိုးသားတို့၏ နယ်နိမိတ်အကြား၊ ဇိရုန်​ပြည်ထဲသို့​သွား၍၊ ပြည့်​တန်ဆာ​ဣသဗေလ​နောက်သို့ လိုက်၏။

ထိုမှတစ်ပါး၊ သူမသည် များစွာသော​သူတို့၏​စိတ်နှလုံးကို ခိုး​ယူသွား၏။ သို့ရာတွင်၊ ငါ့သား၊ ဤအရာသည်ကား၊ သင့်​အတွက် အကြောင်း​ပြချက်​မဟုတ်။ သင့်ကို ယုံကြည်​လွှဲအပ်​ထားလေသည့် အမှုတော်​ဆောင်ခြင်း၌ သင်​ဆက်ကပ်​သင့်လေပြီ။

ငါ့သား၊ ဤအမှုများသည် ကိုယ်တော်ရှင်​အမြင်၌ စက်ဆုပ်​ရွံရှာဖွယ်​ဖြစ်ကြောင်း၊ အမှန်စင်စစ်၊ အပြစ်​မရှိသော​သူ၏​အသွေးကို သွန်း​လောင်းခြင်း သို့မဟုတ်၊ သန့်ရှင်းသော​ဝိညာဉ်တော်ကို ငြင်းဆိုခြင်းတို့​မှတစ်ပါး၊ ခပ်သိမ်းသော​အပြစ်တို့​ထက် စက်ဆုပ်​ရွံရှာဖွယ်​အကောင်းဆုံး ဖြစ်ကြောင်း သင်​မသိသလော။

အကြောင်းမူကား၊ ရှုလော့၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို သင့်​အထဲ၌ တစ်ကြိမ်​ကိန်းဝပ်လေ​ပြီးမှ သူ့ကို ငြင်းဆို၍၊ သူ့ကို ငြင်းဆိုကြောင်းကိုလည်း သိလျှင်၊ ရှုလော့၊ ဤအမှု သည်ကား၊ ခွင့်​မလွှတ်နိုင်သော အပြစ်ပေတည်း။ ထိုမှတစ်ပါး၊ ဘုရားသခင်၏ အလင်းနှင့် အသိပညာကို ဆန့်ကျင်၍ လူ့အသက်ကို​သတ်သောသူ အဘယ်သူပင်​ဖြစ်စေ၊ ထိုသူအတွက်လည်း ခွင့်လွှတ်ခြင်းကို ရရှိရန် မလွယ်ကူ။ ငါ့သား၊ သင့်ကို ငါဆိုသည်ကား၊ ထိုသူအတွက် ခွင့်လွှတ်ခြင်း​တစ်ကြိမ်​ရရှိရန် မလွယ်ကူပေ။

ယခုမူကား၊ ငါ့သား၊ သင်သည် အလွန်​ကြီးစွာသော​ပြစ်မှုနှင့် အပြစ်​မရောက်ခဲ့လေ​ကြောင်း ဘုရားသခင်ကို ငါ​ဆုတောင်း၏။ သင်၏​ကောင်းကျိုး​အတွက် မဟုတ်လေလျှင်၊ ငါသည် သင်၏​စိတ်ဝိညာဉ်ကို ညှဉ်းပန်းရန် သင်၏​ပြစ်မှုများကို ဆက်၍​မပြောလိုတော့။

သို့ရာတွင်၊ ရှုလော့၊ သင်သည် သင်၏​ပြစ်မှုများကို ဘုရားသခင်ထံမှ မကွယ်ဝှက်နိုင်။ နောင်တမရလျှင်၊ ၎င်းတို့သည် နောက်ဆုံးသော​နေ့တွင် သင့်​တစ်ဖက်၌ သက်သေ​အဖြစ် ရှိလိမ့်မည်။

ယခုတွင်၊ ငါ့သား၊ သင်သည် နောင်တရပြီးလျှင်၊ သင်၏​အပြစ်များကို စွန့်ပစ်၍၊ သင့်​မျက်လုံး၏​တပ်မက်မှု​နောက်သို့ မလိုက်တော့နှင့်၊ ဤအရာခပ်သိမ်းတို့၌သာ သင့်​ကိုယ်သင် ငြင်းဆန်လော့။ အကြောင်းမူကား၊ သင်သည် ဤသို့​မပြုလျှင်၊ ဘုရားသခင်၏​နိုင်ငံတော်ကို အလျှင်း​အမွေ​မခံနိုင်။ အို သတိရလော့၊ သင့်​အပေါ်၌ ခံယူလော့၊ ဤအမှုများ၌ သင့်ကိုယ်​သင် ငြင်းဆန်လော့။

၁၀ သင်၏​ဆောင်ရွက်ရာ​အမှုများ၌လည်း သင်၏​အစ်ကိုကြီးများနှင့် တိုင်ပင်၍ သင့်​အပေါ်၌ ခံယူရန် ငါ​မှာကြား၏။ အကြောင်းမူကား၊ သင်သည် ငယ်ရွယ်၍ သင်၏​အစ်ကိုများ​အားဖြင့် ခွန်အားဖြည့်ခြင်းကို လိုအပ်လျက်​ရှိ၏။ သူတို့၏​အကြံကိုလည်း ပမာဏပြုလော့။

၁၁ အချည်းနှီး​ဖြစ်သော သို့မဟုတ်၊ မိုက်မဲသော​အရာ​တစ်စုံ​တစ်ခု​အားဖြင့် သင့်​ကိုယ်ကို လှည့်ဖြား​ခေါ်ဆောင်​သွားစေရန် အခွင့်​ပေးခြင်း မပြုနှင့်။ သင့်​စိတ်နှလုံးကို ထို​ဆိုးညစ်သော​ပြည့်တန်ဆာများ​နောက်သို့ တစ်ဖန်​လှည့်ဖြား၍​ခေါ်ဆောင်​သွား​စေခြင်းငှာ၊ နတ်ဆိုးကို အခွင့်​ပေးခြင်း​မပြုနှင့်။ ရှုလော့၊ အို ငါ့သား၊ သင်သည် ဇော်ရမ်​အမျိုးသားတို့​အပေါ်၌ ကြီးစွာသော​ဒုစရိုက်ကို ဆောင်ယူခဲ့လေ​ပြီတကား။ အကြောင်းမူကား၊ သူတို့သည် သင်၏​အပြု​အမူများကို မြင်​ပြီးနောက်၊ ငါ၏​စကားများကို မယုံကြည်​လိုကြ။

၁၂ ယခုမူကား၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်က ငါ့ကို မိန့်တော်မူလေသည်မှာ၊ ကောင်းမြတ်သည်ကို ပြုရန် သင်၏​သားသမီးများကို​မှာကြားလော့၊ များစွာသော​လူမျိုးတို့ကို ပျက်စီးခြင်းသို့ သူတို့​လှည့်ဖြား၍​ခေါ်ဆောင်​မသွား​စေခြင်းငှာ​ပေတည်း။ ထို့ကြောင့်၊ ငါ့သား၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့၏၊ သင့်ကို မှာကြားသည်ကား၊ သင်၏ဒုစရိုက်များမှ ရှောင်ကြဉ်​ရမည့်​အကြောင်း၊

၁၃ ကိုယ်တော်ရှင်ထံသို့ သင်၏​စိတ်၊ အစွမ်း​သတ္တိ၊ ခွန်အား​ရှိသမျှနှင့် ပြန်​လာရမည့်​အကြောင်း၊ စိတ်နှလုံးတို့ကို ဆိုးညစ်စွာ​ပြုစေရန် လှည့်ဖြား​ခေါ်ဆောင်​မသွားတော့နှင့်။ သူတို့ထံ ပြန်သွား၍သာ သင်၏​အမှားများနှင့် သင်​ပြုလေသည့် မတရားမှုများကို အသိ​အမှတ်​ပြုရမည့်​အကြောင်း တို့​ပေတည်း။

၁၄ စည်းစိမ်​ဥစ္စာတို့ကို​သော်​လည်းကောင်း၊ လောက၏​အချည်း​အနှီးသော အရာတို့ကို သော်လည်းကောင်း ရှာဖွေခြင်း​မပြုနှင့်။ အကြောင်းမူကား၊ ရှုလော့၊ သင်သည် ထိုအရာတို့ကို သင်နှင့်​အတူ သယ်၍​မသွားနိုင်။

၁၅ ယခုမူကား၊ ငါ့သား၊ သင့်ကို၊ ခရစ်တော်၏ ကြွလာ​တော်မူခြင်း​အကြောင်း ငါ​အတော်​အသင့်​ပြောလို၏။ ရှုလော့၊ ငါ​ဆိုသည်ကား၊ သူသည် လောကီ​သားတို့၏ အပြစ်များကို ယူဆောင်​သွားရန် ဧကန်​အမှန် ကြွလာ​တော်မူမည့်​သူပေတည်း။ ထိုမှတစ်ပါး၊ ကယ်တင်ခြင်း၏ ဝမ်း​သာစရာ​သတင်းကို သူ၏​လူမျိုးတို့အား ဟောကြားရန် ကြွလာ​တော်မူ၏။

၁၆ ယခုမူကား၊ ငါ့သား၊ ဤအမှုသည်ကား၊ ဤလူမျိုးတို့အား ဤဝမ်းသာစရာ​သတင်းများကို ဟောကြား၍ သူတို့​စိတ်ကို​ပြင်ဆင်ခြင်းငှာ၊ အမှန်စင်စစ်၊ ကယ်တင်ခြင်းကို သူတို့ထံသို့ ရောက်​စေကြောင်း၊ သူ​ကြွလာ​တော်မူသည့်​အချိန်၌ နှုတ်ကပတ်တော်ကို ကြားနာရန် သူတို့​သားသမီးများ၏​စိတ်ကို သူတို့​ပြင်ဆင်နိုင်​စေကြောင်း သင်အခေါ်ခံရလေသည့် အမှုတော်​ဆောင်ခြင်း​ပေတည်း။

၁၇ ယခုမူကား၊ ငါသည် ဤအကြောင်း​အရာနှင့်​စပ်လျဉ်း၍ သင်၏​စိတ်ကို အတော်​အသင့်​သက်သာစေမည်။ ရှုလော့၊ သင်သည်​ဤအရာတို့ကို အဘယ့်ကြောင့် အလွန်​ကြာမြင့်စွာသော​အချိန်​ကတည်းက ကြိုတင်၍သိထား​ရသည်ကို အံ့ဩ၏။ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ဘုရားသခင်​အတွက်၊ ယခု​အချိန်၌​ရှိသည့် စိတ်ဝိညာဉ်​တစ်ခုသည် သူကြွ​လာတော်မူသည့်​အချိန်၌​ရှိမည့် စိတ်​ဝိညာဉ်​တစ်ခုကဲ့သို့ အဖိုး​မထိုက်သလော။

၁၈ ရွေးနှုတ်​ခြင်း​အစီ​အစဉ်ကို သူတို့​သားမြေးများ​နည်းတူ၊ ဤလူမျိုးတို့အား ဖော်ပြရန် မလိုအပ်သလော။

၁၉ ကိုယ်တော်ရှင်​အတွက် ယခု​အချိန်၌ ငါတို့ထံသို့ ဝမ်းသာစရာ​သတင်းများကို ဟောကြား​စေခြင်းငှာ သူ၏ကောင်းကင်​တမန်ကို စေလွှတ်ရန် ငါတို့၏​သားမြေးတို့​ထံစေလွှတ်​သကဲ့သို့၊ သို့မဟုတ် သူ​ကြွလာတော်မူသည့်​အချိန်နောက်၌ စေလွှတ်သကဲ့သို့ မလွယ်ကူသလော။