ကျမ်းစာများ
အယ်လမာ ၁၃


အခန်းကြီး ၁၃

လူယောက်ျားတို့သည် သူတို့၏​ကြီးစွာသော​ယုံကြည်ခြင်းနှင့် ကောင်းမြတ်သော​အကျင့်များကြောင့်၊ ယဇ်ပုရောဟိတ်​မင်းများ​အဖြစ် ခေါ်သွင်း ခံရကြ၏—သူတို့သည် ပညတ်တော်တို့ကို သွန်သင်​ပေးရမည်—ဖြောင့်မတ်ခြင်း​အားဖြင့်၊ သူတို့ကို သန့်ရှင်းစင်ကြယ်​စေ၍၊ ကိုယ်တော်ရှင်၏​ချမ်းသာထဲသို့ ဝင်ကြ၏—မေလခိဇေဒက်သည် သူတို့​အထဲမှ တစ်ဦး​ဖြစ်၏—ကောင်းကင်​တမန်တို့သည် ဝမ်းသာစရာ​သတင်းကို ထိုပြည်​တစ်လျှောက်၌ ဟောပြောလျက်​ရှိကြ၏—ခရစ်တော်၏​အစစ်​အမှန်​ကြွလာ​တော်မူခြင်းကို သူတို့​ဟောပြော​လိမ့်မည်။ ဘီစီ ၈၂ ခန့်။

ထိုမှတစ်ဖန်၊ ငါ၏​ညီအစ်ကိုတို့၊ ကိုယ်တော်ရှင်​ဘုရားသခင်က သူ၏​သားသမီးတို့အား ဤပညတ်တော်များကို ပေးသည့်​ကာလ​ဆီသို့ သင်တို့၏​စိတ်ကို ငါပြ​ညွှန်လို၏။ ထို့အတူ၊ ဤအရာတို့ကို လူတို့အား သွန်သင်​ပေးစေရန် ကိုယ်တော်ရှင်​ဘုရားသခင်သည် မိမိသားတော်၏ အသင်း​အတိုင်း​ဖြစ်သည့်၊ မိမိ၏​သန့်ရှင်းသော​အသင်း​အတိုင်း၊ ယဇ်ပုရောဟိတ်များ ခန့်အပ်​တော်မူခဲ့​သည်ကို သင်တို့​အောက်မေ့​စေရန် ငါအလို​ရှိ၏။

နည်းလမ်း​တစ်ခု၊ ထိုနည်း​လမ်း​အားဖြင့်၊ ရွေးနှုတ်ခြင်း​အတွက် သူ၏​သားတော်အား အဘယ်သို့​သောနည်းလမ်း​အားဖြင့် လူတို့​မျှော်လင့်​ရမည့်​အကြောင်း သိနိုင်ကြ​စေခြင်းငှာ၊ သူ့သားတော်၏​အသင်း​အတိုင်း၊ ထိုယဇ်ပုရောဟိတ်များကို ခန့်​ထားတော်မူလေ၏။

ဤအရာ​သည်ကား၊ သူတို့ကို ခန့်အပ်​ထားတော်မူ​ခဲ့သည့် နည်းလမ်းလည်း​ဖြစ်၏—သူတို့၏​အလွန်​ကြီးစွာသော​ယုံကြည်ခြင်းနှင့် ကောင်းမြတ်သော​အကျင့်များကြောင့်၊ ဘုရားသခင်၏ ကြိုတင်​သိမြင်နိုင်သော ဉာဏ်တော်​အတိုင်း၊ ကမ္ဘာတည်ကတည်းက ခေါ်သွင်း​တော်မူလျက်၊ ပြင်ဆင်​ထားတော်မူ၏။ ရှေးဦးစွာ၌၊ ကောင်းမှုကိုဖြစ်စေ၊ မကောင်းမှုကိုဖြစ်စေ ရွေးချယ်ရန် အခွင့်​ပေးထား​တော်မူ၏။ ထို့ကြောင့်၊ သူတို့သည် ကောင်းမှုကို ရွေးချယ်လျက်၊ အလွန်​ကြီးစွာ​ယုံကြည်ခြင်းကို ပြုလျက်၊ သန့်ရှင်းသော အမှုတော်ဆောင်​တာဝန်နှင့်၊ အထူးသဖြင့်၊ ထိုကဲ့သို့သော​သူများ​အတွက်၊ အသင့်​ပြင်ဆင်​ထားသော​ရွေးနှုတ်​ခြင်း​အတိုင်း၊ အတူ​ပြင်ဆင်​ထားတော်မူသည့် ထိုသန့်ရှင်းသော​အမှုတော်ဆောင်​တာဝန်နှင့် ခေါ်သွင်း​တော်မူခြင်းကို ခံရ၏။

ထိုကဲ့သို့​အားဖြင့်၊ ဤသန့်ရှင်းသော​အမှုတော်ဆောင်​တာဝန်သို့ ခေါ်သွင်း​တော်မူခြင်းကို ခံရ၍၊ အခြားသော​သူတို့သည် စိတ်နှလုံး၏​မာကျောခြင်းနှင့်၊ အသိ​စိတ်ကွယ်ခြင်းကြောင့်၊ ဘုရားသခင်၏​ဝိညာဉ်တော်ကို ငြင်းပယ်လျက်​ရှိစဉ်တွင်၊ ဤအရာကြောင့်​မဟုတ်​လေလျှင်၊ သူတို့၏​ညီအစ်ကိုတို့​ကဲ့သို့ပင် ကြီးစွာသောအထူး​အခွင့်​အရေးများ ရရှိနိုင်​ကြလေမည်။

သို့မဟုတ်၊ အချုပ်​အားဖြင့်၊ ရှေးဦးစွာ၌ သူတို့​ညီအစ်ကိုများ​ကဲ့သို့ပင်၊ တူညီသော​အခြေ​အနေ၌ ရှိ၍၊ ထိုကဲ့သို့​အားဖြင့်၊ မိမိတို့​စိတ်နှလုံးကို မာကျော​စေခြင်း​မရှိ​လိုသူများ​အတွက်၊ ဤသန့်ရှင်းသော​အမှုတော်ဆောင်​တာဝန်ကို ကမ္ဘာ​တည်ကတည်းက ပြင်ဆင်​ထားတော်မူခဲ့ပြီး၊ ပြင်ဆင်​ထားတော်မူခဲ့သူ၊ တစ်ပါး​တည်းသော​သားတော်၏ အပြစ်ဖြေခြင်း​မင်္ဂလာ၌နှင့် အပြစ်​ဖြေခြင်း​မင်္ဂလာ​အားဖြင့်​ဖြစ်လျက်—

ထိုကဲ့သို့​အားဖြင့်၊ ဤသန့်ရှင်းသော​အမှုတော်ဆောင်​တာဝန်ဖြင့် ခေါ်သွင်း​တော်မူခြင်းကို ခံရလျက်၊ သူတို့ကိုလည်း၊ သူ၏​ချမ်းသာထဲသို့ ဝင်နိုင်ကြ​စေခြင်းငှာ၊ သူ၏​ပညတ်တော်တို့ကို လူသားတို့အား သွန်သင်​ပေးစေရန်၊ ဘုရားသခင်၏​သန့်ရှင်းသော​အသင်း၏ ယဇ်ပုရောဟိတ်​မင်းအခွင့်​အာဏာသို့ ခန့်ထား​တော်မူ၏—

ဤယဇ်ပုရောဟိတ်​မင်းအခွင့်​အာဏာ​သည်ကား၊ ကမ္ဘာတည်ကတည်းက​အသင်း ဖြစ်လေသည့် သားတော်၏​အသင်း​အတိုင်း​ဖြစ်လျက်၊ သို့မဟုတ် တစ်နည်း​အားဖြင့်၊ အချိန်​ကာလ​အစ အဆုံး​မရှိဘဲ​ဖြစ်လျက်၊ အရာ​ခပ်သိမ်းတို့​အကြောင်းကို သိသည့် သူ၏​ကြိုတင်​သိမြင်နိုင်သော ဉာဏ်တော်​အတိုင်း၊ ထာဝရ​ကာလမှ ထာဝရ​ကာလတစ်ခုလုံးသို့​တိုင်အောင် ပြင်ဆင်​ထားတော်မူလျက်—

ယခုတွင်၊ သူတို့သည် ဤကဲ့သို့​အားဖြင့် ခန့်ထား​တော်မူခြင်းကို ခံရ၏—အစ​အဆုံး​မရှိသည့် အမှုတော်ဆောင်​တာဝန်၊ ဘိသိက်မင်္ဂလာနှင့် ယဇ်ပုရောဟိတ်​မင်းအခွင့်​အာဏာတို့ဖြင့်၊ သန့်ရှင်းသော​အမှုတော်ဆောင်​တာဝန်နှင့် ခေါ်သွင်း​တော်မူခြင်းကို ခံရလျက်၊ သန့်ရှင်းသော​ဘိသိက်မင်္ဂလာ​အားဖြင့် ခန့်ထား​တော်မူခြင်းကို ခံရ၍၊ သန့်ရှင်းသော​အသင်း၏ ယဇ်ပုရောဟိတ်မင်း​အခွင့်​အာဏာကို သူတို့​အပေါ်၌ ခံယူကြ၏—

ကျေးဇူးတော်၊ ဖြောင့်မှန်ခြင်း၊ သစ္စာ​တရားတို့နှင့်​ပြည့်သူ၊ အချိန်​ကာလ​အစ​အဆုံး​မရှိသောသူ၊ ခမည်းတော်၏​တစ်ပါး​တည်းသော​သားတော်၏​အသင်း​အတိုင်း၊ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ကာလ​အစဉ်​အဆက် ယဇ်ပုရောဟိတ်​မင်းများ​ဖြစ်လာကြ၏။ ဤမျှ​အထိ​ပေတည်း။ အာမင်။

၁၀ ယခုတွင်၊ သန့်ရှင်းသော​အသင်း သို့မဟုတ်၊ ဤယဇ်ပုရောဟိတ်မင်း​အခွင့်​အာဏာ​အကြောင်း ငါဟော​ပြောသဖြင့်၊ ခန့်ထား​တော်မူခြင်း ခံရလျက်၊ ဘုရားသခင်၏​ယဇ်ပုရောဟိတ်မင်းများ ဖြစ်လာသော​သူများစွာ​ရှိလေ၏။ ထိုသို့​ဖြစ်ရ​သည်ကား၊ သူတို့၏​ကြီးစွာသော​ယုံကြည်ခြင်း၊ နောင်တရခြင်း၊ ဘုရားသခင်ရှေ့၌ သူတို့၏ ဖြောင့်မတ်ခြင်းတို့ကြောင့်​ဖြစ်၍၊ သူတို့သည် ပျက်စီးကြမည့်​အစား၊ နောင်တရရန် ရွေးချယ်လျက်၊ ဖြောင့်မတ်ခြင်းကို ကျင့်ကြ၏။

၁၁ ထို့ကြောင့်၊ သူတို့သည် ဤသန့်ရှင်းသော​အသင်း​အတိုင်း ခေါ်သွင်း​တော်မူခြင်းကို ခံရပြီး၊ သန့်ရှင်းစင်ကြယ်​စေ၍၊ သူတို့၏​အဝတ်တန်ဆာများကို သိုးသငယ်၏​အသွေးတော်​အားဖြင့် ဖြူစင်​အောင်လျှော်​ဖွပ်၏။

၁၂ ယခုတွင်၊ သူတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် သန့်ရှင်းစင်ကြယ်စေတော်မူ​ပြီးနောက်၊ သူတို့၏​အဝတ်တန်ဆာများကို ဖြူစင်​စေလျက်၊ ဘုရားသခင်ရှေ့၌၊ စင်ကြယ်၍ အပြစ်​ကင်းစင်လျက်၊ စက်ဆုပ်​ရွံရှာခြင်းဖြင့်​မှတစ်ပါး၊ အပြစ်ကို မစဉ်းစားနိုင်ကြ။ စင်ကြယ်​စေ၍၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​ချမ်းသာထဲသို့ ဝင်သူတို့​သည်ကား၊ များစွာ၊ အလွန်များစွာ​ရှိ၏။

၁၃ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့​သည်လည်း ထိုချမ်းသာခြင်း​ထဲသို့ ဝင်နိုင်​စေခြင်းငှာ၊ ဘုရားသခင်ရှေ့၌ သင်တို့ကိုယ်​သင်တို့ နှိမ့်ချ၍၊ နောင်တရခြင်းနှင့်​ထိုက်တန်သည့်​အကျိုးကို ဖြစ်စေရန် ငါအလို​ရှိ၏။

၁၄ ထိုမှတစ်ပါး၊ သူ့အပေါ်၌ ယဇ်ပုရောဟိတ်​မင်းအခွင့်​အာဏာကို ကာလ​အစဉ်​အဆက်ခံယူသူ၊ ငါပြော​လေသည့် ဤတစ်ခုတည်းသော​အသင်း​အတိုင်း ယဇ်ပုရောဟိတ်မင်း​တစ်ပါး​လည်းဖြစ်သူ မေလခိဇေဒက်၏​လက်ထက်က​လူများကဲ့သို့ပင်၊ သင်တို့ကိုယ်​သင်တို့ နှိမ့်ချကြလော့။

၁၅ ဤမေလခိဇေဒက်​သည်ကား၊ အာဗြဟံက ဆယ်ဖို့​တစ်ဖို့ကို ပေးသူ၊ အထူးသဖြင့်၊ ငါတို့၏​အဘ အာဗြဟံကပင် သူပိုင်ဆိုင်သမျှ၏​ဆယ်ပုံ​တစ်ပုံ​ဖြစ်သည့် ဆယ်ဖို့​တစ်ဖို့ကို ပေးရသူ​ဖြစ်လေ၏။

၁၆ ယခုတွင်၊ ဤဘိသိက်မင်္ဂလာများကို ဤသို့အားဖြင့် ပေးထား​တော်မူခဲ့သည်မှာ၊ သူ့အသင်း၏​သင်္ကေတ​တစ်ခု​ဖြစ်၍ သို့မဟုတ်၊ သူ့အသင်း​ဖြစ်၍၊ ထိုကဲ့သို့​အားဖြင့်၊ လူတို့သည် ဘုရားသခင်၏​သားတော်အား မျှော်လင့်နိုင်ကြ​စေကြောင်း၊ ထို့အတူ၊ ဤအမှု​သည်ကား၊ သူတို့၏​အပြစ်များမှ​လွှတ်ခြင်း​အတွက်၊ သူ့ကို မျှော်လင့်နိုင်​ကြစေကြောင်း၊ သူတို့ကို ကိုယ်တော်ရှင်၏​ချမ်းသာထဲသို့ ဝင်နိုင်​ကြစေကြောင်းတို့​ပင်တည်း။

၁၇ ယခုတွင်၊ ဤမေလခိဇေဒက်​သည်ကား၊ ရှာလင်ပြည်​အပေါ်၌ ရှင်ဘုရင်​တစ်ပါး​ဖြစ်၏။ သူ၏​လူတို့သည် ဒုစရိုက်နှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့၌ အားကြီး၍​လာလေ၏။ ထိုမှတစ်ပါး၊ သူတို့​အားလုံးသည် လမ်းလွဲလေ၏။ သူတို့သည် အမျိုးမျိုးသော ဆိုးညစ်ခြင်းများဖြင့် ပြည့်လေ၏။

၁၈ သို့ရာတွင်၊ မေလခိဇေဒက်သည် ကြီးစွာသော​ယုံကြည်မှု​ပြုလျက်၊ ဘုရားသခင်၏​သန့်ရှင်းသော​အသင်း​အတိုင်း၊ ယဇ်ပုရောဟိတ်​မင်း​အမှုအရာကို လက်ခံ​ရရှိပြီး၊ သူ၏​လူတို့အား နောင်တရခြင်းကို ဟောပြော၏။ ရှုဦးလော့၊ သူတို့သည်လည်း နောင်တရကြ၏။ မေလခိဇေဒက်​သည်လည်း မိမိ​လက်​ထက်တွင် ထိုပြည်၌ ငြိမ်းချမ်းခြင်းကို တည်ဆောက်၏။ ထို့ကြောင့်၊ သူ့ကို ငြိမ်းချမ်းခြင်း၏​အရှင်ဟု ခေါ်ကြ၏။ အကြောင်းမူကား၊ သူသည် ရှာလင်ပြည်၏​ရှင်ဘုရင်​ဖြစ်၍၊ သူ့အဘ၏​လွှမ်မိုးမှု​အောက်၌ နန်းစံ၏။

၁၉ ယခုတွင်၊ သူ့ရှေ့၌ များစွာသော​သူတို့​ရှိ၏၊ သူ့နောက်၌လည်း များစွာသော​သူတို့​ရှိ၏။ သို့ရာတွင်၊ အဘယ်သူမျှ သာ၍​မကြီးမြတ်။ ထို့ကြောင့်၊ သူ့အကြောင်းကို သူတို့အထူးသဖြင့် ပို၍ ဖော်ပြလေ၏။

၂၀ ယခုတွင်၊ ငါသည် ထိုအမှုကို ပြော​ပြစရာ​မလို။ ငါပြော​လေပြီး​သည်ကား၊ လုံလောက်ပေပြီ။ ရှုလော့၊ သင်တို့​ရှေ့၌ ကျမ်းစာများ​ရှိ၏။ သင်တို့သည် ထိုကျမ်းစာများကို မှောက်လှန်လျှင်၊ ထိုအမှုသည်၊ သင်တို့​ကိုယ်တိုင်၏​ပျက်စီးခြင်း​အတွက် ဖြစ်လိမ့်မည်။

၂၁ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဤစကားများကို သူတို့အား ပြောပြီးလေလျှင်၊ သူတို့ထံသို့ လက်ကို ဆန့်၍၊ ကြီးစွာသော​အသံဖြင့် ဆို၍ အော်ဟစ်လေ​သည်ကား၊ ယခု​အချိန်သည် နောင်တရဖို့​အချိန်​ဖြစ်၏။ အကြောင်းမူကား၊ ကယ်တင်ခြင်း​ကာလ ရောက်​လုနီးပေပြီ။

၂၂ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏​အသံက ကောင်းကင်​တမန်တို့၏​နှုတ်အားဖြင့်၊ ထိုအရာကို ခပ်သိမ်းသော​တိုင်းနိုင်ငံများသို့ ဟောကြား၏။ ထိုမှတစ်ပါး၊ ကြီးစွာသော​ဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာ​သတင်းကို သူတို့​ရရှိ​စေခြင်းငှာ၊ ထိုအမှုကို ဟောကြား၏။ ထိုမှတစ်ပါး၊ ဤဝမ်းသာစရာ​သတင်းများကို သူ၏​လူမျိုးတို့၌၊ အထူးသဖြင့်၊ မြေကြီးမျက်နှာ​ပြင်ပေါ်၌ အရပ်ရပ်သို့ ကွဲပြား​ပြန့်ကျဲ​ရသည့်​သူများ​ထံသို့ပင်၊ ဟစ်ကြော်၏။ သို့ဖြစ်၍၊ ငါတို့ထံ ထိုသတင်းများ​ရောက်လာ၏။

၂၃ ထို့အတူ၊ ငါတို့​နားလည်နိုင်ကြ​စေခြင်းငှာ၊ ရှင်းလင်းသော​ဝေါဟာ​ရဖြင့်၊ ထိုသတင်းများကို​ဖော်ပြ၍၊ ငါတို့​မတိမ်းမှားကြ။ ဤအမှု​သည်ကား၊ ထိုအကျွမ်း​မဝင်သော​ပြည်၌ ငါတို့သည် အရပ်ရပ်သို့​လည်သော​သူများ ဖြစ်နေခြင်းကြောင့်​ပေတည်း။ ထို့ကြောင့်၊ ငါတို့သည် ထိုမျှလောက်၊ အလွန်​နှစ်သက်​တော်မူခြင်းကို​ခံရ၏။ အကြောင်းမူကား၊ ဟောကြား​ထားသော ဤဝမ်းသာစရာ​သတင်းများသည် ငါတို့​ဥယျာဉ်၏​အရပ်ရပ်၌ ရှိလေပြီ။

၂၄ အကြောင်းမူကား၊ ရှုလော့၊ ဤအချိန်၌ ငါတို့၏​ပြည်တွင် ကောင်းကင်​တမန်တို့သည် ထိုသတင်းကို များစွာသော​သူတို့အား ဟောကြားလျက်​ရှိ၏။ ဤအမှု​သည်ကား၊ သူ၏​ဘုန်းတော်ကို​ဆောင်၍ ကြွလာ​တော်မူသည့်​အချိန်၌ လူသားတို့၏​စိတ်နှလုံးကို သူ၏​နှုတ်ကပတ်တော်အား လက်ခံကြစေရန် ပြင်ဆင်ခြင်း​တည်းဟူသော ကြံရွယ်ချက်​အတွက်​ဖြစ်၏။

၂၅ ယခုမူကား၊ ငါတို့သည် သူ၏​ကြွရောက်​တော်မူ​လာခြင်းနှင့် စပ်လျဉ်း၍၊ ကောင်းကင်​တမန်တို့၏​နှုတ်အားဖြင့် ဟောကြား​ထားတော်မူသည့် ရွှင်လန်းအား​ရစရာ​သတင်းတို့ကို ကြားနာရန် စောင့်မျှော်၍​သာနေကြ၏။ အကြောင်းမူကား၊ အချိန်​ကာလ​ကျရောက်​လာမည်၊ အဘယ်မျှ​လျှင်မြန်မည်ကို ငါတို့​မသိကြ။ ထိုအမှုသည် ငါ၏​လက်ထက်၌ ဖြစ်နိုင်စေကြောင်း၊ ဘုရားသခင်ထံ ဆုတောင်း၏။ သို့ရာတွင်၊ ထိုအမှု​အဘယ်​ကာလ၌​ပင်ဖြစ်ပါစေ၊ ငါသည် ထိုအမှု၌ ရွှင်လန်း​ဝမ်းမြောက်မည်။

၂၆ သူတို့၌​ရှိသည့် ပရောဖက်​ပြုဟောသော​ဝိညာဉ်​အတိုင်း​ဖြစ်သည့်၊ သူနှင့်​စပ်လျဉ်း၍ သူတို့​ပြောထားလေသည့်​အတိုင်း၊ ငါတို့​ဘိုးဘေးတို့၏​စကားများကို ပြီးပြည့်စုံ​စေခြင်းငှာ၊ ထိုအမှုကိုလည်း၊ သူကြွလာ​တော်မူသည့်​အချိန်တွင်၊ ကောင်းကင်​တမန်တို့၏​နှုတ်အားဖြင့်၊ ဖြောင့်မတ်​သန့်ရှင်းသူများသို့ ဖော်ပြ​တော်မူ​လိမ့်မည်။

၂၇ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏ အနက်​ရှိုင်းဆုံး​နေရာမှ၊ အမှန်စင်စစ်၊ ကြီးစွာသော စိုးရိမ်​ပူပန်မှုနှင့် နာကျင်သည့်​တိုင်အောင်ပင်​တောင့်တသည်မှာ၊ သင်တို့သည် ငါ့စကားများကို စေ့စေ့နားထောင်၍၊ သင်တို့၏​အပြစ်များကို စွန့်ခွာ၍၊ သင်တို့၏​နောင်တရခြင်း​ကာလကို မဖင့်​နွှဲရမည့်​အကြောင်း၊

၂၈ သို့ရာတွင်၊ သင်တို့သည် ကိုယ်တော်ရှင်​ရှေ့၌ သင်တို့​ကိုယ်သင်တို့​နှိမ့်ချ၍၊ သူ၏​သန့်ရှင်းသော​နာမတော်ကို ပဌနာပြု၍၊ ခံနိုင်သည်​ထက်ပို၍ စုံစမ်း​မခံရနိုင်​စေခြင်းငှာ၊ အစဉ်​မပြတ်​စောင့်ပြီး ဆုတောင်း၍၊ ထိုကဲ့သို့​အားဖြင့်၊ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ပို့ဆောင် ခံရ၍၊ နှိမ့်ချသော၊ သိမ်မွေ့​အောက်ကျို့သော၊ ကျိုးနွံသော၊ သည်းခံ​တတ်သော၊ ချစ်ခြင်း​မေတ္တာနှင့် အလုံးစုံသော​စိတ်ရှည်ခြင်း​တိုဖြင့်​ပြည့်ဝသော​သူများ ဖြစ်လာ​ရစေမည့်​အကြောင်း၊

၂၉ ကိုယ်တော်ရှင်ကို ယုံကြည်ခြင်း​ရှိလျက်၊ ထာဝရ​အသက်ကို ရရှိလိမ့်မည်​ဟူသော မျှော်လင့်ခြင်း​ရှိလျက်၊ ဘုရားသခင်၏​ချစ်ခြင်း​မေတ္တာ​တော်သည် သင်တို့​စိတ်နှလုံး၌ အစဉ်​အမြဲ​ရှိလျက်၊ နောက်ဆုံးသော​နေ့၌ သင်တို့သည် ချီးမြှောက်​တော်မူခြင်း​ခံရပြီး၊ သူ၏​ချမ်းသာထဲသို့ ဝင်နိုင်​ကြစေမည့်​အကြောင်းတို့​ပေတည်း။

၃၀ ထို့အတူ၊ အမျက်တော်ကို သင်တို့​အပေါ် မရောက်​စေခြင်းငှာ​လည်းကောင်း၊ ငရဲ၏​သံကြိုးများဖြင့် ချည်နှောင်၍​ချခြင်းကို သင်တို့​မခံရ​စေခြင်းငှာ​လည်းကောင်း၊ ဒုတိယ​သေခြင်းကို သင်တို့​မခံစားရ​စေခြင်းငှာ​လည်းကောင်း၊ ကိုယ်တော်ရှင်သည် သင်တို့အား နောင်တရခြင်း​အခွင့်ကို ပေးတော်မူ​ပါစေ။

၃၁ အယ်လမာသည် ဤကျမ်း၌ ရေးမထားသည့် ပို၍​များစွာသော စကားများ​ကိုလည်း လူတို့ကို ဟောပြော၏။