ကျမ်းစာများ
အယ်လမာ ၃၈


အယ်လမာမှ သူ၏သား ရှိဗလုန်သို့ မိန့်မှာချက်များ။

အခန်းကြီး ၃၈ ဖွဲ့စည်းပါဝင်၏။

အခန်းကြီး ၃၈

ရှိဗလုန်သည် ဖြောင့်မတ်ခြင်းကြောင့် ညှဉ်းဆဲခံရ၏—ကယ်တင်ခြင်းသည် လောက၏​အသက်နှင့် အလင်း​ဖြစ်သူ ခရစ်တော်၌​ရှိ၏—သင်တို့၏ ကိလေသာ​မှန်သမျှကို ချုပ်တည်းလော့။ ဘီစီ ၇၄ ခန့်။

ငါ့သား၊ ငါ၏​စကားများကို နားညောင်းလော့။ အကြောင်းမူကား၊ ငါသည် ဟေလမန်ကို ဆိုခဲ့သကဲ့သို့ပင်၊ သင့်ကို ဆိုသည်မှာ၊ သင်သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းသမျှ ထိုပြည်၌​အောင်မြင်လိမ့်မည်​။ ဘုရားသခင်၏​ပညတ်တော်များကို မစောင့်ထိန်းသမျှ သူ၏​မျက်မှောက်မှ ပယ်ရှင်း​ခံရလိမ့်မည်။

ယခုမူကား၊ ငါ့သား၊ သင်၏​တည်ငြိမ်​မြဲမြံခြင်းနှင့် ဘုရားသခင်​အပေါ် သစ္စာ​ရှိခြင်းတို့ကြောင့်၊ ငါသည် သင့်၌ ကြီးစွာသော​ဝမ်းမြောက်ခြင်း​ရှိမည့်​အကြောင်း ယုံကြည်၏။ အကြောင်းမူကား၊ သင်သည် ငယ်ရွယ်စဉ်ကပင် သင်၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို မျှော်လင့်ခြင်း စတင်ခဲ့လေ​ပြီဖြစ်၍၊ ထိုကဲ့သို့ပင်၊ သူ၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ ဆက်၍​ရှိမည်​ဖြစ်ကြောင်း ငါမျှော်လင့်၏။ အကြောင်းမူကား၊ အဆုံး​တိုင်အောင် တည်ကြည်သူသည် ကောင်းချီး​ခံစားရ၏။

ငါ့သား၊ သင့်ကို ငါဆိုသည်ကား၊ သင်၏​သစ္စာ​ရှိခြင်းနှင့် သင်၏​လုံ့လဝီရိယ​ရှိခြင်း၊ ဇော်ရမ်​လူမျိုးတို့၌ သင်၏​သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကြောင့် ငါသည် သင့်၌ ကြီးစွာသော ဝမ်းမြောက်ခြင်း ရှိနှင့်​ပြီးလေပြီ။

အကြောင်းမူကား၊ သင်သည် အချည်​အနှောင်များ၌ ရှိခဲ့ကြောင်း ငါသိ၏။ ထိုမှတစ်ပါး၊ သင်သည် နှုတ်ကပတ်တော်ကြောင့်၊ ကျောက်ခဲနှင့် အပစ်ခံခဲ့ရသည်ကိုလည်း ငါသိ၏။ သင်သည် ကိုယ်တော်ရှင် သင်နှင့်​အတူ​ရှိတော်မူလေသောကြောင့်၊ ဤအရာခပ်သိမ်းတို့ကို သည်းခံခြင်းဖြင့် ခံယူခဲ့၏။ ယခုမူကား၊ သင့်ကို ကိုယ်တော်ရှင်​ကယ်လွှတ်​တော်မူခဲ့ကြောင်း သင်​သိပေ၏။

ယခုမူကား၊ ငါ့သား​၊ ရှိဗလုန်၊ သင်သည် ဘုရားသခင်ကို ကိုးစားသမျှ၊ သင်၏​စုံစမ်း​ခံရခြင်းများ၊ သင်၏​ဒုက္ခများနှင့် သင်၏​ဆင်းရဲ​ဒုက္ခများမှ ထိုကဲ့သို့ပင် များစွာ​ကယ်လွှတ်​ခံရမည်၊ နောက်ဆုံးသော​နေ့၌ ချီးမြှောက်​တော်မူခြင်း ခံရမည်​ဖြစ်ကြောင်းကိုလည်း သတိရစေရန် ငါ​အလို​ရှိ၏။

ယခုတွင်၊ ငါ့သား၊ ငါသည် ဤအရာတို့ကို ကိုယ်အလို​အလျောက် သိသည်ဟု သင် ထင်မှတ်စေရန် အလို​မရှိ။ သို့ရာတွင်၊ ငါ့ကိုယ်ထဲ၌​ရှိသည့် ဘုရားသခင်၏​ဝိညာဉ်တော်က ဤအရာတို့ကို ငါ့အား ဖော်ပြ​တော်မူ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်​ဖြစ်ဖွား​စေတော်မူခြင်း မရှိလေလျှင်၊ ဤအရာတို့ကို သိရမည်​မဟုတ်။

သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူ၏ ကြီးစွာသော ကရုဏာတော်ဖြင့် သူ၏​ကောင်းကင်​တမန်ကို စေလွှတ်​တော်မူခဲ့သည်မှာ သူ၏​လူမျိုးတို့၌ ဖျက်ဆီးခြင်း​အမှုကို ငါ​ရပ်တန့်ရမည့်​အကြောင်း ငါ့ကို ဟော​ကြားစေခြင်းငှာ​ဖြစ်၏။ ငါသည် ကောင်းကင်​တမန်ကို မျက်နှာချင်း​ဆိုင်၍ မြင်ရ၏၊ သူသည်လည်း ငါနှင့် စကား​မြွက်ဆို၏၊ သူ၏​အသံသည်လည်း မိုးချုန်း​သံကဲ့သို့ ဖြစ်၍၊ မြေကြီး​တစ်ခုလုံးကို လှုပ်ခဲ့၏။

ဤသို့​အားဖြင့်​အချိန်​တန်လာသော​အခါ၊ ငါသည် ငါ့​စိတ်ဝိညာဉ်၏ အခါးဆုံး​ဖြစ်သည့် နာကျင်မှုနှင့် ပြင်းစွာသော​ဝေဒနာတို့ဖြင့် သုံးရက်နှင့် သုံးညတိုင်​ရှိခဲ့၏။ ကိုယ်တော်ရှင်​ယေရှုခရစ်တော်​ထံသို့ ကရုဏာတော်ကို တောင်းလျှောက်ခြင်း မတိုင်မီ အထိ ငါ၏​အပြစ်များမှ လွှတ်ခြင်းကို မရရှိခဲ့​စဖူး။ သို့ရာတွင်၊ ရှုလော့၊ ငါသည် သူ့ထံသို့ တောင်းလျှောက်၍၊ ငါ၏​စိတ်ဝိညာဉ် အတွက် ငြိမ်းချမ်းခြင်းကို တွေ့ရှိ၏။

ယခုမူကား၊ ငါ့သား၊ သင်သည် ဥာဏ်ပညာကို သင်​ယူနိုင်​စေခြင်းငှာ​လည်းကောင်း၊ ခရစ်တော်၌နှင့် ခရစ်တော်​အားဖြင့်​မှတစ်ပါး၊ လူသား​ကယ်တင်ခြင်းသို့ ရောက်နိုင်ရာ၊ အခြားလမ်း သို့မဟုတ် နည်းလမ်း​တစ်ခုမျှ​မရှိကြောင်းကို ငါ့ထံမှ သင်​ယူနိုင်​စေခြင်းငှာ​လည်းကောင်း ဤအရာကို ငါ​ပြောပြလေပြီ။ ရှုလော့၊ သူသည် လောက၏ အသက်နှင့် အလင်း​ဖြစ်တော်မူ၏။ ရှုလော့ သူသည် သမ္မာ​တရားနှင့် ဖြောင့်မတ်ခြင်းနှုတ်ကပတ်တော်​ဖြစ်၏။

၁၀ ယခုမူကား၊ သင်သည် နှုတ်ကပတ်တော်ကို သွန်သင်​ပေး​စပြုလေသည့်​အတိုင်း၊ ထိုကဲ့သို့ပင်၊ ဆက်၍​သွန်သင်​ပေးစေရန် ငါ​အလို​ရှိ၏။ သင်သည် အရာရာ၌ လုံ့လဝီရိယ​ရှိစေရန်နှင့် ဣန္ဒြေစောင့်​စေရန်လည်း ငါ​အလို​ရှိ၏။

၁၁ သင်သည် မာန​တရားသို့ ဘဝင်​မမြင့်ခြင်းငှာ ဂရု​ပြုလော့။ ထိုမှတစ်ပါး၊ သင်သည် သင်၏​ကိုယ်ပိုင်​ဉာဏ်ပညာ၌​လည်းကောင်း၊ သင်၏​ကိုယ်ပိုင်ခွန်​အားများစွာ အကြောင်းကို​လည်းကောင်း မဝါကြွားခြင်းငှာ ဂရု​ပြုလော့။

၁၂ ရဲရင့်ခြင်းကို အသုံး​ပြုလော့၊ သို့ရာတွင် အပေါ်​စီးဖြင့် ဆက်ဆံသော​စိတ်​မရှိနှင့်။ သင်သည် ချစ်ခြင်းနှင့် ပြည့်​စေခြင်းငှာ သင်၏​ကိလေ​သာမှန်သမျှတို့ကို ချုပ်တည်းရမည့်​အကြောင်း ဂရု​ပြုလော့။ သင်သည် ပျင်းရိခြင်းကို ရှောင်ကြဉ်​ရမည့်​အကြောင်း ဂရု​ပြုလော့။

၁၃ ဇော်ရမ်​အမျိုးသားတို့​ဆုတောင်းသကဲ့သို့ ဆုမတောင်းနှင့်။ အကြောင်းမူကား၊ သူတို့သည် လူကြား​စေရန်နှင့် သူတို့၏​ဉာဏ်ပညာကို ချီးမွမ်း​ခံရစေရန် ဆုတောင်းကြောင်း သင် သိမြင်​ထားလေပြီ။

၁၄ အို ဘုရားသခင် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ ညီအစ်ကိုများထက် သာ၍​ကောင်းမြတ်သောကြောင့် ကိုယ်တော်ကို အကျွန်ုပ်​ကျေးဇူးတော်​ချီးမွမ်းပါ၏ဟု မဆိုနှင့်။ သို့ရာတွင်၊ အို ကိုယ်တော်ရှင် အကျွန်ုပ်၏​မထိုက်​တန်ခြင်းကို ခွင့်လွှတ်​တော်မူပါ။ အကျွန်ုပ်​ညီအစ်ကိုများကိုလည်း ကရုဏာတော်ဖြင့် အောက်မေ့​တော်မူပါဟုသာ ဆိုလော့—ထိုမှတစ်ပါး၊ သင်၏​မထိုက်​တန်ခြင်းကို ဘုရားသခင်​ရှေ့၌ ခပ်သိမ်းသောကာလတို့၌ အသိ​အမှတ်​ပြုလော့။

၁၅ ကိုယ်တော်ရှင်ကလည်း သင်၏​စိတ်ဝိညာဉ်ကို ကောင်းချီး​ပေးတော်မူ၍၊ နောက်ဆုံးသော​နေ့တွင်၊ သူ၏​နိုင်ငံတော်ထဲ၌ ငြိမ်းချမ်းစွာ​ထိုင်​စေရန်၊ သင့်ကို လက်ခံ​တော်မူပါစေ။ ယခုတွင်၊ ငါ့သား၊ ဤလူတို့ထံ သွား၍ နှုတ်ကပတ်တော်ကို သွန်သင်လော့။ သမ္မာ​သတိ​ရှိလော့။ ငါ့သား၊ မင်္ဂလာ​ရှိပါစေ။