ကျမ်းစာများ
အယ်လမာ ၁


အယ်လမာ၏သား
အယ်လမာကျမ်း

အယ်လမာ၏​သားဖြစ်သည့်၊ နီဖိုင်းလူမျိုးတို့၌ ပထမ​ဦးဆုံးနှင့် တရားသူကြီး​ချုပ်ဖြစ်သည့်၊ အသင်းတော်၌ ယဇ်ပုရောဟိတ်​မင်းလည်း​ဖြစ်သည့် အယ်လမာ၏​မှတ်တမ်း။ တရားသူ​ကြီးများ​အုပ်စိုးခြင်း၊ လူတို့​အကြား၊ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများ​အကြောင်း​မှတ်တမ်း။ ထို့အတူ၊ ပထမ​ဦးဆုံးနှင့် တရားသူ​ကြီးချုပ်ဖြစ်သူ အယ်လမာ၏​မှတ်တမ်း​အရ နီဖိုင်း​အမျိုးသားများနှင့် လာမန်​အမျိုးသားများ​အကြား စစ်တိုက်ခြင်း​အကြောင်း​မှတ်တမ်း။

အခန်းကြီး ၁

နေဟောသည် မှားယွင်းသော ဩဝါဒများကို သွန်သင်​ပေး၏၊ အသင်းတော်​တစ်ခုကို တည်ထောင်၏၊ ဘာသာ​ရေးဖြင့်​ကိုယ်ကျိုး​ရှာခြင်းကို စတင်၍၊ ဂိဒေါင်ကို ကွပ်မျက်၏—နေဟောသည် သူ၏​ပြစ်မှုများ​အတွက် သေဒဏ်​ပေးခံရ၏—ဘာသာရေးဖြင့်​ကိုယ်ကျိုး​ရှာခြင်းများနှင့် ညှဉ်းဆဲခြင်းတို့သည် လူတို့၌ ပျံ့နှံ့၏—ယဇ်ပုရောဟိတ်များသည် မိမိတို့​ကိုယ်ကို ထောက်မ၏၊ လူတို့သည် ဆင်းရဲ​သားတို့ကို ဂရုစိုက်၏၊ အသင်းတော်သည်လည်း အောင်မြင်၏။ ဘီစီ ၉၁–၈၈ ခန့်။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်းလူမျိုးတို့၌ တရား​သူကြီးများ​အုပ်စိုးသော ပထမနှစ်တွင်၊ မောဇိယ​မင်းကြီးသည် ဘုရားသခင်ရှေ့ ၌ ဖြောင့်မတ်စွာ​ကျင့်လျက်၊ ကောင်းသော​စစ်ကို တိုက်လေပြီး၊ သူ၏​နေရာ၌​နန်းစံစေရန် အဘယ်​သူ့ကိုမျှ ချန်မထားဘဲ၊ မြေကြီး​ပေါ်၌ နေထိုင်သူ​ခပ်သိမ်းတို့၏​သွားရာလမ်းသို့ သွားလေ၏။ သို့သော်လည်း၊ သူသည် ဥပဒေများကို တည်ထောင်၍၊ ၎င်းတို့သည် လူတို့၏​အသိ​အမှတ်​ပြုခြင်းကို ခံရကြ၏။ ထို့ကြောင့်၊ သူတို့သည် ဤအချိန်မှ​စ၍ သူပြု​ထားလေသော ဥပဒေများ​အတိုင်း နေထိုင်​ရလေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရားပလ္လင်၌ အယ်လမာ​အုပ်စိုးသည့် ပထမ​ဦးဆုံး​နှစ်တွင်၊ ခွန်အား​များစွာကြောင့် ထင်ရှား​လေသည့် ကြီးစွာသော​လူတစ်ဦးကို တရားစီရင်ခံရစေရန် သူ့ရှေ့သို့ ခေါ်ဆောင်​ခဲ့ကြ၏။

ထိုသူသည် လူတို့၌ သွား၍၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ဟု သူခေါ်သည့်​အရာကို ဟောပြောလျက်၊ အသင်းတော်ကို ဆန့်ကျင်လျက်​ရှိ၏။ ယဇ်ပုရောဟိတ်နှင့် ဆရာ​မှန်သမျှ​ကျော်ကြား​လာအပ်ကြောင်း၊ သူတို့​လက်ဖြင့် အလုပ်​မလုပ်​အပ်ဘဲ၊ လူတို့၏​ထောက်မခြင်း ခံရအပ်ကြောင်းကို လူတို့အား ဟောကြားလျက်​ရှိ၏။

ထို့အတူ၊ ခပ်သိမ်းသောလူသားတို့ နောက်ဆုံးသော​နေ့ ၌ ကယ်တင်ခြင်းသို့ ရောက်ရမည့်​အကြောင်း၊ ကြောက်ရန်မလို၊ တုန်ရန်လည်း​မလိုကြောင်း၊ ဦးခေါင်းကို​မော့လျက် ရွှင်လန်း​ဝမ်းမြောက်နိုင်​ရမည့်​အကြောင်းကိုသာ လူတို့အား သူ​သက်သေ​ခံ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသော လူသား​တို့ကို ဖန်ဆင်း​တော်မူလေပြီး၊ ထို့အတူ ခပ်သိမ်းသော လူသား​တို့ကို ရွေးနှုတ်​တော်မူလေပြီ။ နောက်ဆုံး၌​လည်း ခပ်သိမ်းသော လူသားတို့ ထာဝရ​အသက်ကို ရကြလိမ့်မည်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤအရာတို့ကို သူတို့အား အလွန်​များစွာ​သွန်သင်​ပေး၍၊ များစွာသော​သူ၊ အလွန်​များစွာသော​သူတို့ကပင် သူ၏​စကားများကို ယုံကြည်ကြ၏၊ သူ့ကို ထောက်မ​စပြု၍၊ ငွေကို​ပေးကြ၏။

သူသည်လည်း မာန​စိတ်နှလုံးဖြင့်၊ ဘဝင်မြင့်​စပြု၏၊ အလွန်​အဖိုး​ထိုက်သော​အဝတ်ကို​ဝတ်၍၊ ထိုမှတစ်ပါး၊ သူ၏​ဟောပြောခြင်း​အတိုင်း၊ အသင်းတော်​တစ်ခုကို တည်ထောင်​စပင်​ပြု၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် မိမိ​စကားကို ယုံကြည်သော​သူများအား ဟောပြောရန် သွားစဉ်၊ ဘုရားသခင်၏​အသင်းတော် အသင်း​ဝင်ဖြစ်သူ လူတစ်ဦး၊ အထူးသဖြင့်၊ သူတို့​ဆရာများထဲမှ တစ်ဦးကိုပင် တွေ့၍၊ အသင်းတော်မှ​လူများကို လှည့်ဖြား​ခေါ်ဆောင်​သွားခြင်းငှာ၊ ထိုသူနှင့် ပြင်းစွာ​ငြင်းခုံ​စပြု၏။ သို့ရာတွင်၊ ထိုလူက ဘုရားသခင်၏​နှုတ်ကပတ်တော်ဖြင့် ဆုံးမလျက်၊ ပြန်လည်​ချေပ​ငြင်းဆို၏။

ယခုတွင်၊ ထိုလူ၏​အမည်မှာ ဂိဒေါင်​ဖြစ်၏။ သူသည် လင်မဟိ၏​လူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်​ရာတွင် ဘုရားသခင်၏​လက်တော်၌ တန်ဆာ​တစ်ခု​ဖြစ်ခဲ့သော​သူပေတည်း။

ယခုတွင်၊ ဂိဒေါင်က သူ့ကို ဘုရားသခင်၏​နှုတ်ကပတ်တော်ဖြင့် ငြင်းဆိုသော​ကြောင့်၊ ဂိဒေါင်ကို အမျက်​ထွက်၏၊ ဓားကို​ဆွဲ၍ ခုတ်​စပြု၏။ ယခုတွင်၊ ဂိဒေါင်သည် အသက်​အရွယ်များ​စွာကြီးရင့်​နေပြီဖြစ်ရာ၊ ထို့ကြောင့်၊ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်​မရှိ၍ ဓားဖြင့်​ကွပ်မျက်​ခံရလေ၏။

၁၀ ကွပ်မျက်သော​လူကိုလည်း အသင်းတော်မှ​လူများက ဖမ်း၍၊ သူကျူးလွန်လေသော ပြစ်မှုများ​အတိုင်း၊ တရားစီရင်ခြင်း​ခံရစေရန် အယ်လမာ၏​ရှေ့သို့ ခေါ်ဆောင်ကြ၏။

၁၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုသူသည် အယ်လမာ၏​ရှေ့၌ ရပ်၍၊ သူ့အဖို့ အလွန်​ရဲရင့်စွာ​ထုချေ၏။

၁၂ သို့ရာတွင်၊ အယ်လမာက သူ့ကို ဆိုလေသည်မှာ၊ ရှုလော့၊ ဤအမှု​သည်ကား၊ ဘာသာ​ရေးဖြင့်​ကိုယ်ကျိုး​ရှာခြင်းကို ဤလူတို့၌ ပထမ​ဦးဆုံး​အကြိမ် စတင်ခြင်း​ဖြစ်၏။ ရှုဦးလော့၊ သင်သည် ဘာသာ​ရေးဖြင့်​ကိုယ်ကျိုး​ရှာခြင်း​တစ်ခု​တည်းကြောင့် အပြစ်​ရောက်ခြင်း​မဟုတ်။ သို့ရာတွင်၊ ထိုအမှုကို အားကောင်းစေရန် ဓားဖြင့် ကြိုးစား​အားထုတ်​လေပြီ။ ဤလူတို့၌ ဘာသာ​ရေးဖြင့်​ကိုယ်ကျိုး​ရှာခြင်းကို အားကောင်း​စေခဲ့လျှင်၊ သူတို့၏​အလုံး​စုံပျက်စီးခြင်းကို ဖြစ်စေ​လိမ့်မည်။

၁၃ ထို့အတူ၊ သင်သည် ဖြောင့်မတ်သောလူ၊ အထူးသဖြင့်၊ ဤလူတို့၌ များစွာသောကောင်းမြတ်ခြင်း ပြုလေသော​လူ၏​အသွေးကို သွန်းလောင်းလေပြီ။ ငါတို့သည် သင့်ကို ချမ်းသာ​ပေးလျှင်၊ သူ၏​အသွေးက ငါတို့​အပေါ် လက်တုံ့​ပြန်ရန် ကျရောက်​ပေလိမ့်မည်။

၁၄ ထို့ကြောင့်၊ ငါတို့၏​နောက်ဆုံး​မင်းကြီး​မောဇိယက ငါတို့အား ပေးထား​လေသော​ဥပဒေ​အတိုင်း သေဒဏ်​ချမှတ်ခြင်းကို သင်​ခံရမည်။ ဤလူတို့​ကလည်း ထိုဥပဒေကို အသိ​အမှတ်​ပြုထား​လေပြီ။ ထို့ကြောင့်၊ ဤလူတို့သည် ဥပဒေ​အတိုင်း​နေထိုင်​ရမည်။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့ကို ဖမ်းဆီးကြ၏။ ထိုသူ၏​အမည်မှာ နေဟော ဖြစ်၏။ သူ့ကို မန်တိ​တောင်ထိပ်သို့ ခေါ်ဆောင်​သွား၍၊ ကောင်းကင်နှင့်​မြေကြီး​ကြား၌ လူတို့အား သူသွန်သင်​ပေးခဲ့​လေသော​အရာများမှာ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဆန့်ကျင်​ကြောင်း အတင်း​ပြု၍​မဟုတ်ဘဲ၊ သူ့သဘောဖြင့် ထိုနေရာ၌ အသိ​အမှတ်​ပြု၏။ ထိုနေရာ၌၊ သူသည် ရှက်ဖွယ်​ကောင်းသော​သေခြင်းကို ခံစား​ရလေ၏။

၁၆ သို့သော်လည်း၊ ဤအမှုက ထိုပြည်​တစ်လျှောက်၌ ဘာသာ​ရေးဖြင့်​ကိုယ်ကျိုး​ရှာခြင်း ပျံ့နှံ့မှုကို အဆုံး​မသတ်ခဲ့ပေ။ အကြောင်း​မူကား၊ လောက၏​အချည်းနှီးသော​အရာများကို ချစ်သည့်​သူ များစွာ​ရှိ၏၊ ထိုသူတို့သည် ထွက်သွား၍၊ မှားယွင်းသော​ဩဝါဒများ​ကိုလည်း ဟောပြောလျက်ရှိကြ၏။ ဤအမှုကို သူတို့​ပြုကြ​သည်မှာ၊ စည်းစိမ်​ဥစ္စာနှင့် ဂုဏ်​အသ​ရေ​အတွက်​ဖြစ်၏။

၁၇ အဘယ်သို့ပင်​ဖြစ်စေ၊ သူတို့သည် ဥပဒေကို ကြောက်ရွံ့၍၊ အသိခံရလျှင်၊ မုသားကို​မပြော​ဝံ့ကြ။ အကြောင်းမူကား၊ မုသား​ပြောသူများသည် အပြစ်​ဒဏ်​ပေး​ခံရ၏။ ထို့ကြောင့်၊ သူတို့သည် မိမိတို့​ယုံကြည်မှု​အတိုင်း ဟောပြော​သည်ဟု ဟန်ဆောင်​ကြ၏။ ယခုတွင်၊ တစ်စုံ​တစ်ဦးကို ထိုသူ၏​ယုံကြည်မှု​အတွက် ဥပဒေက အစိုး​မရနိုင်ချေ။

၁၈ သူတို့သည် ဥပဒေကို ကြောက်ရွံ့၍၊ မခိုးယူ​ဝံ့ကြ။ အကြောင်းမူကား၊ ထိုကဲ့သို့သော​သူများသည် အပြစ်ဒဏ်​ပေးခံရ၏။ လုလည်း​မလုယူဝံ့၊ လူ့အသက်ကို လည်း မသတ်ဝံ့၊ အကြောင်းမူကား၊ လူ့အသက်ကို သတ်သော​သူသည် သေခြင်းသို့​တိုင်အောင် အပြစ်​ဒဏ်​ပေး​ခံရ၏။

၁၉ သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ ဘုရားသခင်၏​အသင်းတော်​နှင့်ဆိုင်၍ ကိုယ်ပေါ်၌ ခရစ်တော်၏​နာမတော်အား ခံယူလေသော​သူတို့ကို ဘုရားသခင်၏ အသင်းတော်နှင့် မဆိုင်သော​သူမှန်သမျှတို့က ညှဉ်းဆဲ​စပြုကြ၏။

၂၀ ထိုမှတစ်ပါး၊ သူတို့ကို ညှဉ်းဆဲ၍၊ အမျိုးမျိုးသော​စကားများဖြင့် ဒုက္ခ​ပေးကြ၏။ ဤသို့​ပြုကြသည်ကား၊ သူတို့၏​နှိမ့်ချခြင်းကြောင့်၊ သူတို့​မျက်စိ၌ မာန​မကြီးကြသော​ကြောင့်၊ ထို့အတူ၊ သူတို့သည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ငွေမယူဘဲ၊ အဖိုး​အခ​မယူဘဲ အချင်းချင်း ဝေငှ​ကြသောကြောင့်​ပေတည်း။

၂၁ ယခုတွင်၊ အသင်းတော်၏​လူများ၌ အသင်းတော်နှင့်ဆိုင်သောသူ အဘယ်သူမျှ အသင်းတော်နှင့် မဆိုင်သော​သူများကို စ၍​မညှဉ်းဆဲရ၊ ထို့အတူ၊ မိမိတို့၌​လည်း ညှဉ်းဆဲခြင်း​မရှိရ​ဟူသည့် တင်းကျပ်သော ဥပဒေ​တစ်ခု ရှိလေ၏။

၂၂ သို့သော်လည်း၊ သူတို့၌ မာနကြီး​စပြုသော​သူများစွာ​ရှိလျက်၊ မိမိတို့​ရန်သူများနှင့် တိုက်ခိုက်သည်​အထိပင် အမျက်ဖြင့်၊ ရန်တွေ့​စပြုကြ၏။ အထူးသဖြင့်၊ သူတို့သည် တစ်ယောက်ကို​တစ်ယောက် လက်သီးဖြင့် ထိုးကြ၏။

၂၃ ယခုတွင်၊ ဤအမှုသည်ကား အယ်လမာ​အုပ်စိုးသည့် ဒုတိယ​နှစ်တွင်​ဖြစ်၍၊ အသင်းတော်သို့ များစွာသော ဆင်းရဲ​ဒုက္ခများ၏ အကြောင်းရင်း​ဖြစ်လေ၏။ ထိုမှတစ်ပါး၊ အသင်းတော်နှင့်​စပ်လျဉ်းသည့် များစွာသော ဒုက္ခများ၏​အကြောင်းရင်း​ဖြစ်လေ၏။

၂၄ အကြောင်းမူကား၊ များစွာသော​သူတို့၏​စိတ်နှလုံးသည် မာကျော၏၊ သူတို့​အမည်များ​ပယ်ဖျောက်​ခံရ၍၊ သူတို့ကို ဘုရားသခင်၏​လူမျိုးတို့၌ အောက်မေ့ခြင်း​မရှိ​တော့။ များစွာသော​သူတို့​သည်လည်း သူတို့​ကိုယ်သူတို့ ထိုသူတို့​ထံမှ နှုတ်ထွက်​ခဲ့ကြ၏။

၂၅ ယခုတွင်၊ ဤအရာ​သည်ကား၊ ယုံကြည်ခြင်း၌ မြဲမြံစွာတည်သော​သူများ​အတွက် ကြီးစွာသော စုံစမ်းခြင်း​ဖြစ်၏။ အဘယ်သို့ပင်​ဖြစ်စေ၊ သူတို့သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ မြဲမြံပြီး၊ မတိမ်းယိမ်းဘဲ​ရှိလျက် သူတို့​အပေါ်​စုပုံ၍​လာသော ညှဉ်းဆဲခြင်းကို သည်းခံခြင်းဖြင့် ခံယူကြ၏။

၂၆ ထို့အတူ၊ ယဇ်ပုရောဟိတ်တို့သည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို လူတို့အား ဝေငှခြင်းငှာ၊ သူတို့​အလုပ်ကို စွန့်ပစ်သော​အခါ၊ လူတို့သည်လည်း ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ကြားနာခြင်းငှာ မိမိတို့​အလုပ်ကို စွန့်ပစ်​ကြ၏။ ထို့အတူ၊ ယဇ်ပုရောဟိတ်တို့သည် သူတို့အား ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဝေငှခဲ့​လေပြီးသော​အခါ၊ သူတို့​အားလုံး မိမိတို့​အလုပ်များသို့ လုံ့လဝီရိယ​ထက်သန်စွာ တစ်ဖန်​ပြန်လာ​ကြ၏။ ယဇ်ပုရောဟိတ်​သည်လည်း၊ သူ့ကိုယ်ကို သူ၏​ကြားနာ​သူများထက် သာလွန်​သည်ဟု မမှတ်ယူ။ အကြောင်းမူကား၊ ဟောပြော​သူသည် ကြားနာသူ​ထက်သာ၍ မကောင်း​မြတ်။ ဆရာ​သည်လည်း သင်ယူ​သူထက်သာ၍ မကောင်းမြတ်။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် အညီ​အမျှ​ရှိ၍၊ လူတိုင်း မိမိခွန်အား​ရှိသည့်​အတိုင်း ခပ်သိမ်းသော​အလုပ်များကို လုပ်ကြ၏။

၂၇ လူတိုင်းသည် မိမိမှာ​ရှိသည့်​အတိုင်း၊ မိမိတို့​ဥစ္စာကို ဆင်းရဲ​သားများ၊ ချို့တဲ့သော​သူများ၊ ဖျားနာ​သူများနှင့် ဒုက္ခရောက်သူများသို့ မျှ၍​ပေးကြ၏။ သူတို့သည် အဖိုး​ထိုက်သော​အဝတ်ကို မဝတ်ကြ​သော်လည်း သပ်ရပ်ပြီး အဆင်း​လှ၏။

၂၈ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် အသင်းတော်၏​အမှုများကို စီမံကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့၌ ခပ်သိမ်းသော​ညှဉ်းဆဲခြင်းများ​ရှိသော်ငြား​လည်း၊ အဆက်​မပြတ်​ငြိမ်းချမ်းခြင်းကို တစ်ဖန်​ရရှိ​စပြု၏။

၂၉ ယခုမူကား၊ အသင်းတော်၏​တည်ငြိမ်​မြဲမြံခြင်းကြောင့်၊ သူတို့သည် မိမိတို့ အလို​ရှိသည့်​အရာ​မှန်သမျှ အလုံးစုံသော​အရာ​အမြောက်​အမြား—သိုးစုနှင့် နွားစု​အမြောက်​အမြား၊ ထို့အတူ၊ ဆူအောင်​ကျွေးသည့်​အကောင်​အမျိုးမျိုး၊ ထို့အတူ၊ စပါး၊ ရွှေ၊ ငွေ၊ အဖိုး​ထိုက်သော​အရာ အမြောက်​အမြား၊ ထို့အတူ ဖဲ၊ ပိတ်ချော၊ ကောင်းမွန်သည့် ရိုးစင်းသော​အဝတ်​အမျိုးမျိုး အမြောက်​အမြား​ရှိလျက် အလွန်​ကြွယ်ဝ​စပြု​ကြ၏။

၃၀ ထိုကဲ့သို့​အားဖြင့်၊ သူတို့၏ အောင်မြင်သော​အခြေ​အနေ၌၊ သူတို့သည် အဝတ်​မရှိသော​သူများကို​ဖြစ်စေ၊ မွတ်သိပ်သော​သူများကို​ဖြစ်စေ၊ ရေငတ်သော​သူများကို​ဖြစ်စေ၊ ဖျားနာသော​သူများကို​ဖြစ်စေ၊ အကျွေး​အမွေး​မခံရ​လေသော​သူများကို​ဖြစ်စေ၊ အဘယ်​တစ်ဦး​တစ်ယောက်ကိုမျှ နှင်မ​ထုတ်ကြ။ သူတို့​စိတ်နှလုံးကိုလည်း စည်းစိမ်​ဥစ္စာများ​အပေါ်၌ မထားကြ။ ထို့ကြောင့်၊ သူတို့သည် အသက်ကြီး​သူနှင့် အသက်ငယ်သူ​နှစ်မျိုးစလုံး၊ ကျွန်နှင့် လူလွတ်​နှစ်မျိုး​စလုံး၊ ယောက်ျားနှင့်​မိန်းမ​နှစ်မျိုးစလုံး၊ အသင်းတော်​အပြင်၌​ဖြစ်စေ၊ အသင်းတော်​အတွင်း၌​ဖြစ်စေ၊ လူမျက်နှာကို​မထောက်ဘဲ၊ လိုအပ်လျက်​ရှိသည်​အတိုင်း ခပ်သိမ်းသော​သူတို့​အပေါ် စေတနာ​စိတ်ရှိ​ကြလေ၏။

၃၁ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် အောင်မြင်၍၊ မိမိတို့​အသင်းတော်နှင့် မဆိုင်သော​သူများ​ထက်သာ၍ အတိုင်း​ထက်​အလွန်​ကြွယ်ဝ​ကြ၏။

၃၂ အကြောင်းမူကား၊ သူတို့၏​အသင်းတော်နှင့် မဆိုင်သော​သူများသည် နတ်ဝိဇ္ဇာ​အတတ်များ၌​သော်လည်းကောင်း၊ ရုပ်တု​ကိုးကွယ်ခြင်း သို့မဟုတ် ပျင်းရိခြင်း၌​သော်လည်းကောင်း၊ အကျိုး​မရှိ​စကားများခြင်း၌​သော်လည်းကောင်း၊ ဂုဏ်ပြိုင်ခြင်းများနှင့် ရန်တွေ့ခြင်းများ၌​သော်လည်းကောင်း၊ အဖိုး​ထိုက်သော​အဝတ်ကို ဝတ်ခြင်း၊ သူတို့​မာန​မျက်လုံး​များဖြင့်​ဘဝင်​မြင့်ခြင်း၊ ညှဉ်းဆဲခြင်း၊ မုသား​ပြောခြင်း၊ ခိုးယူခြင်း၊ လုယူခြင်း၊ မတရားသော​မေထုန်​ကျူးလွန်ခြင်းနှင့် လူ့​အသက်ကို​သတ်ခြင်း၊ အမျိုးမျိုးသော ဆိုးညစ်ခြင်းတို့၌ သူတို့ကိုယ်ကို အလို​လိုက်ကြ၏။ အဘယ်သို့​ပင်ဖြစ်စေ၊ လွန်ကျူးသူ​ခပ်သိမ်းတို့​အပေါ် ဥပဒေကို ဖြစ်နိုင်သမျှ သက်ရောက်​စေ၏။

၃၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတိုင်းကိုယ်​ပြုလေသည့်​အတိုင်း ခံစား​ရစေခြင်းငှာ၊ သူတို့​အပေါ်၌ ဥပဒေကို ထိုကဲ့သို့ ကျင့်သုံးခြင်း​အားဖြင့် သူတို့သည် သာ၍​ငြိမ်သက်​လာကြ၏၊ အသိခံရလျှင် အဘယ်​ဆိုးညစ်ခြင်းကိုမျှ မကျူးလွန်​ဝံ့ချေ။ ထို့ကြောင့်၊ နီဖိုင်း​လူမျိုးတို့၌ တရားသူ​ကြီးများ​အုပ်စိုးခြင်း​ငါးနှစ်​မြောက်သည်​အထိ များစွာသော​ငြိမ်းချမ်းခြင်း​ရှိ၏။