ကျမ်းစာများ
အယ်လမာ ၁၇


ဘုရားသခင်၏​နှုတ်ကပတ်တော်​အတွက်၊ သူတို့၏ နိုင်ငံ​အပေါ်​အုပ်စိုးခြင်း​အခွင့်​အရေးကို ငြင်းပယ်၍၊ လာမန်​အမျိုးသားတို့အား ဟောပြောခြင်းငှာ နီဖိုင်းပြည်သို့ သွားကြသည့် မောဇိယ၏​သားတို့၏​မှတ်တမ်း။ သူတို့၏​ဒုက္ခ​ဝေဒနာများနှင့် လွတ်မြောက်ခြင်း—အယ်လမာ၏​မှတ်တမ်း​အတိုင်း​ဖြစ်၏။

အခန်းကြီး ၁၇ မှ ၂၇ အထိ ဖွဲ့စည်းပါဝင်၏။

အခန်းကြီး ၁၇

မောဇိယ၏​သားတို့၌ ပရောဖက်ပြုဟောသောဝိညာဉ်နှင့် ဗျာဒိတ်တော် ဝိညာဉ်​ရှိကြ၏—သူတို့သည် လာမန်​အမျိုးသားတို့အား နှုတ်ကပတ်တော်ကို ဟောကြားရန် မိမိတို့​လမ်းအသီးသီးသို့ သွားကြ၏—အမ္မုန်သည် ဣရှမေလ​ပြည်သို့ သွား၍၊ လာမောနိ​မင်းကြီး၏​ကျွန်​ဖြစ်လာ၏—အမ္မုန်သည် မင်းကြီး၏​သိုးစုများကို ကယ်တင်၍၊ သေဗုရေ​ရှိရာ​အရပ်၌ သူ၏​ရန်သူများကို ကွပ်မျက်၏။ အခန်းငယ် ၁–၃၊ ဘီစီ ၇၇ ခန့်။ အခန်းငယ် ၄၊ ဘီစီ ၉၁–၇၇ ခန့်။ အခန်းငယ် ၅–၃၉၊ ဘီစီ ၉၁ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဂိဒေါင်ပြည်မှ တောင်အရပ် မန်တိ​ပြည်သို့ ခရီးသွား​စဉ်တွင်၊ ရှုလော့၊ ဇရဟင်မလ​ပြည်သို့ ခရီးသွား​နေကြသည့် မောဇိယ၏​သားတို့ကို တွေ့၍ အံ့ဩလေ၏။

ယခုတွင်၊ သူ့ထံသို့ ကောင်းကင်တမန် ပထမ​ဦးဆုံး ပေါ်လာ​တော်မူစဉ်၌ မောဇိယ၏​ဤသားတို့သည် အယ်လမာနှင့် အတူ​ရှိကြ၏။ ထို့ကြောင့်၊ အယ်လမာသည် မိမိညီအစ်ကိုတို့ကို တွေ့ရ၍ လွန်စွာ​ရွှင်လန်း​ဝမ်းမြောက်၏။ ထို့အတူ၊ သူ၏​ဝမ်းမြောက်ခြင်း​အပေါ် ထပ်လောင်း​သည်ကား၊ သူတို့သည် ကိုယ်တော်ရှင်၌ သူ၏​ညီအစ်ကိုများ ဖြစ်လျက်​ရှိခြင်းပင်တည်း။ ထိုမှတစ်ပါး၊ သူတို့သည် သမ္မာတရားကို​သိခြင်း၌ အားကြီး​လာကြ၏။ အကြောင်းမူကား၊ သူတို့သည် ကျိုးကြောင်း​ညီညွတ်စွာ​နားလည်​သူများ​ဖြစ်၍၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို သိနိုင်ခြင်းငှာ၊ ကျမ်းစာများကို လုံ့လဝီရိယ​ထက်သန်စွာ စေ့စေ့​ဖတ်ကြ၏။

သို့ရာတွင်၊ ဤအရာ​သည်ကား၊ အလုံးစုံတို့​မဟုတ်သေး။ သူတို့သည် များစွာသော​ဆုတောင်းခြင်းနှင့် အစာ​ရှောင်ခြင်းသို့၊ သူတို့​ကိုယ်ကို ဆက်ကပ်လေ၏။ ထို့ကြောင့်၊ သူတို့ ၌ ပရောဖက်​ပြုဟောသော​ဝိညာဉ်နှင့် ဗျာဒိတ်တော်​ဝိညာဉ်ရှိ၍ သွန်သင်​ပေးသော​အခါ၊ ဘုရားသခင်၏​တန်ခိုးနှင့် အခွင့်​အာဏာတို့ဖြင့် သွန်သင်​ပေးကြ၏။

ထို့အတူ၊ သူတို့သည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို လာမန်​အမျိုးသားတို့၌ တစ်ဆယ်လေး​နှစ်ကြာအောင် သွန်သင်​ပေးလျက်၊ များစွာသော​သူတို့အား သမ္မာတရားကို​သိခြင်းသို့ ဆောင်ယူရာ၌ လွန်စွာ​အောင်မြင်ကြ၏။ ထိုမှတစ်ပါး၊ သူတို့​စကားများ၏ တန်ခိုး​အားဖြင့် များစွာသော​သူတို့သည် ဘုရားသခင်၏​ယဇ်ပလ္လင်ရှေ့သို့ သူ၏​နာမတော်ကို ပဌနာပြုကြ​စေခြင်းငှာ လည်းကောင်း၊ သူ့ရှေ့၌ အပြစ်များကို ဝန်ခံကြ​စေခြင်းငှာ​လည်းကောင်း ခေါ်ဆောင်​ခံရလေ၏။

ယခုတွင်၊ ဤအရာတို့သည်ကား၊ သူတို့၏​ခရီးသွားခြင်း၌ ကြုံတွေ့ရသည့်​အခြေ​အနေများဖြစ်၏၊ အကြောင်းမူကား၊ သူတို့၌ ဆင်းရဲဒုက္ခများစွာရှိလေ၏။ သူတို့သည် အစာငတ်ခြင်း၊ ရေငတ်ခြင်းနှင့် ပင်ပန်းခြင်း၊ ထို့အတူ ဝိညာဉ်​ပကတိ၌လည်း များစွာ​ရုန်းကန်ရခြင်း စသည်တို့ကို ကိုယ်ခန္ဓာနှင့် စိတ်​နှစ်ခုစလုံး၌ များစွာ​ခံစားရ၏။

ယခုတွင်၊ ဤအရာတို့​သည်ကား၊ သူတို့၏​ခရီး​သွားခြင်းများ​ပေတည်း။ တရားသူကြီးများ၏​ပထမ​နှစ်၌၊ သူတို့​အဘ​မောဇိယထံမှ ထွက်ခွာလျက်၊ သူတို့ထံ သူတို့​အဘ​အပ်နှင်းလို​သည့်​နိုင်ငံကို ငြင်းပယ်လျက်၊ ဤအမှုမှာလည်း လူတို့၏ အလို​ဆန္ဒလည်း​ဖြစ်လေ၏။

အဘယ်သို့ပင်​ဖြစ်စေ၊ သူတို့သည် ဇရဟင်မလ​ပြည်မှ ထွက်ခွာ​သွားပြီး၊ မိမိတို့၏​ဓားများ၊ ထို့အတူ မိမိတို့၏​လှံများ၊ ထို့အတူ မိမိတို့၏​လေးများ၊ ထို့အတူ မိမိတို့၏​မြားများ၊ ထို့အတူ မိမိတို့၏​လောက်လွှဲများကို ယူဆောင်ကြ၏။ ဤသို့သူတို့ပြုခြင်းသည်ကား၊ တောရိုင်းထဲ၌ရှိစဉ် သူတို့ကိုယ်​သူတို့ စားစရာ​ထောက်ပံ့နိုင်ကြ​စေခြင်းငှာ​ပေတည်း။

ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် လာမန်​အမျိုးသားတို့အား ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဟောပြောရန်၊ နီဖိုင်းပြည်သို့​တက်သွားခြင်းငှာ၊ သူတို့​ရွေးချယ်ထားလေသော​သူများနှင့်​အတူ တောရိုင်းထဲသို့ ထွက်ခွာ​သွားကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် တောရိုင်းထဲ၌ နေ့ပေါင်းများစွာ ခရီး​သွား၍​များစွာ​အစာ​ရှောင်လျက်၊ များစွာ​ဆုတောင်းကြ​သည်ကား၊ ကိုယ်တော်ရှင်သည် သူတို့နှင့် အတူ​သွား၍၊ သူတို့၌​တည်စေခြင်းငှာ သူ၏​ဝိညာဉ်တော် တစ်စိတ်​တစ်ပိုင်းကို သူတို့အား ပေးတော်မူ၍၊ ဖြစ်နိုင်လျှင်၊ သူတို့၏​ညီအစ်ကို လာမန်​အမျိုးသားတို့အား၊ သမ္မာတရားကို သိခြင်းသို့၊ သူတို့​ဘိုးဘေးတို့၏​မမှန်သော​နည်း​ဥပဒေသများ၏​ယိုယွင်း​ကျဆင်းခြင်းကို သိခြင်းသို့ ဆောင်ယူခြင်းငှာ သူတို့ကို ဘုရားသခင်၏​လက်တော်၌ တန်ဆာ​တစ်ခု​ဖြစ်နိုင်​စေကြောင်း​ပေတည်း။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကိုယ်တော်ရှင်သည် မိမိဝိညာဉ်တော်ဖြင့် သူတို့ကို အကြည့်အရှု ကြွတော်မူပြီး၊ သက်သာခြင်း​ရှိကြလော့ဟု မိန့်တော်မူလေ၏။ သူတို့​သည်လည်း သက်သာရာ​ရလေ၏။

၁၁ ထို့အတူ၊ ကိုယ်တော်ရှင်​မိန့်တော်မူ​ပြန်လေသည်ကား၊ သင်၏​ညီအစ်ကို၊ လာမန်​အမျိုးသားတို့ထံ သွား၍၊ ငါ၏​နှုတ်ကပတ်တော်ကို တည်စေကြလော့။ သို့သော်လည်း၊ သင်တို့သည် ငါ့ကြောင့် ပုံသက်သေ​ကောင်းကို သူတို့အား ပြနိုင်ခြင်းငှာ၊ ဆင်းရဲ​ဒုက္ခများ၌ စိတ်ရှည်ခြင်းဖြင့် သည်းခံရမည်။ ငါသည်လည်း သင်တို့ကို ငါ၏​လက်တော်၌ တန်ဆာ​တစ်ခု​ဖြစ်စေ၍၊ များစွာသော​သူတို့ကို ကယ်တင်ခြင်းသို့ ရောက်စေမည်။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောဇိယ၏​သားများ၊ ထို့အတူ၊ သူတို့နှင့်​အတူ​ရှိကြလေသော​သူများတို့၏​စိတ်နှလုံးသည် လာမန်​အမျိုးသားတို့ထံ သွား၍၊ သူတို့အား ဘုရားသင်၏​နှုတ်ကပတ်တော်ကို ဟောပြောရန် ရဲရင့်ကြ၏။

၁၃ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် လာမန်​အမျိုးသားတို့​၏ပြည် နယ်နိမိတ်သို့ ရောက်လေလျှင်၊ သူတို့ကိုယ်​သူတို့ သီးခြားစီ ခွဲ၍၊ သူတို့​ရိတ်သိမ်းချိန်​ပြီးဆုံးသော​အခါ၌ တစ်ဖန်​ပြန်၍​တွေ့ရမည့်​အကြောင်း၊ ကိုယ်တော်ရှင်ကို ကိုးစားလျက် တစ်ဦးနှင့်​တစ်ဦး ခွဲခွာ​ခဲ့ကြ၏။ အကြောင်းမူကား၊ သူတို့​ဆောင်ရွက်လေသည့်​အမှု ကြီးမားလှ​လေသည်ကို သူတို့​ယုံကြည်ကြ၏။

၁၄ အမှန်ပင် ထိုအမှုမှာ ကြီးမားလှ၏။ အကြောင်းမူကား၊ သူတို့သည် ရိုင်းစိုင်း​မာကျော၍၊ ရက်စက်သော​လူမျိုး၊ နီဖိုင်းအမျိုးသားတို့အား သတ်ခြင်း၊ လုယူခြင်းနှင့် လုယက်ခြင်းတို့၌ မွေ့လျော်သော​လူမျိုးအား ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဟောပြောခြင်းငှာ ဆောင်ရွက်​ကြလေပြီ။ ထိုသူတို့၏​စိတ်နှလုံးသည် စည်းစိမ်​ဥစ္စာများ၊ သို့မဟုတ် ရွှေနှင့် ငွေနှင့် အဖိုး​ထိုက်သည့် ကျောက်များ အပေါ်၌ ရှိသော်လည်း၊ ထိုအရာတို့​အတွက် သူတို့​လက်ဖြင့်​အလုပ်​မလုပ်​ရစေခြင်းငှာ၊ လူ့အသက်ကို​သတ်ခြင်းနှင့် လုယက်ခြင်းတို့ဖြင့် ရရှိခြင်းငှာ ကြိုးစားအားထုတ်ကြ၏။

၁၅ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် အလွန်​ပျင်းရိသော​သူများ​ဖြစ်ကြ၏။ သူတို့မှ များစွာသော​သူတို့သည် ရုပ်တုများကို ကိုးကွယ်၍၊ နောင်တရခြင်း​အခွင့်များဖြင့်၊ ကိုယ်တော်ရှင်၏ ကတိတော်များကို သူတို့ထံသို့ ပေးထား​တော်မူ​သော်ငြားလည်း၊ သူတို့​ဘိုးဘေးတို့၏ နည်း​ဥပဒေသများကြောင့်၊ ဘုရားသခင်၏​ကျိန်ခြင်းသည် သူတို့​အပေါ် ကျရောက်​ခဲ့လေပြီ။

၁၆ ထို့ကြောင့်၊ ဤအရာ​သည်ကား၊ မောဇိယ၏​သားများသည် ထိုသူတို့ကို နောင်တရခြင်းသို့ ဆောင်ယူကောင်း ဆောင်ယူနိုင်​ခြင်းငှာ​လည်းကောင်း၊ ထိုသူတို့အား ရွေးနှုတ်​ခြင်း အစီအစဉ်ကို သိကြစေရန် ဆောင်ယူကောင်း ဆောင်ယူနိုင်​ခြင်းငှာ​လည်းကောင်း၊ အမှုတော်ကို ဆောင်ရွက်​ခြင်း၏ အကြောင်းရင်း​ပေတည်း။

၁၇ ထို့ကြောင့်၊ သူတို့သည် တစ်ဦးနှင့် တစ်ဦး သီးခြား​စီခွဲ၍၊ လူတိုင်း မိမိကို ပေးထား​တော်မူလေသည့် ဘုရားသခင်၏​နှုတ်ကပတ်တော်နှင့် တန်ခိုးတော်​အတိုင်း ထိုသူတို့​အထဲသို့ တစ်ယောက်တည်း သွားခဲ့ကြ၏။

၁၈ ယခုတွင်၊ အမ္မုန်သည် သူတို့​အထဲ၌ ခေါင်းဆောင်​ဖြစ်၍၊ သို့မဟုတ်၊ သူတို့ကို စီမံ​ဆောင်ရွက်၍​သာလျှင်၊ သူတို့၏​အသီးသီးသော ရာထူးဌာနများ​အတိုင်း ကောင်းချီး​ပေးပြီးနောက်၊ သူတို့ထံသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဝေငှ​ပြီးနောက်၊ သို့မဟုတ်၊ သူထွက်ခွာ​မသွားမီ သူတို့ကို စီမံ​ဆောင်ရွက်​ပြီးနောက်၊ သူတို့ထံမှ ထွက်ခွာ​သွား၏။ ထို့ကဲ့သို့​အားဖြင့်၊ သူတို့သည် ထိုပြည်​တစ်လျှောက်၌၊ ကိုယ့်လမ်း​ခရီး​အသီးသီးသို့ ထွက်ကြ၏။

၁၉ အမ္မုန်သည်လည်း လာမန်​အမျိုးသားများ ဖြစ်လာသော ဣရှမေလ​အမျိုးသားတို့၏ အမည်​အတိုင်း အမည်​ပေးသည့် ဣရှမေလ​ပြည်သို့​သွား၏။

၂၀ အမ္မုန်​သည်လည်း ဣရှမေလ​ပြည်ထဲသို့ ဝင်စဉ်၊ လာမန်​အမျိုးသားတို့က သူတို့​လက်ထဲသို့ ကျရောက်လာသူ နီဖိုင်း​အမျိုးသား​မှန်သမျှကို ချည်နှောင်ပြီး၊ ရှင်ဘုရင်၏​ရှေ့သို့ ဆောင်ယူသည့် သူတို့၏​ထုံးစံ​အတိုင်း သူ့ကို ဖမ်းဆီး၍ ချည်နှောင်ကြ၏။ ထိုကဲ့သို့​အားဖြင့်၊ ရှင်ဘုရင်ထံသို့၊ သူ၏​စိတ်အလို​ဆန္ဒအတိုင်း သူတို့ကို ကွပ်မျက်ရန် သို့မဟုတ်၊ သူတို့ကို ဖမ်းဆီး​ချုပ်နှောင်ခြင်း၌ ထိန်းသိမ်းထားရန်၊ သို့မဟုတ်၊ သူတို့ကို ထောင်ထဲ၌​ထားရန်၊ သို့မဟုတ်၊ သူတို့ကို သူ၏​ပြည်မှ နှင်ထုတ်ရန် အပ်နှံကြ၏။

၂၁ ထိုကဲ့သို့​အားဖြင့်၊ အမ္မုန်သည် ဣရှမေလ​ပြည်၏​ရှင်ဘုရင်​ဖြစ်သူ​ထံသို့ ဆောင်ယူ​ခံရ၏။ ထိုသူ၏​အမည်မှာ၊ လာမောနိဖြစ်၏။ ဣရှမေလ၏​အမျိုးအနွယ်​တစ်ဦးလည်း​ဖြစ်၏။

၂၂ မင်းကြီးကလည်း၊ အမ္မုန်ကို ထိုပြည်​ရှိလာမန်​အမျိုးသားတို့​အထဲ၌ သို့မဟုတ် သူ၏​လူတို့​အထဲ၌ နေထိုင်လို​စိတ်ရှိ​မရှိ​မေးမြန်း၏။

၂၃ အမ္မုန်ကလည်း ဟုတ်ကဲ့၊ အကျွန်ုပ်သည် ဤလူတို့​အထဲ၌ အချိန်အနည်းငယ် နေထိုင်​လိုပါ၏။ ထိုမှတစ်ပါး၊ အကျွန်ုပ်​သေသည့်​နေ့တိုင်အောင်၊ ဖြစ်ကောင်း​ဖြစ်ပေမည်ဟု ဆို၏။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမောနိ​မင်းကြီးသည် အမ္မုန်ကို လွန်စွာ​နှစ်သက်သဖြင့်၊ ကြိုးများကို ဖြေလွှတ်စေ၏။ အမ္မုန်အား သူ၏​သမီး​တစ်ယောက်နှင့် အိမ်ထောင်​ဖက်ပြု​စေလို၏။

၂၅ သို့ရာတွင်၊ အမ္မုန်က၊ မဟုတ်ပါ၊ အကျွန်ုပ်သည် ကိုယ်တော်၏​ကျွန်သာ ဖြစ်ပါမည်ဟု ဆိုလေ၏။ ထို့ကြောင့်၊ အမ္မုန်သည် လာမောနိ၏​ကျွန်​တစ်ယောက် ဖြစ်လာလေ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏​ထုံးစံ​အတိုင်း၊ လာမောနိ၏​သိုးစုတို့ကို ကြည့်ရှု​စောင့်ရှောက်စေရန် သူ့ကို အခြားသော ကျွန်များဆီသို့ စေလွှတ်၏။

၂၆ သူသည် မင်းကြီး၏ အမှုကို ဆောင်၍ သုံးရက်ကြာလေပြီးနောက်၊ လာမန်အမျိုးသားကျွန်တို့နှင့်အတူ၊ သူတို့၏သိုးစုများနှင့်တကွ သေဗုရေဟုခေါ်သော ရေရှိရာအရပ်သို့ သွားစဉ်တွင်၊ လာမန်အမျိုးသားခပ်သိမ်းတို့သည် သူတို့သိုးစုများကို ရေသောက်နိုင်စေခြင်းငှာ ဤအရပ်သို့ မောင်းနှင်၍—

၂၇ ထို့ကြောင့်၊ အမ္မုန်နှင့် မင်းကြီး၏​ကျွန်တို့သည် သူတို့၏​သိုးစုများကို ရေရှိရာ​အရပ်သို့ မောင်းနှင်​စဉ်တွင်၊ ရှုလော့၊ သိုးစုများနှင့်​အတူ ရေတိုက်ခြင်းငှာ ရောက်နှင့်သော လာမန်​အမျိုးသား​အချို့သည် ရပ်၍ အမ္မုန်နှင့် မင်းကြီး​ကျွန်တို့၏​သိုးစုများကို ကွဲပြား​ပြန့်ကျဲ​စေကြ၏။ ကွဲပြား​ပြန့်ကျဲ​စေသဖြင့်၊ သိုးစုတို့​သည်လည်း အရပ်များစွာသို့ ထွက်​ပြေးကြ၏။

၂၈ ယခုတွင်၊ မင်းကြီး၏​ကျွန်တို့​ညည်းညူ​အပြစ်​တင်​စပြုလေသည်ကား၊ ယခုတွင်၊ ဤလူတို့၏ ဆိုးညစ်ခြင်း​အားဖြင့် သိုးစုတို့​ကွဲပြား​ပြန့်ကျဲသောကြောင့်၊ ငါတို့​ညီအစ်ကိုများကို​ကဲ့သို့ပင် ငါတို့ကို မင်းကြီး​ကွပ်မျက်​လိမ့်မည်ဟု ဆိုကြ၏။ ရှုလော့၊ ငါတို့၏​သိုးစုများ ကွဲပြား​ပြန့်ကျဲကြလေ​ပြီဟုလည်း လွန်စွာ​ငိုကြွေး​စပြုကြ၏။

၂၉ ယခုတွင်၊ သူတို့သည် ကွပ်မျက်ခံရမည့်​အဖြစ်ကြောင့် ငိုကြွေးကြ၏။ ယခုတွင်၊ အမ္မုန်သည် ဤအမှုကို​မြင်ရသော​အခါ၊ သူ့စိတ်နှလုံးသည် အထဲ၌ ဝမ်းမြောက်ခြင်းနှင့် ပြည့်လေ၏။ အကြောင်းမူကား၊ သူဆိုလေသည်မှာ၊ ငါ၏​ဤအပေါင်း​အဖော်​ကျွန်တို့၏​စိတ်နှလုံးကို ရရှိနိုင်ခြင်းငှာ​လည်းကောင်း၊ ငါ့စကားများကို ယုံကြည်စေရန် သူတို့ကို ပို့ဆောင်နိုင်ခြင်းငှာ​လည်းကောင်း ဤသိုးစုတို့ကို မင်းကြီးထံသို့ ပြန်လည်​ရောက်ရှိ​စေခြင်း​အားဖြင့်၊ ငါ၏​ဤအပေါင်း​အဖော်​ကျွန်တို့အား၊ ငါ၏​တန်ခိုး သို့မဟုတ်၊ ငါ့အထဲ၌​ရှိသော​တန်ခိုးကို ငါပြမည်။

၃၀ ယခုမူကား၊ ဤအရာတို့မှာ သူ၏​ညီအစ်ကိုများဟု သူခေါ်သည့်​သူတို့၏​ဆင်းရဲ​ဒုက္ခများကို မြင်ရသော​အချိန်၌ ဖြစ်လာသော အမ္မုန်၏​အတွေးများ​ပင်တည်း။

၃၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် မိမိစကားများဖြင့် သူတို့ကို မြှောက်ပင့်၍ ပြောလေသည်ကား၊ ငါ၏ညီအစ်ကိုတို့၊ ရွှင်လန်းကြလော့၊ သိုးစုများကိုလည်း ငါတို့သွား၍ ရှာကြကုန်အံ့။ ငါတို့သည် ၎င်းတို့ကို အတူတကွ​စုဝေး၍၊ ရေရှိရာ​အရပ်သို့ ပြန်၍ ဆောင်ယူကြမည်။ ထိုကဲ့သို့အားဖြင့်၊ မင်းကြီးအဖို့၊ သိုးစုများကို ထိန်းသိမ်း​စောင့်ရှောက်လျှင် ငါတို့ကို သူကွပ်မျက်​လိမ့်မည်​မဟုတ်ဟု ဆို၏။

၃၂ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် သိုးစုများကို သွား၍​ရှာဖွေပြီး၊ အမ္မုန်၏​နောက်သို့​လိုက်၍၊ အလွန်​လျင်မြန်ခြင်းဖြင့် တစ်ဟုန်တည်း​ပြေး၍၊ မင်းကြီး၏​သိုးစုများ၏​ရှေ့မှ ဦးဆောင်ခဲ့ပြီး၊ ရေရှိရာ​အရပ်သို့ တစ်ဖန် အတူတကွ စုစည်းကြ​ပြန်၏။

၃၃ ထိုလူတို့သည်လည်း သူတို့၏​သိုးစုများကို ကွဲပြား​ပြန့်ကျဲ​စေခြင်းငှာ တစ်ဖန်​ရပ်ကြ​ပြန်၏။ သို့ရာတွင်၊ သိုးစုများ​ထွက်​မပြေးနိုင်စေရန် ဝိုင်းပတ်​ထားကြလော့။ ငါတို့၏​သိုးစုများကို ကွဲပြား​ပြန့်ကျဲစေ​သူတို့အား ငါသွား၍​တိုက်ခိုက်မည်ဟု အမ္မုန်က သူ၏​ညီအစ်ကိုတို့ကို ဆို၏။

၃၄ ထို့ကြောင့်၊ သူတို့သည် အမ္မုန်​မိန့်မှာသည့်​အတိုင်း ပြုကြ၏။ သူသည်လည်း သွား၍ သေဗုရေ​ရှိရာ​အနားတွင် ရပ်နေသော​သူများနှင့် တိုက်ခိုက်ခြင်းငှာ ရပ်၏။ ထိုသူတို့သည် အရေအတွက်​အားဖြင့် မနည်းလေကြ။

၃၅ ထို့ကြောင့်၊ သူတို့သည် အမ္မုန်ကို မကြောက်ကြ။ အကြောင်းမူကား၊ သူတို့​လူများမှ တစ်ဦးသော​သူက သူ့ကို ကွပ်မျက်နိုင်မည်ဟု သူတို့​ထင်မှတ်ကြ၏။ မောဇိယ၏​သားတို့ကို သူတို့လက်မှ ကယ်လွှတ်​တော်မူမည့်​အကြောင်း၊ ကိုယ်တော်ရှင်​ကတိ​ထားတော်မူ​သည်ကိုလည်း သူတို့​သိခြင်း​မရှိကြ။ ကိုယ်တော်ရှင်နှင့်​စပ်လျဉ်း၍လည်း အဘယ်အရာကိုမျှ သူတို့​မသိကြ။ ထို့ကြောင့်၊ သူတို့၏​ညီအစ်ကိုတို့ကို ဖျက်ဆီးခြင်း၌ မွေ့လျော်ကြ၏။ ဤအကြောင်းကြောင့်လည်း သူတို့သည် မင်းကြီး၏​သိုးစုများကို ကွဲပြား​ပြန့်ကျဲစေရန် ရပ်ကြ၏။

၃၆ သို့ရာတွင်၊ အမ္မုန်သည် ထွက်၍​ရပ်ပြီး၊ သူ၏​လောက်လွှဲကို​သုံး၍ သူတို့ကို ကျောက်ခဲများဖြင့် ပစ်​စပြု၏။ အမှန်စင်စစ်၊ ကြီးစွာသော​အင်အားဖြင့်၊ သူတို့ကို ကျောက်ခဲများဖြင့် ပစ်၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့​အထဲမှ အချို့ကို ကွပ်မျက်လျှင်၊ သူ့အင်အားကို သူတို့​အံ့ဩ​စပြု၏။ သို့သော်လည်း သူတို့​ညီအစ်ကိုများထဲမှ ကွပ်မျက်​ခံရသူများကြောင့်၊ သူတို့​အမျက်​ထွက်ပြီး၊ တိုက်ခိုက်ခြင်းကို သူခံရမည့်​အကြောင်း သန္နိဌာန်​ချကြ၏။ ထို့ကြောင့်၊ သူတို့၏​ကျောက်ခဲများဖြင့် သူ့ကို မထိခိုက်နိုင်ကြောင်း သိမြင်ကြလျှင်၊ သူ့ကို ကွပ်မျက်ခြင်းငှာ တင်းပုတ်များဖြင့် ထွက်လာကြ၏။

၃၇ သို့ရာတွင်၊ ရှုလော့၊ အမ္မုန်ကို ပြင်းစွာ​ရိုက်ခြင်းငှာ ကိုယ့်တင်း​ပုတ်ကို မြှောက်သော​လူတိုင်းအား လက်ကို သူ့ဓားဖြင့် ခုတ်ဖြတ်၏။ အကြောင်းမူကား၊ သူ့ဓား​သွားနှင့် သူတို့လက်ကို ခုတ်ဖြတ်ခြင်း​အားဖြင့် တိုက်ခိုက်ခြင်းကို ခုခံသဖြင့်၊ သူတို့​အံ့ဩ​စပြုလျက်၊ သူ့ရှေ့မှ ထွက်ပြေး​စပြုကြ၏။ အမှန်စင်စစ်၊ သူတို့သည်ကား အရေ​အတွက်​အားဖြင့်၊ မနည်းကြ။ သူသည်လည်း မိမိလက်ရုံး၏​ခွန်အားဖြင့် ထိုသူတို့ကို ထွက်​ပြေးစေ၏။

၃၈ ယခုတွင်၊ သူတို့​အထဲမှ ခြောက်ဦးသည် လောက်လွှဲ​ထိမှန်၍ ကျဆုံး၏။ သို့ရာတွင်၊ ဓားကိုင်ထားသော သူတို့၏​ခေါင်းဆောင်​မှတစ်ပါး၊ အဘယ်သူ့ကိုမျှ သူမကွပ်မျက်ပေ။ သူ့ကို ဆန့်ကျင်၍ မြှောက်သော လက်မှန်သမျှကို ခုတ်ဖြတ်ခဲ့ရာ၊ ထိုလက်များမှာ မနည်းလေကြ။

၃၉ သူတို့ကို ဝေးစွာ​နှင်ထုတ်ခဲ့​လေပြီးလျှင်၊ သူပြန်​လာ၏။ သူတို့၏​သိုးစုများကို ရေတိုက်၍၊ မင်းကြီးပိုင်သည့် စားကျက်သို့ ပြန်၍​မောင်းနှင်ခဲ့​ပြီးနောက်တွင်၊ အမ္မုန်၏​ဓားဖြင့် ခုတ်ဖြတ်​ခံရလေသည့်​လက်များတည်းဟူသော၊ သူ့ကို ကွပ်မျက်ရန် ကြိုးစားအားထုတ်ခဲ့​ကြသူတို့၏​လက်များကို သယ်ဆောင်လျက် မင်းကြီးထံသို့ သူတို့​ဝင်ခဲ့ကြ၏။ ထိုသူတို့​ပြုခဲ့လေသော အမှုများ၏ သက်သေခံ​အဖြစ် လက်များကို မင်းကြီးထံသို့ သယ်ဆောင်ခဲ့​ကြ၏။