ကျမ်းစာများ
အယ်လမာ ၂၉


အခန်းကြီး ၂၉

အယ်လမာသည် ကောင်းကင်​တမန်၏ စိတ်​အားကြီးခြင်းမျိုးနှင့် နောင်တရခြင်းကို ဟစ်ကြော်ရန် အလို​ရှိ၏—ကိုယ်တော်ရှင်သည် ခပ်သိမ်းသောနိုင်ငံ​မှန်တို့အတွက် ဆရာများကို ပေးတော်မူ၏—အယ်လမာသည် ကိုယ်တော်ရှင်၏ အမှုတော်၌​လည်းကောင်း၊ အမ္မုန်နှင့် သူ့​ညီအစ်ကိုတို့၏ အောင်မြင်မှု၌​လည်းကောင်း ဂုဏ်ယူ​ဝမ်းမြောက်၏။ ဘီစီ ၇၆ ခန့်။

အို ငါ့ကို ကောင်းကင်​တမန်​ဖြစ်စေ၍၊ ငါ့​စိတ်နှလုံး​အလို​ရှိသည်ကို ရပါစေသော။ ငါသည် ဘုရားသခင်၏ တံပိုးတော်နှင့်၊ မြေကြီးကို​လှုပ်စေသော​အသံနှင့် လူမျိုး​မှန်သမျှတို့အား နောင်တရခြင်းကို ဟစ်ကြော်လျက်၊ သွား၍ ပြောနိုင်​ပါစေသော်။

ထိုမှတစ်ပါး၊ ငါသည် စိတ်ဝိညာဉ်​မှန်သမျှအား နောင်တရခြင်းနှင့် ရွေးနှုတ်ခြင်း​အစီအစဉ်ကို မိုးချုန်းသံနှင့်​ကဲ့သို့ပင် ဟောကြား​လိုသည်မှာ၊ သူတို့​နောင်တရ၍၊ ငါတို့၏​ဘုရားသခင်ထံသို့ လာကြစေခြင်းငှာ၊ မြေကြီးမျက်နှာ​ပြင်တစ်ခုလုံးပေါ်၌ နောက်ထပ်​ဝမ်းနည်းခြင်း မရှိ​နိုင်တော့​စေခြင်းငှာ​ပေတည်း။

သို့ရာတွင်၊ ရှုလော့၊ ငါသည် လူသား​ဖြစ်၍၊ ငါ၏​အလို​အတိုင်း အပြစ်ကို ပြု၏။ အကြောင်းမူကား၊ ငါ့အဖို့ ကိုယ်တော်ရှင်​ခန့်ခွဲ​တော်မူလေသည့် အရာများနှင့် ကျေနပ်​သင့်၏။

ငါသည် တရားမျှ​တတော်မူသည့် ဘုရားသခင်၏ ခိုင်မာသော​စီရင်ချက်များကို ငါ၏​အလို​ဆန္ဒများ​ဖြင့် မမွှေနှောက်သင့်။ အကြောင်းမူကား၊ သေခြင်းသို့​ဖြစ်စေ၊ အသက်​ရှင်ရာသို့​ဖြစ်စေ လူသားတို့အား သူတို့​အလို​ဆန္ဒ​အတိုင်း ဘုရားသခင်​အခွင့်ပေး​တော်မူကြောင်း ငါသိ၏။ ထိုမှတစ်ပါး၊ ကယ်တင်ခြင်းသို့​ဖြစ်စေ၊ သို့မဟုတ် ဖျက်ဆီးခြင်းသို့​ဖြစ်စေ၊ သူတို့​ဆန္ဒများ​အတိုင်း၊ လူသားတို့ကို သူခန့်ခွဲ​တော်မူပြီး၊ အမှန်စင်စစ်၊ ပြောင်းလဲ၍​မရနိုင်သော စီရင်ချက်များ စီရင်​တော်မူကြောင်း ငါသိ၏။

ထိုမှတစ်ပါး၊ အကောင်းနှင့် အဆိုးသည် ခပ်သိမ်းသော လူသား​တို့​အတွက် ရှိလေသည်​ကိုလည်း ငါသိ၏။ အကောင်းနှင့် အဆိုးကို ခွဲခြား၍ သိခြင်း​မရှိသော​သူသည် အပြစ်​တင်ခွင့်နှင့် ကင်းလွတ်၏။ သို့ရာတွင်၊ အကောင်းနှင့် အဆိုးကို သိသော​သူအား၊ ထိုသူသည် အကောင်း သို့မဟုတ် အဆိုးကို အလို​ရှိသည်​ဖြစ်စေ၊ အသက်​ရှင်ခြင်း သို့မဟုတ် သေခြင်းကို အလို​ရှိသည်​ဖြစ်စေ၊ ဝမ်းမြောက်ခြင်း သို့မဟုတ် သံဝေဂရသည့်​အသိ​စိတ်ကို အလို​ရှိသည်​ဖြစ်စေ ထိုသူအား သူ၏​အလို​ဆန္ဒ​အတိုင်း ပေးထား​တော်မူ၏။

ယခုတွင်၊ ဤအမှုများကို ငါသိသဖြင့်၊ ငါသည် ထမ်းဆောင်ရန် ခေါ်သွင်း​ခံထားရ​လေသည့် အမှုထက် အဘယ့်ကြောင့်​သာ၍ အလို​ရှိအပ်​သနည်း။

ငါသည် မြေကြီး​စွန်းသား ခပ်သိမ်းတို့အား ဟော​ပြောနိုင်ခြင်းငှာ၊ အဘယ့်ကြောင့်၊ ကောင်းကင်​တမန်တစ်ပါး ဖြစ်လို​ရမည်နည်း။

အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသော နိုင်ငံ​တို့အား၊ သူ၏​နှုတ်ကပတ်တော်ကို ဉာဏ်​ပညာဖြင့် သွန်သင်ခြင်းငှာ၊ ထိုမှတစ်ပါး၊ သူတို့၌ ရှိရန်သင့်လျော်မည်ဟု ဆင်ခြင်​တော်မူ​သမျှအား၊ သူတို့​နိုင်ငံသား​အချို့နှင့် ဘာသာစကားကို အခွင့်​ပေးတော်မူ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် ဖြောင့်မတ်​မှန်ကန်သည့်​အရာ​အတိုင်း ဉာဏ်​ပညာဖြင့် အကြံ​ပေး​တော်မူ​သည်ကို ငါတို့​သိမြင်ကြ၏။

ငါ့ကို ကိုယ်တော်ရှင်​မိန့်တော်မူ​လေသည့်​အရာကို ငါသိ၏။ ငါသည် ထိုအရာ၌ ဝါကြွား၏။ ငါ​ကိုယ်တိုင်နှင့်​စပ်လျဉ်း၍ ငါ​မဝါကြွား၊ သို့ရာတွင် ငါ့ကို ကိုယ်တော်ရှင်​မိန့်တော်မူ​လေသည့်​အရာ၌ ငါ​ဝါကြွား၏။ ထိုမှတစ်ပါး၊ ဤ​အမှုသည်ကား၊ တစ်စုံ​တစ်ခုသော​စိတ်ဝိညာဉ်ကို နောင်တရခြင်းသို့​ဆောင်ယူခြင်းငှာ၊ ငါသည် ဘုရားသခင်၏ လက်တော်၌ တန်ဆာ​တစ်ခု​ဖြစ်ကောင်း​ဖြစ်နိုင်​စေကြောင်း၊ ငါ၏​ဂုဏ်ယူ​ဝမ်းမြောက်ခြင်း​ပေတည်း။ ဤအမှုသည် ငါ၏ ဝမ်းမြောက်ခြင်းလည်း ဖြစ်၏။

၁၀ ရှုဦးလော့၊ ငါ၏​များစွာသော​ညီအစ်ကိုတို့ အမှန်ပင်​နောင်တရ၍၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ထံသို့ လာသည်ကို ငါမြင်​ရပြီးနောက်၌၊ ငါ၏​ဝိညာဉ်သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ၏။ ထို့နောက်တွင်ကား၊ ငါ့အတွက် ကိုယ်တော်ရှင် ပြုထား​တော်မူလေသည့်​အရာ၊ အမှန်စင်စစ်၊ ငါ၏​ဆုတောင်းခြင်းကို သူကြား​တော်မူလေ​သည်ကိုပင် ငါ​အောက်မေ့၏။ ထိုမှတစ်ပါး၊ ယင်း​နောက်တွင်ကား၊ ငါ့ဆီသို့ ဆန့်တော်မူသည့် သူ၏ ကရုဏာကြီးသော လက်ရုံးတော်ကို ငါ​အောက်မေ့၏။

၁၁ ထိုမှတစ်ပါး၊ ငါတို့​ဘိုးဘေးတို့​ဖမ်းဆီး​ချုပ်နှောင်​ခံရခြင်းကိုလည်း ငါ​အောက်မေ့၏။ အကြောင်းမူကား၊ သူတို့ကို ကျွန်ခံရာမှ ကိုယ်တော်ရှင်​ကယ်လွှတ်​တော်မူခဲ့သည်ကို ငါ​ဧကန်​အမှန်​သိ၏၊ ဤသို့​အားဖြင့် သူ၏​အသင်းတော်ကို တည်ထောင်၏။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်​ဘုရားသခင်၊ အာဗြဟံ၏​ဘုရားသခင်၊ ဣဇာက်၏​ဘုရားသခင်၊ ယာကုပ်၏​ဘုရားသခင်သည် သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်​တော်မူ၏။

၁၂ ထိုမှတစ်ပါး၊ ငါတို့​ဘိုးဘေးတို့​ဖမ်းဆီး​ချုပ်နှောင်ခံရခြင်းကို ငါ​အစဉ်အမြဲ အောက်မေ့လေပြီ။ သူတို့ကို အဲဂုတ္တု​လူတို့လက်မှ ကယ်လွှတ်​တော်မူခဲ့သည့် ထိုမပြောင်းမလဲသော ဘုရားသခင်သည် သူတို့ကို ကျွန်ခံရာမှလည်း ကယ်လွှတ်​တော်မူ၏။

၁၃ ထိုမှတစ်ပါး၊ ထိုမပြောင်းမလဲသောဘုရားသခင်သည် မိမိ​အသင်းတော်ကို သူတို့၌ တည်ထောင်​တော်မူ၏။ ထိုမှတစ်ပါး၊ ဤလူမျိုးတို့ထံသို့ နှုတ်ကပတ်တော်ကို ဟောပြော​စေခြင်းငှာ၊ ထိုမပြောင်းမလဲသောဘုရားသခင်သည် ငါ့ကို သန့်ရှင်းသော​အမှုတော်ဆောင်တာဝန်ဖြင့် ခေါ်သွင်း​တော်မူ၍၊ ငါ့အား များစွာသော အောင်မြင်မှုကို ပေး​တော်မူလေပြီ။ ထိုအမှု၌ ငါ၏​ဝမ်းမြောက်ခြင်းသည် ပြည့်စုံ၏။

၁၄ သို့ရာတွင်၊ ငါကိုယ်တိုင်၏​အောင်မြင်မှု​တစ်ခုတည်း၌ ဝမ်းမြောက်သည်​မဟုတ်ဘဲ၊ နီဖိုင်းပြည်သို့ ရောက်သော​ငါ့ညီအစ်ကိုများ၏​အောင်မြင်မှုကြောင့် ငါ၏​ဝမ်းမြောက်ခြင်းသည် ပို၍ ပြည့်စုံ၏။

၁၅ ရှုလော့၊ သူတို့သည် လွန်စွာ​အလုပ်​လုပ်သဖြင့်၊ များစွာသော​အသီးကို သီးကြလေပြီ။ သူတို့၏ အကျိုး​ကျေးဇူးမှာ ကြီးမားလှ​ပေစွတကား။

၁၆ ယခုတွင်၊ ငါ့ဤ​ညီအစ်ကိုတို့၏ အောင်မြင်မှု​အကြောင်းကို ငါ​တွေးမိသော​အခါ၊ ငါ၏​ဝိညာဉ်သည် ကိုယ်ခန္ဓာမှ ကွဲကွာခြင်းသို့​တိုင်အောင်ပင် အသွင်​ပြောင်း၍​သွား၏။ ထိုကဲ့သို့ပင် ငါ၏​ဝမ်းမြောက်ခြင်း​သည်လည်း ကြီးမားလှ၏။

၁၇ ယခုမူကား၊ ဘုရားသခင်သည် ငါ၏​ဤညီအစ်ကိုတို့ကို၊ ဘုရားသခင်၏​နိုင်ငံတော်၌ ထိုင်နိုင်​ကြစေမည့်​အကြောင်း၊ ထိုမှတစ်ပါး၊ သူတို့အလုပ်၏ အသီး​အပွင့် ဖြစ်လေသော​သူ ခပ်သိမ်းတို့ အပြင်သို့ ထွက်​မသွားကြတော့စေကြောင်း၊ သူ့ကို ကာလ​အစဉ်​အဆက် ချီးမွမ်းနိုင်​ကြစေမည့်​အကြောင်းသာ အခွင့်​ပေးတော်မူ​ပါစေ။ ဘုရားသခင်သည် ငါပြော​ထားလေသော စကားများ​အတိုင်းပင် ထိုအမှု​ပြီးမြောက်​စေမည့်​အကြောင်းကိုလည်း အခွင့်​ပေးတော်မူ​ပါစေ။ အာမင်။