ကျမ်းစာများ
အယ်လမာ ၅၆


အခန်းကြီး ၅၆

ဟေလမန်သည် လာမန်​အမျိုးသားတို့နှင့်​စစ်တိုက်ခြင်း၏​အခြေအနေကို ပြန်လည်​ပြောပြလျက်၊ မော်ရော်နိုင်းထံသို့ အမှာစာ​တစ်စောင်ကို ပို့၏—အန္တိပုနှင့် ဟေလမန်တို့သည် လာမန်​အမျိုးသားတို့​အပေါ်၌ ကြီးစွာသော​အောင်နိုင်ခြင်းကို ရရှိကြ၏—ဟေလမန်၏ သားလုလင်​ပျိုနှစ်​ထောင်တို့သည် အလွန်​တရာ​အံ့ဩဖွယ်​ကောင်းသော အင်အားဖြင့်​တိုက်ခိုက်လျက်၊ သူတို့​အထဲမှ တစ်ဦးမျှ ကွပ်မျက်​မခံရ။ အခန်းငယ် ၁၊ ဘီစီ ၆၂ ခန့်။ အခန်းငယ် ၂–၁၉၊ ဘီစီ ၆၆ ခန့်နှင့်၊ အခန်းငယ် ၂၀–၅၇၊ ဘီစီ ၆၅–၆၄ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်​နှစ်မြောက်​အစ၊ ပထမ​ဦးဆုံးလ ဒုတိယ​နေ့တွင်၊ မော်ရော်နိုင်းသည် ဟေလမန်ထံမှ ပြည်၏​ထိုအရပ်ရှိ လူတို့၏​အမှု​အမျိုးမျိုးကို ဖော်ပြလျက်​ရှိသည့် အမှာစာ​တစ်စောင်ကို လက်ခံရ​ရှိ၏။

ဤအရာတို့သည်ကား၊ သူရေးသည့် စကားများဖြစ်၏၊ ဆိုလေ​သည်ကား၊ ငါတို့၏​စစ်မှုထမ်းခြင်း အတိ​ဒုက္ခများမှာကဲ့သို့ ကိုယ်တော်ရှင်၌လည်း ငါ၏​အလွန်​ချစ်လှစွာသော ညီအစ်ကို​ဖြစ်သူ​မော်ရော်နိုင်း၊ ရှုလော့၊ ငါ၏​အလွန်​ချစ်လှစွာသော​ညီအစ်ကို၊ ပြည်၏​ထိုအရပ်ရှိ ငါတို့၏​စစ်မှု​အကြောင်း သင့်ကို ပြောပြစရာ ငါ့မှာ​အတော်​အသင့်​ရှိ၏။

ရှုလော့၊ နီဖိုင်း​ပြည်မှ အမ္မုန်​ဆောင်ယူခဲ့သည့် လူတို့၏​သား နှစ်ထောင်တို့​သည်ကား—ယခုတွင်၊ ထိုသူတို့သည် ငါတို့​အဘ​လေဟိ၏ အကြီးဆုံး​သားဖြစ်သူ လာမန်၏ အမျိုး​အနွယ်တို့​ဖြစ်လေကြောင်းကို သင်​သိ၍၊

ယခုတွင်၊ သူတို့၏​နည်း​ဥပဒေသများ သို့မဟုတ်၊ သူတို့၏​မယုံကြည်မှုများ​အကြောင်းကို သင့်ကို ငါ​ပြောပြ​စရာ​မလို။ အကြောင်းမူကား၊ ဤအရာခပ်သိမ်းတို့​အကြောင်းကို သင်​သိပေ၏—

ထို့ကြောင့်၊ ဤလူပျို​နှစ်ထောင်တို့သည် သူတို့၏​စစ်တိုက်ရာ​လက်နက်များကို ယူ၍၊ ငါ့ကို သူတို့၏​အကြီး​အကဲ​ဖြစ်စေလိုကြောင်း၊ သင့်ကို ပြောပြရန် ငါ့​အတွက် လုံလောက်၏။ ငါတို့သည်လည်း ငါတို့​တိုင်းပြည်ကို ကာကွယ်ရန် ထွက်​လာကြ၏။

ယခုမူကား၊ သူတို့၏​အဘတို့က သူတို့​ညီအစ်ကိုများကို ဆန့်ကျင်၍ အသွေး​သွန်းလောင်းရန် သူတို့၏​စစ်တိုက်ရာ​လက်နက်များကို စွဲကိုင်လိမ့်မည်​မဟုတ်ဟူသော သူတို့​ပြုခဲ့သည့် ပဋိညာဉ်​အကြောင်းကိုလည်း သင်​သိပေ၏။

သို့ရာတွင်၊ နှစ်ဆယ်ခြောက်​နှစ်မြောက်၌၊ သူတို့​အတွက် ငါတို့၏​ဒုက္ခ​ဆင်းရဲခြင်းများနှင့် အတိ​ဒုက္ခများကို သူတို့​မြင်ကြလေလျှင်၊ သူတို့​ပြုခဲ့လေသည့် ပဋိညာဉ်ကို ချိုးဖောက်တော့မည်​ပြုလျက်၊ ငါတို့ကို ကာကွယ်ခြင်းငှာ သူတို့၏​လက်နက်များကို စွဲကိုင်ကြ၏။

သို့ရာတွင်၊ သူတို့​ပြုလေသည့် ကျိန်ဆိုခြင်းကို ပြီးပြည့်​စေခြင်းကြောင့်၊ ငါတို့​ထပ်၍ ဒုက္ခ​ဝေဒနာ မခံစား​ရစေသည်​အထိ၊ ဘုရားသခင်သည် ငါတို့ကို ခွန်အား​ဖြည့်ပေး​တော်မူ​လိမ့်မည့်​အကြောင်းကို ငါ​စဉ်းစားလျက်၊ သူတို့​ပြုခဲ့သည့် ဤပဋိညာဉ်ကို ချိုးဖောက်စေရန် သူတို့ကို ငါ​အခွင့်​မပေးလို။

သို့ရာတွင်၊ ရှုလော့၊ ဤတွင်၊ ငါတို့ ကြီးစွာသော​ဝမ်းမြောက်ခြင်း​ရှိနိုင်သော​အမှု​တစ်ခု ရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ နှစ်ဆယ်ခြောက်​နှစ်မြောက်တွင်၊ ပြည်၏​ထိုအရပ်​ရှိ​လူတို့၌ အကြီး​အကဲ​အဖြစ် သင်​ခန့်အပ်​ထားသည့် အန္တိပုကို ကူညီခြင်းငှာ ငါ​ဟေလမန်သည် ဤလူပျို​နှစ်ထောင်တို့၏​တပ်ဦးမှ နေ၍​ယုဒ​မြို့သို့ ချီတက်၏။

၁၀ ငါ၏​သား​နှစ်ထောင်တို့ကို (သူတို့သည် သားများဟု ခေါ်ထိုက်သဖြင့်) အန္တိပု၏​တပ်သို့ ငါ​ပူးပေါင်းစေ၍၊ ထိုအင်အား၌ အန္တိပု​လွန်စွာ​ရွှင်လန်း​ဝမ်းမြောက်၏။ အကြောင်းမူကား၊ လာမန်​အမျိုးသားတို့၏ အင်အားစုများက အရေ​အတွက်​အလွန်​များစွာသော ငါတို့၏​လူများကို ကွပ်မျက်သဖြင့်၊ သူ၏​တပ်သည် သူတို့​အားဖြင့် လျော့နည်း​စေခဲ့လေပြီ။ ထိုအကြောင်းရင်းအတွက်၊ ငါတို့​ငိုကြွေး​မြည်တမ်း​ရကြပြီ။

၁၁ သို့သော်လည်း၊ သူတို့​တိုင်းပြည်နှင့် သူတို့​ဘုရားသခင်၏​အမှု၌ သူတို့​သေ၍၊ ဤအချက်၌ ငါတို့​ကိုယ်​ငါတို့ သက်​သာ​စေနိုင်လျက်၊ ထိုမှတစ်ပါး၊ သူတို့လည်း ပျော်ရွှင်ကြ၏။

၁၂ လာမန်​အမျိုးသားတို့​သည်လည်း များစွာသော စစ်​အကျဉ်း​သားတို့ကို ထိန်းသိမ်း​ထား၏၊ ထိုသူတို့​အားလုံးသည် ဗိုလ်ချုပ်​မင်းများ​ဖြစ်၏။ အကြောင်း​မူကား၊ အခြား​အဘယ်​သူ့ကိုမျှ သူတို့​အသက်​ချမ်းသာ​မပေးခဲ့။ ယခု၊ ဤအချိန်တွင် နီဖိုင်း​ပြည်၌ သူတို့ ရှိသည်ဟု ငါတို့​ထင်မှတ်၏။ သူတို့သည် ကွပ်မျက်​မခံရလျှင်၊ ထိုပြည်၌ ရှိပေမည်။

၁၃ ယခုမူကား၊ ငါတို့၏ အလွန်​များစွာသော သူရဲ​တို့၏​အသွေးကို သွန်းလောင်းခြင်း​အားဖြင့်၊ လာမန်​အမျိုးသားတို့ သိမ်းယူခဲ့သည့် မြို့များသည်ကား၊

၁၄ မန်တိပြည်၊ သို့မဟုတ် မန်တိမြို့၊ ဇေဇရုမ်မြို့၊ ကူမေနိ​မြို့နှင့် အန္တိဖာရ​မြို့များ ဖြစ်၏။

၁၅ ထို့အတူ၊ ဤအရာတို့​သည်ကား၊ ယုဒ​မြို့သို့ ငါ​ရောက်သော​အခါ၌ သူတို့​ပိုင်ဆိုင်သည့် မြို့များပင်တည်း။ ငါသည် အန္တိပုနှင့် သူ၏​လူတို့ မြို့ကို အင်အား​ခိုင်မာ​စေခြင်းငှာ၊ သူတို့၏​အစွမ်း​သတ္တိ​ရှိသမျှနှင့် အလုပ်​ကြိုးစား၍​လုပ်နေသည်​ကိုလည်း တွေ့​ရ၏။

၁၆ ထိုမှတစ်ပါး၊ သူတို့သည် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်၌လည်း မောပန်း​နွမ်းနယ်လေ၏။ အကြောင်း​မူကား၊ သူတို့သည် နေ့​အချိန်၌ ရဲရင့်စွာ​တိုက်ခိုက်၍၊ ညဉ့်​အချိန်၌ သူတို့၏​မြို့များကို ထိန်း​သိမ်းခြင်းငှာ၊ အလုပ်​လုပ်ကြလေပြီ။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ကြီးစွာသော ဆင်းရဲ​ဒုက္ခ​အမျိုးမျိုးကို ခံစား​ရလေ၏။

၁၇ ယခုမူကား၊ သူတို့သည် ဤအရပ်၌ အနိုင်ရ​လျှင်ရ၊ သို့မဟုတ် သေရန် သန္နိဌာန်​ချကြလေပြီ။ ထို့ကြောင့်၊ ငါနှင့်​အတူ ခေါ်ဆောင်ခဲ့သည့် ဤအနည်း​ငယ်သော တပ်ဖွဲ့၊ အထူးသဖြင့်၊ ငါ၏​သားတို့က သူတို့အား ကြီးစွာသော​မျှော်လင့်ခြင်းနှင့် များစွာသော​ဝမ်းမြောက်ခြင်းတို့ ပေးခဲ့ကြောင်းကို သင်ကောင်းစွာ​မှတ်ယူ​နိုင်ပေ၏။

၁၈ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ လာမန်အမျိုးသားတို့သည် အန္တိပု၌ သူ၏​တပ်သို့ ပို၍​ကြီးစွာသော​အင်အား ရရှိကြောင်းကို မြင်ကြလျှင်၊ ယုဒမြို့ကို သို့မဟုတ် ငါတို့ကို လာ၍ မတိုက်ခိုက်​စေခြင်းငှာ၊ အမ်မော်ရုန်၏​အမိန့်များ​အားဖြင့်၊ အနိုင်​အထက်​စီရင်​ခံရကြ၏။

၁၉ ထိုကဲ့သို့​အားဖြင့်၊ ငါတို့သည် ကိုယ်တော်ရှင်၏​နှစ်သက်​တော်မူခြင်းကို ခံရ၏။ အကြောင်း​မူကား၊ ဤကဲ့သို့ ငါတို့၏​အားနည်း​ချိန်၌၊ သူတို့လာ၍ တိုက်ခိုက်လျှင်၊ ငါတို့၏ သေးငယ်သော​တပ်ကို သူတို့​ဖျက်ဆီး​နိုင်ခဲ့​ပေမည်။ သို့ရာတွင်၊ ထိုကဲ့သို့​အားဖြင့် ကာကွယ်​စောင့်​မတော်မူခြင်းကို ငါတို့​ခံရ၏။

၂၀ သူတို့သည် သိမ်းယူခဲ့သည့် ထိုမြို့များကို ထိန်းသိမ်းရန်၊ အမ်မော်ရုန်​အားဖြင့် အမိန့်​ပေး​ခံရ၏။ ထိုကဲ့သို့​အားဖြင့်၊ နှစ်ဆယ်​ခြောက်​နှစ်မြောက်​ပြီးဆုံး၏။ နှစ်ဆယ်ခုနစ်​နှစ်မြောက်၏​အစ​တွင်​လည်း ငါတို့သည် ကာကွယ်ခြင်း​အတွက်၊ ငါတို့​မြို့နှင့် ငါတို့ကိုယ်ကို ပြင်​ဆင်ကြ၏။

၂၁ ယခုတွင်၊ ငါတို့သည် လာမန်​အမျိုးသားတို့ကို ငါတို့ကို လာ၍ တိုက်ခိုက်​စေရန် အလို​ရှိ၏။ အကြောင်းမူကား၊ ငါတို့သည် သူတို့၏​အခိုင်​အမာ​စခန်းများထဲ၌၊ သူတို့အား တိုက်ခိုက်ခြင်းကို ပြုရန် အလိုမရှိကြ။

၂၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် မြောက်​ဘက်​လားရာ​အရပ်၌​ရှိသော ငါတို့၏​အခြား​မြို့များကို လာမန်​အမျိုးသားတို့ တိုက်ခိုက်ခြင်းပြုရန် ညဉ့်​အချိန် သို့မဟုတ်၊ နေ့​အချိန်၌ ငါ​တို့​ထံသို့ မလာနိုင်ကြ​စေခြင်းငှာ၊ သူတို့၏​လှုပ်ရှားမှု​များကို စောင့်ကြည့်စေရန် ပတ်ဝန်းကျင်​ဒေသ​တစ်ဝိုက်တွင် သူလျှိုများကို ချထား၏။

၂၃ အကြောင်းမူကား၊ ထိုမြို့များ၌၊ သူတို့နှင့် တိုက်ရန် လုံလုံ​လောက်လောက်​အင်အား​မရှိ​ကြောင်းကို ငါသိ၏။ ထို့ကြောင့်၊ ငါတို့သည် သူတို့က ငါတို့ကို ဖြတ်ကျော်သွားလျှင်၊ သူတို့၏​နောက်ဘက်​ပိုင်းကို တိုက်ခိုက်၍၊ ထိုကဲ့သို့​အားဖြင့်၊ ရှေ့​ဘက်ပိုင်း၌ သူတို့​တိုက်သည့် တစ်ချိန်တည်းတွင်၊ နောက်ဘက်​ပိုင်း၌ သူတို့ကို ရင်ဆိုင်ရန် အလို​ရှိ၏။ ငါတို့သည် သူတို့ကို အနိုင်​ရနိုင်မည်ဟု ထင်မှတ်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ ငါတို့သည် ငါတို့၏​ဤအလို​ဆန္ဒ၌ စိတ်ပျက်ကြ၏။

၂၄ သူတို့သည် သူတို့၏​တပ်​တစ်ခုလုံးနှင့် ငါတို့ကို ဖြတ်ကျော်မသွားဝံ့ကြ၊ လုံလုံ​လောက်လောက် အင်အား​မရှိမည်ကို​လည်းကောင်း၊ ကျရှုံးမည်ကို​လည်းကောင်း စိုးရိမ်၍ တစ်စိတ်​တစ်ပိုင်းနှင့်လည်း မလာဝံ့ကြ။

၂၅ ဇရဟင်မလ​မြို့သို့လည်း ချီတက်၍​ဆင်း​မလာဝံ့ကြ။ ဇိဒုန်​မြစ်ဖျားကို​ဖြတ်၍လည်း နီဖိုင်းဟ​မြို့သို့ မလာဝံ့ကြ။

၂၆ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် သူတို့​သိမ်းယူခဲ့သည့် ထိုမြို့များကို သူတို့​၏ အင်အားစုများဖြင့် ထိန်းသိမ်းရန် သန္နိဌာန်​ချကြ၏။

၂၇ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ဤနှစ်၏​ဒုတိယ​လတွင်၊ ငါ၏​သားနှစ်ထောင်တို့၏​အဘတို့​ထံမှ ငါတို့​ထံသို့ ဆောင်ယူခဲ့သည့် များစွာသော​ရိက္ခာများ ရှိလေ၏။

၂၈ ဇရဟင်မလ​ပြည်မှ ငါတို့ထံသို့ ပို့လိုက်သော တပ်သား​နှစ်ထောင်လည်း ရှိ၏။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့သည် တပ်​သားတစ်သောင်းနှင့်၊ သူတို့​အတွက်၊ ထို့အတူ သူတို့၏​ဇနီးများနှင့် သားသမီးများ​အတွက် ရိက္ခာများဖြင့်၊ ပြင်ဆင်​ထား၏။

၂၉ လာမန်​အမျိုးသားတို့​သည်လည်း ငါတို့၏ အင်အားစုများ ထိုကဲ့သို့ နေ့စဉ်​တိုးပွား၍၊ ငါတို့၏​အထောက်​အမ​အတွက် ရိက္ခာများ ရောက်​လာသည်ကို မြင်ကြလျှင်၊ ကြောက်လန့်​စပြု၍၊ ဖြစ်နိုင်လျှင်၊ ငါတို့၏ ရိက္ခာများနှင့် အင်အားများ ရရှိခြင်းကို အဆုံး​သတ်စေရန် ရုတ်တရက်​ထိုးဖောက်​တိုက်ခိုက်​စပြုကြ၏။

၃၀ ယခုတွင်၊ ငါတို့သည် လာမန်​အမျိုးသားတို့ ဤသို့အားဖြင့် စိတ်မချနိုင်​ဖြစ်​စပြုသည်ကို သိမြင်​ကြလျှင်၊ သူတို့​အပေါ်​သက်ရောက်မည့် ဥပါယ်တံမျဉ်ကို ပြုလိုကြ၏။ ထို့ကြောင့်၊ ငါတို့၏​ရိက္ခာများကို အနီး​အနား၌​ရှိသောမြို့သို့ ငါတို့​သယ်ယူလျက်​ရှိလေသကဲ့သို့၊ အနီး​အနား၌​ရှိသောမြို့သို့ ငါ၏​သားငယ်တို့နှင့်​အတူ ငါ​ချီတက်ရမည့်​အကြောင်း အန္တိပုက အမိန့်​ပေး၏။

၃၁ ငါတို့​သည်လည်း၊ ပင်လယ်​ကမ်းနား​အနီး၊ နယ်နိမိတ်တို့၌ အန္တိဖာရမြို့​အနီးသို့၊ မြို့ကို​ကျော်လွန်၍ သွားလေသကဲ့သို့ ချီတက်ကြ၏။

၃၂ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် ငါတို့၏​ရိက္ခာများနှင့် ထိုမြို့သို့ သွားလေသကဲ့သို့ ချီတက်ကြ၏။

၃၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အန္တိပုသည် ကျန်ကြွင်းသော​သူတို့အား မြို့ကို ထိန်းသိမ်းစေရန် ချန်ထားလျက်၊ သူ့တပ်၏​တစ်စိတ်​တစ်ပိုင်းဖြင့် ချီတက်၏။ သို့ရာတွင်၊ သူသည် ငါ၏​တပ်ငယ်နှင့် ငါ​ထွက်သွား၍၊ အန္တိဖာရ​မြို့အနီးသို့ ရောက်​မလာမီ၊ ချီတက်​မသွားပေ။

၃၄ ယခုမူကား၊ အန္တိဖာရ​မြို့၌၊ လာမန်​အမျိုးသားတို့၏ အား​အကြီးဆုံး​တပ်ကို ချထား၏။ အထူးသဖြင့်၊ အမြောက်​မြားဆုံး​ဖြစ်၏။

၃၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် သူတို့၏​သူလျှိုများ​အားဖြင့် သတင်း​ရရှိကြလျှင်၊ သူတို့၏​တပ်နှင့် ထွက်လာ၍ ငါတို့​ဆီသို့ ချီတက်ကြ၏။

၃၆ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် သူတို့​ရှေ့မှ​နေ၍ မြောက်ဘက်​လားရာသို့ ထွက်ပြေးကြ၏။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့သည် လာမန်​အမျိုးသားတို့၏ အား​အကြီးဆုံး​တပ်ကို ခေါ်ဆောင်​သွားကြ၏။

၃၇ အမှန်စင်စစ်၊ အတော်​အတန်​အကွာ​အဝေးသို့​ရောက်၍၊ သူတို့သည် အန္တိပု၏​တပ်က အစွမ်း​သတ္တိ​ရှိသမျှနှင့် သူတို့ကို လိုက်လာလျက်​ရှိသည်ကို မြင်ကြလျှင်၊ လက်ယာဘက်၊ လက်ဝဲ​ဘက်သို့ မလွှဲ၊ ငါတို့၏​နောက်က တည့်တည့်​ချီတက်၍သာ​လိုက်၏။ ထို့အတူ၊ ငါတို့​ထင်မှတ်သည့်​အတိုင်းပင်၊ သူတို့၏​ရည်ရွယ်ချက်မှာ၊ သူတို့ကို အန္တိပု မမီခင် ငါတို့ကို ကွပ်မျက်ခြင်းငှာ ဖြစ်၏၊ ဤသို့​အားဖြင့်၊ ငါတို့၏​လူတို့​အားဖြင့် ဝိုင်း​ထားခြင်းကို သူတို့​မခံရနိုင်​စေကြောင်း​ပင်တည်း။

၃၈ ယခုမူကား၊ အန္တိပုသည် ငါတို့၏​ဘေးအန္တရာယ်ကို မြင်၍၊ သူ့တပ်၏​ချီတက်ခြင်းကို လျင်မြန်​စေ၏။ သို့ရာတွင်၊ ရှုလော့၊ ညဉ့်​အချိန်​ဖြစ်လေ၏။ ထို့ကြောင့်၊ ငါတို့ကို သူတို့​မမီကြ။ အန္တိပု​သည်လည်း သူတို့ကို မမီ။ ထို့ကြောင့်၊ ငါတို့သည် ညဉ့်အချိန်၌ တပ်​စခန်း​ချကြ၏။

၃၉ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ နံနက်​အာရုဏ်​မတက်မီတွင်၊ ရှုလော့၊ လာမန်​အမျိုးသားတို့သည် ငါတို့ကို လိုက်နေကြ၏။ ယခုတွင်၊ ငါတို့မှာ သူတို့နှင့် တိုက်ခိုက်ရန် လုံလုံ​လောက်လောက် အင်အား​မရှိကြ။ ထိုမှတစ်ပါး၊ ငါသည် ငါ၏​သားငယ်တို့ကို သူတို့​လက်ထဲသို့ ကျရောက်စေရန် အခွင့်​မပေးလို။ ထို့ကြောင့်၊ ငါတို့သည် ချီတက်ခြင်းကို ဆက်၍​ပြုလျက်၊ တောရိုင်းထဲသို့ ချီတက်ကြ၏။

၄၀ ယခုတွင်၊ သူတို့သည် ဝိုင်းထား​ခံရမည်ကို စိုးရိမ်သဖြင့်၊ လက်ယာဘက်၊ လက်ဝဲ​ဘက်သို့ မလွှဲဝံ့ကြ။ ငါသည်လည်း သူတို့ ငါ့ကို မီလာလျှင်၊ ငါတို့သည် သူတို့ကို မခုခံနိုင်၊ ကွပ်မျက်​ခံခြင်းသာခံရပြီး၊ သူတို့​လွတ်မြောက်​သွားမည့်အရေးကိုလည်း စိုးရိမ်သဖြင့် လက်ယာဘက်၊ လက်ဝဲ​ဘက်သို့ မလွှဲလိုပေ။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့သည် မှောင်လာသည်​အထိပင် တောရိုင်းထဲသို့ တစ်နေ့လုံး ထွက်​ပြေးကြ၏။

၄၁ ဤသို့​အားဖြင့်​တစ်ဖန်​အချိန်​တန်​လာသော​အခါ၊ နံနက်​အလင်း​ရောင် ရောက်​လာသောအခါ၊ ငါတို့သည် လာမန်​အမျိုးသားတို့ ငါတို့​အနီးသို့ ချဉ်းကပ်​လာသည်ကို မြင်လျှင်၊ သူတို့ရှေ့မှ တစ်ဖန်​ထွက်​ပြေးကြ၏။

၄၂ သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ သူတို့သည် ငါတို့ကို ထပ်၍ မလိုက်တော့ဘဲ ရပ်တန့်ကြ၏။ ထိုအချိန်​သည်ကား၊ ခုနစ်လ​မြောက်၊ သုံးရက်မြောက်သောနေ့၏ နံနက်​ဖြစ်၏။

၄၃ ယခုမူကား၊ သူတို့ကို အန္တိပု မီမမီ ငါတို့​သိခြင်းမရှိ။ သို့ရာတွင်၊ ငါ၏​လူတို့ကို ငါ​ဆိုလေ​သည်မှာ၊ ရှုလော့၊ ငါတို့သိခြင်း မရှိ​သော်လည်း၊ သူတို့သည် ငါတို့​လာ၍​တိုက်ခိုက်​စေခြင်းငှာဟူသော အကြံ​အစည်​အတွက်၊ ငါတို့ကို သူတို့၏​ထောင်ချောက်ထဲ၌ ဖမ်းနိုင်ခြင်းငှာ၊ ရပ်တန့်ကြလေပြီ။

၄၄ ထို့ကြောင့်၊ ငါ့​သားတို့၊ သင်တို့ အဘယ်သို့​ထင်သနည်း၊ သူတို့ကို​ဆန့်ကျင်၍ စစ်တိုက်ကြမည်လော။

၄၅ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကို မော်ရော်နိုင်း၊ သင့်ကို ငါ​ဆို​သည်ကား၊ ထိုကဲ့သို့​ကြီးစွာသော ရဲရင့်ခြင်းကို ငါ​မမြင်ခဲ့​စဖူး။ မဟုတ်ပေ။ ခပ်သိမ်းသောနီဖိုင်း​အမျိုးသားတို့၌ပင် မရှိ။

၄၆ အကြောင်းမူကား၊ ငါသည် သူတို့ကို ငါ့သားများဟု (သူတို့​အားလုံးသည် အလွန်​ငယ်ရွယ်​နုပျို​ကြသဖြင့်) အစဉ်​ခေါ်ခဲ့သည့်​အတိုင်း၊ ထိုကဲ့သို့ပင် သူတို့က ငါ့ကို ဆိုလေသည်ကား၊ အဘ၊ ရှုလော့၊ အကျွန်ုပ်တို့၏​ဘုရားသခင်သည် အကျွန်ုပ်တို့နှင့်​အတူ​ရှိတော်မူ၍၊ အကျွန်ုပ်တို့ကို ကျဆုံးစေရန် အခွင့်​ပေး​တော်မူမည်​မဟုတ်။ ထို့ကြောင့်၊ အကျွန်ုပ်တို့ကို သွား၍​စစ်တိုက်ခွင့် ပေးပါလော့။ အကျွန်ုပ်တို့​ညီအစ်ကိုများ​က အကျွန်ုပ်တို့ကို မနှောင့်ယှက်လျှင်၊ အကျွန်ုပ်တို့​သည် သူတို့ကို ကွပ်မျက်မည်​မဟုတ်။ ထို့ကြောင့်၊ အန္တိပု၏​တပ်များကို သူတို့​အနိုင်​မရစေရန် အကျွန်ုပ်တို့ကို သွားခွင့်​ပေးပါလော့။

၄၇ ယခုတွင်၊ သူတို့သည် အဘယ်သော​အခါကမျှ မတိုက်ခိုက်​စဖူး။ သို့သော်လည်း၊ သေခြင်းကို​မကြောက်ရွံ့ကြ။ သူတို့၏​အသက်ထက်၊ သူတို့​အဘတို့၏ လွတ်လပ်ခြင်းကို ပို၍​ဂရု​ပြုကြ၏။ ထိုမှတစ်ပါး၊ သူတို့​ယုံမှား​သံသယ​မဖြစ်ကြလျှင်၊ ဘုရားသခင် ကယ်လွှတ်​တော်မူလိမ့်မည်​ဟူသော သူတို့​မိခင်များ၏ သွန်သင်ခြင်းကို ခံထားကြလေပြီ။

၄၈ သူတို့​မိခင်များ၏​စကားများကိုလည်း ငါ့ကို ပြန်လည်၍​ပြောပြလျက်၊ ထိုအမှုကို အကျွန်ုပ်တို့၏​မိခင်များ သိကြောင်း အကျွန်ုပ်တို့​ယုံမှား​သံသယ​မဖြစ်ဟု ဆိုကြ၏။

၄၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါသည် ငါ၏​နှစ်ထောင်တို့နှင့်​အတူ ပြန်လာပြီး၊ ငါတို့ကို လိုက်သည့် ဤလာမန်​အမျိုးသားတို့ကို တိုက်ခိုက်၏။ ယခုမူကား၊ ရှုလော့၊ သူတို့ကို အန္တိပု၏​တပ်များ​မီလာ၍ ကြောက်မက်​ဖွယ်သော​တိုက်ပွဲ စတင်လေ၏။

၅၀ အန္တိပု၏​တပ်သည် အလွန်​တိုတောင်းသော အချိန်​ကာလ​အပိုင်း​အခြား​အတွင်း၌၊ ဝေးစွာသော​ချီတက်ခြင်းကြောင့် မောပန်း၍၊ လာမန်​အမျိုးသားတို့၏​လက်ထဲသို့ ကျရောက်​တော့မည်ကဲ့သို့ ရှိလေ၏။ အကယ်၍၊ ငါ၏​နှစ်ထောင်နှင့် ငါ​ပြန်၍​လှည့်မလာခဲ့လျှင်၊ သူတို့​၏အကြံ​အစည် ပြီးမြောက်​ခဲ့ပေလိမ့်မည်။

၅၁ အန္တိပုသည် ဓားဘေး​အားဖြင့်​၊ သူ၏​များစွာသော​အကြီး​အကဲတို့​သည်လည်း သူတို့​ချီတက်ခြင်း၏ လျင်မြန်ခြင်းက​ဖြစ်စေသည့် မောပန်းခြင်းကြောင့် ကျဆုံးလေသဖြင့်—ထို့ကြောင့်၊ အန္တိပု၏​လူတို့သည် သူတို့၏​အကြီး​အကဲများ ကျဆုံးခြင်းကြောင့်၊ စိတ်ရှုပ်​ထွေး၍ လာမန်​အမျိုးသားတို့၏ ရှေ့မှ ဆုတ်ခွာ​စပြုကြ၏။

၅၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် ရဲရင့်​လာ၍၊ သူတို့​ကို​လိုက်​စပြုကြ၏။ ထိုကဲ့သို့​အားဖြင့်၊ လာမန်​အမျိုးသားတို့သည် သူတို့​ကို ကြီးစွာသော​အင်အားဖြင့် လိုက်လျက်​ရှိစဉ်၊ ဟေလမန်က သူတို့၏​နောက်ပိုင်းကို သူ၏​နှစ်ထောင်တို့နှင့်​အတူ၊ လာ၍​တိုက်ခိုက်၍၊ လွန်စွာ​ကွပ်မျက်​စပြုသော​အခါ၊ လာမန်​အမျိုးသားတို့၏​တပ်​တစ်ခုလုံး ရပ်တန့်၍ ဟေလမန်​ဘက်သို့ လှည့်ကြ၏။

၅၃ ယခုတွင်၊ လာမန်​အမျိုးသားတို့ တစ်ဖက်သို့​လှည့်သွား​သည်ကို အန္တိပု၏​လူတို့ မြင်လျှင်၊ လူတို့ကို အတူတကွ​စုဝေး၍၊ လာမန်​အမျိုးသားတို့၏​နောက်ပိုင်းကို တစ်ဖန်​ပြန်လာ၍​တိုက်ကြ၏။

၅၄ ယခု​မူကား၊ အချိန်တန်​လာသော​အခါ၊ ငါတို့၊ နီဖိုင်း​လူမျိုး၊ အန္တိပုလူမျိုး၊ ငါနှင့် ငါ၏​နှစ်ထောင်တို့သည် လာမန်​အမျိုးသားတို့ကို ဝိုင်း၍ ကွပ်မျက်ကြ၏။ ထိုမှတစ်ပါး၊ သူတို့​သည်လည်း သူတို့၏​စစ်တိုက်ရာ​လက်နက်များကို ပေးအပ်စေရန်နှင့် သူတို့ကိုယ်​သူတို့​စစ်​အကျဉ်း​သားများ​အဖြစ် ပေးအပ်စေရန် အနိုင်​အထက်​စီရင်​ခံရကြ၏။

၅၅ ယခု​မူကား၊ အချိန်တန်​လာသော​အခါ၊ သူတို့သည် ငါတို့​ထံသို့ သူတို့​ကိုယ်​သူတို့ ရှင်း​ရှင်း​အညံ့​ခံကြလျှင်၊ ရှုလော့၊ ငါသည်လည်း အတူ​တိုက်ခိုက်သည့် ထိုလူပျိုတို့မှ များစွာသော​သူတို့ ကွပ်မျက်​ခံရလေပြီ​လောဟု စိုးရိမ်လျက် သူတို့ကို ရေတွက်၏။

၅၆ သို့ရာတွင်၊ ရှုလော့၊ ငါသည် ကြီးစွာဝမ်းမြောက်၏။ သူတို့​အထဲမှ၊ တစ်ဦးမျှ၊ မြေကြီးသို့ မလဲကျ။ ထိုမှတစ်ပါး၊ သူတို့သည် ဘုရားသခင်၏​ခွန်အားဖြင့်​ကဲ့သို့ပင်တိုက်ခိုက်ကြ၏။ ထိုမှတစ်ပါး၊ ဤကဲ့သို့သော အလွန်​တရာ​အံ့ဩဖွယ်​ကောင်းသည့် ခွန်အားဖြင့် တိုက်ခိုက်​တတ်လေ​သူများကို အဘယ်သော​အခါကမျှ မသိ​စဖူး။ ဤကဲ့သို့ ကြီးစွာသော​အင်အားဖြင့်၊ သူတို့သည် လာမန်​အမျိုးသားတို့ကို တိုက်ခိုက်သဖြင့်၊ ကြောက်လန့်​စေ၏။ ဤအကြောင်းရင်းကြောင့်၊ လာမန်​အမျိုးသားတို့သည် သူတို့​ကိုယ်သူတို့ စစ်​အကျဉ်းသားများ​အဖြစ် အပ်နှံကြ၏။

၅၇ ငါတို့​သည်လည်း ငါတို့၏​စစ်​အကျဉ်းသားများ​အတွက် နေရာ​မရှိသဖြင့်၊ လာမန်​အမျိုးသားတို့​တပ်များ၏​ရန်မှ ကာကွယ်ရန် စောင့်ကြည့်ခြင်းငှာ သူတို့ကို ဇရဟင်မလ​ပြည်သို့ စေလွှတ်၏။ အန္တိပုထံမှ ကွပ်မျက်​မခံရသည့် အချို့သော​လူများကိုလည်း၊ သူတို့နှင့်​အတူ စေလွှတ်၏။ ကျန်ကြွင်းသော​သူတို့ကို ငါ​ခေါ်ယူ၍၊ ငါ၏​အမ္မုန်​ပြည်သား​လုလင်​ပျိုတို့နှင့် ပူးပေါင်းလျက်၊ ယုဒ​မြို့သို့ ပြန်၍​ချီတက်၏။