ကျမ်းစာများ
အယ်လမာ ၁၂


အခန်းကြီး ၁၂

အယ်လမာသည် ဇေဇရုမ်ကို ဟောပြော၏—ဘုရားသခင်၏​နက်နဲသော​အရာတို့ကို သစ္စာရှိ​သော​သူများ​သို့သာလျှင် ပေးနိုင်၏—လူသားတို့သည် မိမိတို့​အတွေး​အကြံ၊ ယုံကြည်မှု၊ စကားနှင့် အကျင့်များ​အတိုင်း တရားစီရင်​ခံရ၏—ဆိုးညစ်သော​သူများသည် ဝိညာဉ်ပကတိ​သေခြင်းကို​ခံစားရ၏—ဤသေခြင်း​ရှိသော​ဘဝသည် အစမ်း​သပ်ခံရာ​နေရာ​ဖြစ်၏—ရွေးနှုတ်ခြင်း အစီ​အစဉ်က ရှင်ပြန်​ထမြောက်ခြင်း ထို့အတူ၊ ယုံကြည်ခြင်း​အားဖြင့် အပြစ်များမှ​လွှတ်ခြင်းကို ဖြစ်ပေါ်စေ၏—နောင်တရသော​သူတို့သည် တစ်ပါးတည်းသော​သားတော်​အားဖြင့် ကရုဏာတော်ကို ခံယူနိုင်ခွင့် ရှိကြ၏။ ဘီစီ ၈၂ ခန့်။

ယခုတွင်၊ အယ်လမာသည် အာမြူးလက်၏​စကားများက ဇေဇရုမ်အား တိတ်ဆိတ်​သွားစေသည်ကို သိမြင်လျက်​ရှိ၏။ အကြောင်းမူကား၊ အာမြူးလက်ကို ဖျက်ဆီးခြင်းငှာ မုသား​ပြောခြင်းနှင့် လှည့်စားခြင်းတို့​ပြုရာ၌​တွေ့ရှိလေကြောင်း သူတွေ့၏။ ထိုသူ၏​အပြစ်ရောက်ခြင်း​အကြောင်း​သိခြင်းက​လွှမ်းမိုးသဖြင့်၊ တုန်စပြု​သည်ကိုလည်း သိမြင်လျက်၊ နှုတ်ကိုဖွင့်၍၊ ထိုသူကို ပြောဆိုခြင်းငှာ၊ ထို့အတူ အာမြူးလက်၏​စကားများကို တည်စေခြင်းငှာ၊ ထို့အတူ အာမြူးလက်​ပြုခဲ့ပြီး​လေသည်ထက် အမှုတို့ကို ပို၍​ရှင်းပြခြင်းငှာ၊ သို့မဟုတ် ကျမ်းစာများကို ပို၍​ဖွင့်ပြခြင်းငှာ အစ​ပြု၏။

ယခုတွင်၊ ဇေဇရုမ်အား အယ်လမာ​ဆိုသော စကားများကို ပတ်ဝန်းကျင်ရှိ လူတို့​ကြားလေ၏။ အကြောင်းမူကား၊ လူအစု​အဝေးသည် ကြီးမားလှ၍၊ ဤနည်း​အားဖြင့် သူဆိုလေ​သည်ကား၊

ယခုတွင်၊ ဇေဇရုမ်၊ သင်သည် သင်၏​မုသား​ပြောခြင်းနှင့် ပရိယာယ်တို့၌ ဖမ်းဆီး​ခံရလေ​သည်ကို သိမြင်​ပေပြီ။ အကြောင်းမူကား၊ သင်သည် လူကိုသာလျှင် မုသားပြောသည်​မဟုတ်ဘဲ၊ ဘုရားသခင်ကိုလည်း မုသား​ပြောလေပြီ။ ရှုလော့၊ သင်၏​အတွေး​အကြံ​ဟူသမျှကို သူသိတော်မူ၍၊ သူ၏​ဝိညာဉ်တော်​အားဖြင့်၊ သင်၏​အတွေးအကြံများကို ငါ့တို့ထံသို့ ဖော်ပြ​တော်မူကြောင်း သင်သိ​မြင်ပေ၏။

ထို့အတူ၊ ငါတို့ကို ကဲ့ရဲ့​ပြောဆို​စေခြင်းငှာနှင့်၊ နှင်ထုတ်​စေခြင်းငှာ၊ ငါတို့ကို ဆန့်ကျင်​ဘက်ပြု​စေကြောင်း၊ ဤလူတို့အား မုသား​ပြော၍၊ လှည့်စားခြင်း​အတွက်၊ နတ်ဆိုး၏ ဉာဏ်များခြင်း​အတိုင်း၊ သင်၏​အကြံ​အစည်သည် အလွန်ဉာဏ်များသော အကြံ​အစည်​ဖြစ်ကြောင်း ငါတို့​သိကြ​သည်ကိုလည်း သင်သိ​မြင်ပေပြီ—

ယခုတွင်၊ ဤအရာ​သည်ကား၊ သင့်ရန်သူ၏​အစီအစဉ်​ဖြစ်၍၊ သူ၏​တန်ခိုးကို သင့်အထဲ၌ ပြလေပြီ။ ယခုတွင်၊ သင့်အား ငါဆိုသည့် အရာကို ခပ်သိမ်းသော​သူတို့အား ငါဆိုကြောင်း သင်တို့​သတိရစေရန် ငါအလို​ရှိ၏။

ရှုဦးလော့၊ သင်တို့​အားလုံးကို ငါဆို​သည်မှာ၊ ဤအရာ​သည်ကား၊ မာရ်နတ်က သင်တို့ကို သူ၏​ဩဇာခံ​အဖြစ်သို့ ဆောင်နိုင်ခြင်းငှာ​လည်းကောင်း၊ သူ၏​သံကြိုးများဖြင့် ရစ်ပတ်​နိုင်ခြင်းငှာ​လည်းကောင်း၊ သူ၏​ဖမ်းဆီး​ချုပ်နှောင်ခြင်း​တန်ခိုး​အတိုင်း သံကြိုးဖြင့် ချည်နှောင်၍ ထာဝရ​တည်မြဲသော​ပျက်စီးခြင်းသို့ ဆွဲချ​သွားနိုင်ခြင်းငှာ​လည်းကောင်း၊ ဤလူမျိုးတို့ကို ဖမ်းဆီးရန် ချထားလေသည့် သူ့ထောင်ချောက်​ပေတည်း။

ယခုတွင်၊ ဤစကားများကို အယ်လမာ​ပြောလေပြီးလျှင်၊ ဇေဇရုမ်သည် ပို၍​လွန်စွာ တုန်စပြု၏။ အကြောင်းမူကား၊ သူသည် ဘုရားသခင်၏​တန်ခိုးတော်​အကြောင်းကို အထပ်​ထပ်​နားသွင်း​ခံရ၏။ အယ်လမာနှင့် အာမြူးလက်တို့က သူ့အကြောင်း​သိကြ​သည်ကိုလည်း သူနားသွင်း​ခံရ၏။ အကြောင်းမူကား၊ သူ့စိတ်နှလုံး၏​အတွေးများနှင့် အကြံ​အစည်များကို သူတို့​သိကြကြောင်း နားသွင်း​ခံရသည်မှာ ပရောဖက်​ပြုဟောသော​ဝိညာဉ်အတိုင်း၊ ဤအမှုများကို သူတို့​သိနိုင်ကြ​စေခြင်းငှာ၊ သူတို့အား တန်ခိုးကို ပေးထား​တော်မူသောကြောင့်​ပေတည်း။

ဇေဇရုမ်သည် ဘုရားသခင်၏​နိုင်ငံတော်​အကြောင်း သာ၍​သိနိုင်ခြင်းငှာလည်း သူတို့ထံ လုံ့လ​ဝီရိယ​ထက်သန်စွာ​မေးမြန်း​စပြု၏။ အာမြူးလက်​ပြောထား​လေသည့် သေသူတို့၏ ရှင်ပြန်​ထမြောက်ခြင်းနှင့်​စပ်လျဉ်း၍၊ ဖြောင့်မတ်သော​သူနှင့် မဖြောင့်မတ်သော​သူနှစ်မျိုး​စလုံး၊ သေခြင်းမှ ထမြောက်​လိမ့်မည့် ခပ်သိမ်းသော​သူတို့သည် မိမိတို့​အကျင့်များ​အတိုင်း တရား​စီရင်​ခံရစေရန်၊ ဘုရားသခင်​ရှေ့၌​ရပ်ရန် ဆောင်ယူ ခံရသည်​ဆိုသည်ကား၊ အဘယ်သို့ ဆိုလို​သနည်းဟု အယ်လမာကို မေး၏။

ယခုတွင်၊ အယ်လမာသည် ဤအရာတို့ကို ရှင်းပြ​စပြုလျက်​ဆိုလေ​သည်ကား၊ ဘုရားသခင်၏​နက်နဲသော​အရာတို့ကို သိစေခြင်းငှာ၊ များစွာသော​သူတို့ကို အခွင့်​ပေးထား​တော်မူ၏။ သို့သော်လည်း၊ သူ့​အပေါ်​ထားသည့် ပမာဏပြုခြင်းနှင့် လုံ့လဝီရိယတို့​အတိုင်း၊ လူသားများသို့ အခွင့်​ပေး​တော်မူသည့် သူ့ နှုတ်ကပတ်တော်၏ တစ်စိတ်​တစ်ပိုင်း​အတိုင်းသာ မဝေငှ​ရဟူသော တင်းကျပ်သည့် မိန့်မှာချက်ဖြင့် ထား​တော်မူ၏။

၁၀ ထို့ကြောင့်၊ ကိုယ့်စိတ်နှလုံးကို မာကျောစေသော​သူသည် နှုတ်ကပတ်တော်၏ သာ၍​နည်းသော​အပိုင်းကို ရရှိလိမ့်မည်။ ကိုယ့်စိတ်နှလုံးကို မမာကျော​စေသော​သူအား နှုတ်ကပတ်တော်၏ သာ၍​များသော​အပိုင်းကို ပေးတော်မူ၏၊ ဘုရားသခင်၏​နက်နဲသော​အရာတို့ကို ပြည့်စုံစွာ​သိသည်​အထိ၊ ပေးတော်မူသည့်​တိုင်အောင်​ပင်တည်း။

၁၁ ကိုယ့်စိတ်နှလုံးကို မာကျောစေသော​သူတို့အား သူ၏​နက်နဲသော​အရာများ​အကြောင်း၊ အဘယ်​အရာကိုမျှ၊ မသိသည့်​တိုင်အောင် နှုတ်ကပတ်တော်၏ သာ၍​နည်းသော​အပိုင်းကိုသာ ပေးတော်မူ၏။ ထို့နောက်တွင်၊ သူတို့သည် နတ်ဆိုး၏ ဖမ်းဆီး​ချုပ်နှောင်ခြင်း​ခံရပြီး၊ သူ့အလို​အတိုင်း ဖျက်ဆီးခြင်းသို့ ပို့ဆောင်ခြင်း​ခံရ၏။ ယခုတွင်၊ ဤအရာ​မှာ၊ ငရဲ​သံကြိုးများကို ဆိုလိုခြင်း​ဖြစ်၏။

၁၂ အာမြူးလက်ကလည်း သေခြင်း၊ ဤသေခြင်း​ရှိရာမှ သေခြင်း​မရှိရာ​အခြေအနေသို့ ထမြောက်ခြင်းနှင့် ငါတို့၏​အကျင့်များ​အတိုင်း တရားစီရင်​ခံရစေရန် ဘုရားသခင်၏ တရား​စီရင်​တော်မူရာ​တိုင်ရှေ့သို့ ဆောင်ယူ​ခံရခြင်းတို့ အကြောင်းကို ရှင်းလင်းစွာ​ပြော​ပြလေပြီ။

၁၃ ထို့နောက်တွင်၊ ငါတို့​စိတ်နှလုံး​မာကျော​လေလျှင်၊ ထိုမှတစ်ပါး၊ ငါတို့​အထဲ၌ ရှာ၍​မတွေ့နိုင်အောင် နှုတ်ကပတ်တော်ကို ဆန့်ကျင်​ဘက်ပြု၍၊ ငါတို့​စိတ်နှလုံးကို မာကျော​စေလေလျှင်၊ ငါတို့​အခြေအနေသည် အလွန်​ဆိုးရွား​လိမ့်မည်။ အကြောင်းမူကား၊ ထို့နောက်တွင် ပြစ်ဒဏ်​စီရင်ခြင်းကို ငါတို့​ခံရ​လိမ့်မည်။

၁၄ အကြောင်းမူကား၊ ငါတို့၏​စကားများက ငါတို့ကို ပြစ်ဒဏ်​ချမှတ်​လိမ့်မည်။ ထိုမှတစ်ပါး၊ ငါတို့ အကျင့်​ခပ်သိမ်းက ငါတို့ကို ပြစ်ဒဏ်​ချမှတ်​လိမ့်မည်။ ငါတို့ကို အပြစ်​ကင်း​စင်လျက် တွေ့ရ​လိမ့်မည်​မဟုတ်။ ငါတို့၏​အတွေး​အကြံများ​ကလည်း ငါတို့ကို ပြစ်ဒဏ်​ချမှတ်​လိမ့်မည်။ ဤအလွန်​ဆိုးရွားသော​အခြေ​အနေ၌​လည်း ငါတို့သည် ငါတို့၏​ဘုရားသခင်ကို မော့၍ မကြည့်ဝံ့ကြ။ ငါတို့သည် သူ၏​မျက်မှောက်မှ ပုန်းကွယ်ခြင်းငှာ၊ တောင်များနှင့် ကျောက်များကို ငါတို့​အပေါ်​ကျစေရန် အမိန့်​ပေးနိုင်လျှင်၊ အလွန်​ဝမ်းသာကြ​လိမ့်မည်။

၁၅ သို့ရာတွင်၊ ဤအမှု​မဖြစ်နိုင်။ ငါတို့သည် ထွက်​လာ၍၊ သူ၏ ဘုန်းတော်၌၊ သူ၏​တန်ခိုးတော်၌၊ သူ၏ အစွမ်း​သတ္တိတော်၌၊ သူ၏ အာနုဘော်၌၊ သူ၏ အစိုး​ရတော်မူခြင်း၌ ရှေ့တော်မှာ ရပ်ရမည်။ သူ၏ ခပ်သိမ်းသော​တရား​စီရင်​တော်မူခြင်းများသည် တရား​မျှတတော်မူ​ကြောင်း၊ သူ၏​ခပ်သိမ်းသော​အမှုတို့၌ သူတရားမျှတ​တော်မူ​ကြောင်း၊ သူသည် လူသားတို့ကို ကရုဏာကြီးတော်မူကြောင်း၊ သူ၏ နာမတော်၌ ယုံကြည်၍၊ နောင်တရခြင်းနှင့် ထိုက်တန်သည့် အကျိုးကို ဖြစ်စေသူ​မှန်သမျှကို ကယ်တင်ရန် အလုံး​စုံသော​တန်ခိုး သူ့၌​ရှိကြောင်းတို့ကို ဝန်ခံရမည်​ဖြစ်၍၊ ငါတို့အား ထာဝရ​တည်မြဲသော အရှက်ကို ရစေ၏။

၁၆ ယခုမူကား၊ ရှုလော့၊ ထို့နောက်တွင်၊ ဝိညာဉ်​ပကတိ​သေခြင်း​ဖြစ်သည့် ဒုတိယ​သေခြင်းပင်​ဖြစ်သော​သေခြင်း​ရောက်လာ၏ဟု သင်တို့ကို ငါဆို၏။ ထို့နောက်တွင်ကား၊ မိမိအပြစ်၌​သေသူ​အဘယ်သူ​မဆို ဇာတိ​ပကတိ​သေခြင်း​ကဲ့သို့ပင်၊ ဝိညာဉ်​ပကတိ​သည်လည်း သေလိမ့်မည့် အချိန်​ဖြစ်၏။ ထိုမှတစ်ပါး၊ သူသည် ဖြောင့်မတ်ခြင်းနှင့် စပ်ဆိုင်သည့်​အမှုများ၌ သေလိမ့်မည်​ဖြစ်သတည်း။

၁၇ ထို့နောက်တွင်ကား၊ သူတို့၏​စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းတို့သည် ကာလ​အစဉ်​အဆက်၊ အမြဲ​တက်နေသည့် မီးလျှံတို့၏​ကန့်နှင့်​ရောသော​မီးအိုင်ကဲ့သို့ ဖြစ်လိမ့်မည့်​အချိန်​ဖြစ်၏။ ထို့နောက်တွင်ကား၊ စာတန်က သူ့အလို​အတိုင်း သူတို့ကို​လွှမ်းမိုးလျက်၊ သူ၏​တန်ခိုးနှင့် ဖမ်းဆီး​ချုပ်နှောင်ခြင်း​အတိုင်း၊ ထာဝရ​တည်မြဲသော​ပျက်စီးခြင်းသို့ သံကြိုးဖြင့်​ဆွဲ၍ ချသွားခြင်းကို သူတို့​ခံရမည့်​အချိန်​ဖြစ်၏။

၁၈ ထို့နောက်တွင်၊ သင်တို့ကို ငါဆိုသည်ကား၊ ရွေးနှုတ်ခြင်းကို ပြုမထားလေ​သကဲ့သို့ သူတို့၌​ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏​တရား​တော်မူခြင်း​အတိုင်း ရွေးနှုတ်​ခြင်းကို မခံ​ရနိုင်ကြ။ ပုပ်ပျက်ခြင်း​မရှိတော့​သောကြောင့်လည်း မသေ​နိုင်ကြ။

၁၉ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အယ်လမာက ဤစကားများ ပြောဆိုခြင်းကို လက်​စသတ်ပြီး​လေလျှင်၊ လူတို့သည် သာ၍​အံ့ဩ​စပြု​ကြ၏။

၂၀ သို့ရာတွင်၊ သူတို့၌ အုပ်စိုးသူ​အကြီး​အကဲ​တစ်ဦး​ဖြစ်သူ အန္တိယောနသည် ရှေ့သို့​ထွက်​လာ၍ သူ့ကို ဆိုလေ​သည်ကား၊ လူသားသည် သေခြင်းမှ ထမြောက်၍၊ ဤသေခြင်း​ရှိသော​အခြေ​အနေမှ သေခြင်း​မရှိသော​အခြေအနေသို့ ပြောင်းလဲသဖြင့်၊ ဝိညာဉ်သည် အဘယ်တော့မျှ မသေနိုင်တော့ဟု သင်ဆိုသည့် ဤအမှုကား အဘယ်သို့နည်း။

၂၁ ဘုရားသခင်သည် ခေရုဗိမ်တို့နှင့် မီးစက်​လက်နက်ကို ဧဒင်​ဥယျာဉ်​အရှေ့​ဘက်၌ ထားတော်မူ​သည်မှာ၊ ငါတို့၏ ပထမ​ဦးဆုံးသော​မိဘများကို အသက်ပင်၏​အသီးကို သုံးဆောင်၍၊ ကာလ​အစဉ်​အဆက်​အသက်​ရှင်ရန် မဝင်​ရောက်စေခြင်းငှာ​ဟုဆိုသော ကျမ်းစာကား၊ အဘယ်သို့ ဆိုလို​သနည်း။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြ​သည်မှာ၊ သူတို့ ကာလ​အစဉ်​အဆက် အသက်​ရှင်စေရန် ဖြစ်နိုင်သော​အခွင့်​အလမ်း​မရှိကြောင်း​ပေတည်း။

၂၂ ယခုတွင်၊ အယ်လမာ​ဆိုလေသည်ကား၊ ဤအရာမှာ ငါ​ရှင်းပြတော့မည့်​အမှု​ဖြစ်၏။ ယခုတွင်၊ ငါတို့​သိမြင်​ကြသည်ကား၊ တားမြစ်​ထားသော​အသီးကို သုံးဆောင်ခြင်း​အားဖြင့် အာဒံ​ကျရှုံး​သည်မှာ ဘုရားသခင်၏​နှုတ်ကပတ်တော်​အတိုင်း​ဖြစ်ကြောင်း​ပေတည်း။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြ​သည်မှာ သူ၏​ကျရှုံးခြင်းကြောင့်၊ ခပ်သိမ်းသောလူသားတို့ ပျောက်ဆုံး၍၊ ကျရှုံးသည့်​လူများ​ဖြစ်လာ​ကြောင်း​ပေတည်း။

၂၃ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ အာဒံ​အတွက်၊ ထိုအချိန်က အသက်ပင်၏​အသီးကို သုံးဆောင်ရ၍၊ သေခြင်း​မရှိရန် ဖြစ်နိုင်​လေလျှင်၊ နှုတ်ကပတ်တော်သည် အချည်းနှီး​ဖြစ်၍၊ ဘုရားသခင်ကို မုသား​ပြောသူ ဖြစ်စေခဲ့​လိမ့်မည်။ အကြောင်းမူကား၊ သင်စား​သုံးလျှင်၊ ဧကန်​အမှန်​သေရမည်ဟု မိန့်တော်မူ​လေ၏။

၂၄ သေခြင်း၊ အထူးသဖြင့်၊ ဇာတိ​ပကတိ​သေခြင်း​ဖြစ်သော၊ အာမြူးလက်က ငါတို့အား ပြောထား​လေသည့် သေခြင်းမှာ လူသားများသို့ ရောက်​လာသည်​ကိုလည်း ငါတို့​သိမြင်​ကြ၏။ သို့သော်လည်း၊ လူသားအား နောင်တရနိုင်ရန် ကာလ​တစ်ခု ပေးထား​လေ၏။ ထို့ကြောင့်၊ ဤအသက်​တာသည်ကား၊ အစမ်း​သပ်ခံရာ​နေရာ​တစ်ခု၊ ဘုရားသခင်ကို တွေ့ခြင်းငှာ ပြင်ဆင်ရန်​ကာလ​တစ်ခု၊ သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်း​နောက်၌​ဖြစ်သော ငါတို့​ပြောထား​လေသည့် အဆုံး​မရှိသော​အခြေ​အနေ​အတွက် ပြင်ဆင်ရန်​ကာလ​တစ်ခု ဖြစ်​လာခဲ့၏။

၂၅ ယခုတွင်၊ ကမ္ဘာတည်ကတည်းက ချထား​တော်မူ​ခဲ့လေသော ရွေးနှုတ်​ခြင်း​အစီအစဉ်​အတွက် မဟုတ်​လေလျှင်၊ သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်း ရှိနိုင်​လေမည်​မဟုတ်။ သို့ရာတွင်၊ သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်းကို ဖြစ်ပေါ်​စေမည့်​အကြောင်း၊ ပြောထား​လေသည့်၊ ချထား​တော်မူသော ရွေးနှုတ်ခြင်း​အစီ​အစဉ်​ရှိလေ၏။

၂၆ ယခုမူကား၊ ရှုလော့၊ ငါတို့၏​ပထမ​ဦးဆုံးသော​မိဘများသည် သွား၍ အသက်ပင်မှ​အသီးကို သုံးဆောင်နိုင်ရန် ဖြစ်နိုင်မည်​ဆိုလျှင်၊ ပြင်ဆင်ရာ​နေရာ​မရှိ​သဖြင့် သူတို့၌ ကာလ​အစဉ်​အဆက် ဝမ်းနည်း​ပူဆွေး​စရာဖြစ်​လိမ့်မည်။ ထိုကဲ့သို့​အားဖြင့်၊ ဘုရားသခင်၏​ရွေးနှုတ်ခြင်း​အစီ​အစဉ်​သည်လည်း အထ​မမြောက်၍၊ ဘုရားသခင်၏​နှုတ်ကပတ်တော်သည် အချည်း​နှီး​ဖြစ်၍၊ အကျိုး​မရှိ​ဖြစ်လိမ့်မည်။

၂၇ သို့ရာတွင်၊ ရှုလော့၊ ထို့ကဲ့သို့ မဟုတ်။ သို့ရာတွင်၊ လူသားတို့ သေရမည့်​အကြောင်း စီရင်​တော်မူနှင့်​လေပြီ။ သေပြီးနောက်​တွင်လည်း၊ သူတို့သည် တရား​စီရင်​တော်မူခြင်း၊ ပြီးဆုံးခြင်း​တည်းဟူသော၊ ငါတို့​ပြောထား​လေသည့် အလားတူ တရား​စီရင်​တော်မူခြင်းသို့ပင် လာရ​ကြမည်။

၂၈ လူသားထံသို့ ဤအရာများ ရောက်လာ​ရမည့်​အကြောင်း ဘုရားသခင်မှာ​ထားတော်မူလေ​ပြီးနောက်​တွင်မူကား၊ ရှုလော့၊ ထို့နောက်တွင်၊ သူမှာထား​တော်မူ​လေသော အရာများ​အကြောင်း၊ လူသား​သိရန် သင့်လျော်​သည်ကို သူသိမြင်​တော်မူ၏။

၂၉ ထို့ကြောင့်၊ လူသားတို့အား သူ၏​ဘုန်းတော်ကို မြင်စေသူ ကောင်းကင်​တမန်တို့ကို သူတို့နှင့် စကား​ပြောစေရန် စေလွှတ်​တော်မူ၏။

၃၀ သူတို့​သည်လည်း ထိုအချိန်မှ​စ၍၊ သူ၏​နာမတော်ကို ပဌနာ​ပြုခြင်းငှာ​အစ​ပြု​ကြ၏။ ထို့ကြောင့်၊ ဘုရားသခင်သည် လူသားနှင့် စကား​ပြောတော်မူပြီး၊ ကမ္ဘာတည်ကတည်းက ပြင်ဆင်​ထားတော်မူ​လေသည့် ရွေးနှုတ်ခြင်း အစီအစဉ်ကို သူတို့အား ဖော်ပြ​တော်မူ၏။ သူတို့၏​ယုံကြည်ခြင်း၊ နောင်တရခြင်းနှင့် သူတို့၏ သန့်ရှင်းသော​အကျင့်များ​အတိုင်း ဤအမှုကို သူတို့​ထံဖော်ပြ​တော်မူ၏။

၃၁ သို့ဖြစ်၍၊ သူတို့အား မိန့်မှာခဲ့ပြီး၊ သူတို့သည် ဇာတိ​ပကတိနှင့် စပ်ဆိုင်သော​အရာတို့၌ ပထမ​ပညတ်တော်တို့ကို ဦးစွာ​လွန်ကျူး​လေသဖြင့်၊ ဘုရားများ​ကဲ့သို့ ဖြစ်လေပြီး၊ အကောင်းနှင့် အဆိုးကို ခွဲခြား၍​သိလျက်၊ သူတို့ကိုယ်​သူတို့ ပြုမူရန်၊ သို့မဟုတ် မကောင်းမှုကို ပြုရန်​ဖြစ်စေ၊ ကောင်းမှုကို ပြုရန်ဖြစ်စေ၊ သူတို့​စိတ်အလို​ဆန္ဒ​အတိုင်း ပြုရန်​အခြေ​အနေ၌ ရှိစေခဲ့​လေပြီ—

၃၂ ထို့ကြောင့်၊ ဘုရားသခင်သည် သူတို့အား ရွေးနှုတ်​ခြင်း အစီအစဉ်ကို ဖော်ပြ​တော်မူလေ​ပြီးနောက်၊ မကောင်းမှုကို သူတို့​မပြုရမည့်​အကြောင်း၊ ပညတ်တော်တို့ကို ပေး​တော်မူ၍၊ ပြုလေလျှင်၊ ပြစ်ဒဏ်​သည်ကား၊ ဖြောင့်မတ်ခြင်းနှင့်​စပ်ဆိုင်သည့်​အမှုတို့၌ ထာဝရ​တည်မြဲသော​သေခြင်း​ဖြစ်သည့် ဒုတိယ​သေခြင်း​ပေတည်း။ အကြောင်းမူကား၊ ထိုကဲ့သို့သော သူတို့​အပေါ်၌ ရွေးနှုတ်​ခြင်း​အစီအစဉ် တန်ခိုး​မသက်​ရောက်နိုင်​သည်မှာ၊ ဘုရားသခင်၏ အထွဋ်​အမြတ်​ဖြစ်သော ကောင်းမြတ်ခြင်း​အတိုင်း၊ တရားသော​အမှုတော်တို့ကို မဖျက်ဆီးနိုင်သောကြောင့်​ပေတည်း။

၃၃ သို့ရာတွင်၊ ဘုရားသခင်သည် လူသားတို့ကို မိမိသားတော်၏ နာမတော်​အားဖြင့် ခေါ်တော်မူ၍ (ဤအရာသည်ကား၊ ချထား​တော်မူခဲ့သည့် ရွေးနှုတ်​ခြင်း အစီ​အစဉ်​ဖြစ်၏) မိန့်​တော်မူ​လေသည်ကား၊ သင်တို့သည် နောင်တရ၍၊ စိတ်နှလုံးကို မာကျော​စေခြင်း​မရှိလျှင်၊ ထို့နောက်၌ ငါ၏​တစ်ပါး​တည်းသော​သားတော်​အားဖြင့် သင်တို့ကို ငါကရုဏာထား​တော်မူမည်။

၃၄ ထို့ကြောင့်၊ နောင်တရ၍၊ မိမိစိတ်နှလုံးကို မာကျော​စေခြင်း​မရှိသော​သူမှန်သမျှသည် ငါ၏​တစ်ပါး​တည်းသော သားတော်​အားဖြင့် မိမိ​အပြစ်များမှ​လွှတ်ခြင်းသို့​တိုင်အောင် ကရုဏာတော်ကို ခံယူနိုင်ခွင့် ရှိပေလိမ့်မည်။ ထိုသူတို့သည် ငါ၏ ချမ်းသာ​ထဲသို့လည်း ဝင်ရ​လိမ့်မည်။

၃၅ ထို့အတူ၊ မိမိ​စိတ်နှလုံးကို မာကျော​စေ၍ ဒုစရိုက်ကို ပြုမည့်​သူမှန်သမျှတို့အား၊ ရှုလော့၊ ထိုသူသည် ငါ၏​ချမ်းသာထဲသို့ မဝင်ရမည့်​အကြောင်း၊ ငါ၏​အမျက်တော်ဖြင့် ငါကျိန်​ဆိုတော်မူ၏။

၃၆ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် စိတ်နှလုံးကို မာကျော​စေလျှင်၊ ကိုယ်တော်ရှင်၏​ချမ်းသာထဲသို့ မဝင်ရ​။ ထို့ကြောင့်၊ ပထမ​နှိုးဆော်​စဉ်က​ကဲ့သို့ပင်၊ ထိုမှတစ်ပါး၊ သူ၏​နှုတ်ကပတ်တော်​အတိုင်း၊ ပထမ​ဦးဆုံးကဲ့သို့ပင် နောက်ဆုံးသော နှိုးဆော်ခြင်း၌လည်း သင်တို့​စိတ်ဝိညာဉ်၏ ထာဝရ​တည်မြဲသော​ပျက်စီးခြင်းသို့​တိုင်အောင်၊ သင်တို့၏​ဒုစရိုက်က သူ့ကို နှိုးဆော်သဖြင့် သူ၏​အမျက်တော်ကို သင်တို့​အပေါ်​လွှတ်ချ၏။ ထို့ကြောင့်၊ သူ၏​နှုတ်ကပတ်တော်​အတိုင်း၊ ပထမဦးဆုံး​ကဲ့သို့ပင် နောက်ဆုံး​သေခြင်းသို့​တိုင်အောင်​ပင်တည်း။

၃၇ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ ဤအမှုတို့ကို ငါတို့ မြင်၍ မှန်ကန်​ကြောင်းကို သိမြင်လျက်၊ ငါတို့အား သူပေး​ထားတော်မူ​လေသည့် ဤဒုတိယ​ပညတ်တော်တို့၌၊ သူ၏​အမျက်တော်ကို ငါတို့​အပေါ် ဆွဲချရန် ငါတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို နှိုးဆော်ခြင်း​မရှိကြ​စေခြင်းငှာ၊ ငါတို့သည် နောင်တရ၍ ငါတို့​စိတ်နှလုံးကို မာကျော​စေခြင်း​မရှိဘဲ​နေကြကုန်အံ့။ သူ၏​နှုတ်ကပတ်တော်​အတိုင်း ပြင်ဆင်​ထားတော်မူသော ဘုရားသခင်၏​ချမ်းသာထဲသို့သာ ဝင်​ကြကုန်အံ့။