ကျမ်းစာများ
အယ်လမာ ၁၀


အခန်းကြီး ၁၀

လေဟိသည် မနာရှေ​အမျိုးမှ ဆင်းသက်၏—အာမြူးလက်သည် အယ်လမာကို ဂရုစိုက်ရမည့်​အကြောင်း၊ ကောင်းကင်​တမန်ထံမှ မိန့်မှာချက်ကို ပြန်လည်၍ ပြောပြ၏—ဖြောင့်မတ်သော​သူများ၏ ဆုတောင်းခြင်းများက လူတို့ကို ချမ်းသာရ​စေ၏—မဖြောင့်မတ်သောရှေ့နေများနှင့် တရား​သူကြီးတို့သည် လူတို့​အတွက် ဖျက်ဆီးခြင်း​အုတ်မြစ်ကို တည်ကြ၏။ ဘီစီ ၈၂ ခန့်။

ယခုတွင်၊ အမ္မုန်နိဟ​ပြည်၌ ရှိသော​လူတို့ကို၊ အာမြူးလက်​ဆို၍ ဟောပြောသည့် ဤစကားများ​မူကား၊

ငါသည်ကား၊ အာမြူးလက်​ဖြစ်၏။ ငါသည်ကား၊ အာမိနဒိ၊ ဘုရားသခင်၏​လက်ချောင်း​တော်ဖြင့် ရေးထားသည့် ဗိမာန်တော်နံရံပေါ်ရှိ​စာများကို အနက်ဖွင့်သူ ထိုအာမိနဒိ၏​အမျိုး​အနွယ်​ဖြစ်သော​ဣရှမေလ၏​သားဖြစ်သူ ဂိဒေါန၏​သားဖြစ်၏။

ထို့အတူ၊ အာမိနဒိသည်ကား၊ ညီအစ်ကိုတို့​အားဖြင့် အဲဂုတ္တု​ပြည်သို့ အရောင်း​ခံရသည့် ယောသပ်၏​သားဖြစ်သော၊ မနာရှေ​အမျိုး​အနွယ်​ဖြစ်သူ၊ ယေရုရှလင်​နယ်မြေမှ ထွက်​လာသူ လေဟိ၏​သား​ဖြစ်သော နီဖိုင်း၏​အမျိုး​အနွယ်​တစ်ဦး​ဖြစ်၏။

ရှုဦးလော့၊ ငါသည်ကား၊ ငါ့ကို​သိသော​လူများ၌၊ မနည်းသေးသော အသ​ရေထင်ရှားသည့် သူတစ်ဦးလည်း​ဖြစ်၏။ ထိုမှတစ်ပါး၊ ရှုဦးလော့၊ ငါ့၌ များစွာသော​ဆွေမျိုးများနှင့် အဆွေ​ခင်ပွန်းများလည်း​ရှိ၏။ ထို့အတူ၊ ငါ၏​ကြိုးစား​အားထုတ်ခြင်း​အားဖြင့်၊ စည်းစိမ်​ဥစ္စာများစွာ​တို့ကိုလည်း ရရှိ​ခဲ့လေပြီ။

သို့သော်လည်း၊ ဤအရာ​ခပ်သိမ်းတို့​ရှိစေကာမူ၊ ငါသည် ကိုယ်တော်ရှင်၏​လမ်းစဉ်များ၊ သူ၏​နက်နဲ​တော်မူခြင်းနှင့် အံ့ဩဖွယ်​ကောင်းသော​တန်ခိုးတော်တို့​အကြောင်းကို အဘယ်သော​အခါကမျှ များစွာ​မသိလေခဲ့။ ငါဆိုသည်ကား၊ ဤအရာတို့၏​အကြောင်းကို ငါအဘယ်သော​အခါကမျှ၊ များစွာ​မသိလေကြောင်းကို ဆို၏။ သို့ရာတွင်၊ ရှုလော့၊ ငါသည် အထင်​မှားမိ၏။ အကြောင်းမူကား၊ ငါသည် သူ၏​နက်နဲ​တော်မူခြင်းများနှင့် အံ့ဩဖွယ်​ကောင်းသော​တန်ခိုးတော်၊ ထိုမှတစ်ပါး၊ ဤလူတို့၏ အသက်ကို ကာကွယ်​စောင့်မ​တော်မူခြင်းကိုပင် မြင်ပြီးလေပြီ။

သို့သော်လည်း၊ ငါ့စိတ်နှလုံးကို ငါမာကျောစေ၏၊ အကြောင်းမူကား၊ ငါသည် အကြိမ်များစွာ အခေါ်ခံရပြီး၊ နားမထောင်​လို။ ထို့ကြောင့်၊ ငါသည် ဤအရာများ​အကြောင်းကို သိပေ၏၊ သို့သော်လည်း ငါမသိလို​။ ထိုကြောင့်၊ တရားသူကြီးများ​အုပ်စိုးခြင်း​ဆယ်နှစ်​မြောက်ဖြစ်သည့် ဤခုနစ်လမြောက် လေးရက်နေ့ထိ​တိုင်အောင်ပင် ငါ့စိတ်နှလုံး၌ ဆိုးညစ်ခြင်းဖြင့်၊ ဘုရားသခင်အား ဆန့်ကျင်၍ ပုန်ကန်ခြင်းကို ဆက်၍​ပြု၏။

ငါသည် အလွန်​နီးစပ်ရာ ဆွေမျိုးတစ်ဦးကို တွေ့ရန် ခရီးသွား​နေစဉ် ကိုယ်တော်ရှင်၏​ကောင်းကင်​တမန်​တစ်ပါး​ပေါ်လာပြီး ငါ့ကို မြွက်ဆိုလေ​သည်ကား၊ အာမြူးလက်၊ သင့်အိမ်သို့ ပြန်သွားလော့။ အကြောင်းမူကား၊ သင်သည် ကိုယ်တော်ရှင်၏​ပရောဖက်​တစ်ပါးကို၊ အထူးသဖြင့်၊ ဘုရားသခင်​ရွေးကောက်​ထားတော်မူသော​လူဖြစ်သည့် သန့်ရှင်းသော​သူကို ကျွေးမွေး​ရမည်။ အကြောင်းမူကား၊ ဤလူတို့၏​အပြစ်များကြောင့်၊ ထိုသူသည် ရက်ပေါင်းများစွာ၊ အစာ​ရှောင်လေသဖြင့်၊ အစာမွတ်သိပ်သူတစ်ဦးဖြစ်၏။ သူ့ကို သင့်​အိမ်မှာ​လက်ခံ၍၊ ကျွေးမွေးရမည်။ သူသည်လည်း သင်နှင့် သင်၏​မိသားစုကို ကောင်းချီး​ပေးလိမ့်မည်။ ကိုယ်တော်ရှင်၏​ကောင်းချီး​မင်္ဂလာ​သည်လည်း သင်နှင့် သင်၏​မိသားစု​အပေါ်၌ ကိန်းဝပ်​တော်မူ​ပေလိမ့်မည်။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါသည် ကောင်းကင်​တမန်၏​အသံကို နာခံ၍ ငါ့အိမ်​ဆီသို့ ပြန်လာခဲ့၏။ ထိုနေရာသို့​သွားစဉ်တွင်၊ သင့်အိမ်၌ လက်ခံ​ရမည်ဟု ကောင်းကင်​တမန်​မြွက်ဆို​လေသော​သူကို တွေ့၏—ရှုဦးလော့၊ ထိုသူ​သည်ကား၊ ဘုရားသခင်၏​အမှုတော်များ​အကြောင်း သင်တို့ကို ပြောနေ​လေသည့် ဤလူပင်​ဖြစ်၏။

ထိုသူသည် သန့်ရှင်းသော​သူ​တစ်ဦး​ဖြစ်ကြောင်း၊ ကောင်းကင်​တမန်က ငါ့ကို မြွက်ဆို၏။ သို့ဖြစ်၍၊ ဘုရားသခင်၏​ကောင်းကင်​တမန်​မြွက်ဆိုခဲ့​သောကြောင့်၊ ထိုသူသည် သန့်ရှင်းသော​သူတစ်ဦး​ဖြစ်ကြောင်း ငါ​သိ၏။

၁၀ ထိုမှတစ်ဖန်၊ သူသက်သေခံလေသော​အရာများ​မှန်ကန်ကြောင်း ငါသိ၏။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ကိုယ်တော်ရှင်သည် အသက်​ရှင်တော်မူသည့်​အတိုင်း၊ ဤအရာတို့ကို ငါ့အား ထင်ရှားစွာ​ပြစေခြင်းငှာ၊ ထိုကဲ့သို့ပင်၊ သူ၏​ကောင်းကင်​တမန်ကို စေလွှတ်​တော်မူခဲ့၏။ ဤအမှုကို သူပြုလေ​သည်မှာ၊ ဤအယ်လမာ ငါ့အိမ်၌ နေထိုင်​စဉ်တွင်​ဖြစ်၏။

၁၁ အကြောင်းမူကား၊ ရှုလော့၊ သူသည် ငါ၏​မိသားစုကို ကောင်းချီး​ပေးလေ၏။ ငါနှင့် ငါ၏​မိန်းမများ၊ ငါ၏​သားသမီးများ၊ ငါ၏​အဘနှင့် ဆွေမျိုး​သားချင်းတို့ကိုလည်း ကောင်းချီး​ပေး၏။ အထူးသဖြင့်၊ ငါ၏​ခပ်သိမ်းသော ဆွေမျိုးတို့ကိုပင် သူကောင်းချီး​ပေး၍၊ ကိုယ်တော်ရှင်၏​ကောင်းချီး​မင်္ဂလာသည် သူမိန့်တော်မူသည့်​အတိုင်း ငါတို့​အပေါ်၌ ကိန်းဝပ်​တော်မူလေ၏။

၁၂ ယခုမူကား၊ အာမြူးလက်က ဤစကားများကို ပြောလေပြီးလျှင်၊ လူတို့သည် သူတို့​စွပ်စွဲခံရသည့် အမှုများ၊ ထို့အတူ၊ ဖြစ်လာမည့်အရာတို့အကြောင်းကို သူတို့​အထဲ​ရှိ​ပရောဖက်​ပြုဟောသော​ဝိညာဉ်​အတိုင်း သက်သေခံသူ သက်သေ​တစ်ဦးထက်​ပို၍​ရှိလေသည်ကို သိမြင်လျက်၊ အံ့ဩ​စပြု​ကြ၏။

၁၃ သို့သော်လည်း၊ ပြစ်မှုဟု ထင်ရဟန်​ရှိအောင်​ပြုနိုင်သော​အရာ၊ သို့မဟုတ် သူတို့​တစ်ဖက်​ရှိသက်သေ​အတိုင်း၊ ဥပဒေနှင့်​အညီ​တရား​စီရင်ခြင်း​ခံရ​စေခြင်းငှာ​လည်းကောင်း၊ သူတို့ ကွပ်မျက်ခံရနိုင်​စေခြင်းငှာ၊ သို့မဟုတ် ထောင်ထဲ၌ လှောင်ထား​ခံရနိုင်​စေခြင်းငှာ​လည်းကောင်း၊ စဉ်းလဲသော​အစီအမံများ​အားဖြင့် သူတို့၏​စကားများကို အကွက်​ဆင်ဖမ်း၍၊ သူတို့​တစ်ဖက်၌ သက်သေ​ရှာခြင်းငှာ သူတို့ကို မေးမြန်းရန် ကြံရွယ်သူ​အချို့ ထိုသူတို့၌​ရှိလေ၏။

၁၄ ယခုတွင်၊ သူတို့ကို ဖျက်ဆီးရန် ကြိုးစားအားထုတ်ကြသူတို့​သည်ကား၊ ရှေ့နေများ​ဖြစ်ကြပြီး၊ တရား​သူကြီးများရှေ့ ၌၊ ထိုသူတို့၏​အမှုစစ်ဆေးရာ​ကာလတွင်၊ သို့မဟုတ်၊ လူတို့၏ ပြစ်မှုများကို စစ်ဆေးရာ​ကာလတွင်၊ ဥပဒေကို စီမံဆောင်ရွက်​စေခြင်းငှာ လူတို့​ငှားရမ်းထားသော သို့မဟုတ်၊ ခန့်အပ်​ထားသော​သူများ​ဖြစ်ကြ၏။

၁၅ ယခုတွင်၊ ဤရှေ့နေတို့​သည်ကား၊ လူတို့၏​ပရိယာယ်ခပ်သိမ်းနှင့် စဉ်းလဲခြင်းတို့ကို သင်ယူ​ထားကြ၏။ ဤသို့​ပြုခြင်းမှာ သူတို့​အလုပ်၌ စွမ်းဆောင်နိုင်ရန် ကျွမ်းကျင်နိုင်​စေခြင်းငှာ​ဖြစ်၏။

၁၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် အာမြူးလက်ကို မေးမြန်း​စပြု၍၊ ထိုသို့​ပြုခြင်း​အားဖြင့်၊ သူ၏​စကားများနှင့် ဆန့်ကျင်​ဘက်ပြုနိုင်​စေခြင်းငှာ၊ သို့မဟုတ်၊ သူပြောမည့်​စကားများကို ရှေ့နောက်​မညီနိုင်​စေခြင်းငှာ​ပေတည်း။

၁၇ ယခုတွင်၊ သူတို့​အကြံအစည်များ​အကြောင်း အာမြူးလက်​သိနိုင်သည်ကို သူတို့​မသိကြ။ သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ သူ့ကို​မေးမြန်း​စပြု၍၊ သူတို့​အကြံကို သိမြင်၍၊ ဆိုလေသည်ကား၊ အို အသင် ဆိုးညစ်ပြီး၊ ဖောက်ပြန်သော​အမျိုးတို့၊ အသင် ရှေ့နေများနှင့် သူတော်​ကောင်းယောင်​ဆောင်သောသူတို့၊ သင်တို့သည် နတ်ဆိုး၏​အုတ်မြစ်ကို ချလျက်​ရှိကြပြီ။ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ သန့်ရှင်းသော​သူများကို ဖမ်းခြင်းငှာ ကျော့ကွင်းနှင့် ထောင်ချောက်ကို ချလျက်​ရှိကြပြီ။

၁၈ သင်တို့သည်၊ ဖြောင့်မတ်သော​သူ၏​လမ်းများကို မှောက်လှန်ရန် ကြံစည်လျက်​ရှိပြီး၊ ဤလူတို့ကို ရှင်းရှင်း​ပျက်စီးခြင်းသို့ ရောက်သည့်​တိုင်အောင်ပင်၊ ဘုရားသခင်၏​အမျက်တော်ကို သင်တို့​ဦးခေါင်းပေါ်သို့ ရောက်စေကြ​လေပြီ။

၁၉ ထိုမှတစ်ပါး၊ ငါတို့၏​နောက်ဆုံးသော ရှင်ဘုရင်​ဖြစ်သည့် မောဇိယသည် နိုင်ငံကို လွှဲအပ်တော့မည်​ပြုစဉ်က အပ်နှင်းရမည့်သူ တစ်ဦးမျှ​မရှိသောကြောင့်၊ ဤလူတို့ကို သူတို့​မဲဆန္ဒ​အားဖြင့် အုပ်ချုပ်စေဟု ကောင်းစွာ​ဆို၏—အမှန်စင်စစ်၊ ဤလူတို့၏​မဲဆန္ဒသည် ဒုစရိုက်ကို​ရွေးချယ်သည့်​အချိန်​ကျရောက်​လာလျှင်၊ ဆိုလိုသည်ကား၊ ဤလူတို့သည် လွန်ကျူးခြင်း​ထဲသို့ လဲကျသည့်​အချိန်​ကျရောက်​လာလျှင်၊ ဖျက်ဆီးခံရရန်​အချိန်​တန်ပြီဟု သူကောင်းစွာ​ဆိုခဲ့၏။

၂၀ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကိုယ်တော်ရှင်သည် သင်တို့၏​ဒုစရိုက်များကို ကောင်းစွာ​တရား​စီရင်​တော်မူ၏။ သူသည် ဤလူတို့ကို မိမိကောင်းကင်တမန်တို့၏​အသံ​အားဖြင့် ကောင်းစွာ​ဟစ်ကြော်​သည်ကား၊ သင်တို့​နောင်တရ​ကြလော့၊ နောင်တရ​ကြလော့၊ အကြောင်းမူကား၊ ကောင်းကင်​နိုင်ငံတော်​တည်လုနီးပြီ။

၂၁ ထိုမှတစ်ပါး၊ သူ၏​ကောင်းကင်​တမန်တို့၏​အသံ​အားဖြင့် ကောင်းစွာ​ဟစ်ကြော်​သည်ကား၊ ငါသည် လက်ထဲ၌ ဖြောင့်မှန်ခြင်းနှင့် တရားမျှ​တခြင်းတို့ဖြင့် ငါ၏​လူတို့၌ ဆင်းလာ​တော်မူမည်။

၂၂ ထိုမှတစ်ပါး၊ သင်တို့ကို ငါဆိုသည်မှာ၊ ယခု​အချိန်၌ ထိုပြည်တွင် ရှိလေသော ဖြောင့်မတ်​သူတို့၏​ဆုတောင်းခြင်းများကြောင့် မဟုတ်လေလျှင်၊ သင်တို့သည် ယခုမှာပင်၊ ရှင်းရှင်း​ဖျက်ဆီးခြင်းဖြင့် ဆုံးမခံရပေလိမ့်မည်။ ထိုအမှုသည် နောဧ​လက်ထက်က လူများကိုကဲ့သို့ ရေလွှမ်း​မိုးခြင်း​အားဖြင့်​မဟုတ်သော်လည်း၊ ငတ်မွတ်​ခေါင်းပါးခြင်းဘေး အားဖြင့်​လည်းကောင်း၊ ကာလ​နာဘေးနှင့် ဓားဘေးတို့​အားဖြင့်​လည်းကောင်း ဖြစ်ပေ​လိမ့်မည်။

၂၃ သို့ရာတွင်၊ ဖြောင့်မတ်သော​သူတို့၏ ဆုတောင်းခြင်းများကြောင့်၊ သင်တို့သည် ချမ်းသာရ၏။ ယခုတွင်၊ သင်တို့သည် ဖြောင့်မတ်သော​သူတို့ကို သင်တို့​အထဲမှ နှင်ထုတ်လျှင်​မူကား၊ ကိုယ်တော်ရှင်သည် မိမိလက်​တော်ကို မရုပ်သိမ်း​လတ္တံ့။ သို့ရာတွင်၊ သူ၏ ပြင်းစွာသော​အမျက်တော်ဖြင့်၊ သင်တို့​တစ်ဖက်၌ ကြွလာ​တော်မူ​လိမ့်မည်။ ထို့နောက်တွင်ကား၊ သင်တို့သည် ငတ်မွတ်​ခေါင်းပါးခြင်းဘေး​အားဖြင့်​လည်းကောင်း၊ ကာလ​နာဘေး​အားဖြင့်​လည်းကောင်း၊ ဓားဘေး​အားဖြင့်​လည်းကောင်း ဒဏ်ခတ်​တော်မူခြင်းကို ခံရလိမ့်မည်။ သင်တို့​နောင်တ​မရလျှင်၊ အချိန်​ကာလသည် မကြာမြင့်မီ​ရောက်​လုနီးပေပြီ။

၂၄ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ လူတို့သည် အာမြူးလက်ကို သာ၍​အမျက်​ထွက်ပြီး၊ ဟစ်အော်​ကြလေသည်ကား၊ ဤလူသည် ငါတို့၏​ဖြောင့်မတ်သော​ဥပဒေများနှင့် ငါတို့​ရွေးချယ်​ထားသည့် ငါတို့၏​ဉာဏ်ပညာရှိသော​ရှေ့နေများကို ဆန့်ကျင်၍ ကဲ့ရဲ့​ပြောဆို​လေပြီ။

၂၅ သို့ရာတွင်၊ အာမြူးလက်သည် လက်ကို ဆန့်ပြီး၊ သူတို့ကို သာ၍​ပြင်းထန်စွာ​အော်ဟစ်၍​ဆိုလေသည်ကား၊ အို အသင် ဆိုးညစ်ပြီး၊ ဖောက်ပြန်သော​အမျိုးတို့၊ စာတန်သည် သင်တို့​စိတ်နှလုံးကို အဘယ်ကြောင့်၊ ကြီးစွာ​လွှမ်းမိုးခြင်း​ရှိလေပြီနည်း။ သင်တို့သည် သင်တို့​ကိုယ်တိုင်ကို သူ့အား အဘယ်ကြောင့်၊ အရှုံး​ပေး၍၊ သင်တို့​မျက်စိများကို ကွယ်စေရန်၊ သင်တို့ကို သူအစိုး​ရ​နိုင်စေပြီး၊ အမှန်​တရား​ရှိသည့်​အတိုင်း​ပြောထား​လေသော ထိုစကားများကို နားမလည်နိုင်ဘဲ​ရှိစေ​လိမ့်မည်နည်း။

၂၆ အကြောင်းမူကား၊ ရှုလော့၊ ငါသည် သင်တို့၏​ဥပဒေကို ဆန့်ကျင်၍ သက်သေ​ခံလေ​သလော။ သင်တို့​နားမ​လည်ကြ။ ငါသည် သင်တို့၏​ဥပဒေကို ဆန့်ကျင်၍​ပြောလေပြီဟု သင်တို့​ဆိုကြ၏။ သို့ရာတွင်၊ ငါသည် ထိုသို့​မပြော၊ သင်တို့၏​ဥပဒေကို ထောက်မ၍​သာပြောလေသဖြင့်၊ သင်တို့ကို ပြစ်ဒဏ်​ချမှတ်ခြင်းသို့ ရောက်စေပြီ။

၂၇ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဤလူတို့အား ဖျက်ဆီးခြင်း၏ အုတ်မြစ်ကို သင်တို့​ရှေ့နေများနှင့် သင်တို့​တရား​သူကြီးများ၏​မတရားမှု​အားဖြင့် တည်​စပြုလျက်​ရှိပေပြီ။

၂၈ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အာမြူးလက်သည် ဤစကားများကို ပြောလေပြီးလျှင်၊ လူတို့သည် သူ့ကိုဆို၍ ဆန့်ကျင်​အော်ဟစ်လေ​သည်ကား၊ ယခုတွင်၊ ဤလူသည် နတ်ဆိုး၏​သားဖြစ်သည်ကို ငါတို့​သိပြီ။ အကြောင်းမူကား၊ သူသည် ငါတို့ကို မုသား​ပြော၏။ ငါတို့၏​ဥပဒေကို ဆန့်ကျင်၍ ပြောလေပြီ။ ယခုမူကား၊ သူဆန့်ကျင်၍​မပြောလေကြောင်း ဆို၏။

၂၉ ထိုမှတစ်ဖန်၊ သူသည် ငါတို့၏​ရှေ့နေများနှင့် ငါတို့၏​တရား​သူကြီးများကို ဆန့်ကျင်၍ ကဲ့ရဲ့​ပြောဆို​လေပြီ။

၃၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့ကို​ဆန့်ကျင်သည့် ဤအမှုများကို သူတို့​သတိရ​ကြရမည့်​အကြောင်း၊ သူတို့၏​စိတ်နှလုံးထဲသို့ ရှေ့နေတို့က သွင်း​ထားကြ၏။

၃၁ ထို့အတူ၊ သူတို့​အထဲ၌ ဇေဇရုမ်ဟု​အမည်ရှိသော သူတစ်ဦး​ရှိလေ၏။ ယခုတွင်၊ သူသည်ကား၊ အာမြူးလက်နှင့် အယ်လမာတို့ကို စွပ်စွဲရာတွင် ရှေ့ဆုံးက​ဖြစ်၍၊ သူတို့၌ အကျွမ်း​ကျင်ဆုံးသော​သူတို့မှ တစ်ဦး​ဖြစ်လျက်၊ လူတို့၌ ပြုစရာ​အမှုအရေး များစွာ​ရှိလေ၏။

၃၂ ယခုတွင်၊ ဤရှေ့​နေတို့၏ ရည်ရွယ်ချက်မှာ အကျိုး​အမြတ်​ရရန်​ဖြစ်၏။ သူတို့​အမှု​ဆောင်သည့်​အတိုင်း အကျိုး​အမြတ်ကို ရရှိကြ၏။