ကျမ်းစာများ
အယ်လမာ ၂၄


အခန်းကြီး ၂၄

လာမန်​အမျိုးသားတို့သည် ဘုရားသခင်၏​လူမျိုးတို့ကို ဆန့်ကျင်၍ တိုက်ခိုက်ကြ၏—အန္တိနီဖိုင်းလေဟိ​အမျိုးသားတို့သည် ခရစ်တော်၌​ရွှင်လန်း​ဝမ်းမြောက်လျက်၊ ကောင်းကင်​တမန်တို့က အကြည့်​အရှု​ကြွကြ၏—သူတို့သည် မိမိတို့ကိုယ်ကို ကာကွယ်မည့်​အစား သေခြင်းကို​ခံစားရန် ရွေးချယ်ကြ၏—သာ၍​များသော​လာမန်​အမျိုးသားတို့ ပြောင်းလဲကြ၏။ ဘီစီ ၉၀–၇၇ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာမြူလုန်​ပြည်နှင့် ဟေလမ်​ပြည်၌ ရှိလေသော​သူ၊ ယေရုရှလင်နယ်မြေ၊ အချုပ်​အားဖြင့် ခပ်သိမ်းသော ပတ်ဝန်းကျင်​ပြည်တို့၌ ရှိလေသောသူ၊ မပြောင်းလဲ​လေသဖြင့်၊ သူတို့​အပေါ်၌ အန္တိနီဖိုင်းလေဟိ​အမျိုးသား​အမည်ကို မခံယူလေသူ အာမလက်​လူများ၊ အာမြူလုန်​အမျိုးသားများနှင့် လာမန်​အမျိုးသား​များတို့သည် အာမလက်​လူများ​အားဖြင့်​လည်းကောင်း၊ အာမြူလုန်​အမျိုးသားများ​အားဖြင့်​လည်းကောင်း၊ သူတို့​ညီအစ်ကိုများကို ဆန့်ကျင်၍ အမျက်​ထွက်စေရန် နှိုးဆော် ခံရလေ၏။

သူတို့၏​အမုန်းတရား​သည်ကား၊ သူတို့၏​ရှင်ဘုရင်ကို ဆန့်ကျင်၍ ပုန်ကန်​စပြုသည်​အထိ​တိုင်အောင်​လည်းကောင်း၊ သူ့တို့၏​ရှင်ဘုရင်​အဖြစ် မရှိစေလိုသည့်​တိုင်အောင်​လည်းကောင်း၊ ပြောင်းလဲ​သူတို့​တစ်ဖက်၌ အလွန်​ပြင်းထန်​လာ၏။ ထို့ကြောင့်၊ သူတို့သည် အန္တိနီဖိုင်းလေဟိ​အမျိုးသားတို့ကို ဆန့်ကျင်၍ လက်နက်​စွဲကိုင်ကြ၏။

ယခုတွင် မင်းကြီးသည် နိုင်ငံကို သူ၏​သားသို့ အပ်နှင်း၍၊ သူ့ကို အန္တိနီဖိုင်းလေဟိဟု အမည်​ပေး၏။

လာမန်​အမျိုးသားတို့ ဘုရားသခင်၏​လူမျိုးတို့​တစ်ဖက်၌ စစ်တိုက်ခြင်း​အတွက် ပြင်ဆင်ခြင်းများ​အစ​ပြုသည့် ထိုနှစ်၌ပင်၊ မင်းကြီး​သေ၏။

ယခုတွင်၊ သူတို့၏ ညီအစ်ကိုတို့ကို ဖျက်ဆီးရန် လာမန်​အမျိုးသားတို့၏​ပြင်ဆင်ခြင်းများကို အမ္မုန်နှင့် သူ၏​ညီအစ်ကိုများ၊ ထို့အတူ၊ သူနှင့်​အတူ​လာခဲ့လေသည့်​သူများ​မြင်လျှင်၊ သူတို့သည် မိဒျန်​ပြည်သို့ ထွက်လာကြပြီး၊ ထိုအရပ်၌ အမ္မုန်သည် သူ၏​ညီအစ်ကို​အားလုံးကို တွေ့၏။ သူတို့သည် လာမန်​အမျိုးသားတို့​တစ်ဖက်တွင် မိမိတို့​ကိုယ်ကို ကာကွယ်ရန် အဘယ်သို့​ပြုရမည်ကို လာမောနိနှင့်၊ ထို့အတူ၊ သူ့အစ်ကို​အန္တိနီဖိုင်းလေဟိနှင့်လည်း တိုင်ပင်နိုင်ခြင်းငှာ၊ ထိုအရပ်မှ​နေ၍၊ ဣရှမေလ​ပြည်သို့ လာကြ၏။

ယခုတွင်၊ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲခဲ့လေသူခပ်သိမ်းတို့၌၊ သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်စွဲကိုင်မည့်သူ တစ်ယောက်မျှမရှိ။ မဟုတ်ပေ။ သူတို့သည် စစ်တိုက်ခြင်းအတွက် ပြင်ဆင်ခြင်းတစ်စုံတစ်ခုကိုပင် မပြုလိုကြ။ ထိုမှတစ်ပါး၊ သူတို့မပြုရမည့်အကြောင်း၊ သူတို့မင်းကြီးက အမိန့်ပေးခဲ့၏။

ယခုတွင်၊ ထိုအမှုနှင့်​စပ်လျဉ်း၍၊ လူတို့ကို ဆိုလေသည်ကား၊ ငါသည် ငါ၏​ဘုရားသခင်ကို ကျေးဇူး​တော်ချီး​မွမ်း၏။ ငါ၏​ချစ်​လှစွာသော လူမျိုးတို့၊ ငါတို့၏​ကြီးမြတ်​တော်မူသော ဘုရားသခင်သည် ကောင်းမြတ်ခြင်း​ရှိတော်မူ၍၊ ငါတို့ကို ဟောပြော​စေခြင်းငှာနှင့် ငါတို့၏​ဆိုးညစ်သော​ဘိုးဘေးတို့၏ နည်း​ဥပဒေသများ​အကြောင်း နားသွင်း​စေခြင်းငှာ ငါတို့၏​ဤညီအစ်ကို၊ နီဖိုင်း​အမျိုးသားတို့ကို ငါတို့ထံ စေလွှတ်​တော်မူ၏။

ရှုဦးလော့၊ ငါ၏​ကြီးမြတ်​တော်မူသော ဘုရားသခင်ကို ငါကျေးဇူးတော်​ချီးမွမ်း၍၊ သူသည် ငါတို့၏​စိတ်နှလုံးကို ပျော့ပျောင်း​စေခြင်းငှာ၊ သူ၏​ဝိညာဉ်တော်​တစ်စိတ်​တစ်ပိုင်းကို ငါတို့အား ပေးတော်မူသဖြင့်၊ ငါတို့သည် ဤညီအစ်ကို​နီဖိုင်း​အမျိုးသားတို့နှင့် ခင်မင်ရင်းနှီးသော​ဆက်ဆံရေးကို တည်ကြလေပြီ။

ရှုဦးလော့၊ ငါ၏​ဘုရားသခင်ကိုလည်း ငါကျေးဇူးတော်​ချီးမွမ်း၍ ဤခင်မင်ရင်း​နှီးသော ဆက်ဆံရေးကို တည်ခြင်း​အားဖြင့် ငါတို့၏​အပြစ်များ​အကြောင်းနှင့် ငါတို့ ကျူးလွန်​လေသည့် လူ့အသက်ကို​သတ်ခြင်း များစွာတို့​အကြောင်း နားသွင်းခြင်းကို ငါတို့​ခံရလေပြီ။

၁၀ ထို့အတူ၊ ငါ၏​ဘုရားသခင်ကိုလည်း၊ အမှန်စင်စစ်၊ ငါ၏ ကြီးမြတ်​တော်မူသော​ဘုရားသခင်ကို ငါကျေးဇူးတော်​ချီးမွမ်း​သည်ကား၊ ငါတို့အား ဤအမှုများမှ နောင်တရနိုင်​စေကြောင်း သူအခွင့်​ပေးတော်မူမည့်​အကြောင်း၊ ငါတို့​ကျူးလွန်လေသည့် ထိုများစွာသော​အပြစ်များနှင့် လူ့​အသက်ကို​သတ်ခြင်းတို့မှလည်း ငါတို့ကို သူ​ခွင့်​လွှတ်လေ၍၊ အပြစ်​ရောက်ခြင်းကို သူ့သားတော်၏ ကောင်းမှုများ​အားဖြင့် ငါတို့​စိတ်နှလုံးမှ​ဖယ်ရှား​တော်မူမည့်​အကြောင်း​ပေတည်း။

၁၁ ယခုမူကား၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ ထိုအမှု​သည်ကား၊ (ငါတို့သည် ခပ်သိမ်းသော လူသားတို့၌ ပျောက်ဆုံးရာသို့ အရောက်​ဆုံးသော​သူများ ဖြစ်သောကြောင့်) ငါတို့​ကျူးလွန်​ပြီးလေသည့် ငါတို့၏ ခပ်သိမ်းသော​အပြစ်များနှင့် လူ့အသက်​သတ်ခြင်း​များစွာတို့မှ နောင်တရခြင်းငှာ​လည်းကောင်း၊ ၎င်းတို့ကို ငါတို့​စိတ်နှလုံးမှ ဘုရားသခင်​ဖယ်ရှား​တော်မူစေခြင်းငှာ​လည်းကောင်း ငါတို့​ပြုနိုင်​သမျှသော​အမှု ဖြစ်လေ၏။ အကြောင်းမူကား၊ ထိုအမှုမှာ ဘုရားသခင်ရှေ့ ၌ ပြည့်စုံစွာ​နောင်တရရန် ငါတို့​ပြုနိုင်သမျှသော​အမှု​ဖြစ်လေ၍၊ သူသည် ငါတို့၏​အစွန်း​အထင်းများကို ဖယ်ရှား​တော်မူလိမ့်မည်—

၁၂ ယခုတွင်၊ ငါ၏​အချစ်ဆုံး​ညီအစ်ကိုတို့၊ ငါတို့၏​အစွန်း​အထင်းများကို ဘုရားသခင် ဖယ်ရှား​တော်မူ​လေသဖြင့်၊ ငါတို့၏​ဓားများ တောက်ပြောင်၍​လာလေပြီ။ ထို့နောက်တွင်ကား၊ ငါတို့၏​ဓားများကို ငါတို့​ညီအစ်ကိုတို့၏​အသွေးနှင့် မစွန်းထင်း​စေကြတော့အံ့။

၁၃ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏၊ ငါတို့၏ ဓားများကို ငါတို့​ညီအစ်ကိုတို့၏​အသွေးနှင့် မစွန်းထင်း​စေခြင်းငှာ၊ ထိန်းသိမ်း​ထားကြကုန်အံ့။ အကြောင်းမူကား၊ ငါတို့၏​ဓားများကို ငါတို့​တစ်ဖန်​စွန်းထင်း​စေကြလျှင်၊ ငါတို့​အပြစ်များ၏ အပြစ်ဖြေခြင်းမင်္ဂလာ​အတွက် သွန်းလောင်း​တော်မူမည့် ခရစ်တော်၏ အသွေးတော်​အားဖြင့် တောက်ပြောင်အောင် မဆေးကြောနိုင်​တော့။

၁၄ ထို့အတူ၊ ကြီးမြတ်​တော်မူသော ဘုရားသခင်သည် ငါတို့ကို ကရုဏာထား​တော်မူလေ၍၊ မပျက်စီးနိုင်ကြ​စေခြင်းငှာ ဤအမှုများကို ငါတို့အား ဖော်ပြ​တော်မူလေပြီ။ ထိုမှတစ်ပါး၊ သူသည် ငါတို့၏​သားသမီးများကို ချစ်သကဲ့သို့ ငါတို့၏​ဝိညာဉ်များကို ချစ်တော်မူသောကြောင့်၊ ဤအမှုများကို ငါတို့အား ကြိုတင်၍ဖော်ပြ​တော်မူလေပြီ။ ထို့ကြောင့်၊ ကယ်တင်ခြင်း​အစီအစဉ်ကို အနာဂတ်​မျိုးဆက်တို့ကို​ကဲ့သို့ ငါတို့ကို ဖော်ပြ​တော်မူခြင်းငှာ၊ သူ၏​ကရုဏာတော်၌ သူ၏ ကောင်းကင်​တမန်တို့ အားဖြင့် ငါတို့ထံ အကြည့်​အရှု ကြွတော်မူ၏။

၁၅ အို၊ ငါတို့၏​ဘုရားသခင်သည် ကရုဏာကြီးလှပေစွတကား။ ယခုမူကား၊ ရှုလော့။ ငါတို့သည် အစွန်း​အထင်းများကို ငါတို့ထံမှ ဖယ်ရှားလျက်၊ ငါတို့၏​ဓားများကို တောက်ပြောင်​စေခြင်းငှာ၊ တတ်နိုင်သမျှ ပြုလေသဖြင့်၊ သူ၏​နှုတ်ကပတ်တော်ကို ငါတို့ထံ ပေးတော်မူ၍၊ ငါတို့ကို သန့်ရှင်းစေ​တော်မူပြီး​ကတည်းက ငါတို့သည် ငါတို့၏​ဓားများကို ငါတို့​ညီအစ်ကိုတို့၏ အသွေးဖြင့် မစွန်းထင်း​စေခဲ့၍၊ နောက်ဆုံးသော​နေ့၌၊ သို့မဟုတ်၊ တရား​စီရင်ခံရစေရန်၊ သူ့ရှေ့၌ ရပ်ရန် ဆောင်ယူ ခံရမည့်​နေ့၌ ငါတို့၏ဘုရားသခင်ထံသို့ သက်သေ​အဖြစ် ထိုဓားများကို ဆက်၍​တောက်ပြောင်​စေခြင်းငှာ၊ ဝှက်ထား​ကြကုန်အံ့။

၁၆ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ ငါတို့၏​ညီအစ်ကိုတို့က ငါတို့ကို ဖျက်ဆီးဖို့ ကြိုးစားကြ​သော်လည်း၊ ရှုလော့၊ ငါတို့၏​ဓားများကို ငါတို့​ဝှက်ထားကြမည်။ အထူးသဖြင့်၊ ငါတို့သည် ထိုဓားများကို အဘယ်တော့မျှ​မသုံး၍၊ နောက်ဆုံးသော​နေ့၌ သက်သေ​အဖြစ် ဆက်၍​တောက်ပနိုင်​စေခြင်းငှာ၊ မြေကြီးထဲ၌ နက်စွာ​မြှုပ်​ထားကြမည်။ ငါတို့၏​ညီအစ်ကိုများက ငါတို့ကို ဖျက်ဆီးဖို့ ကြိုးစားကြလျှင်လည်း၊ ရှုလော့၊ ငါတို့သည် ငါတို့၏​ဘုရားသခင်ထံသို့ သွား၍ ကယ်တင်ခြင်းသို့ ရောက်ကြ​လိမ့်မည်။

၁၇ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ မင်းကြီးသည် ဤစကားများကို လက်​စသတ်​ပြီးလေလျှင်၊ ခပ်သိမ်းသောလူတို့သည် အတူတကွ စည်းဝေးလေ၏။ လူ၏​အသွေးကို သွန်းလောင်းရာ၌ အသုံး​ပြုသည့် သူတို့၏​ဓားများနှင့် ခပ်သိမ်းသော​လက်နက်များကို​ယူ၍၊ မြေကြီးထဲ၌ နက်စွာ​မြှုပ်ကြ၏။

၁၈ ထို့အတူ၊ ဤအမှုကို သူတို့​ပြုခဲ့သည်ကား၊ လူ၏​အသွေးကို သွန်းလောင်းခြင်း​အတွက် လက်နက်ကို သူတို့​အဘယ်တော့မျှ တစ်ဖန်​အသုံး​ပြုတော့မည်​မဟုတ်ကြောင်း၊ ဘုရားသခင်ထံသို့​လည်းကောင်း၊ လူသားများထံသို့​လည်းကောင်း၊ သူတို့​အမြင်၌ သက်သေ​အဖြစ် ရှိလေသောကြောင့်​ပင်တည်း။ ထို့အတူ၊ သူတို့သည် မိမိတို့​ညီအစ်ကိုများ၏ အသွေးကို သွန်းလောင်းမည့်​အစား၊ မိမိတို့ကိုယ်တိုင်၏​အသက်ကို စွန့်လွှတ်မည့်​အကြောင်း၊ ညီအစ်ကို​ထံမှ သိမ်းယူ​သွားမည့်​အစား၊ ပေးကမ်းမည့်​အကြောင်း၊ သူတို့​အသက်​တာကို ပျင်းရိခြင်းဖြင့် ဖြုန်းတီးမည့်​အစား၊ မိမိတို့​လက်ဖြင့် ကြိုးစား၍ အလုပ်လုပ်ကြမည့်​အကြောင်း၊ အာမခံလျက်၊ ဘုရားသခင်နှင့် ပဋိညာဉ်​ပြုလျက် ဤအမှုကို ပြုကြ၏။

၁၉ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြသည်မှာ၊ ဤလာမန်​အမျိုးသားတို့သည် သမ္မာ​တရားကို ယုံကြည်ပြီး​သိရာသို့ ဆောင်ခြင်းကို ခံရ၍၊ ခိုင်မာသဖြင့်၊ အပြစ်ကို ကျူးလွန်မည့်​အစား၊ သေခြင်းသို့​တိုင်အောင်ပင် ခံစား​လိုကြကြောင်း​ပေတည်း။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်​ကြသည်မှာ၊ သူတို့သည် ငြိမ်းချမ်းခြင်း​အတွက် လက်နက်များကို မြေမြှုပ်ကြ၊ သို့မဟုတ်၊ ငြိမ်းချမ်းခြင်း​အတွက် စစ်တိုက်ရာ​လက်နက်များကို မြေမြှုပ်​ကြကြောင်း​ပေတည်း။

၂၀ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့၏​ညီအစ်ကို၊ လာမန်​အမျိုးသားတို့သည် စစ်တိုက်ရာ​အတွက် ပြင်ဆင်ခြင်းများကို ပြုခဲ့ကြပြီး၊ မင်းကြီးကို ဖျက်ဆီးခြင်းဟူသော ကြံရွယ်ချက်​အတွက်​လည်းကောင်း၊ သူ၏​နေရာ၌ တခြားသူ​ကို ခန့်အပ်ခြင်းငှာ​လည်းကောင်း၊ အန္တိနီဖိုင်းလေဟိ​လူမျိုးတို့ကိုလည်း ထိုပြည်မှ ဖျက်ဆီးခြင်းငှာ​လည်းကောင်း နီဖိုင်းပြည်သို့ တက်လာ​ကြလေ၏။

၂၁ ယခုတွင်၊ လူတို့သည် မိမိတို့​တစ်ဖက်၌ ထိုသူတို့​လာနေကြသည်ကို မြင်ရလျှင်၊ ရင်ဆိုင်ရန် ထွက်လာပြီး၊ ထိုသူတို့ရှေ့၌ မိမိတို့​ကိုယ်ကို မြေကြီးသို့ မှောက်၍၊ ကိုယ်တော်ရှင်၏​နာမတော်ကို ပဌနာ​ပြုခြင်းငှာ အစ​ပြုကြ၏။ လာမန်​အမျိုးသားတို့က သူတို့ကို တိုက်ခိုက်ခြင်းငှာ အစ​ပြု၍၊ ဓားနှင့် ကွပ်မျက်ရန်​အစ​ပြုသော​အချိန်တွင် ဤကဲ့သို့သော ကိုယ်နေ​ဟန်ထားဖြင့် သူတို့​ရှိလေ၏။

၂၂ ထိုကဲ့သို့​အားဖြင့်၊ ခုခံခြင်း​တစ်စုံ​တစ်ရာကို မတွေ့ရဘဲနှင့် သူတို့​အထဲမှ တစ်ထောင်နှင့် ငါးဦးကို ကွပ်မျက်ကြ၏။ သူတို့​ကောင်းချီး​ခံစားရသည်​ကိုလည်း ငါတို့​သိ၏။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်နှင့် အတူ​နေထိုင်ခြင်းငှာ သွားကြလေပြီ။

၂၃ ယခုတွင်၊ လာမန်​အမျိုးသားတို့သည် မိမိတို့​ညီအစ်ကိုများ ဓားဘေးမှ ထွက်၍​မပြေး၊ လက်ယာဘက် သို့မဟုတ် လက်ဝဲဘက်သို့ မလွှဲ​မရှောင်ကြဘဲ၊ လှဲချ၍ ပျက်စီးလျက်၊ ဓားဘေး​အောက်၌ အမှန်​ပျက်စီးကြလျက်ပင်၊ ဘုရားသခင်အား ချီးမွမ်းကြသည်ကို တွေ့မြင်ကြလျှင်—

၂၄ ယခုတွင်၊ လာမန်​အမျိုးသားတို့သည် ဤအမှုကို မြင်ကြသော​အခါ၊ ကွပ်မျက်ခြင်းကို ရှောင်ကြဉ်ကြ၏။ ဓားဘေးအောက်၌ ကျဆုံးလေသည့် မိမိတို့​ညီအစ်ကိုများ​အတွက် စိတ်နှလုံး​ဝမ်းနည်းသူ များစွာရှိ၏။ အကြောင်းမူကား၊ သူတို့သည် ပြုလေသည့် အမှုများမှ နောင်တရကြ၏။

၂၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့၏ စစ်တိုက်ရာ​လက်နက်များကို ပစ်ချပြီး၊ တစ်ဖန်​ပြန်၍ မယူလိုကြတော့။ အကြောင်းမူကား၊ သူတို့သည် မိမိတို့​ကျူးလွန်လေသည့် လူ့အသက်​သတ်ခြင်းများကြောင့် နာကြည်းလေ၏။ ကွပ်မျက်ရန် လက်ကို​မြှောက်လေ​သူတို့၏ ကရုဏာများ အပေါ်​မှီခိုနေသည့် သူတို့​ညီအစ်ကိုများ​ကဲ့သို့ပင် ဆင်းလာကြ၏။

၂၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထို့နေ့တွင်၊ ဘုရားသခင်၏​လူမျိုးတို့ ပူးပေါင်းလေ​သည်ကား၊ ကွပ်မျက်​ခံရလေသူ​အရေ​အတွက်​ထက်ပင် သာ၍​များ၏။ ကွပ်မျက်​ခံရလေ​သူတို့သည် ဖြောင့်မတ်သော​လူမျိုးများ​ဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်းသို့ သူတို့ ရောက်ကြ​သည်ကို ယုံမှား​သံသယ​ဖြစ်စရာ​အကြောင်း ငါတို့၌​မရှိ။

၂၇ ထို့အတူ၊ ကွပ်မျက်​ခံရသူတို့၌ ဆိုးညစ်သော​သူတစ်ဦးမျှ မရှိ။ သို့ရာတွင်၊ သမ္မာ​တရားကို သိခြင်းသို့ ဆောင်ခြင်း​ခံရသူများမှာ၊ တစ်ထောင်ထက်​ပို၏။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြ​သည်မှာ၊ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ကို ကယ်တင်ခြင်း​အတွက် များစွာသော နည်းလမ်းတို့ဖြင့် ပြုတော်မူကြောင်း​ပေတည်း။

၂၈ ယခုတွင်၊ သူတို့​ညီအစ်ကိုများမှ အလွန်​များစွာသော​သူတို့ကို ကွပ်မျက်သည့်​လာမန်​အမျိုးသားတို့၏ အများဆုံးသော အရေ​အတွက်​သည်ကား၊ အာမလက်​လူများနှင့်၊ အာမြူလုန်​အမျိုးသားတို့ ဖြစ်၏။ သူတို့မှ အများဆုံးသော​အရေ​အတွက်​သည်ကား၊ နေဟော​နောက်လိုက်များ၏​အသင်း​အတိုင်း ရှိကြ၏။

၂၉ ယခုတွင်၊ ကိုယ်တော်ရှင်၏​လူမျိုးတို့နှင့် ပူးပေါင်းသူတို့၌ အာမလက်လူ၊ သို့မဟုတ်၊ အာမြူလုန်​အမျိုးသား၊ သို့မဟုတ်၊ နေဟော၏​အသင်း​အတိုင်း​ရှိလေသူ တစ်ဦးမျှ​မရှိဘဲ၊ လာမန်နှင့် လေမွေလတို့၏ အမျိုးအနွယ်​အစစ်အမှန်များ ဖြစ်လေ၏။

၃၀ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​ရှင်းလင်းစွာ ပိုင်းခြား၍သိမြင်နိုင်ကြ​သည်မှာ၊ လူတို့သည် ဘုရားသခင်၏​ဝိညာဉ်တော်​အားဖြင့်၊ အလင်းသို့ တစ်ခါ​ရောက်၍၊ ဖြောင့်မတ်ခြင်းနှင့်​စပ်ဆိုင်သည့် အရာတို့​အကြောင်း ကြီးစွာသော​အသိပညာကို ရရှိလေပြီးမှ၊ အပြစ်နှင့် လွန်ကျူးခြင်းထဲသို့ ရွေ့လျော့​ဖောက်ပြန်လျှင်၊ ပို၍​မာကျော​လာလျက်၊ ထိုကဲ့သို့​အားဖြင့်၊ သူတို့၏​အခြေ​အနေသည် ဤအရာတို့ကို မသိဖူးလေ​သည်ထက်​သာ၍ ဆိုးလာကြောင်း​ပေတည်း။