ကျမ်းစာများ
အယ်လမာ ၆


အခန်းကြီး ၆

ဇရဟင်မလပြည်ရှိ​အသင်းတော်သည် သန့်စင်၍၊ အစီအစဉ်​တကျ ဖွဲ့စည်းထား၏—အယ်လမာသည် ဟောပြောခြင်းငှာ ဂိဒေါင်ပြည်သို့ သွား၏။ ဘီစီ ၈၃ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဇရဟင်မလ​မြို့၌ တည်ထောင်သည့် အသင်းတော်မှ​လူတို့အား ပြောဆိုခြင်းကို လက်စသတ်လေပြီးနောက်၊ အသင်းတော်ကို ဦးစီးခြင်းငှာနှင့် ကြည့်ရှု​စောင့်ရှောက်ခြင်းငှာ ဘုရားသခင်၏​အသင်းအတိုင်း မိမိလက်ကို​တင်၍ ယဇ်ပုရောဟိတ်များနှင့် အသင်း​လူကြီးများကို ခန့်ထား၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မိမိတို့​အပြစ်များမှ နောင်တရသော၊ အသင်းတော်နှင့် မဆိုင်သော သူ​မှန်သမျှတို့သည် နောင်တရခြင်း​အလို့ငှာ၊ ဗတ္တိဇံခံ၍ အသင်းတော်ထဲသို့ လက်ခံသည်ကို ခံရ၏။

ဤသို့အားဖြင့်လည်း​အချိန်တန်​လာသော​အခါ၊ သူတို့၏​ဆိုးညစ်ခြင်းများမှ​နောင်တမရဘဲ၊ ဘုရားသခင်ရှေ့ ၌ သူတို့ကိုယ်သူတို့ မနှိမ့်ချသော အသင်းတော်နှင့် ဆိုင်သောသူ​မှန်သမျှသည်—ငါဆိုလို​သည်ကား၊ မိမိမာနစိတ်နှလုံးဖြင့် ဘဝင်မြင့်သော​သူတို့သည် ငြင်းပယ်​ခံရ၍—အမည်များကို ပယ်ဖျောက်​ခံရ၍ သူတို့​အမည်များသည် ဖြောင့်မတ်သော​သူတို့၏​အမည်များ၌ ရေတွက်မ​ခံရ။

ထိုကဲ့သို့​အားဖြင့်၊ ဇရဟင်မလမြို့ ၌ အသင်းတော်၏ အသင်းကို သူတို့​တည်ထောင်​စပြုကြ၏။

ယခုတွင်၊ ဘုရားသခင်၏​နှုတ်ကပတ်တော်သည် ခပ်သိမ်းသော​သူတို့ကို စေတနာ​စိတ်ရှိ၍၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ကြားနာရန် သူတို့​ကိုယ်သူတို့အတူတကွ စည်းဝေးခြင်းအထူးအခွင့်​အရေးမှ ဖယ်ရှားခြင်းကို အဘယ်သူမျှ မခံရကြောင်း သင်တို့​နားလည်ကြစေရန် ငါအလို​ရှိ၏။

အဘယ်သို့ပင်​ဖြစ်စေ၊ ဘုရားသခင်၏သားသမီးတို့သည် သူတို့ကိုယ်​သူတို့ အကြိမ်ကြိမ် အတူတကွ​စုဝေး၍၊ ဘုရားသခင်ကို သိခြင်း​မရှိသော​သူတို့၏​စိတ်ဝိညာဉ်​ကောင်းကျိုး​အတွက် အစာ​ရှောင်ခြင်းနှင့် အားကြီးသော​ဆုတောင်းခြင်းတို့ဖြင့် ပေါင်းဆုံရမည့်​အကြောင်း မိန့်မှာ​ခံရ၏။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဤစည်းမျဉ်းတို့ကို ပြုပြီးလေလျှင်၊ ထိုသူတို့ထံမှ၊ အထူးသဖြင့်၊ ဇရဟင်မလမြို့ ၌​ရှိသော အသင်းတော်မှ ထွက်ခွာ​သွားပြီး၊ ဇိဒုန်မြစ်၏​အရှေ့အရပ်ရှိ၊ ဂိဒေါင်​ချိုင့်ဝှမ်းသို့​သွား၍၊ နေဟော၏​လက်အားဖြင့်၊ ဓားနှင့်​ကွပ်မျက်ခြင်း​ခံရလေသည့်​လူ၏ အမည်​အတိုင်းခေါ်သည့်၊ ဂိဒေါင်ဟု​ခေါ်သည့်​ချိုင့်ဝှမ်း၌ ဂိဒေါင်မြို့ကို တည်ဆောက်လျက်​ရှိ၏။

ဂိဒေါင်ချိုင့်ဝှမ်း၌ တည်ထောင်ထားသော အသင်းတော်သို့ အယ်လမာ​သည်လည်း ဘုရားသခင်၏​နှုတ်ကပတ်တော်ကို မိမိဘိုးဘေးတို့​ပြောထားလေသည့် စကား၏​မှန်ကန်ခြင်း​အကြောင်း ဗျာဒိတ်​အတိုင်းနှင့်၊ သူ၏​လူမျိုးတို့ကို သူတို့၏​အပြစ်များမှ ရွေးနှုတ်ခြင်းငှာ ကြွလာတော်မူမည့် ဘုရားသခင်၏​သားတော်​ယေရှုခရစ်တော်၏ သက်သေခံချက်​အတိုင်း သူ့၌​ရှိသော ပရောဖက်​ပြုဟောသော​ဝိညာဉ်နှင့် သူ့ကို ခေါ်တော်မူသည့် သန့်ရှင်းသော​အသင်း​အတိုင်း ဟောကြား​စပြု၏။ ဤမျှအထိ ရေးထား၏။ အာမင်။