ကျမ်းစာများ
အယ်လမာ ၃၁


အခန်းကြီး ၃၁

အယ်လမာသည် ဖောက်ပြန်​သင်းကွဲသော ဇော်ရမ်​အမျိုးသားတို့ကို ပြန်လည်​ခေါ်ဆောင်ခြင်းငှာ၊ သာသနာ​ပြုခြင်းကို ဦးဆောင်၏—ဇော်ရမ်​အမျိုးသားတို့သည် ခရစ်တော်ကို ငြင်းပယ်ကြ၏၊ မှားသော ရွေးကောက်ခြင်း အယူအဆကို ယုံကြည်ကြ၏၊ အသေမှတ်ထားသော ဆုတောင်းခြင်းများဖြင့် ကိုးကွယ်ကြ၏—သာသနာပြုများသည် သန့်ရှင်းသော​ဝိညာဉ်တော်နှင့် ပြည့်ကြ၏—သူတို့၏​ဆင်းရဲ​ဒုက္ခများကို ခရစ်တော်၌ ဝမ်းမြောက်ခြင်းက လွှမ်းမိုး၏။ ဘီစီ ၇၄ ခန့်။

ယခုတွင်​အချိန်တန်​လာသော​အခါ၊ ကော်ရိဟော​သေပြီးနောက်၊ ဇော်ရမ်​အမျိုးသားတို့သည် ကိုယ်တော်ရှင်၏​လမ်းစဉ်များကို မှောက်လှန်နေသည်၊ သူတို့၏ ခေါင်းဆောင်​ဖြစ်လေသူ ဇော်ရမ်သည်လည်း လူတို့၏​စိတ်နှလုံးကို စကား​မပြောနိုင်သည့် ရုပ်တုတို့အား ဦးညွှတ်ပျပ်ဝပ်စေရန် ပို့ဆောင်နေသည်ဟူသော​သတင်းစကားကို ရရှိသည့် အယ်လမာသည်၊ လူတို့၏ ဒုစရိုက်ကြောင့်၊ သူ၏စိတ်နှလုံး တစ်ဖန် ဝမ်းနည်း​စပြု၏။

အကြောင်းမူကား၊ ထိုအရာမှာ အယ်လမာ​အတွက်၊ မိမိလူတို့၌ ရှိသည့် ဒုစရိုက်​အကြောင်းကို သိရခြင်းမှာ၊ ကြီးစွာသော​ဝမ်းနည်းခြင်း၏ အကြောင်းရင်း​ဖြစ်၏။ ထို့ကြောင့်၊ နီဖိုင်း​အမျိုးသားတို့ထံမှ ဇော်ရမ်​အမျိုးသားတို့​ကွဲကွာခြင်းကြောင့် သူ၏စိတ်နှလုံးသည် အလွန်​ဝမ်းနည်း၏။

ယခုတွင်၊ ဇော်ရမ်​အမျိုးသားတို့သည် ဇရဟင်မလ​ပြည်၏ အရှေ့​အရပ်၌​ရှိသော၊ ပင်လယ်​ကမ်းနား၌ နယ်နိမိတ်​ပိုင်းခြား​လုနီးပါး​ဖြစ်နေသော၊ ယေရှုန်​ပြည်၏​တောင်ဘက်၊ လာမန်​အမျိုးသားတို့နှင့် ပြည့်လျက်​ရှိသည့် တောရိုင်း​ဖြစ်သော တောင်ဘက်​တောရိုင်း၌ နယ်​နိမိတ်​ပိုင်းခြားနေသော အန္တိယောနုံဟု သူတို့​ခေါ်သည့်​ပြည်၌ သူတို့ကိုယ်​သူတို့ အတူတကွ စုဝေး​ကြလေ၏။

ယခုတွင်၊ နီဖိုင်းအမျိုးသားတို့သည် ဇော်ရမ်​အမျိုးသားတို့နှင့် လာမန်​အမျိုးသားတို့ ခင်မင်ရင်းနှီးသော​ဆက်ဆံရေး ရှိလာမည်ကို​လည်းကောင်း၊ ထိုအမှုမှာ နီဖိုင်း​အမျိုးသားတို့​ဘက်၌ ကြီးစွာသော​ဆုံးရှုံးခြင်း၏ အကြောင်း ဖြစ်လာမည်ကို​လည်းကောင်း ကြီးစွာ​စိုးရိမ်ကြ၏။

ယခုမူကား၊ နှုတ်ကပတ်တော်ကို ဟောပြောခြင်းမှာ လူတို့အား ဖြောင့်မှန်သော​အရာကို ပြုစေခြင်းငှာ၊ ပို့ဆောင်ရန် ကြီးစွာသော ဖြစ်နိုင်​ခြေရှိလေ၏—ထိုမှတစ်ပါး၊ ထိုအမှု​သည်ကား၊ လူတို့၏​စိတ်အပေါ် ၌၊ ဓားသို့မဟုတ်၊ သူတို့ထံသို့ ဖြစ်ပျက်လေသည့် အခြား​အရာ​တစ်စုံ​တစ်ခုထက် သာ၍​အားကြီးသော အကျိုး​ရလဒ် ရှိလေ၏—ထို့ကြောင့်၊ အယ်လမာသည် ဘုရားသခင့်​နှုတ်ကပတ်တော်၏ တန်ခိုးတော်ကို မိမိတို့​စုံစမ်းရန် သင့်လျော်​ပေ၏ဟု ဆင်ခြင်၏။

ထို့ကြောင့်၊ သူသည် အမ္မုန်၊ အာရုန်နှင့် ဩမနာတို့ကို ခေါ်ခဲ့၏။ ဟိမနိကို ဇရဟင်မလ​ပြည်ရှိ အသင်းတော်၌ ချန်ထားခဲ့၏။ သို့ရာတွင်၊ ရှေ့လူ​သုံးဦးနှင့်​အတူ၊ မိလက်​ပြည်၌​ရှိသည့် အာမြူးလက်နှင့် ဇေဇရုမ်ကိုလည်း သူနှင့်​အတူ ခေါ်ခဲ့၏။ ထို့အတူ၊ သူ၏​သားများမှ နှစ်ယောက်ကိုလည်း ခေါ်ခဲ့၏။

ယခုတွင်၊ သူ၏​သားများမှ အကြီး​ဆုံးကို သူနှင့်​အတူ၊ ခေါ်သွားခြင်း​မရှိခဲ့။ ထိုသူ၏​အမည်မှာ ဟေလမန်​ဖြစ်၏။ သူနှင့်​အတူ ခေါ်သွားခဲ့သော​သူတို့၏​အမည်များကား၊ ရှိဗလုန်နှင့် ကော်ရန်တန်တို့ ဖြစ်၏။ ဤအရာတို့​သည်ကား၊ ဇော်ရမ်​အမျိုးသားတို့ထံ နှုတ်ကပတ်တော်ကို ဟောပြောခြင်းငှာ သူနှင့်အတူ သွားခဲ့​သူတို့၏​အမည်များ​ပေတည်း။

ယခုတွင်၊ ဇော်ရမ်​အမျိုးသားတို့​သည်ကား၊ နီဖိုင်း​အမျိုးသားတို့နှင့်​သဘော​ကွဲလွဲသူများ ဖြစ်လေ၏။ ထို့ကြောင့်၊ သူတို့၌ ဟောပြော​ထားလေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် ရှိလေ၏။

သို့ရာတွင်၊ သူတို့သည် ကြီးစွာသော မှားယွင်းမှုများ​ထဲသို့ လဲကျလေပြီ။ အကြောင်းမူကား၊ ဘုရားသခင်၏ ပညတ်တော်များနှင့်၊ ထုံး​ဥပဒေသများကို မောရှေ၏​ပညတ်တရား​အတိုင်း စောင့်ထိန်းရန် အားထုတ်​လိုခြင်း မရှိကြ။

၁၀ သွေးဆောင်​ဖြားယောင်းခြင်းထဲသို့ မဝင်​နိုင်စေခြင်းငှာ၊ ဘုရားသခင်ထံသို့ နေ့စဉ် ဆုတောင်းခြင်းနှင့် ပဌနာပြုခြင်းတို့၌ အဆက်​မပြတ်​ရှိနေစေရန် အသင်းတော်၏​စီရင်ခြင်းများကို ကျင့်စောင့်​လိုခြင်းလည်း မရှိကြ။

၁၁ ထိုမှတစ်ပါး၊ အချုပ်အားဖြင့်၊ သူတို့သည် ကိုယ်တော်ရှင်၏​လမ်းစဉ်များကို အလွန်​ကြိမ်ဖန်များစွာ မှောက်လှန်ကြ၏။ ထို့ကြောင့်၊ ဤအကြောင်းရင်းကြောင့်၊ အယ်လမာနှင့် သူ၏​ညီအစ်ကိုတို့သည် သူတို့အား နှုတ်ကပတ်တော်ကို ဟောပြောခြင်းငှာ၊ ထိုပြည်ထဲသို့ သွားကြ၏။

၁၂ ယခုတွင်၊ သူတို့သည် ထိုပြည်ထဲသို့ ရောက်လာလေလျှင်၊ ရှုလော့၊ ဇော်ရမ်​အမျိုးသားတို့ တရားဇရပ်များ ဆောက်လေသည်ကို​လည်းကောင်း၊ ကိုယ်တော်ရှင်၏​နေ့ဟု သူတို့​ခေါ်သည့်၊ သီတင်း​ပတ်၏​နေ့တစ်နေ့တွင် သူတို့ကိုယ်​သူတို့​အတူတကွ​စုဝေးလျက်၊ အယ်လမာနှင့် သူ၏​ညီအစ်ကိုတို့ မမြင်ဖူးလေသည့် နည်းမျိုးဖြင့် ကိုးကွယ်ကြသည်ကို​လည်းကောင်း တွေ့ရသဖြင့်၊ အံ့ဩကြ၏။

၁၃ အကြောင်းမူကား၊ သူတို့​တရားဇရပ်၏ အလယ်၌၊ တည်ဆောက်​ထားသော နေရာ၊ ဦးခေါင်း​အထက်​မြင့်သည့် ရပ်စရာ​နေရာ​တစ်ခု​ရှိလေ၏။ ထိုနေရာ၏​ထိပ်မှာ လူတစ်ယောက်​စာ​အတွက်​သာဖြစ်၏။

၁၄ ထို့ကြောင့်၊ ကိုးကွယ်​လိုသူ​မှန်သမျှသည် ထွက်​လာရမည်​၊ ထိုနေရာ​ထိပ်၌​ရပ်၍၊ မိမိလက်ကို ကောင်းကင်သို့​ဆန့်လျက်၊ ကျယ်သော​အသံနှင့် ဆို၍၊ တောင်းလျှောက်​ရမည်ကား၊

၁၅ သန့်ရှင်းတော်မူသော၊ သန့်ရှင်း​တော်မူသော ဘုရားသခင်။ ကိုယ်တော်သည် ဘုရားသခင်​ဖြစ်​တော်မူကြောင်းကို အကျွန်ုပ်တို့ ယုံကြည်ပါ၏။ ကိုယ်တော်သည် သန့်ရှင်း​တော်မူကြောင်း၊ ထို့အတူ ကိုယ်တော်သည် ဝိညာဉ်​ဖြစ်လေကြောင်း၊ ထို့အတူ ကိုယ်တော်သည် ဝိညာဉ်ဖြစ်ကြောင်း၊ ထို့အတူ ကိုယ်တော်သည် ကာလ​အစဉ်​အဆက် ဝိညာဉ်​ဖြစ်လိမ့်မည့်​အကြောင်း အကျွန်ုပ်တို့​ယုံကြည်ပါ၏။

၁၆ သန့်ရှင်း​တော်မူသော ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို၊ အကျွန်ုပ်တို့၏​ညီအစ်ကိုများထံမှ ခွဲထုတ်​တော်မူခဲ့ကြောင်း အကျွန်ုပ်တို့ ယုံကြည်ပါ၏။ အကျွန်ုပ်တို့၏​ညီအစ်ကိုများထံသို့ သူတို့​ဘိုးဘေးတို့၏ သူငယ်​ဆန်ခြင်း​အားဖြင့် လက်ဆင့်​ကမ်းပေးခဲ့သည့် သူတို့၏​နည်း​ဥပဒေသများကို အကျွန်ုပ်တို့ မယုံကြည်ကြပါ။ သို့ရာတွင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို၊ ကိုယ်တော်၏​သန့်ရှင်းသော​သားသမီးများ ဖြစ်စေရန် ရွေးကောက်​တော်မူခဲ့လေကြောင်းကို​လည်းကောင်း၊ ထို့အတူ၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ခရစ်တော်​ရှိလိမ့်မည်​မဟုတ်ကြောင်း​ဖော်ပြ​တော်မူခဲ့​လေသည်ကို​လည်းကောင်း အကျွန်ုပ်တို့ ယုံကြည်ပါ၏။

၁၇ သို့ရာတွင်၊ ကိုယ်တော်သည် မနေ့၊ ယနေ့နှင့် ကာလ​အစဉ်​အဆက် မပြောင်း​မလဲ​ရှိတော်မူ၏။ အကျွန်ုပ်တို့​ပတ်ဝန်းကျင်၌ ရှိသမျှသော​သူတို့ ကိုယ်တော်၏​အမျက်တော်​အားဖြင့် ငရဲသို့​ပစ်ချခံရဖို့ ရွေးကောက်​ခံရစဉ်မှာ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကယ်တင်ခြင်းသို့ ရောက်ရ​စေခြင်းငှာ၊ ရွေးကောက်​တော်မူလေပြီ။ အို ဘုရားသခင်၊ သန့်ရှင်း​တော်မူခြင်း​အတွက်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတော်​ချီးမွမ်းပါ၏။ အကျွန်ုပ်တို့​ညီအစ်ကိုတို့၏ စိတ်နှလုံးကို အကျွန်ုပ်တို့၏​ဘုရားသခင် ကိုယ်တော်ထံမှ ဝေးစွာ​စွန့်ခွာ​စေခြင်းငှာ ပို့ဆောင်သည့်၊ သူတို့ကို ခရစ်တော်၌ ယုံကြည်ခြင်းဖြင့် ချည်နှောင်သည့်၊ သူတို့၏​မိုက်မဲသော နည်း​ဥပဒေသများ​နောက်သို့ လှည့်ဖြား၍ ခေါ်​ဆောင်သွားသည်ကို အကျွန်ုပ်တို့ မခံရနိုင်​စေခြင်းငှာ၊ အကျွန်ုပ်တို့ကို ကိုယ်တော်​ရွေးကောက်​တော်မူလေသည့်​အတွက်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတော် ချီးမွမ်းပါ၏။

၁၈ ထိုမှတစ်ဖန်၊ အို ဘုရားသခင်၊ အကျွန်ုပ်တို့သည် ရွေးကောက်​ခံရ၍၊ သန့်ရှင်းသော​လူမျိုး​ဖြစ်သဖြင့်၊ ကိုယ်တော်ကို ကျေးဇူးတော် ချီးမွမ်းပါ၏။ အာမင်။

၁၉ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အယ်လမာနှင့် သူ၏​ညီအစ်ကိုများ၊ သူ၏​သားများသည် ဤဆုတောင်းခြင်းများကို ကြားရလေသော​အခါ၊ အတိုင်း​ထက်​အလွန်​အံ့ဩလေ၏။

၂၀ အကြောင်းမူကား၊ ရှုလော့၊ လူတိုင်း​ထွက်​လာပြီးလျှင်၊ ဤတူသော ဆုတောင်းခြင်းများဖြင့် ပူဇော်ကြ၏။

၂၁ ယခုတွင်၊ ထိုနေရာကို ရာမုပတမ်ဟု သူတို့​ခေါ်ကြ၏၊ သန့်ရှင်းသော​စင်မြင့်ဟု အနက်​ရ၏။

၂၂ ယခုတွင်၊ ဤ​စင်မြင့်မှ​နေ၍၊ လူတိုင်းသည် တူညီသော​ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို ပူဇော်ကြ၏၊ သူ့အားဖြင့် ရွေးကောက်​ခံရလေကြောင်း၊ သူတို့ကို သူတို့၏​ညီအစ်ကိုများ​နောက်သို့ လှည့်ဖြား​မခေါ်ဆောင်ခဲ့ကြောင်း၊ သူတို့​တစ်စုံ​တစ်ခုမျှ​မသိသည့် ဖြစ်လာမည့်​အရာတို့ကို ယုံကြည်​စေရန် သူတို့​စိတ်နှလုံး​ခိုးယူ​မခံရကြောင်း သူတို့၏​ဘုရားသခင်ကို ကျေးဇူးတော်​ချီးမွမ်းလျက်​ရှိကြ၏။

၂၃ ယခုတွင်၊ လူခပ်သိမ်းတို့သည် ဤကဲ့သို့​အားဖြင့် ကျေးဇူးတော်​ချီးမွမ်း​ကြလေ​ပြီးနောက်၊ မိမိတို့နေအိမ်များသို့ ပြန်လာ၍၊ သူတို့၏​ထုံးစံ​အတိုင်း ကျေးဇူးတော်​ချီးမွမ်းရန် သန့်ရှင်းသော​စင်မြင့်သို့ သူတို့ကိုယ်သူတို့ တစ်ဖန် စည်းဝေးသည့်​တိုင်အောင် သူတို့၏​ဘုရားသခင်​အကြောင်းကို ထပ်၍​မပြော​ကြတော့။

၂၄ ယခုတွင်၊ အယ်လမာသည် ဤအမှုကို မြင်ရလျှင်၊ စိတ်နှလုံး ဝမ်းနည်း​ပူဆွေးလေ၏။ အကြောင်းမူကား၊ သူတို့သည် ဆိုးညစ်၍၊ ဖောက်ပြန်သော လူမျိုး​ဖြစ်လေ၏။ ထိုမှတစ်ပါး၊ သူတို့​စိတ်နှလုံးကို ရွှေ၊ ငွေနှင့် အမျိုးမျိုးသော တင့်တယ်သည့် ပစ္စည်းများ​အပေါ်၌ ထားလေသည်ကို သူသိ​မြင်၏။

၂၅ ထိုမှတစ်ပါး၊ သူတို့​စိတ်နှလုံးသည် မာန​တရားဖြင့် ကြီးစွာသော ဝါကြွားခြင်းသို့​တိုင်အောင် ဘဝင်မြင့်သည်​ကိုလည်း သူတွေ့​မြင်၏။

၂၆ သူသည်လည်း ကောင်းကင်ဘုံသို့ ကြွေးကြော်၍ တောင်းလျှောက်လေ​သည်ကား၊ အို အဘယ်မျှ၊ ကြာမြင့်ပါ​မည်နည်း၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် ကိုယ်တော်၏​ကျွန်တို့အား၊ လူသားတို့၌ ထိုမျှ​လောက်ဆိုးရွားသည့် ဆိုးညစ်ခြင်းကို မြင်တွေ့​စေခြင်းငှာ၊ ဤအောက်​အရပ် ဇာတိ​ကိုယ်ခန္ဓာ၌ နေထိုင်စေရန် အခွင့်​ပေးမည်လော။

၂၇ ရှုတော်မူပါ၊ အို ဘုရားသခင်၊ သူတို့သည် ကိုယ်တော်ထံသို့ တောင်းလျှောက်ကြပါ၏။ သို့သော်လည်း၊ သူတို့​စိတ်နှလုံးသည် မာန​တရားနှင့် မွန်းလျက်​ရှိပါ၏။ ရှုတော်မူပါ၊ အို ဘုရားသခင်၊ သူတို့သည် လောက၏​အချည်း​နှီးသော​အရာတို့နှင့် ကြီးစွာပင် မာန​ထောင်လွှားလျက်​ရှိစဉ်မှာ၊ ကိုယ်တော်ထံသို့ သူတို့၏​နှုတ်ဖြင့် တောင်း​လျှောက်ကြပါ၏။

၂၈ အို အကျွန်ုပ်၏​ဘုရားသခင်၊ သူတို့၏ အဖိုး​ထိုက်သော အဝတ်၊ သူတို့၏​လက်စွပ်များ၊ သူတို့၏​လက်ကောက်များ၊ သူတို့၏​ရွှေ​တန်ဆာများ၊ တန်ဆာ​ဆင်ထားသည့် သူတို့၏ ခပ်သိမ်းသော အဖိုး​ထိုက်သည့်​အရာများကို ရှုတော်မူပါ။ ရှုတော်မူပါဦး။ သူတို့​စိတ်နှလုံးကို ထိုအရာတို့​အပေါ်၌ ထားကြပါ၏။ သို့သော်လည်း၊ သူတို့သည် ကိုယ်တော်ထံသို့ တောင်းလျှောက်၍—အို ဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတော်​ချီးမွမ်းပါ၏။ အကြောင်းမူကား၊ အခြားသော​သူများ ပျက်စီးမည့်​အချိန်တွင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏ ရွေးကောက်သော​လူမျိုး​ဖြစ်ပါ၏ဟု ဆိုကြပါပြီ။

၂၉ ထိုမှတစ်ပါး၊ ခရစ်တော် ရှိလိမ့်မည်​မဟုတ်သည်ကို သူတို့အား ကိုယ်တော်​ဖော်ပြ​တော်မူကြောင်းကိုလည်း ဆိုကြပါ၏။

၃၀ အို ကိုယ်တော်ရှင်​ဘုရားသခင်၊ ကိုယ်တော်သည် ထိုကဲ့သို့သော ဆိုးညစ်ခြင်းနှင့် သစ္စာ​မရှိခြင်းတို့ ဤလူမျိုးတို့၌ ရှိရမည်​အကြောင်း အဘယ်မျှ​ကြာအောင် အခွင့်​ပေးတော်မူ​မည်နည်း။ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်၏​ချည့်နဲ့ခြင်းကို အကျွန်ုပ်​သည်းခံနိုင်စေခြင်းငှာ အကျွန်ုပ်ကို ခွန်အား​ပေးတော်မူပါ။ အကြောင်းမူကား၊ အကျွန်ုပ်သည် ချည့်နဲ့ပါ၏။ ဤလူမျိုး၌​ရှိသည့် ဆိုးညစ်ခြင်းက အကျွန်ုပ်၏​စိတ်ဝိညာဉ်ကို နာကျင်​စေပါ၏။

၃၁ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်​စိတ်နှလုံးသည် အလွန်​ဝမ်းနည်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏​စိတ်ဝိညာဉ်ကို ခရစ်တော်အားဖြင့် နှစ်သိမ့်​စေတော်မူပါ။ အို ကိုယ်တော်ရှင်၊ ဤလူမျိုး၏​ဒုစရိုက်ကြောင့် အကျွန်ုပ်​အပေါ်သို့ ကျရောက်လာမည့် ဤဆင်းရဲ​ဒုက္ခများကို သည်းခံခြင်းဖြင့် အကျွန်ုပ်​ခံစားနိုင်ရန် ခွန်အား​ရှိနိုင်ခြင်းငှာ၊ အကျွန်ုပ်ကို ကိုယ်တော်​အခွင့်​ပေးတော်မူပါ။

၃၂ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်၏​စိတ်ဝိညာဉ်ကို နှစ်သိမ့်စေ​တော်မူပါ။ အကျွန်ုပ်ကို​လည်းကောင်း၊ အကျွန်ုပ်နှင့်​အတူ​ရှိကြသည့် အကျွန်ုပ်၏​အပေါင်း​အဖော် အလုပ်လုပ်ကြ​သူများကို​လည်းကောင်း အောင်မြင်မှုကို ပေးတော်မူပါ—အထူးသဖြင့်၊ အမ္မုန်၊ အာရုန်၊ ဩမနာ၊ အာမြူးလက်၊ ဇေဇရုမ်နှင့် အကျွန်ုပ်၏​သား​နှစ်ယောက်ကို​လည်းကောင်း—ထိုမှတစ်ပါး၊ ဤခပ်သိမ်းသော​သူတို့ကိုပင် ကိုယ်တော်သည် နှစ်သိမ့်​စေတော်မူပါ၊ အို ကိုယ်တော်ရှင်။ ထိုမှတစ်ပါး၊ ကိုယ်တော်သည် ခရစ်တော်​အားဖြင့် သူတို့၏​စိတ်ဝိညာဉ်ကို နှစ်သိမ့်စေ​တော်မူပါ။

၃၃ ဤလူမျိုး၏​ဒုစရိုက်များကြောင့်၊ သူတို့​အပေါ်​ကျရောက်​လာမည့် သူတို့၏​ဆင်းရဲ​ဒုက္ခများကို သူတို့ခံနိုင်​ရည်ရှိနိုင်စေရန်၊ ခွန်အား​ရှိနိုင်ကြ​စေခြင်းငှာ၊ သူတို့ကို ကိုယ်တော်​အခွင့်​ပေးတော်မူပါ။

၃၄ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်တို့သည် ခရစ်တော်​အားဖြင့် ထိုသူတို့ကို ကိုယ်တော်ထံသို့ တစ်ဖန်​ဆောင်ယူရာ၌ အောင်မြင်မှု​ရနိုင်​စေခြင်းငှာ၊ အကျွန်ုပ်တို့ကို ကိုယ်တော်​အခွင့်​ပေးတော်မူပါ။

၃၅ ရှုတော်မူပါ။ အို ကိုယ်တော်ရှင်၊ ထိုသူတို့၏​စိတ်ဝိညာဉ်များသည် အဖိုး​ထိုက်ကြပါ၏။ သူတို့မှ များစွာသော​သူတို့သည် အကျွန်ုပ်တို့၏ ညီအစ်ကိုများ​ဖြစ်ပါ၏။ ထို့ကြောင့်၊ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်တို့သည် ဤအကျွန်ုပ်တို့၏ ညီအစ်ကိုများကို ကိုယ်တော်ထံသို့ တစ်ဖန် ဆောင်ယူနိုင်ခြင်းငှာ တန်ခိုးနှင့် ဉာဏ်ပညာကို အကျွန်ုပ်တို့အား ပေးတော်မူပါ။

၃၆ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဤစကားများကို ပြောပြီးလေလျှင်၊ သူ၏​လက်ကို သူနှင့်​အတူ​ရှိလေသူ​ခပ်သိမ်းတို့​အပေါ် တင်လေ၏။ ရှုလော့၊ လက်ကို သူတို့​အပေါ် တင်သော​အချိန်တွင် သူတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ပြည့်လေ၏။

၃၇ ထို့နောက်တွင်ကား၊ သူတို့သည်၊ သူတို့​ကိုယ်တိုင်​အတွက်၊ အဘယ်သို့ စားရမည်ကို​သော်လည်းကောင်း၊ အဘယ်သို့ သောက်ရမည်ကို​သော်လည်းကောင်း၊ အဘယ်သို့ ဝတ်ရမည်ကို​သော်လည်းကောင်း စိုးရိမ်မနေကြဘဲ တစ်ဦးနှင့်​တစ်ဦး သီး​ခြားစီ​ခွဲကြ၏။

၃၈ ကိုယ်တော်ရှင်ကလည်း သူတို့ကို အစာ​ငတ်ခြင်း​မရှိ​ရစေကြောင်း၊ ရေမငတ်​ရစေကြောင်း၊ သူတို့​အတွက် ပေးသနား​တော်မူ၏။ ထိုမှတစ်ပါး၊ သူတို့အား ခရစ်တော်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုး​ခံရလေသည်​မှတစ်ပါး၊ အဘယ်​ဆင်းရဲ​ဒုက္ခ​မျိုးကိုမျှ မခံစားရ​စေခြင်းငှာ၊ ခွန်အားကိုလည်း ပေးတော်မူ၏။ ယခုတွင်၊ ဤအမှု​သည်ကား၊ အယ်လမာ၏ ဆုတောင်းခြင်း​အတိုင်း ဖြစ်လေ၏။ ဤအမှုသည်ကား၊ သူသည် ယုံကြည်ခြင်းဖြင့် ဆုတောင်းသော​ကြောင့်လည်း ဖြစ်လေ​သတည်း။