ကျမ်းစာများ
အယ်လမာ ၇


သူ၏​ကိုယ်ပိုင်​မှတ်တမ်း​အတိုင်း၊ ဂိဒေါင်ပြည်​ရှိလူတို့အား ဟောပြောခဲ့သည့် အယ်လမာ၏ စကားများ။

အခန်းကြီး ၇ ဖွဲ့စည်းပါဝင်၏။

အခန်းကြီး ၇

ခရစ်တော်ကို မာရိမှ မွေးဖွားလိမ့်မည်—သူသည် သေခြင်း၏​ကြိုးများကို ဖြေလွှတ်​ပေး၍၊ သူ့လူမျိုးတို့၏ အပြစ်များကို ခံယူလိမ့်မည်—နောင်တရ၍၊ ဗတ္တိဇံခံပြီး၊ ပညတ်တော်များကို စောင့်ထိန်းသူများသည် ထာဝရ​အသက်ကို ရရှိကြလိမ့်မည်—အညစ်​အကြေးသည် ဘုရားသခင်၏​နိုင်ငံတော်ကို အမွေမခံနိုင်—နှိမ့်ချခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာ လိုအပ်ပေ၏။ ဘီစီ ၈၃ ခန့်။

ရှုလော့၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ သင်တို့ထံသို့​လာရန် ငါ့ကို အခွင့်​ပေးထား၏။ ထို့ကြောင့်၊ ငါသည် သင်တို့အား ငါ၏​ဘာသာစကားဖြင့်၊ အမှန်စင်စစ်၊ ငါ၏​နှုတ်ထွက်​စကားများဖြင့် ပထမဆုံး​အကြိမ်ဟော​ပြောခြင်း​ဖြစ်၍၊ ငါ၏​နှုတ်အားဖြင့် ဟောပြောရန်​ကြိုးစား၏။ ငါသည် တရားပလ္လင်၌ လုံးလုံး​ရှိနေ၍၊ အမှုအရေးများစွာ​ရှိနေ၍ သင်တို့ထံသို့ မလာနိုင်ခဲ့။

ငါ၏​နေရာ၌ အုပ်စိုးစေခြင်းငှာ တရားပလ္လင်ကို တခြားသူ​တစ်ဦးအား မပေးလေလျှင်၊ ငါသည် ယခုဤ​အချိန်၌ပင် လာနိုင်ခဲ့မည်​မဟုတ်။ ကိုယ်တော်ရှင်ကလည်း သင်တို့ထံ ငါလာရမည့်​အကြောင်း၊ များစွာသော​ကရုဏာတော်ဖြင့် အခွင့်​ပေးတော်မူ၏။

ရှုဦးလော့၊ ငါသည် ကြီးစွာသော​မျှော်လင့်ခြင်းနှင့် များစွာသော​အလိုဆန္ဒများ ရှိလာလေ​သည်ကား၊ သင်တို့သည် ဘုရားသခင်ရှေ့၌ သင်တို့ကိုယ်​သင်တို့​နှိမ့်ချလေ၍၊ သူ၏​ကျေးဇူးတော်ကို ဆက်၍​ပဌနာ​ပြုလျက်​ရှိလေသည်ကို ငါသိရစေကြောင်း၊ သင်တို့ကို သူ့ရှေ့၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်​ရှိသည်ကို ငါသိရ​စေကြောင်း၊ ဇရဟင်မလပြည်၌ ငါတို့၏​ညီအစ်ကိုများ​ရောက်ခဲ့သည့် အလွန်​ဆိုးရွားသော​အကျဉ်းအကျပ်၌ သင်တို့ မရောက်ရသည်ကို ငါသိရ​စေကြောင်းတို့​ပင်တည်း။

သို့ရာတွင်၊ သိစေခြင်းငှာ ငါ့ကို အခွင့်​ပေးထားတော်မူ၍၊ ထိုမှတစ်ပါး၊ သူတို့ကို သူ၏​ဖြောင့်မတ်ခြင်း​တရားလမ်း၌ တစ်ဖန်​တည်စေကြောင်း​သိခြင်း၏ အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်းကို ငါ့အား ပေးထား​တော်မူ၍ ဘုရားသခင်၏​နာမတော်သည် မင်္ဂလာ​ရှိပါ​စေသတည်း။

ထို့အတူ၊ ငါ့အထဲ၌​ရှိသည့် ဘုရားသခင်၏​ဝိညာဉ်တော်​အတိုင်း၊ ငါသည် သင်တို့နှင့်​စပ်လျဉ်း၍ လည်း ဝမ်းမြောက်ခြင်း​ရှိကြောင်းကို ယုံကြည်​စိတ်ချ၏။ သို့သော်လည်း၊ ဇရဟင်မလ​ရှိငါ၏​ညီအစ်ကိုတို့​အတွက် ငါ့၌ ရှိလေသည့် များစွာသော ဆင်းရဲ​ဒုက္ခများနှင့် ဝမ်းနည်းမှုများကြောင့်၊ သင်တို့နှင့်​စပ်လျဉ်း၍ ငါ၏​ဝမ်းမြောက်ခြင်း​ဖြစ်လာစေကြောင်းကို ငါအလို​မရှိ။ အကြောင်းမူကား၊ ရှုလော့၊ သူတို့နှင့်​စပ်လျဉ်း၍ ငါ၏​ဝမ်းမြောက်ခြင်းသည် များစွာသော ဆင်းရဲ​ဒုက္ခနှင့် ဝမ်းနည်းခြင်းတို့ကို ဖြတ်သန်း၍ ဖြစ်ပေါ်​လာပေ၏။

သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် သင်တို့၏​ညီအစ်ကိုတို့ကဲ့သို့ အလွန်များစွာသော မယုံကြည်မှုများ၏ အခြေအနေ၌ မရှိ​လေကြောင်း ငါယုံကြည်​စိတ်ချ၏။ သင်တို့သည် သင်တို့၏မာန​စိတ်နှလုံးဖြင့် ဘဝင်​မမြင့်ကြောင်း ငါယုံကြည်​စိတ်ချ၏။ ထိုမှတစ်ပါး၊ သင်တို့သည် စိတ်နှလုံးကို စည်းစိမ်​ဥစ္စာများနှင့် လောက၏​အချည်းနှီးသော​အရာများ​အပေါ်၌ မထားလေကြောင်း ငါယုံကြည်​စိတ်ချ၏။ ထိုမှတစ်ပါး၊ သင်တို့သည် ရုပ်တုများကို မကိုးကွယ်၊ မှန်ကန်၍ အသက်​ရှင်တော်မူသည့် ဘုရားသခင်ကိုသာ ကိုးကွယ်ကြောင်း၊ ထို့အတူ၊ သင်တို့၏​အပြစ်များမှ လွှတ်ခြင်း ရောက်လာမည့်​အကြောင်း ထာဝရ​တည်မြဲသော​ယုံကြည်ခြင်းနှင့် မျှော်လင့်ကြောင်း၊ ငါယုံကြည်​စိတ်ချ၏။

အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဖြစ်လာမည့်​အရာများစွာ​ရှိ၏။ ရှုဦးလော့၊ ထိုအရာ​အားလုံးထက် သာ၍​အရေးကြီးသော​အရာ​တစ်ခု​ရှိ၏—အကြောင်းမူကား၊ ရှုလော့၊ ရွေးနှုတ်​ရှင်သည် အသက်ရှင်၍ သူ၏​လူမျိုးတို့၌ ကြွလာ​တော်မူမည့် အချိန်​ကာလမှာ အလွန်​မဝေးတော့။

ရှုလော့၊ သူ၏​သေခြင်း​ရှိသော တဲကိုယ်ခန္ဓာ၌​နေထိုင်ရာအချိန်၌ ငါတို့ထံသို့ သူ​ကြွလာမည်ဟု ငါမဆို။ အကြောင်းမူကား၊ ရှုလော့၊ ဤအရာသည်ကား၊ ဖြစ်လာမည့်​အခြေအနေ​ဖြစ်သည်ဟု ဝိညာဉ်တော်က ငါ့ကို မိန့်တော်မမူ။ ယခုတွင်၊ ဤအရာများနှင့်​စပ်လျဉ်း၍ ငါမသိ။ သို့ရာတွင်၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် သူ၏​နှုတ်ကပတ်တော်​အတိုင်း​ဖြစ်သည့် ခပ်သိမ်းသော အရာတို့ကို ပြုတော်မူခြင်းငှာ တန်ခိုး​ရှိတော်မူကြောင်း ဤမျှ​အထိ ငါ​သိ၏။

သို့ရာတွင်၊ ရှုလော့၊ ဝိညာဉ်တော်က ငါ့ကို ဤမျှအထိ​ဆို၍ မိန့်တော်မူလေ​သည်ကား၊ ဤလူတို့ကို ဆို၍​ဟစ်ကြော်​ရမည်မှာ—အသင်တို့ နောင်တရ၍ ကိုယ်တော်ရှင်၏​လမ်းကို ပြင်ဆင်ကြလော့၊ သူ၏​ဖြောင့်သော​လမ်းကြောင်းများသို့ လိုက်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံ​တော်​တည်လုနီးပြီ။ ဘုရားသခင်၏​သားတော်​သည်လည်း မြေကြီး​မျက်နှာပြင်​ပေါ်သို့ ကြွလာ​တော်မူမည်။

၁၀ ရှုဦးလော့၊ သူ့ကို ငါတို့​ဘိုးဘေးတို့၏​ပြည်ဖြစ်သည့် ယေရုရှလင်၌ မာရိမှ ဖွားမြင်​လိမ့်မည်။ သူမသည် အပျိုကညာ​ဖြစ်၍၊ အဖိုး​ထိုက်သည့် ရွေးကောက်​ထားတော်မူသော တန်ဆာလည်း​ဖြစ်၍၊ သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် လွှမ်းမိုး​ခံရလျက်၊ ပဋိသန္ဓေစွဲ​ယူ၍၊ သားတော်​တစ်ပါးကို၊ အမှန်စင်စစ်၊ ဘုရားသခင်၏​သားတော်ကိုပင် ဖွားမြင်မည့်​သူဖြစ်၏။

၁၁ သူသည်လည်း နာကျင်မှုများ၊ ဆင်းရဲ​ဒုက္ခများနှင့် စုံစမ်းခြင်း​အမျိုးမျိုးကို ခံစားလျက် ထွက်သွား​လိမ့်မည်။ ဤအရာ​သည်ကား၊ သူ့လူမျိုးတို့၏​နာကျင်မှုများနှင့် ဖျားနာခြင်းတို့ကို သူ့အပေါ်၌ ခံယူလိမ့်မည်ဟု မိန့်တော်မူသော နှုတ်ကပတ်တော်ကို ပြီးပြည့်စုံ​စေခြင်းငှာ​ပေတည်း။

၁၂ သူသည် မိမိလူမျိုးတို့ကို ချည်နှောင်သည့် သေခြင်း၏​ကြိုးများကို ဖြေလွှတ်နိုင်​တော်မူခြင်းငှာ၊ သေခြင်းကိုလည်း သူ့အပေါ်၌ ခံယူတော်မူလိမ့်မည်။ လူ့ဇာတိ​အတိုင်း သူ၏​ဝမ်းကို ကရုဏာတော်နှင့် ပြည့်စေခြင်းငှာ​လည်းကောင်း၊ မိမိလူမျိုးတို့ကို သူတို့၏​အနာ​ရောဂါ​ဝေဒနာများ​အလျောက်၊ လူဇာတိ​အတိုင်း အဘယ်သို့​အားဖြင့် မစရမည်ကို​သိနိုင်ခြင်းငှာ​လည်းကောင်း၊ သူတို့၏​အနာ​ရောဂါ​ဝေဒနာများကို သူ့အပေါ်၌ ခံယူတော်မူ​လိမ့်မည်။

၁၃ ယခုတွင်၊ ဝိညာဉ်တော်သည် ခပ်သိမ်းသော​အရာတို့ကို သိတော်မူ၏။ သို့သော်လည်း၊ ဘုရားသခင်၏​သားတော်သည် သူ့လူမျိုးတို့၏​အပြစ်များကို သူ့အပေါ်၌ ခံယူနိုင်ခြင်းငှာ​လည်းကောင်း၊ သူ၏​ကယ်လွှတ်​တော်မူခြင်း တန်ခိုးနှင့်​အညီ၊ သူတို့၏​လွန်ကျူးခြင်းများကို ပယ်ဖျောက်နိုင်​စေခြင်းငှာ​လည်းကောင်း လူဇာတိ​အတိုင်း ဒုက္ခ​ဝေဒနာ​ခံစားတော်မူ၏။ ယခုမူကား၊ ရှုလော့၊ ဤအရာ​သည်ကား၊ ငါ့အထဲ၌​ရှိသော သက်သေ​ခံချက်​ပေတည်း။

၁၄ ယခုတွင်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် နောင်တရပြီး တစ်ဖန်​မွေးခြင်းကို ခံရမည်။ အကြောင်းမူကား၊ သင်တို့သည် တစ်ဖန်​မွေးခြင်းကို မခံလျှင်၊ ကောင်းကင်​နိုင်ငံတော်ကို အမွေ​မခံနိုင်ကြဟု ဝိညာဉ်တော်​မိန့်တော်မူ၏။ ထို့ကြောင့်၊ သင်တို့ကို သင်တို့၏​အပြစ်များမှ ဆေးကြောခြင်းငှာ​လည်းကောင်း၊ ကယ်တင်ခြင်းငှာနှင့် ခပ်သိမ်းသော​မတရားမှုမှ သန့်စင်စေခြင်းငှာ တန်ခိုးကြီးသော​သူ၊ လောကီ​သားတို့၏​အပြစ်များကို ယူဆောင်​သွားမည့်​သူတည်းဟူသော ဘုရားသခင်၏​သိုးသငယ်​အပေါ် သင်တို့​ယုံကြည်ခြင်း ရှိနိုင်​စေခြင်းငှာ​လည်းကောင်း လာကြလော့၊ နောင်တရခြင်း​အလို့ငှာ၊ ဗတ္တိဇံ​ခံကြလော့။

၁၅ ထိုမှတစ်ပါး၊ သင်တို့ကို​ငါဆိုသည်မှာ၊ လာကြလော့၊ ကြောက်ရွံ့ခြင်း​မရှိနှင့်။ သင်တို့ကို လွယ်ကူစွာ​ဒုက္ခပေးသော၊ သင်တို့ကို ဖျက်ဆီးခြင်းသို့​တိုင်အောင် ချည်နှောင်သော အပြစ်တိုင်းကို ပယ်ရှား​ကြလော့။ ထိုမှတစ်ပါး၊ လာ၍​ပြုကြလော့၊ သင်တို့သည် သူ၏​ပညတ်တော်များကို စောင့်ထိန်းခြင်းငှာ၊ သင်တို့​အပြစ်များမှ​နောင်တရ၍၊ သူနှင့်​ပဋိညာဉ်ပြုရန် လိုလိုလားလား​ရှိကြောင်း သင်တို့​ဘုရားသခင်ထံသို့ ဖော်ပြ​ကြလော့။ ဗတ္တိဇံ​ခံရာ​ရေထဲသို့ သွားခြင်း​အားဖြင့်လည်း ထိုအမှုကို သူ့ထံသို့ ဤနေ့၌ သက်သေ​ခံကြလော့။

၁၆ ဤအရာ​ကိုပြု၍၊ ထိုအချိန်မှ​စ၍ ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းသည့်​သူအဘယ်သူပင်​ဖြစ်စေ၊ ထိုသူသည် ထာဝရ​အသက်ကို ရလိမ့်မည်​ဖြစ်ကြောင်း၊ ငါ့အထဲ၌ သက်သေခံသော သန့်ရှင်းသော​ဝိညာဉ်တော်၏ သက်သေခံချက်​အတိုင်း၊ သူ့အား ငါပြောသည်ကို သတိရ​လိမ့်မည်။ အမှန်စင်စစ်၊ သူ့အား ငါပြောထားလေ​သည်ကို သတိရ​လိမ့်မည်။

၁၇ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ သင်တို့သည် ဤအရာတို့ကို ယုံကြည်သလော။ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဟုတ်ပေ၏။ ထိုအရာတို့ကို သင်တို့​ယုံကြည်ကြောင်း၊ ငါသိ၏။ ထိုအရာတို့ကို သင်တို့​ယုံကြည်ကြောင်း ငါသိရာ​နည်းလမ်း​သည်ကား၊ ငါ့အထဲ၌​ရှိသော​ဝိညာဉ်တော်၏ ထင်ရှားစွာ​ပြတော်မူခြင်း​အားဖြင့် ပေတည်း။ ယခုမူကား၊ ထိုအရာနှင့်​စပ်လျဉ်း၍၊ အထူးသဖြင့်၊ ငါပြောထားလေသော​အရာများနှင့်​စပ်လျဉ်း၍ သင်တို့၏​ယုံကြည်ခြင်း​အားကြီးသောကြောင့် ငါ၏​ဝမ်းမြောက်ခြင်းမှာ ကြီးမားလှ၏။

၁၈ အကြောင်းမူကား၊ ရှေးဦးစွာ​ကတည်းက သင်တို့ကို ငါပြော​ထားသည့်​အတိုင်း၊ သင်တို့၏​ညီအစ်ကိုတို့ကဲ့သို့၊ ကျဉ်းကျပ်သော​အခြေအနေ၌ သင်တို့​မရှိရစေခြင်းငှာ များစွာသော​အလို​ဆန္ဒ ငါ့၌​ရှိ၏။ ထိုကဲ့သို့ပင်၊ ငါ၏​အလို​ဆန္ဒများ​ပြည့်လေကြောင်း ငါတွေ့​ရလေပြီ။

၁၉ အကြောင်းမူကား၊ သင်တို့သည် ဖြောင့်မတ်ခြင်း​လမ်းများ၌ ရှိကြောင်း ငါမြင်​ရပြီ။ ဘုရားသခင်၏​နိုင်ငံတော်သို့ ပို့ဆောင်သည့် လမ်းများ၌ သင်တို့​ရှိကြောင်း ငါမြင်ရပြီ။ ထိုမှတစ်ပါး၊ သင်တို့သည် သူ၏​လမ်းများကို ဖြောင့်စေကြောင်း ငါမြင်​ရပြီ။

၂၀ သူ့နှုတ်ကပတ်တော်၏ သက်သေခံချက်​အားဖြင့်၊ သင်တို့အား ဖော်ပြခဲ့လေ​ကြောင်းကို​လည်းကောင်း၊ သူသည် ကောက်သော​လမ်းကြောင်းများသို့ မလိုက်နိုင်​ကြောင်းကို​လည်းကောင်း၊ သူမိန့်တော်မူလေသည့်အရာမှ မသွေဖည်ကြောင်းကို​လည်းကောင်း၊ သူ့၌ လက်ယာမှ လက်ဝဲသို့၊ သို့မဟုတ်၊ မှန်သော​အရာမှ မှားသော​အရာသို့ ပြောင်းလဲခြင်း​အရိပ် မရှိကြောင်းကို​လည်းကောင်း ငါမြင်​ရပြီ။ ထို့ကြောင့်၊ သူ၏​လမ်းတော်သည် ထာဝရ​တည်မြဲသော တရား​စက်ဝန်း​တစ်ခု​ဖြစ်၏။

၂၁ သူသည် မသန့်ရှင်းသော ဗိမာန်တော်တို့၌လည်း မနေထိုင်။ အညစ်​အကြေး သို့မဟုတ်၊ အဘယ်​မသန့်ရှင်းသော​အရာကိုမျှလည်း ဘုရားသခင်၏​နိုင်ငံတော်၌ လက်ခံ​လိမ့်မည်​မဟုတ်။ ထို့ကြောင့်၊ အချိန်​ကာလ​ကျရောက်​လာမည်၊ အမှန်စင်စစ်၊ ထိုအရာသည် နောက်ဆုံးသော​နေ့၌ ဖြစ်လာ၍ ညစ်ညမ်းသော​သူသည် မိမိ၏​အညစ်​အကြေး၌ ဆက်၍​ရှိနေ​လိမ့်မည်ဟု သင်တို့ကို ငါဆို၏။

၂၂ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ဤအရာတို့ကို သင်တို့အား ငါဟော​ပြောလေ​သည်ကား၊ ဘုရားသခင်နှင့်​စပ်လျဉ်း၍ သင်တို့၏တာဝန်ကို သိခြင်းသို့ သင်တို့ကို ငါနှိုးဆော်နိုင်​စေကြောင်း၊ သင်တို့သည် သူ့ရှေ့၌ အပြစ်​တင်ခွင့်နှင့် ကင်းလွတ်နိုင်ကြ​စေကြောင်း၊ ဘုရားသခင်၏​သန့်ရှင်းသော​အသင်းကို လက်ခံ​ရရှိပြီးနောက်၊ ထိုအသင်း​နောက်သို့ သင်တို့​လိုက်နိုင်ကြ​စေကြောင်း​ပေတည်း။

၂၃ ယခုမူကား၊ ငါအလို​ရှိသည်မှာ သင်တို့သည် နှိမ့်ချရမည်။ ထို့အတူ၊ ကျိုးနွံ၍၊ နူးညံ့​သိမ်မွေ့​ရမည်။ ဖျောင်းဖျ​လွယ်ရမည်။ သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ဖြင့် ပြည့်ရမည်။ အရာရာ၌ ဣန္ဒြေစောင့်လျက်​ရှိရမည်။ ခပ်သိမ်းသောကာလများ၌၊ ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လဝီရိယ​ရှိနေရမည်။ ဇာတိပကတိနှင့် ဝိညာဉ်ပကတိ​နှစ်ခုစလုံး၌ သင်တို့​လိုအပ်​လျက်ရှိသော အရာမှန်သမျှကို တောင်းလျှောက်​နေရမည်။ သင်တို့​လက်ခံ​ရရှိသော အရာ​မှန်သမျှ​အတွက် ဘုရားသခင်အား အစဉ်အမြဲ ပြန်လည်၍​ကျေးဇူးတော်​ချီးမွမ်း​နေရမည်။

၂၄ ထို့အတူ၊ သင်တို့၌ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတို့ ဧကန်​အမှန်​ရှိစေပြီးနောက်၊ သင်တို့သည် ကောင်းမြတ်သော​အမှုများနှင့် အစဉ်​အမြဲ ကြွယ်ဝ​လိမ့်မည်။

၂၅ သင်တို့သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ကမ္ဘာ​ဦးကတည်းက ပေါ်ထွန်း​လေသော သန့်ရှင်းသည့်​ပရောဖက်များနှင့်​အတူ၊ သူတို့၏​အဝတ်တန်ဆာများ အစွန်း​အထင်း​ကင်းသကဲ့သို့ပင်၊ သင်တို့၏​အဝတ်တန်ဆာများသည် အစွန်း​အထင်း​ကင်းလျက်၊ ကောင်းကင်​နိုင်ငံတော်၌ ထွက်မသွား ကြတော့ဘဲ၊ ထိုင်စေရန် နောက်ဆုံး၌ ဆောင်တော်မူခြင်းကို ခံရနိုင်ကြ​စေခြင်းငှာ၊ ကိုယ်တော်ရှင်​သည်လည်း သင်တို့ကို ကောင်းချီး​ပေး၍၊ သင်တို့၏​အဝတ်တန်ဆာများကို အစွန်း​အထင်း​ကင်းစေ​တော်မူလျက်​ရှိပါစေ။

၂၆ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ငါ့အထဲ၌​သက်သေ​ခံတော်မူသည့် ဝိညာဉ်တော်​အတိုင်း ဤစကားများကို သင်တို့အား ငါဟော​ပြောလေပြီ။ ငါ၏​စကား​အပေါ် သင်တို့၏​အလွန် လုံ့လဝီရိယ​ရှိခြင်းနှင့် ပမာဏပြုခြင်းတို့ကြောင့်၊ ငါ၏​စိတ်ဝိညာဉ်​သည်လည်း လွန်စွာ​ရွှင်လန်း​ဝမ်းမြောက်၏။

၂၇ ယခုမူကား၊ ဘုရားသခင်၏​ငြိမ်းချမ်းခြင်းသည် သင်တို့​အပေါ်၌​လည်းကောင်း၊ သင်တို့၏​အိမ်နှင့် မြေပေါ်၌​လည်းကောင်း၊ သင်တို့၏​သိုးစုနှင့် နွားစုတို့​အပေါ်၌​လည်းကောင်း၊ သင်တို့​ပိုင်ဆိုင်​သမျှတို့​အပေါ်၌​လည်းကောင်း၊ သင်တို့၏​မိန်းမများနှင့် သားသမီးများ အပေါ်၌​လည်းကောင်း သင်တို့၏​ယုံကြည်ခြင်းနှင့် ကောင်းမြတ်သော​အမှုများ​အတိုင်း ယခုအချိန်မှ​စ၍ ကာလ​အစဉ်​အဆက် ကိန်းဝပ်​တော်မူပါ​စေသတည်း။ ထိုကဲ့သို့​အားဖြင့်၊ ငါ​ဟောပြောလေသတည်း။ အာမင်။