ကျမ်းစာများ
အယ်လမာ ၃၇


အခန်းကြီး ၃၇

လူတို့ကို၊ ကယ်တင်ခြင်းသို့ ဆောင်ယူခြင်းငှာ ကြေး​ပုရပိုက်ပြားများနှင့် အခြားသော​ကျမ်းစာများကို ထိန်းသိမ်း​စောင့်ရှောက်​ထား၏—ယာရက်​အမျိုးသားတို့သည် မိမိတို့၏ ဆိုးညစ်ခြင်းကြောင့်၊ ဖျက်ဆီး​ခံရ၏—သူတို့၏​လျှို့ဝှက်သော​ကျိန်ဆိုခြင်းများနှင့် ပဋိညာဉ်များကို လူတို့ထံမှ တားဆီး​ထားရမည်—သင်တို့၏​အမှု​မှန်သမျှတို့၌ ကိုယ်တော်ရှင်နှင့် တိုင်ပင်လော့—လိယဟော်နာက နီဖိုင်း​အမျိုးသားတို့အား လမ်းပြ​သကဲ့သို့ပင်၊ ခရစ်တော်၏​နှုတ်ကပတ်တော်တို့ကလည်း လူသားတို့ကို ထာဝရ​အသက်သို့ ပို့ဆောင်​တော်မူ၏။ ဘီစီ ၇၄ ခန့်။

ယခုမူကား၊ ငါ့သား ဟေလမန်၊ ငါ့ထံသို့ ယုံကြည်​လွှဲအပ်​ထားလေသည့် ထိုမှတ်တမ်းများကို ယူသွားရမည့်အကြောင်း သင့်ကို ငါဆို၏။

သင်သည် နီဖိုင်း၏​ပုရပိုက်​ပြားများ​ပေါ်၌ ငါ​ပြုထား​လေသည့်​အတိုင်း၊ ဤလူမျိုးတို့​အကြောင်း မှတ်တမ်း​ရေး၍၊ ငါထား​လေသကဲ့သို့ပင် ဤအရာခပ်သိမ်းတို့ကို သန့်ရှင်း​မွန်မြတ်စွာ​ထားရမည့်​အကြောင်းကိုလည်း ငါဆို၏။ အကြောင်းမူကား၊ ဉာဏ်​ပညာ​ရှိသောအကြံ​အစည်တော်​အတွက် ၎င်းတို့ကို သိမ်း​ဆည်း​ထား၏။

ဤရေးထွင်းခြင်းများ ပါဝင်သည့်၊ သန့်ရှင်းသော​ကျမ်းစာများ​အကြောင်း မှတ်တမ်းများ ပါရှိသည့်၊ ရှေးဦးစွာကတည်းကပင် ငါတို့​ဘိုးဘေးတို့၏ ဆွေစဉ်​မျိုးဆက်မှတ်တမ်း​ပါရှိသည့် ဤ​ကြေး​ပုရပိုက်ပြားတို့သည်ကား—

ရှုလော့၊ ထိုပုရပိုက်ပြားများကို ထိန်းသိမ်းပြီး၊ မျိုးဆက်​တစ်ခုမှ တခြား​တစ်ခုသို့ လက်ဆင့်​ကမ်း၍ ပေးသွား​ရမည့်​အကြောင်းနှင့်၊ ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို​ပြောသူနှင့် လူမျိုး​မှန်သမျှထံသို့ ထွက်​သွား၍၊ ပါရှိသည့် နက်နဲသော​အရာများ​အကြောင်းကို သူတို့​သိရသည့်​တိုင်အောင်၊ ကိုယ်တော်ရှင်၏​လက်တော်​အားဖြင့် ထိန်းသိမ်း၍ ကာကွယ်​စောင့်မ​ထားကြောင်းကို ငါတို့​ဘိုးဘေးတို့က ပရောဖက်ပြု၍ ဟောပြော​ထား၏။

ယခုမူကား၊ ရှုလော့၊ ထိုပုရပိုက်ပြားများကို သိမ်းဆည်းထားလျှင်၊ တောက်ပခြင်းကို ထိန်းသိမ်းထားရပေမည်။ ထိုမှတစ်ပါး၊ တောက်ပခြင်း​ကို ထိန်းသိမ်းထားလိမ့်မည်။ ထိုမှတစ်ပါး၊ သန့်ရှင်းသော​စာများ​ပါဝင်သည့် ခပ်သိမ်းသော​ပုရပိုက်ပြားများသည်လည်း ဆက်၍​တောက်ပခြင်း ရှိလိမ့်မည်။

ယခုတွင်၊ ဤအမှုသည်ကား ငါ့၌ မိုက်မဲခြင်း​ဖြစ်သည်ဟု သင်​ထင်မှတ်နိုင်ပေ၏။ သို့ရာတွင်၊ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သေးငယ်၍ ရိုးရှင်းသော​အမှုများ​အားဖြင့်၊ ကြီးစွာသော​အမှုများ ပြီးမြောက်၏။ သေးငယ်သော​အရာများသည် ပညာ​ရှိတို့ကို ကြိမ်ဖန်များစွာ​အရှက်​ရစေ၏။

ကိုယ်တော်ရှင်​ဘုရားသခင်​သည်လည်း သူ၏​ကြီးမြတ်တော်မူသည့် ထာဝရ​အကြံ​အစည်တော်များကို ပြီးမြောက်ရန် နည်းများစွာတို့ဖြင့် ပြုတော်မူ၏။ ထို့အတူ၊ အလွန်​သေးငယ်သော​အရာတို့​အားဖြင့်၊ ကိုယ်တော်ရှင်သည် ပညာရှိ​တို့ကို အရှက်​ရစေလျက်၊ များစွာသော​သူတို့၏ ကယ်တင်ခြင်းကို ဖြစ်စေတော်မူ၏။

ယခုမူကား၊ ဤအရာတို့ကို ယခု​တိုင်အောင် ထိန်းသိမ်း​စောင့်ရှောက်​ရမည်မှာ ဘုရားသခင်၏ ဉာဏ်​ပညာတော်​ဖြစ်လေ၏။ အကြောင်းမူကား၊ ထိုအရာတို့က ဤလူမျိုးတို့၏ မှတ်ဉာဏ်ကို ကြီးမား​လာစေ၏။ ထိုမှတစ်ပါး၊ များစွာသော​သူတို့ကို သူတို့အပြု​အမူများ၏ မှားယွင်းခြင်း​ကိုလည်း နားသွင်း၍၊ သူတို့၏​စိတ်ဝိညာဉ်များ ကယ်တင်ခြင်းသို့ ရောက်သည့်​တိုင်အောင် သူတို့၏​ဘုရားသခင်ကို သိခြင်းသို့ ဆောင်ယူ၏။

ထိုမှတစ်ပါး၊ သင့်ကို ငါဆိုသည်ကား၊ ဤပုရပိုက်ပြားများ​ပေါ်၌​ရှိသည့်၊ ဤမှတ်တမ်းများ၌ ပါဝင်သော​အရာများ မရှိလေလျှင်၊ အမ္မုန်နှင့် သူ၏​ညီအစ်ကိုတို့သည် ထောင်​ပေါင်းများစွာသော လာမန်​အမျိုးသားတို့ကို သူတို့​ဘိုးဘေးတို့၏ မမှန်သည့်​နည်း​ဥပဒေသများ​အကြောင်း နားသွင်းနိုင်ခဲ့ကြမည်​မဟုတ်။ ထိုမှတစ်ပါး၊ ဤမှတ်တမ်းများနှင့် သူတို့၏​စကားများက သူတို့ကို နောင်တရခြင်းသို့ ဆောင်ယူခဲ့၏။ ဆိုလိုသည်ကား၊ သူတို့၏ ဘုရားသခင်​ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ သူတို့ကို ဆောင်ယူခဲ့၏။ သူတို့၏​ရွေးနှုတ်ရှင်​ယေရှု​ခရစ်တော်၌ ရွှင်လန်း​ဝမ်းမြောက်​စေခြင်းငှာလည်း​ဖြစ်၏။

၁၀ ယခုမူကား၊ ထိုအရာတို့သည် ထောင်ပေါင်း​များစွာသော​သူတို့ကို၊ ထိုမှတစ်ပါး၊ ယခုတွင် အပြစ်နှင့် ဒုစရိုက်များ၌ စိတ်နှလုံးကို မာကျော​စေလျက်​ရှိသည့် ငါတို့၏ လည်ပင်း​ခိုင်မာသော​ညီအစ်ကို နီဖိုင်း​အမျိုးသား​ထောင်ပေါင်း​များစွာတို့ကို သူတို့၏​ရွေးနှုတ်ရှင်အား သိခြင်းသို့ ဆောင်ယူရာ တန်ဆာများ​ဖြစ်ကောင်း​ဖြစ်မည်ကို အဘယ်သူ မသိဘဲ​ရှိမည်နည်း။

၁၁ ယခုတွင်၊ ဤနက်နဲသော​အရာတို့ကို ငါ့အား ပြည့်စုံစွာ ဖော်ပြ​မထားသေး။ ထိုကြောင့်၊ ငါထပ်၍​မပြော။

၁၂ ဘုရားသခင်​သိမှတ်တော်မူသည့် ဉာဏ်​ပညာ​အမြော်​အမြင်​ရှိသော ကြံရွယ်ချက်​အတွက် ထိုအရာတို့ကို ထိန်းသိန်း​စောင့်ရှောက်​ထား၏ဟု ငါဆိုလျှင်ပင် လုံလောက်​နိုင်ပေ၏။ အကြောင်းမူကား၊ သူသည် မိမိ၏​ခပ်သိမ်းသော အမှုတော်များ​အပေါ်၊ ဉာဏ်​ပညာဖြင့် အကြံ​ပေးတော်မူ၍၊ သူ၏​လမ်း​ခရီးတော်တို့သည် ဖြောင့်၍၊ သူ၏​လမ်းတော်သည် ထာဝရ​တည်မြဲသော တရား​စက်ဝန်း​တစ်ခု​ဖြစ်၏။

၁၃ အို ငါ့သား ဟေလမန်၊ ဘုရားသခင်၏​ပညတ်တော်များ တင်းကျပ်​လှသည်ကို သတိရလော့၊ သတိရလော့။ သင်တို့သည် ငါ၏​ပညတ်တော်များကို စောင့်ထိန်းမည်​ဆိုလျှင်၊ ထိုပြည်၌ အောင်မြင်လိမ့်မည်ဟု သူမိန့်တော်မူ၏—သို့ရာတွင်၊ သင်သည် သူ၏​ပညတ်တော်များကို စောင့်ထိန်းခြင်း​မရှိလျှင်၊ သူ၏​မျက်မှောက်မှ ပယ်ရှင်း​ခံရလိမ့်မည်။

၁၄ ငါ့သား၊ ယခုမူကား၊ ဘုရားသခင်သည် သန့်ရှင်း​မွန်မြတ်သည့်၊ သန့်ရှင်း​မွန်မြတ်စွာ သူ​ထိန်းသိမ်း​ထားလေသည့်၊ ထို့အတူ သူ၏​တန်ခိုးတော်ကို အနာဂတ်​မျိုးဆက်တို့အား ပြနိုင်​တော်မူခြင်းငှာ၊ သူ့ ၌​ရှိသည့် ဉာဏ်​ပညာ​အမြော်​အမြင်​ရှိသော ကြံရွယ်ချက်​အတွက်လည်း ထိန်းသိမ်း၍၊ ကာကွယ်​စောင့်မတော်မူမည့် ဤအရာတို့ကို သင့်အား၊ ယုံကြည်​လွှဲအပ်​ထားလေကြောင်း သတိရလော့။

၁၅ ယခုမူကား၊ ရှုလော့၊ ငါသည် သင့်ကို ပရောဖက်​ပြုဟောသော​ဝိညာဉ်ဖြင့်​ပြောပြသည်မှာ၊ သင်သည် ဘုရားသခင်၏​ပညတ်တော်များကို လွန်ကျူးလျှင်၊ ရှုလော့၊ သန့်ရှင်း​မွန်မြတ်သော​ဤအရာတို့ကို ဘုရားသခင်၏​တန်ခိုးတော်ဖြင့်၊ သင့်ထံမှ ဖယ်ရှားတော်မူလိမ့်မည်။ သင့်ကို စာတန်​ထံသို့​လွှဲအပ်​လိမ့်မည်​ဖြစ်၍၊ သူသည် သင့်ကို လေတိုက်သော​ဖွဲသဖွယ် ဆန်ကာနှင့်​ချသကဲ့သို့ စစ်ယူနိုင်ပေ၏။

၁၆ သို့ရာတွင်၊ သင်သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်း၍၊ သန့်ရှင်း​မွန်မြတ်သော​ဤအရာတို့ကို ကိုယ်တော်ရှင်​မိန့်တော်မူသည့်​အတိုင်း ပြုမည်ဆိုလျှင် (သင်သည် ထိုအရာတို့နှင့်​စပ်လျဉ်း၍ သင်ပြုရမည့် အရာ​မှန်သမျှတို့​အတွက် ကိုယ်တော်ရှင်ထံ တောင်းပန်​ရမည်ဖြစ်သဖြင့်) ရှုလော့၊ မြေကြီး သို့မဟုတ် ငရဲ၏​တန်ခိုးသည် ထိုအရာတို့ကို သင့်ထံမှ ဖယ်ရှားနိုင်မည်​မဟုတ်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏​ခပ်သိမ်းသော နှုတ်ကပတ်တော်တို့ကို ပြီးပြည့်စုံစေရန် တန်ခိုး​ကြီးတော်မူပေ၏။

၁၇ အကြောင်းမူကား၊ သူသည် သင့်ထံသို့ ပြုတော်မူမည့် သူ၏​ကတိတော်​မှန်သမျှကို ပြီးပြည့်စုံ​စေတော်မူမည်။ အကြောင်းမူကား၊ သူသည် ငါတို့​ဘိုးဘေးတို့ထံ ပြုတော်မူလေသည့် သူ၏​ကတိတော်တို့ကို ပြီးပြည့်စုံ​စေတော်မူ​ပြီးလေပြီ။

၁၈ အကြောင်းမူကား၊ သူသည် မိမိ​တန်ခိုးတော်ကို အနာဂတ်​မျိုးဆက်တို့အား ပြတော်မူနိုင်ခြင်းငှာ၊ သူ့၌​ရှိသည့် ဉာဏ်ပညာ​အမြော်​အမြင်ရှိသော ကြံရွယ်ချက်​အတွက် ဤအရာတို့ကို ထိန်းသိမ်း​စောင့်ရှောက်​တော်မူလိမ့်မည်​ဖြစ်ကြောင်း သူတို့ကို မိန့်တော်မူခဲ့၏။

၁၉ ယခုမူကား၊ ရှုလော့၊ သူပြီးပြည့်စုံ​စေတော်မူသည့် ကြံရွယ်ချက်​တစ်ခုမှာ၊ ထောင်ပေါင်း​များစွာသော လာမန်​အမျိုးသားတို့ကို သမ္မာ​တရားကို​သိခြင်းသို့ ပြန်လည်​ခေါ်ဆောင်ခြင်းပင်​ဖြစ်၏။ ထိုအရာတို့၌ သူ၏​တန်ခိုးတော်ကိုလည်း ပြတော်မူလေပြီး၊ အနာဂတ်​မျိုးဆက်များသို့​တိုင်အောင် ထိုအရာတို့၌ သူ၏​တန်ခိုးတော်ကို ပြတော်မူလျက်​ရှိသေး၏။ ထို့ကြောင့်၊ ဤအရာတို့ကို ထိန်းသိမ်း​စောင့်ရှောက်​ထားရမည်။

၂၀ ထို့ကြောင့်၊ ငါ့သား​ဟေလမန်၊ သင်သည် ငါ၏​စကား​မှန်သမျှကို ပြီးပြည့်စုံ​စေရာ၌ လုံ့လဝီရိယ​ရှိရမည်​ဖြစ်ကြောင်းနှင့် ရေးထားသည့် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လဝီရိယ​ရှိရမည်​ဖြစ်ကြောင်း ငါမှာကြား၏။

၂၁ ယခုမူကား၊ ထိုပုရပိုက်ပြား​နှစ်ဆယ်လေ​ပြားနှင့်​စပ်လျဉ်း၍၊ ငါပြောပြမည်မှာ၊ လျှို့ဝှက်သော​ယုံကြည်ခြင်း၊ မှောင်မိုက်ခြင်း​အမှုများ၊ သူတို့၏​လျှို့ဝှက်သော​အမှုများ သို့မဟုတ်၊ ဖျက်ဆီး​ခံရလေပြီးဖြစ်သည့် ထိုလူတို့၏​လျှို့ဝှက်သော​အမှုများကို ဤလူတို့အား ထင်ရှားစွာ​ပြနိုင်ခြင်းငှာ၊ အထူးသဖြင့်၊ သူတို့၏​လူ့အသက်​သတ်ခြင်း​မှန်သမျှ၊ လုယူခြင်းနှင့် သူတို့၏​လုယက်ခြင်း၊ သူတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှု​မှန်သမျှကို ဤလူတို့အား ထင်ရှားစွာ​ပြနိုင်ခြင်းငှာ၊ ထိုပုရပိုက်​ပြားများကို သင်ထိန်းသိမ်း​ရမည်ဖြစ်ကြောင်းနှင့် ထိုမှတစ်ပါး၊ ဤအနက်​ဖွင့်သော​အရာများကို သင်ထိန်းသိမ်း​စောင့်ရှောက်​ရမည်​ဖြစ်ကြောင်းပေတည်း။

၂၂ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် မိမိ​လူမျိုးတို့ မှောင်မိုက်၏​အမှုများကို အထူးသဖြင့်၊ လျှို့ဝှက်သော လူ့​အသက်​သတ်ခြင်းများနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို စတင်၍​ပြုကြောင်း သိမြင်တော်မူ၏။ ထို့ကြောင့်၊ သူတို့​နောင်တမရလျှင်၊ မြေကြီး​မျက်နှာပြင်မှ ဖျက်ဆီး​ခံရမည်ကို ကိုယ်တော်ရှင်​မိန့်တော်မူခဲ့၏။

၂၃ ထို့အတူ၊ ကိုယ်တော်ရှင်​မိန့်တော်မူသည်ကား၊ ငါ့ကို အစေခံသည့် ငါ၏​လူမျိုးတို့အား ဖော်ပြနိုင်​တော်မူခြင်းငှာ၊ သူတို့​ညီအစ်ကိုတို့၏​အမှုများ၊ အထူးသဖြင့်၊ သူတို့၏​လျှို့ဝှက်သော​အမှုများ၊ သူတို့၏​မှောင်မိုက်ခြင်းအမှုများ၊ သူတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို သူတို့အား ဖော်ပြ​တော်မူနိုင်ခြင်းငှာ၊ ငါ့​ကျွန်​ဂါဇေလင်​အတွက်၊ မှောင်မိုက်၌ အလင်းကို​ပြသည့် တောက်ပမည့် ကျောက်ကို ပြင်ဆင်​တော်မူမည်။

၂၄ ယခုမူကား၊ ငါ့သား၊ ဘုရားသခင်၏​နှုတ်ကပတ်တော်တို့ကို ပြီးပြည့်စုံ​စေခြင်းငှာ၊ ဤအနက်ဖွင့်သော​အရာများကို ပြင်ဆင်​ထားတော်မူခဲ့၏။ သူဆို၍ မိန့်တော်မူ​လေသည်ကား၊

၂၅ ငါသည် သူတို့၏​ခပ်သိမ်းသော လျှို့ဝှက်သည့်​အမှုများနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို မှောင်မိုက်မှ​ထုတ်ဆောင်ပြီး အလင်းသို့ ဖော်ပြ​တော်မူမည်။ သူတို့​နောင်တမရလျှင်၊ သူတို့ကို မြေကြီး​မျက်နှာပြင်မှ ငါ​ဖျက်ဆီး​တော်မူမည်။ သူတို့၏​ခပ်သိမ်းသော​လျှို့ဝှက်ခြင်းများနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို နောင်ကာလ၌ ထိုပြည်ကို ပိုင်ဆိုင်မည့် လူမျိုး​မှန်သမျှထံ အလင်းသို့ဆောင်ယူ​တော်မူမည်။

၂၆ ယခုမူကား၊ ငါ့သား၊ သူတို့​နောင်တမရကြောင်း ငါတို့​သိမြင်၏။ ထို့ကြောင့်၊ သူတို့သည် ဖျက်ဆီး​ခံ၏၊ ဘုရားသခင်၏​နှုတ်ကပတ်တော်သည်လည်း ဤမျှအထိ ပြီးပြည့်စုံ​စေလေပြီ။ ထိုမှတစ်ပါး၊ သူတို့၏​လျှို့ဝှက်သော စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို မှောင်မိုက်ထဲမှ ထုတ်ဆောင်၍ ငါတို့ထံ ဖော်ပြ​တော်မူ၏။

၂၇ ယခုမူကား၊ ငါ့သား၊ သင်သည် သူတို့၏​ခပ်သိမ်းသော​ကျိန်ဆိုခြင်းများ၊ သူတို့၏​ပဋိညာဉ်များ၊ သူတို့၏​လျှို့ဝှက်သော​စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၌​ရှိသော သူတို့၏​သဘော​တူညီချက်များကို ဟန့်​တားရမည့်​အကြောင်း ငါမှာ​ကြား၏။ ထိုမှတစ်ပါး၊ သူတို့၏ ခပ်သိမ်းသော​နိမိတ်​လက္ခဏာများနှင့် သူတို့၏ အံ့မခန်း​ချီးမွမ်းဖွယ်​အမှုများကိုလည်း သင်သည် ဤလူတို့ထံမှ တားဆီး​ရမည်၊ ၎င်းတို့ကို သိခြင်းမရှိစေခြင်းငှာဖြစ်၏၊ သူတို့ မှောင်မိုက်​ထဲသို့ လဲကျ​ကောင်းလဲကျ၍ ဖျက်ဆီး​မခံရ​စေခြင်းငှာပေတည်း။

၂၈ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် လုံးလုံးရင့်မှည့်သော​အခါ၊ မှောင်မိုက်ကို ကျင့်သော​သူများ​အပေါ်သို့ ဘုရားသခင်၏​တန်ခိုးတော်​အတိုင်း၊ ဖျက်ဆီးခြင်း ကျရောက်​လာလိမ့်မည့်​အကြောင်း ဤပြည်​တစ်ခုလုံး​အပေါ်၌ ကျိန်ဆိုခြင်း​ရှိ၏။ ထို့ကြောင့် ဤလူမျိုးတို့ ဖျက်ဆီး​မခံရနိုင်​စေကြောင်း ငါ​အလို​ရှိ၏။

၂၉ အကြောင်းမူကား၊ သင်သည် သူတို့​၏ကျိန်ဆိုခြင်းများနှင့် သူတို့​ပဋိညာဉ်များ၏ လျှို့ဝှက်သော ဤအကြံ​အစည်များကို ဤလူတို့ထံမှ တားဆီး၍၊ သူတို့၏​ဆိုးညစ်ခြင်း၊ သူတို့၏​လူ့​အသက်​သတ်ခြင်းများနှင့် သူတို့၏​စက်ဆုပ်​ရွံရှာဖွယ်​အမှုများကိုသာ ဖော်ပြရမည်။ ထိုကဲ့သို့သော​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၊ ထို့အတူ လူ့အသက်​သတ်ခြင်းတို့ကို ရွှံရှာကြရန်​ကိုလည်း သူတို့ကို သွန်သင်​ရမည်။ ဤလူမျိုးတို့သည် သူ၏​တို့ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၊ ထို့အတူ၊ သူတို့၏​လူ့အသက်​သတ်ခြင်းများကြောင့် ဖျက်ဆီး​ခံရလေကြောင်းကိုလည်း သွန်သင်​ရမည်။

၃၀ အကြောင်းမူကား၊ ရှုလော့၊ သူတို့၏​ဒုစရိုက်များ​အကြောင်းကို ဟောပြောရန် သူတို့ထံ​လာသည့်၊ ကိုယ်တော်ရှင်၏​ခပ်သိမ်းသော​ပရောဖက်များကို သူတို့​သတ်ခဲ့ကြ၏။ သူတို့​သတ်ခဲ့​သူတို့၏​အသွေးကလည်း လက်​တုံ့ပြန်ခြင်းကို သူတို့​အသက်ကို သတ်​သူများအပေါ် ကျရောက်စေရန် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်၏။ ထိုကဲ့သို့​အားဖြင့် ဘုရားသခင်၏​တရားစီရင်​တော်မူခြင်းများသည် မှောင်မိုက်ကို​ကျင့်သူများနှင့် လျှို့ဝှက်ဂိုဏ်းများ​အပေါ် ကျရောက်​တော်မူ၏။

၃၁ ထိုမှတစ်ပါး၊ မှောင်မိုက်ကို​ကျင့်သော ထိုသူများနှင့် လျှို့ဝှက်ဂိုဏ်းများ​အတွက်၊ သူတို့​လုံးလုံးမရင့်မှည့်မီ နောင်တမရလျှင်၊ ပျက်စီးခြင်းသို့ ရောက်သည့်​တိုင်အောင် ကျိန်ခြင်းသည် ထိုပြည်သို့ ကာလ​အစဉ်​အဆက်အမြဲ ကျရောက်လိမ့်မည်။

၃၂ ယခုမူကား၊ ငါ့သား၊ သင့်အား ငါ​ပြောလေသော​စကားကို သတိရလော့။ ထို​လျှို့ဝှက်သော အကြံအစည်များကို ဤလူများသို့ မအပ်နှံနှင့်။ သို့ရာတွင်၊ သူတို့အား အပြစ်နှင့် ဒုစရိုက်များကို ဆန့်ကျင်၍ ထာဝရ​တည်မြဲသော​မုန်းတီးခြင်းအား သွန်သင်လော့။

၃၃ သူတို့အား နောင်တရခြင်းနှင့် ကိုယ်တော်ရှင်​ယေရှုခရစ်တော်၌​ယုံကြည်ခြင်းကို ဟော​ပြောလော့။ သူတို့​ကိုယ်သူတို့ နှိမ့်ချစေခြင်းငှာ၊ သိမ်မွေ့အောက်ကျို့၍ စိတ်နှလုံး​နှိမ့်ချစေခြင်းငှာ သွန်သင်လော့။ နတ်ဆိုး၏​သွေးဆောင်​ဖြားယောင်းခြင်း​မှန်သမျှကို ကိုယ်တော်ရှင်​ယေရှုခရစ်တော်၌ သူတို့၏​ယုံကြည်ခြင်းဖြင့် ဆီးတားရန် သွန်သင်လော့။

၃၄ ကောင်းမြတ်သော​အမှုနှင့် စပ်လျဉ်း၍ အဘယ်တော့မျှ မငြီးငွေ့ဘဲ၊ သိမ်မွေ့အောက်ကျို့​၍ စိတ်နှလုံး​နှိမ့်ချစေခြင်းငှာ သွန်သင်လော့။ အကြောင်းမူကား၊ ထိုကဲ့သို့သော​သူတို့သည် မိမိတို့​စိတ်ဝိညာဉ်၏​ချမ်းသာခြင်းကို တွေ့​ရှိလိမ့်မည်။

၃၅ အို သတိရလော့ ငါ့သား၊ သင်ငယ်ရွယ်​စဉ်မှာ ဥာဏ်ပညာကို သင်ယူလော့။ ထိုမှတစ်ပါး၊ ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းခြင်းငှာ သင်ငယ်ရွယ်​စဉ်မှာ သင်ယူလော့။

၃၆ ထိုမှတစ်ပါး၊ သင်၏​ခပ်သိမ်းသော​အထောက်​အမအတွက် ဘုရားသခင်ထံသို့ တောင်း​လျှောက်လော့။ ထိုမှတစ်ပါး၊ သင်၏​အမှု​မှန်သမျှကို ကိုယ်တော်ရှင်​အတွက် ဖြစ်စေ၍၊ သင်​အဘယ်အရပ်သို့ သွားသည်​ဖြစ်စေ၊ ထိုအမှုကို ကိုယ်တော်ရှင်၌ ရှိစေလော့။ ထိုမှတစ်ပါး၊ သင်၏​အတွေး​မှန်သမျှကို ကိုယ်တော်ရှင်ထံသို့ ရှေးရှုလော့။ ထိုမှတစ်ပါး၊ သင့်​စိတ်နှလုံး၏​ချစ်ခြင်းကို ကိုယ်တော်ရှင်​အပေါ်၌ ကာလ​အစဉ်အဆက် ထားရှိလော့။

၃၇ သင်၏​အမှု​မှန်သမျှ၌ ကိုယ်တော်ရှင်နှင့် တိုင်ပင်လော့။ သူသည် သင့်ကို ကောင်းမြတ်ရာသို့ ညွှန်ပြ​တော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ သင်သည် ညဉ့်​အချိန်၌ လဲလျောင်းသော​အခါ ကိုယ်တော်ရှင်အဖို့ လဲလျောင်းလော့၊ သင်အိပ်ပျော်ရာ၌ ကြည့်ရှု​စောင့်ရှောက်​တော်မူပေမည်။ နံနက်​အချိန်၌ ထသော​အခါတွင်လည်း သင်၏​စိတ်နှလုံးကို ဘုရားသခင်အား ကျေးဇူးတော်​ချီးမွမ်းခြင်းနှင့် ပြည့်စေလော့။ ဤအရာတို့ကို ပြုလျှင်၊ နောက်ဆုံးသော​နေ့၌ ချီးမြှောက်​တော်မူခြင်းကို ခံရလိမ့်မည်။

၃၈ ယခုမူကား၊ ငါ့သား၊ အလုံး သို့မဟုတ်၊ လမ်းညွှန်သည့်​အရာဟု ငါတို့​ဘိုးဘေးတို့​ခေါ်သည့်—သို့မဟုတ်၊ လမ်းညွှန်လုံးဟု အနက်ဖွင့်သည့်၊ လိယဟော်နာဟု ငါတို့​ဘိုးဘေးတို့​ခေါ်သည့် အရာနှင့်​စပ်လျဉ်း၍ ငါ့၌ သင့်ကို ပြောစရာ​အတော်​အသင့်​ရှိ၏။ ထိုအရာကို ကိုယ်တော်ရှင်​ပြင်ဆင်တော်မူ၏။

၃၉ ရှုဦးလော့၊ ထိုကဲ့သို့ အလွန်​အနု​စိတ်သော​လက်ရာ​ဖြင့် အဘယ်သူ​မျှ မပြု​လုပ်နိုင်။ ရှုဦးလော့၊ ငါတို့​ဘိုးဘေးတို့အား၊ တောရိုင်းထဲ၌ ခရီး​သွားရမည့် လမ်းကြောင်းကို ပြရန် ထိုအရာကို ပြင်ဆင်​ထားတော်မူခဲ့၏။

၄၀ ထိုအရာကလည်း ဘုရားသခင်ကို သူတို့၏​ယုံကြည်ခြင်း​အတိုင်း သူတို့​အတွက် လှုပ်ရှား၏။ ထို့ကြောင့်၊ သူတို့​သွားရမည့်​လမ်းကို ထို​ဝင်ရိုးများ ညွှန်ပြစေရန် ဘုရားသခင် ပြုနိုင်​တော်မူကြောင်း သူတို့​ယုံကြည်ခြင်း​ရှိလေ၍၊ ရှုလော့၊ ထိုအမှု ဖြစ်ခဲ့လေပြီတကား။ ထို့ကြောင့်၊ သူတို့၌ ဤအလွန်​တရာ​အံ့ဩဖွယ်​အမှု ရှိလေ၏။ အခြားသော အလွန်​တရာ​အံ့ဩဖွယ်​အမှု များစွာတို့ကိုလည်း ဘုရားသခင်၏​တန်ခိုးတော်ဖြင့် နေ့တိုင်း ပြုပြင်​စီရင်တော်မူခဲ့၏။

၄၁ သို့သော်လည်း၊ ထိုအလွန်​တရာ​အံ့ဩဖွယ်​အမှုများကို သေးငယ်သော​အရာတို့​အားဖြင့် ပြုလေသောကြောင့်၊ ထိုအရာက သူတို့အား အံ့ဩဖွယ်​ကောင်းသော​အမှုများကို ပြ၏။ သူတို့သည် ပျင်းရိ၍၊ ယုံကြည်ခြင်းနှင့် လုံ့လဝီရိယကို ကျင့်သုံးရန် မေ့လျော့ကြ​ပြီးနောက်၊ ထိုအံ့ဩဖွယ်​ကောင်းသော​အမှုများ ရပ်တန့်၍၊ သူတို့၏​လမ်းခရီး၌ ရှေ့သို့​မတိုးနိုင်ကြ။

၄၂ ထို့ကြောင့်၊ သူတို့သည် တောရိုင်းထဲ၌ တည်းခိုကြ၊ သို့မဟုတ်၊ ဖြောင့်သော​လမ်းကို မသွားကြသဖြင့်၊ သူတို့၏​လွန်ကျူးခြင်း​များကြောင့်၊ အစာ​ငတ်မွတ်ခြင်းနှင့် ရေငတ်ခြင်းတို့ဖြင့် ဒုက္ခ​ရောက်လေ၏။

၄၃ ယခုမူကား၊ ငါ့သား၊ ဤအရာတို့သည် ပုံပမာမရှိသည့်​အရာများ မဟုတ်ကြောင်း သင်​နားလည်စေရန် ငါ​အလို​ရှိ၏။ အကြောင်းမူကား၊ ငါတို့​ဘိုးဘေးတို့သည် ဤလမ်းညွှန်လုံးကို ပမာဏပြုရန် ပျင်းရိသော​အခါ၊ (ယခုတွင် ဤအရာများသည် ဇာတိ​ပကတိနှ့င်​ဆိုင်သော​အရာများ​ဖြစ်၏) မအောင်မြင်ကြ။ ဝိညာဉ်​ပကတိ​အရာများနှင့် စပ်လျဉ်း၍လည်း ထိုကဲ့သို့ပင်တည်း။

၄၄ အကြောင်းမူကား၊ ရှုလော့၊ ငါတို့​ဘိုးဘေးတို့အား ကတိတော်​မြေသို့သွားရာ ဖြောင့်သော​လမ်းကြောင်းကို ညွှန်ပြလေမည့် လမ်းညွှန်လုံးကို ပမာဏပြုခဲ့​လေသကဲ့သို့ပင်၊ သင့်အား ထာဝရ​ပျော်ရွှင်​ချမ်းမြေ့ခြင်းသို့​သွားရာ ဖြောင့်သော​လမ်းကြောင်းကို ညွှန်ပြမည့် ခရစ်တော်၏​နှုတ်ကပတ်တော်ကို ပမာဏပြုရန် လွယ်ကူပေ၏။

၄၅ ယခုမူကား၊ ဤအမှု၌ သင်္ကေတ​တစ်ခု​မရှိသလောဟု ငါဆို၏။ အကြောင်းမူကား၊ ဤလမ်းညွှန်သည့်​အရာက ငါတို့​ဘိုးဘေးတို့ကို ၎င်း၏​လမ်းကြောင်းသို့ လိုက်ခြင်း​အားဖြင့်၊ ကတိတော်မြေသို့ ဧကန်​အမှန်​တိကျစွာ ပို့ဆောင်ခဲ့​သကဲ့သို့ပင်၊ ခရစ်တော်၏​နှုတ်ကပတ်တော်လမ်းကြောင်းကို ငါတို့​လိုက်လျှင်၊ ငါတို့ကို ဤဝမ်းနည်းခြင်း​ချိုင့်ဝှမ်းမှ ကျော်လွန်၍၊ အလွန်​တရာ​ပို၍ ကောင်းမြတ်သော ကတိတော်​မြေထဲသို့ ပို့ဆောင်​တော်မူလိမ့်မည်။

၄၆ အို ငါ့သား၊ ထိုနည်းလမ်း၏ လွယ်ကူခြင်းကြောင့် ငါတို့​မပျင်းစေနှင့်။ ငါတို့​ဘိုးဘေးတို့​အတွက် ထိုကဲ့သို့ ဖြစ်ခဲ့လေပြီ။ အကြောင်းမူကား၊ သူတို့​ကြည့်လျှင်၊ အသက်ရှင်​နိုင်ကြောင်း၊ သူတို့​အတွက် ထိုကဲ့သို့ ပြင်ဆင်​ထားတော်မူခဲ့၏။ ငါတို့နှင့်​စပ်လျဉ်း၍လည်း ထိုကဲ့သို့ပင်တည်း။ နည်းလမ်းကို ပြင်ဆင်​ထား၍၊ ငါတို့​ကြည့်မည်ဆိုလျှင်၊ ကာလ​အစဉ်အဆက် အသက်​ရှင်နိုင်ပေ၏။

၄၇ ယခုမူကား၊ ငါ့သား၊ သင်သည် ဤသန့်ရှင်း​မွန်မြတ်သော​အရာတို့ကို ဂရုစိုက်ရမည့်​အကြောင်း သတိပြုလော့။ ထိုမှတစ်ပါး၊ ဘုရားသခင်ကို မျှော်လင့်၍ အသက်ရှင်​ရမည့်​အကြောင်း သတိပြုလော့။ ဤလူတို့ထံ သွား၍ နှုတ်ကပတ်တော်ကို ဟောပြောလော့၊ ထို့အတူ သမ္မာ​သတိရှိလော့။ ငါ့သား၊ မင်္ဂလာ​ရှိပါစေ။