ကျမ်းစာများ
၂ နီဖိုင်း ၆


အခန်းကြီး ၆

ယာကုပ်​သည် ယုဒ​လူ​မျိုး​တို့​၏​သမိုင်း​ကို ပြန်​လည်​ပြော​ပြ​၏။ ဗာဗုလုန်​မြို့​သို့ ဖမ်း​ဆီး​ချုပ်​နှောင်​ခံ​ရခြင်း​နှင့် ပြန်​လာခြင်း၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား အမှု​တော်​ဆောင်ခြင်း​နှင့် လက်ဝါး​ကပ်တိုင်၌ ကွပ်​မျက်​ခံ​ရ​တော်​မူခြင်း၊ တစ်ပါးအမျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော​ကူ​ညီ​မှု၊ ယုဒ​လူ​မျိုး​တို့ မေရှိယ​ကို ယုံ​ကြည်​သော​အခါ၊ နောက်​ပိုင်း​ကာလ​၌ သူ​တို့​ထံ​သို့ ပြန်​လည်​အပ်နှင်းခြင်း။ ဘီစီ ၅၅၉–၅၄၅ ခန့်။

နီဖိုင်း​လူ​မျိုး​တို့ကို ပြော​သည့် နီဖိုင်း​၏​ညီ၊ ယာကုပ်​၏​စကား​တို့သည်​ကား။

ရှု​လော့၊ ငါ​၏​ချစ်​လှ​စွာ​သော​ညီ​အစ်​ကို​တို့၊ ငါ၊ ယာကုပ်သည် ဘုရားသခင်၏​ခေါ်​သွင်း​ခံရ​၍၊ သူ​၏​သန့်​ရှင်း​သော​အသင်း​အတိုင်း ခန့်အပ်ခံ​ရ၏၊ ရှင်ဘုရင်​တစ်​ပါး၊ သို့​မ​ဟုတ် ကာ​ကွယ်​စောင့်​ရှောက်​သူ​တစ်​ယောက်​ကဲ့​သို့ သင်​တို့​ကြည်​ညို​လေး​စား​၍၊ ဘေး​လွတ်ခြင်း​အတွက် သင်​တို့​အား​ကိုး​ရ​သော၊ ငါ့​အစ်​ကို​နီဖိုင်း​အားဖြင့်လည်း ခန့်​ထား​ခံခဲ့ရ​၏၊ ရှု​လော့၊ သင်တို့သည် အလွန်​များ​စွာ​သော​အရာ​တို့​ကို သင်​တို့​အား ငါ​ပြော​လေ​ကြောင်း သိ​ကြ​၏။

အဘယ်​သို့​ပင်​ဖြစ်​စေ၊ ငါ​သည် သင်​တို့​စိတ်​ဝိညာဉ်​၏​ကောင်း​ကျိုး​ကို လို​လား​သည့်​အတွက် တစ်​ဖန်​ပြော​ဦး​မည်။ ထို​မှ​တစ်​ပါး၊ သင်​တို့​အတွက် ငါ​၏​စိုး​ရိမ်​ပူ​ပန်​မှု​မှာ ကြီး​မား​၍ အစဉ်​အမြဲ​ရှိ နေ​ခဲ့​လေ​သည်​ကို​လည်း သင်​တို့​ကိုယ်​တိုင် သိ​ကြ​၏။ အကြောင်း​မူ​ကား၊ ငါ​သည် သင်တို့အား လုံံ့လဝီရိယ ရှိသမျှနှင့် တိုက်​တွန်း​ခဲ့​၏။ သင်​တို့​အား ငါ့​အဘ​၏​စကား​တို့​ကို​လည်း သွန်​သင်​ပေး​ခဲ့​၏။ သင်တို့အား ကမ္ဘာ​ကို ဖန်​ဆင်း​တော်မူခြင်း​မှ​စ​၍ ရေး​ထား​သည့် အရာ​ခပ်​သိမ်း​တို့​အကြောင်း​ကို​လည်း ပြော​ပြီး​လေ​ပြီ။

ယခု​မူ​ကား၊ ရှု​လော့၊ ငါသည် သင်တို့အား ဖြစ်​လျက်​ရှိ​သော​အရာတို့​နှင့် ဖြစ်​လတ္တံ့​သော​အရာ​တို့​အကြောင်း​ကို ပြော​လို​၏။ သို့​ဖြစ်​၍၊ ငါသည် ဟေရှာယ​၏​စကားတို့​ကို ဟော​ပြော​မည်။ ထို​အရာ​တို့​သည်​ကား၊ ငါ​၏​အစ်​ကို​က သင်​တို့​အား ငါ​ပြော​ပြ​စေ​ကြောင်း​အလို​ရှိ​သည့် စကားတို့​ပေ​တည်း။ ငါသည် သင်​တို့​သင်​ယူ​၍ ဘုရားသခင်​၏​နာမ​တော်​အား ချီး​မွမ်း​နိုင်​စေ​ကြောင်း၊ သင်​တို့​အတွက် ဟော​ပြော​၏။

ယခု​မူ​ကား၊ ငါ​ဟော​ပြော​မည့်​စကားတို့​မှာ ဟေရှာယ​ဟော​လေ​သည့် ခပ်သိမ်းသော ဣသရေလ​အမျိုး​သား​တို့​အကြောင်း ဖြစ်​၏။ သို့​ဖြစ်​၍၊ ထို​အရာ​တို့​သည် သင်​တို့​နှင့် သက်​ဆိုင်​နိုင်​ပေ​၏။ အကြောင်း​မူ​ကား၊ သင်​တို့​သည် ဣသရေလ​အမျိုး​သား​များ ဖြစ်​ကြ​၏။ သင်​တို့​သည် ဣသရေလ​အမျိုး​သား​များ ဖြစ်​ကြ​သော​ကြောင့်၊ ဟေရှာယ​ဟော​လေ​သည့် အရာ​တည်း​ဟူ​သော၊ သင်​တို့​နှင့်​သက်​ဆိုင်​နိုင်​သည့် အရာ​များ​စွာ​ရှိ​၏။

ယခု​တွင်၊ ဤ​စကားတို့​မူ​ကား၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​မိန့်​တော်​မူ​လေ​သည်​မှာ၊ ရှု​လော့၊ ငါ​သည် တစ်ပါးအမျိုး​သား​တို့​ကို လက်​ကို​ချီ​၍၊ လူ​မျိုး​တို့​အား အလံ​ကို​ထူ​သ​ဖြင့် သူ​တို့​သည် သင်​တို့​၏​သားတို့​ကို လက်​နှင့်​ပွေ့​၍၊ သင်​တို့​၏​သမီးတို့​ကို ပ​ခုံး​ပေါ်​မှာ​ထမ်း​၍ ဆောင်​ခဲ့​ကြ​လိမ့်​မည်။

ရှင်​ဘုရင်​တို့​သည် သင်​တို့​၏​ကျွေး​ဖခင်​များ၊ မိဖုရား​တို့​သည် သင်​တို့​၏​ကျွေး​မွေး​စောင့်​ရှောက်​သော​မိခင်​များ ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​သည် သင့်​ရှေ့​၌ ဦး​ညွှတ်​ပျပ်​ဝပ်​၍၊ သင်​၏​ခြေမှ မြေ​မှုန့်​ကို လျက်​ကြ​လိမ့်​မည်။ ငါ​သည် ကိုယ်​တော်​ရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ငါ့​ကို​စောင့်​မျှော်​သော​သူ​တို့​သည် ရှက်​ကြောက်​ရ​မည်​မ​ဟုတ်။

ယခု​မူ​ကား၊ ငါ၊ ယာကုပ်သည် ဤ​စကားတို့​အကြောင်း​ကို အတော်​အသင့်​ပြော​ပြ​လို​၏။ အကြောင်း​မူ​ကား၊ ရှု​လော့၊ ကိုယ်တော်ရှင်သည် ငါ​တို့​စွန့်​ခွာ​လာ​ခဲ့​သော ယေရုရှလင်​မြို့၌ ရှိ​လေ​သော​သူ​တို့​ကွပ်​မျက်​ခံရ၊ ဖမ်း​ဆီး​ချုပ်​နှောင်​ပြီး​သယ်​ဆောင်​သွားခံ​ရ​ကြောင်း ငါ့​ကို ပြ​တော်​မူ​လေ​၏။

သို့​သော်​လည်း၊ ကိုယ်​တော်​ရှင်သည် သူ​တို့​တစ်​ဖန်​ပြန်​လာ​မည့်​အကြောင်း ငါ့​ကို ပြ​တော်​မူ​လေ​၏။ ကိုယ်​တော်​ရှင်​ဘုရားသခင်၊ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​သည် သူ​ကိုယ်​တိုင်၊ ဇာတိကိုယ်​ခန္ဓာ​အား​ဖြင့် ထို​သူ​တို့​ထံ ထင်​ရှား​စွာ​ပြ​လာ​လိမ့်​မည်​ဖြစ်​ကြောင်း​ကို​လည်း ငါ့​ကို ပြ​တော်​မူ​လေ​၏။ သူ​ကိုယ်​တိုင်​ထင်​ရှား​စွာ​ပြ​ပြီး​နောက်၊ ငါ့​ကို ပြော​သည့် ကောင်း​ကင်​တ​မန်​၏ စကားတို့​အတိုင်း ထို​သူ​တို့​သည် သူ့​ကို ရိုက်​ပုတ်​၍၊ လက်​ဝါး​ကပ်​တိုင်၌ ကွပ်​မျက်​ကြ​လိမ့်​မည်။

၁၀ သူ​တို့​သည် ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​အား ဆန့်​ကျင်​၍၊ သူ​တို့​စိတ်​နှလုံး​ကို မာ​ကျော​စေ​၍၊ သူ​တို့​၏​လည်​ပင်း​ကို ခိုင်​မာ​စေ​ကြ​လေ​ပြီး​နောက်၊ ရှု​လော့၊ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏​တရား​စီရင်​တော်​မူခြင်း​တို့​သည် သူ​တို့​အပေါ် ကျ​ရောက်​လာ​လိမ့်​မည်။ တိုက်​ခိုက်ခြင်း​နှင့် ဒုက္ခ​ပေးခြင်း​ကို သူ​တို့​ခံ​ရ​မည့်​ကာ​လ​သည်​လည်း ကျ​ရောက်​လာ​၏။

၁၁ သို့​ဖြစ်​၍၊ သူ​တို့​သည် အရပ်​ရပ်​သို့ နှင်​ထုတ်ခံ​ကြ​ရပြီး​နောက်၊ ကောင်း​ကင်​တမန်​က မြွက်​ဆို​လေ​သည်​ကား၊ များ​စွာ​သော​သူ​တို့​သည် ဇာတိ​ကိုယ်ခန္ဓာ​၌ ဒုက္ခ​ပေး​ခံ​ရ​မည်​ဖြစ်​သော်​လည်း၊ ပျက်​စီး​စေရန် အခွင့်​ပေးမခံရလတ္တံ့၊ သစ္စာ​ရှိ​သော​သူ​တို့​၏ ဆုတောင်းခြင်းတို့​ကြောင့် ပေတည်း​ဟု ဆို​၏။ သူ​တို့​သည် အရပ်​ရပ်​သို့ ကွဲ​ပြား​ပြန့်​ကျဲ​ရ၊ ထို့အတူ တိုက်​ခိုက်​ခံရ၊ ထို့အတူ မုန်း​တီး​ခံကြရလိမ့်​မည်။ သို့​သော်​လည်း၊ ကိုယ်​တော်​ရှင်သည် သူတို့ကို ကရုဏာကြီး​တော်​မူမည်ဖြစ်၍၊ သူတို့သည် သူ​တို့​၏​ရွေး​နုတ် ရှင်အကြောင်း အသိပညာ​သို့ ရောက်​ကြ​သော​အခါ၊ သူ​တို့​၏​အမွေ​ခံ​ရာ​ပြည်​သို့ တစ်​ဖန် အတူ​တ​ကွ​စု​ဝေး ခံကြ​ရလိမ့်​မည်။

၁၂ ပရောဖက်​ရေး​ထား​လေ​သော တစ်ပါးအမျိုး​သား​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ အကြောင်း​မူ​ကား၊ ရှု​လော့၊ သူ​တို့​သည် နောင်​တရ​၍ ဇိအုန်​ကို​မ​တိုက်​ခိုက်​၊ သူ​တို့​ကိုယ်​ကို ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အသင်း​တော်​ကြီး​နှင့် မပူး​ပေါင်း​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​သည် သူ​၏​သား​သမီးတို့နှင့် ပြု​ထား​သော ပဋိညာဉ်​တို့​ကို ပြီး​ပြည့်​စုံ​စေ​လိမ့်​မည်။ ဤ​အကြောင်း​ကြောင့်၊ ပရောဖက်သည် ဤအရာတို့ကို ရေး​ထား​ခဲ့​လေ​၏။

၁၃ သို့​ဖြစ်​၍၊ ဇိအုန်​နှင့် ကိုယ်​တော်​ရှင်​၏​ပဋိညာဉ်​ခံ​လူ​မျိုး​တို့​ကို ဆန့်​ကျင်​တိုက်​ခိုက်​ကြ​သော​သူ​တို့​သည် ပဋိညာဉ်​ခံ​လူ​မျိုး​တို့​၏​ခြေ​မှ မြေ​မှုန့်​ကို​လျက်​ကြ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တို့​မူ​ကား မရှက်​ကြောက်​ရ​။ အကြောင်း​မူ​ကား၊ ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တို့​သည် သူ့​ကို​မျှော်​လင့်​သော​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် မေရှိယ​ကြွ​လာ​တော်​မူ​ခြင်း​ကို​လည်း စောင့်မျှော်​လျက်​ရှိ​ကြ​၏။

၁၄ ရှု​ဦး​လော့၊ ပရောဖက်​၏​စကား​တို့​အတိုင်း၊ မေရှိယ​သည် သူ​တို့​အား ကယ်​ယူ​ရန်၊ သူ​ကိုယ်​တိုင် ဒုတိယ​အကြိမ် တစ်​ဖန်​ကြွ​လာ​တော်​မူ​မည်။ သို့​ဖြစ်​၍၊ သူ​တို့​၏​ရန်​သူ​တို့​ကို ဖျက်​ဆီး​သည်​အထိ တန်​ခိုး​တော်​အရှိန်​နှင့် ကြီး​စွာ​သော​ဘုန်း​တော်​ကို ဆောင်​၍၊ သူ​တို့​ထံ သူ​ကိုယ်​တိုင် ထင်​ရှား​စွာ​ပြ​တော်​မူ​မည်။ သူ့​ကို သူ​တို့​ယုံ​ကြည်​မည့်​အချိန်​၌ ထို​ကာလ​ကျ​ရောက်​လာ​၏။ သူ့​ကို​ယုံ​ကြည်​သူ၊ အဘယ်​သူ​ကို​မျှ၊ ဖျက်​ဆီး​လိမ့်​မည်​မဟုတ်။

၁၅ သူ့​ကို မ​ယုံ​ကြည်​သော​သူ​တို့​သည် မီး​ဖြင့်​လည်း​ကောင်း၊ မိုး​သက်​မုန်​တိုင်း​ဖြင့်​လည်း​ကောင်း၊ မြေ​ကြီး​လှုပ်ခြင်း​ဖြင့်​လည်း​ကောင်း၊ အသွေး​သွန်း​လောင်းခြင်း​တို့​ဖြင့်​လည်း​ကောင်း၊ ကာလ​နာ​ဘေး​ဖြင့်​လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေး​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ခံ​ကြရ​လိမ့်​မည်။ သူတို့သည် ကိုယ်​တော်​ရှင်​သည်ကား ဘုရားသခင်၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​ဖြစ်​ကြောင်းကိုလည်း သိ​ကြ​လိမ့်​မည်။

၁၆ အကြောင်း​မူ​ကား၊ လုယူရာ​ဥစ္စာသည် အား​ကြီး​သော​သူ​၏​လက်​မှ အယူခံ​ရ​မည်​လော၊ တရား​သော အကျဉ်း​သားသည် လွှတ်​ပေး​ခံရ​မည်​လော။

၁၇ သို့​ရာ​တွင်၊ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည်​ကား၊ အကယ်​စင်​စစ် အား​ကြီး​သော​သူ​သိမ်း​သွား​သော အကျဉ်း​သား​တို့​သည် နုတ်​ယူ​ခံရ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​သော​သူ လုယူရာ​ဥစ္စာ​သည် လွှတ်​ပေးခံ​ရ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ တန်​ခိုး​ကြီး​သော​ဘုရားသခင်​သည် သူ​၏​ပဋိညာဉ်​ခံ​လူ​မျိုး​တို့​ကို ကယ်​လွှတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည်​ကား၊ ငါသည် သင်​နှင့်​ရန်​တွေ့​သော​သူ​ကို ရန်​တွေ့​၍—

၁၈ ငါသည် သင့်​ကို ညှဉ်း​ပန်း​နှိပ်​စက်​သော​သူ​တို့​ကို သူ​တို့​ကိုယ်​တိုင်​၏​အသား​နှင့် ကျွေး​မည်။ သူတို့သည် ချို​သော​စပျစ်​ရည်​နှင့် ယစ်​မူး​သ​ကဲ့​သို့၊ သူ​တို့​ကိုယ်​တိုင်​၏​အသွေး​နှင့် ယစ်​မူး​ကြ​ရလိမ့်​မည်။ သို့​ဖြစ်​၍၊ ခပ်သိမ်းသောလူတို့သည် ငါ​ကိုယ်​တော်​ရှင်သည်​ကား သင်​၏​ကယ်​တင်​ရှင်၊ သင်​၏​ရွေး​နုတ်​ရှင်၊ ယာကုပ်​အမျိုး​၏​တန်ခိုး​ကြီး​သော​ဘုရား​ဖြစ်​ကြောင်း​ကို သိ​ကြရ​လိမ့်​မည်။