ကျမ်းစာများ
၂ နီဖိုင်း ၁၈


အခန်းကြီး ၁၈

ခရစ်​တော်​သည် ထိမိ၍​လဲ​စရာ​ကျောက်ခဲ​နှင့် မှားယွင်း​စရာ​ကျောက်​သဖွယ်​ဖြစ်​လိမ့်​မည်—ကိုယ်​တော်​ရှင်​ကို ဆည်း​ကပ်​ကြ​လော့၊ တိုး​တိုး​ပြော​သည့်​စုန်း​တို့​ကို မ​ဆည်း​ကပ်​နှင့်—လမ်း​ညွှန်​မှု​အတွက် တရား​တော်​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ထံ လှည့်​၍​လာ​ကြ​လော့—ဟေရှာယအခန်းကြီး ၈ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

တစ်​ဖန် ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​က၊ သင်​သည် ကြီး​သော​စက္ကူ​လိပ်​ကို​ယူ​ပြီး​လျှင်၊ မဟေရရှာလလဟာရှဗတ်​ဟူ​သော စာ​လုံး​ကို လူ​သုံး​သည့် က​ညစ်​ဖြင့်​ရေး​လော့​ဟု ငါ့​ကို မိန့်​တော်​မူ​၏။

ထို​အခါ၊ သက်သေ​ခံစေခြင်း​အလို​ငှာ၊ သစ္စာရှိ​သော သက်​သေ ယဇ်​ပု​ရော​ဟိတ်​ဥရိယ​နှင့် ယေဗရခိ​၏​သား ဇာခိရိ​တို့​ကို ငါ​ခေါ်​ထား​၏။

ထို​နောက်​မှ ငါ​သည် ပရောဖက်​မ​ကို ချဉ်း​သ​ဖြင့်၊ သူ​မ​သည် ပဋိသန္ဓေ​စွဲ​ယူ​၍၊ သား​ကို ဖွား​မြင်​လေ​၏။ ကိုယ်​တော်​ရှင်​က​လည်း ငါ့​ကို မိန့်​တော်​မူ​လေ​သည်​ကား၊ ထို​သား​ကို မဟေရရှာလလဟာရှဗတ် ဟူ​သော​အမည်​ဖြင့် မှည့်​လော့။

အကြောင်း​မူ​ကား၊ ရှု​လော့၊ ဒမာသက်​မြို့​၏​စည်း​စိမ်​ဥစ္စာ​နှင့် ရှမာ​ရိမြို့ ၌​လု​ယက်​သော​ဥစ္စာ​ကို အာရှုရိ​ရှင်​ဘုရင်​အား​ဖြင့် သိမ်း​သွားခြင်း​မ​တိုင်​မီ​တွင် ထို​သူ​ငယ်​သည် ငါ​၏​အမိ၊ ငါ​၏​အဘ​ဟု ခေါ်​တတ်​လိမ့်​မည်​မ​ဟုတ်။

တစ်​ဖန် ကိုယ်​တော်​ရှင်​က ငါ့​ကို မြွက်​ဆို​၍၊ မိန့်​တော်​မူ​လေ​သည်​ကား၊

ဤ​လူ​မျိုး​သည် ဖြည်း​ညှင်း​စွာ​စီး​သော​ရှိ​လောင်​ချောင်း​ကို​ငြင်း​ပယ်​၍၊ ရေဇိန်​နှင့် ရေမလိ​၏​သား​တို့​၌ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​သော​ကြောင့်၊

ယခု​မူ​ကား၊ ရှု​လော့၊ ကိုယ်​တော်​ရှင်​သည် အလုံး​အရင်း​ပါ​သော အာရှုရိ​ရှင်​ဘုရင်​တည်း​ဟူ​သော၊ ခွန်​အား​ကြီး​၍၊ များ​သော​မြစ်​ရေ​နှင့်၊ သူ​တို့​ကို လွှမ်း​မိုး​စေ​တော်​မူ​သ​ဖြင့်၊ ထို​မြစ်​သည် မိမိ​ချောင်း​များ​ကို​လွှမ်း​၍၊ မိမိ​ကမ်း​များ​ကို လျှံ​စေ​လိမ့်​မည်။

ထို့​အတူ၊ သူ​သည် ယုဒ​ပြည်​ကို ချင်း​နင်း​လွှမ်း​မိုး​ဖြန့်​သွား​၍၊ လည်​ပင်း​တိုင်​အောင် ရောက်​လိမ့်​မည်။ သူ​၏​အတောင်​တို့​ကို​လည်း ဖြန့်​သ​ဖြင့်၊ ကိုယ်​တော်​၏​မြေ​တစ်​ပြင်​လုံး​ကို ပြည့်​စေ​လိမ့်​မည်။ အို ဧမာနွေလ​ဟု မိန့််​တော်​မူ​၏။

အချင်း​လူ​များ​တို့၊ သင်​တို့​ကိုယ်​သင်​တို့ သင်း​ဖွဲ့​ကြ​လော့။ သင်​တို့​သည် အစိတ်​စိတ်​အပိုင်း​ပိုင်း ပြို​ကွဲ​ကြ​လိမ့်​မည်။ ဝေး​သော​ပြည်​သားခပ်သိမ်း​တို့ နား​ညောင်း​ကြ​လော့။ သင်​တို့​ကိုယ်​သင်​တို့ ကြို​တင်​ပြင်​ဆင်​ကြ​လော့။ သင်​တို့​သည် အစိတ်​စိတ်​အပိုင်း​ပိုင်း ပြို​ကွဲ​ကြ​လိမ့်​မည်။ သင်​တို့​ကိုယ်​သင်​တို့ ကြို​တင်​ပြင်​ဆင်​ကြ​လော့။ သင်​တို့​သည် အစိတ်​စိတ်​အပိုင်း​ပိုင်း ပြို​ကွဲ​ကြ​လိမ့်​မည်။

၁၀ အတူ​တ​ကွ​တိုင်​ပင်​ကြ​လော့။ အကျိုး​မဲ့​ဖြစ်​လိမ့်​မည်။ စကား​ကို ပြော​ကြ​လော့။ ပြော​သည်​အတိုင်း မ​တည်​ရ။ အကြောင်း​မူ​ကား၊ ဘုရားသခင်​သည် ငါ​တို့​ဘက်​၌ ရှိ​တော်​မူ​၏။

၁၁ ဤ​လူ​မျိုး​၏​လမ်းသို့ ငါမလိုက်ရမည့်​အကြောင်း၊ ကိုယ်​တော်​ရှင်​သည် အား​ကြီး​သော​လက်​ဖြင့်၊ ငါ့​ကို သွန်​သင်​၍၊ မြွက်​ဆို​တော်​မူ​လေ​သည်​ကား၊

၁၂ သင်း​ဖွဲ့ခြင်း​ဟု ဤ​လူ​မျိုး​တို့​ဆို​သ​မျှ​အတိုင်း၊ သင်​တို့​သည် သင်း​ဖွဲ့ခြင်း​ဟု မ​ဆို​ကြ​နှင့်။ သူ​တို့​ကြောက်​တတ်​သော​အရာ​ကို မ​ကြောက်​ကြ​နှင့်။ မ​ထိတ်​လန့်​ကြ​နှင့်။

၁၃ ကောင်းကင်​ဗိုလ်ခြေ​ကိုယ်​တော်​ရှင်​ကို ရို​သေ​ကြ​လော့။ သူ့​ကို​သာ ကြောက်​ရွံ့ခြင်း၊ ထိတ်​လန့်ခြင်း​ရှိ​ကြ​လော့။

၁၄ ထို​သို့​ပြု​လျှင်၊ သူ​သည် ခို​လှုံ​ရာ ဖြစ်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်၊ ဣသရေလ​အမျိုး​သား​တို့ ထိမိ၍လဲ​စရာ​ကျောက်ခဲ၊ မှား​ယွင်း​စရာ​ကျောက်၊ ယေရုရှလင်​မြို့​သား​တို့​၌ ကျော့​ကွင်း​နှင့် ထောင်​ချောက် ဖြစ်​တော်​မူ​လိမ့်​မည်။

၁၅ သူ​တို့​၌ များ​စွာ​သော​သူ​တို့​သည်​လည်း ထိမိ၍လဲကျ​၍ တိမ်း​လဲ​ကျိုး​ပဲ့ခြင်း၊ ကျော့​မိ ဖမ်း​ဆီးခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

၁၆ ငါ့​တပည့်​တို့​တွင်၊ သက်​သေ​ခံ​ချက်​ကို ထုပ်​ထား​၍၊ ဥပဒေ​ကို တံဆိပ်​ခတ်​လော့။

၁၇ ယာကုပ်​အမျိုး​သား​တို့​ထံ​မှ မိမိ​မျက်​နှာ​တော်​ကို ကွယ်​ထား​တော်​မူ​သော ကိုယ်​တော်​ရှင်​ကို ငါ​စောင့်​ဆိုင်း​၍၊ သူ့​ကို ငါ​မျှော်​လင့်​မည်။

၁၈ ရှု​လော့၊ ငါ​နှင့်​အတူ ငါ့​ကို ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​သူ​ငယ်​တို့​သည် ဇိအုန်​တောင်​ပေါ်​မှာ ကိန်း​ဝပ်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​ထံ​တော်​က၊ ဣသရေလ​အမျိုး​၌ နိမိတ်​လက္ခဏာ​နှင့် အံ့​မ​ခန်း​ချီး​မွမ်း​ဖွယ်​အမှု​များ အတွက်​ဖြစ်​လေ​၏။

၁၉ နတ်​ဝင်​သော​သူ​ကို​လည်း​ကောင်း၊ တိုး​တိုး​ပြော​၍ မန္တာန်​သရဇ္ဈာယ်​တတ်​သော စုန်း​တို့ ၌​လည်း​ကောင်း ဆည်း​ကပ်​ကြ​လော့​ဟု သင်​တို့​ကို ဆို​လျှင်​မူ​ကား—အသက်​ရှင်​သော​သူ​သည် သေ​သူ​ထံ​မှ ကြားနာခြင်း​ငှာ၊ လူ​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​၌ မ​ဆည်း​ကပ်​အပ်​သ​လော။

၂၀ တရား​တော်​ကို​လည်း​ကောင်း၊ သက်သေ​ခံ​တော်​မူ​ချက်​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ဤ​စကား​အတိုင်း သူ​တို့​မ​ပြော​ကြ​လျှင်၊ သူ​တို့၌ အလင်း မ​ရှိ​သော​ကြောင့်​ဖြစ်​၏။

၂၁ သူ​တို့​သည် နှောင့်​ယှက်ခြင်း​နှင့် မွတ်​သိပ်ခြင်း​ကို​ခံ​လျက်၊ ခက်​ခဲ​စွာ ဖြတ်​သန်း​သွား​ရ​ကြ​လိမ့်​မည်။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ သူ​တို့​သည် မွတ်​သိပ်​သော​အချိန်​တွင် ကိုယ့်​ကိုယ်​ကို စိုး​ရိန်​ပူ​ပန်​၍၊ မိမိ​တို့​၏​ရှင်​ဘုရင်​နှင့် မိမိ​တို့​၏​ဘုရားသခင်​ကို ကျိန်​ဆဲ​၍၊ အထက်​သို့​မျှော်​ကြည့်​ကြ​လိမ့်​မည်။

၂၂ သူ​တို့​သည် မြေ​ကြီး​ကို​ကြည့်​လျှင်၊ ဒုက္ခ​ဆင်းရဲ၊ မှောင်​မိုက်၊ ပြင်း​စွာ​သော​ဝေဒနာ​အမှောင်​တို့​နှင့်​တွေ့​၍၊ မှောင်​မိုက်​သို့ နှင်ထုတ်ခံ​ရ​ကြ​လိမ့်​မည်။