ကျမ်းစာများ
၂ နီဖိုင်း ၃၃


အခန်းကြီး ၃၃

နီဖိုင်း၏​စကားများသည် မှန်ကန်၏—ထိုအရာတို့က ခရစ်တော်​အကြောင်းကို သက်သေခံကြ၏—ခရစ်တော်ကို ယုံကြည်သော​သူတို့သည် တရား​စီရင်ရာတိုင်​ရှေ့၌ သက်သေ​အဖြစ်​ရှိကြမည့် နီဖိုင်း၏​စကားများကို ယုံကြည်ကြ​လိမ့်မည်။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ယခုမူကား၊ ငါနီဖိုင်းသည် ငါ၏​လူမျိုးတို့၌ သွန်သင်ပေးလေသည့် အရာခပ်သိမ်းတို့ကို မရေးနိုင်။ ငါသည် ဟောပြောခြင်းကဲ့သို့ ရေးခြင်း၌ အားကြီး​လှသည်လည်း​မဟုတ်။ အကြောင်းမူကား၊ လူသားသည် သန့်ရှင်းသော​ဝိညာဉ်တော်၏ တန်ခိုး​အားဖြင့် ဟောပြောသော​အခါ၊ သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုးက ထိုစကားကို လူသားတို့၏​စိတ်နှလုံး​သို့ ပို့ဆောင်​တော်မူ၏။

သို့ရာတွင်၊ ရှုလော့၊ များစွာသော​သူတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို​ဆန့်ကျင်၍၊ စိတ်နှလုံးကို မာကျောစေကြသဖြင့်၊ သူတို့​အထဲ၌ တည်စရာ​နေရာမရှိ။ သို့ဖြစ်၍၊ သူတို့သည် ရေးထားသည့်​အရာများစွာတို့ကို စွန့်ပစ်ပြီး တန်ဖိုး​မရှိသော​အရာများ​အဖြစ် ထင်မှတ်ကြ၏။

သို့ရာတွင်၊ ငါနီဖိုင်းသည် ရေးလေပြီး​သမျှကို ရေးလေ၍၊ ကြီးစွာ​အဖိုးထိုက်သည်ဟု မှတ်ယူ၏။ အထူးသဖြင့်၊ ငါ၏​လူမျိုးတို့​အတွက်​ဖြစ်၏။ အကြောင်းမူကား၊ ငါသည် သူတို့အတွက် နေ့အချိန်၌ အစဉ်မပြတ်​ဆုတောင်း၍၊ သူတို့ကြောင့် ငါ၏​မျက်လုံးများက ညဉ့်အချိန်၌ ခေါင်းအုံးကို စိုရွှဲစေပြီ။ ငါ၏​ဘုရားသခင်​ထံသို့ ယုံကြည်ခြင်းဖြင့် တောင်းလျှောက်၍၊ တောင်းလျှောက်ခြင်းကို သူကြား​တော်မူ​မည့်အကြောင်း ငါသိ၏။

ကိုယ်တော်ရှင်​ဘုရားသခင်သည် ငါ၏​ဆုတောင်းခြင်းများကို ငါ၏​လူမျိုးတို့​အကျိုး​အတွက် ရည်စူး​တော်မူမည့်​အကြောင်းကိုလည်း ငါသိ၏။ ထို့အတူ၊ ငါ​အားနည်းစွာ​ရေးလေသော စကားများကို သူတို့အဖို့ အားကြီး​စေတော်မူ​လိမ့်မည်။ အကြောင်းမူကား၊ ထိုစကားသည် သူတို့အား ကောင်းမြတ် သည်ကို ပြုကြစေခြင်းငှာ ဖျောင်းဖျ၏။ သူတို့​ဘိုးဘေးတို့​အကြောင်း သူတို့ကို ဖော်ပြ၏။ ယေရှုအကြောင်းကို ပြောပြ၍၊ အသက်​ထာဝရ​ရှင်ရာဖြစ်သည့် သူ့ကို​ယုံကြည်ခြင်းနှင့်​အဆုံး​တိုင်အောင်​တည်ကြည်ခြင်းသို့ သူတို့ကို ဖျောင်းဖျ၏။

ထိုစကားသည် သမ္မာ​တရား၏ ရှင်လင်းခြင်း​အတိုင်း၊ အပြစ်ကို​ဆန့်ကျင်၍ ပြင်းထန်စွာ​ပြော၏။ သို့ဖြစ်၍၊ ငါရေးလေသည့် စကားများကို နတ်ဆိုးဝိညာဉ်၏ လူ​မှတစ်ပါး၊ အဘယ်သူမျှ အမျက်​ထွက်လိမ့်မည်​မဟုတ်။

ငါသည် ရှင်းလင်းခြင်း၌ ဂုဏ်ယူ​ဝမ်းမြောက်၏။ ငါသည် သမ္မာ​တရား၌ ဂုဏ်ယူ​ဝမ်းမြောက်၏။ ငါသည် ငါ၏​ယေရှု၌ ဂုဏ်ယူ​ဝမ်းမြောက်၏၊ အကြောင်းမူကား၊ သူသည် ငါ၏​ဝိညာဉ်ကို ငရဲမှ ရွေးနှုတ်​တော်မူ​လေပြီ။

ငါ့၌ ငါ၏​လူမျိုးတို့​အတွက် မေတ္တာ၊ ထို့အတူ ခရစ်တော်ကို​ကြီးစွာသော ယုံကြည်ခြင်းတို့ ရှိသည်မှာ၊ များစွာသော ဝိညာဉ်တို့ကို သူ၏​တရားပလ္လင်တော်၌ အပြစ်​ကင်းစင်လျက် ငါတွေ့ရ စေခြင်းငှာ ဖြစ်၏။

ငါ့၌ ယုဒ​လူမျိုးတို့​အတွက် မေတ္တာရှိ၏—သူတို့သည်ကား၊ ငါလာခဲ့ရာ​အရပ်မှ လူများ​ဖြစ်ကြ​သည်ဟုငါ ဆင်ခြင်မိသော​ကြောင့် ယုဒ​လူမျိုးဟု ငါဆို၏။

ငါ့၌ တပါးအမျိုးသားတို့​အတွက်လည်း မေတ္တာရှိ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် ခရစ်တော်ထံသို့ မိတ်သဟာယဖွဲ့ခြင်း၊ ထို့အတူ ကျဉ်းမြောင်းသည့် တံခါးထဲသို့​ဝင်ခြင်း၊ ထို့အတူ အသက်ရှင်ရာသို့ ပို့ဆောင်သည့် ကျပ်တည်းသော​လမ်းကြောင်းသို့ လိုက်ခြင်း၊ ထိုလမ်းထဲတွင် အစမ်း​သပ်ခံကာလ၏ အဆုံး​တိုင်အောင် ဆက်၍​နေခြင်းတို့​မရှိကြလျှင်၊ သူတို့​အထဲမှ အဘယ်သူ့​အတွက်မျှ ငါမမျှော်လင့်နိုင်။

၁၀ ယခုမူကား၊ ငါ၏​ချစ်လှစွာသော ညီအစ်ကိုတို့၊ ထို့အတူ၊ ယုဒ​လူမျိုးတို့နှင့် ခပ်သိမ်းသော အသင် မြေကြီး​စွန်းသားတို့ ဤစကားများကို စေ့စေ့နားထောင်၍၊ ခရစ်တော်ကို ယုံကြည်ကြလော့။ သင်တို့သည် ဤစကားများကို မယုံကြည်လျှင်လည်း၊ ခရစ်တော်ကို ယုံကြည်​ကြလော့။ သင်တို့သည် ခရစ်တော်ကို ယုံကြည်လျှင်၊ ဤစကားများ​ကိုလည်း ယုံကြည်​ကြပေမည်။ အကြောင်းမူကား၊ ထိုစကားများသည် ခရစ်တော်၏​နှုတ်ကပတ်တော်များ​ဖြစ်၍၊ ငါ့ကို ဖော်ပြထား​တော်မူ၏။ ခပ်သိမ်းသောလူသား​တို့​ကောင်းမြတ်သည်ကို ပြုရမည့်အကြောင်း ထိုစကားများက သွန်သင်၏။

၁၁ ထိုစကားများသည် ခရစ်တော်၏​နှုတ်ကပတ်တော်များ ဟုတ်မဟုတ် သင်တို့​ဆုံးဖြတ်ကြလော့—အကြောင်းမူကား၊ ထိုစကားများမှာ သူ၏​နှုတ်ကပတ်တော်များ ဖြစ်ကြောင်းကို နောက်ဆုံးသော​နေ့၌ ခရစ်တော်သည် တန်ခိုးတော်​အရှိန်နှင့် ကြီးစွာသော​ဘုန်းတော်တို့ဖြင့် သင်တို့ကို ပြတော်မူ​လိမ့်မည်။ သင်တို့နှင့် ငါသည်လည်း သူ၏​တရားစီရင်​ရာတိုင်​ရှေ့၌ မျက်နှာချင်း​ဆိုင်၍ ရပ်ရကြ​လိမ့်မည်။ ငါ့၌​အားနည်းချက်​ရှိသော်ငြားလည်း၊ ဤအရာများကို ရေးစေခြင်းငှာ ငါ့ကို သူမိန့်​တော်မူ​ထားလေကြောင်း သင်တို့​သိကြ​လိမ့်မည်။

၁၂ ထို​ကြီးစွာသောနောက်ဆုံး​နေ့၌၊ အားလုံး​မဟုတ်ကြ​လျှင်လည်း ငါတို့မှ များစွာသော​သူတို့သည် သူ၏​နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်နိုင်စေကြောင်း၊ ငါသည် ခမည်းတော်​ထံသို့ ခရစ်တော်၏​နာမတော်​အားဖြင့် ဆုတောင်း၏။

၁၃ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ဣသရေလ​အမျိုးသားများဖြစ်သည့် ခပ်သိမ်းသော သူတို့၊ ခပ်သိမ်းသော အသင်မြေကြီးစွန်း​သားတို့၊ ငါသည် တစ်ယောက်သော​သူ မြေမှုန့်မှ​နေ၍ ဟစ်ကြွေးနေ​သကဲ့သို့ သင်တို့ကို ဆို၏။ ထိုကြီးစွာသော​နေ့ ကျရောက်လာသည်​တိုင်အောင် မင်္ဂလာရှိကြ​ပါစေ။

၁၄ ဘုရားသခင်၏​ကောင်းမြတ်ခြင်းကို မခံယူ၊ ယုဒ​လူမျိုးတို့၏​စကားများ၊ ထို့အတူ ငါ၏​စကားများ၊ ထို့အတူ ဘုရားခင့်​သိုးသငယ်၏​နှုတ်မှ ထွက်တော်မူမည့် နှုတ်ကပတ်တော်များကို ပမာဏ​မပြုသော​သင်တို့၊ ရှုလော့၊ သင်တို့၌ ထာဝရ​တည်မြဲသော​မင်္ဂလာရှိကြ​ပါစေဟု ငါနှုတ်ဆက်၏။ အကြောင်းမူကား၊ ဤစကားများက နောက်ဆုံးသော​နေ့၌ သင်တို့ကို ပြစ်ဒဏ်​ချမှတ်​လိမ့်မည်။

၁၅ အကြောင်းမူကား၊ မြေကြီးပေါ်၌ ငါစည်းနှောင်သည့်​အရာကို တရားစီရင်​ရာတိုင်တွင် သင်တို့​တစ်ဖက်၌ အစစ်ခံရ​လိမ့်မည်။ ထိုကဲ့သို့ ကိုယ်တော်ရှင်​မိန့်မှာ​တော်မူခဲ့​လေ၍ ငါနာခံ​ရပေမည်။ အာမင်။